ဟေရှာယအနာဂတ္တိကျမ်း - ၁

ယုဒပြည်၏မိုက်မဲခြင်း
1ယုဒရှင်ဘုရင် ဩဇိမင်း၊ ယောသံမင်း၊ အာခတ်မင်း၊ ဟေဇကိမင်းတို့လက်ထက်၌၊ အာမုတ်၏သားဟေရှာယသည် ယေရုရှလင်မြို့မှစ၍၊ ယုဒပြည်နှင့်ဆိုင်သော ဗျာဒိတ်တော်ကိုခံရသည်မှာ၊
2ထာဝရဘုရား မိန့်တော်မူသည်ဖြစ်၍၊ အို ကောင်းကင်၊ ကြားလော့။ အိုမြေကြီး၊ နားထောင်လော့။ မိန့်တော်မူချက်ဟူမူကား၊ ငါကျွေးမွေးပြုစုသော သားသမီးတို့သည် ငါ့ကိုပုန်ကန်ကြပြီ။ 3နွားသော်လည်း မိမိအရှင်ကိုသိ၏။ မြည်းသော်လည်း မိမိသခင်၏မြည်းဇောင်းကိုသိ၏။ ဣသရေလအမျိုးသားတို့မူကား၊ ငါ့ကိုမသိကြ။ ငါ၏လူမျိုးမူကား၊ မဆင်ခြင်တတ်ပါတကား။
4ဆိုးယုတ်သောအမျိုး၊ ဒုစရိုက်ဝန်ကို ထမ်းရွက်သောလူစု၊ မတရားသဖြင့်ပြုသောအနွယ်၊ ဖောက်ပြန်သော သားသမီးပါတကား။ ထာဝရဘုရားကို စွန့်ကြပြီ။ ဣသရေလအမျိုး၏သန့်ရှင်းသောဘုရားကို မရိုမသေပြု၍ ပယ်ကြပြီ။ ကျောခိုင်း၍ ခွာသွားကြပြီ။ 5သူတို့ကိုအဘယ်သို့ ဒဏ်ပေးရဦးမည်နည်း။ အဘယ်သို့ ထပ်၍ ဆုံးမရဦးမည်နည်း။ ဦးခေါင်းသည် အနာသက်သက်ရှိ၏။ နှလုံးသည်လည်း ခွန်အားအလျှင်းမရှိ။ 6ခြေဖဝါးမှသည် ဦးခေါင်းတိုင်အောင် ကျန်းမာခြင်းမရှိ။ စုတ်ရှသောအနာ၊ ထိခိုက်၍ရောင်သောအနာ၊ ရိရွဲသောအနာသက်သက်ရှိ၏။ ထိုအနာများကို မနှိပ်မနယ်ရ။ အဝတ်နှင့်မစည်းရ။ ဖယောင်းဆီနှင့် မပျော့စေရသေး။ 7သင်တို့ပြည်သည် လူဆိတ်ညံလျက်ရှိ၏။ သင်တို့ မြို့များကို မီးလောင်ပြီ။ သင်တို့မြေကိုလည်း တစ်ကျွန်းတစ်နိုင်ငံသားတို့သည် သင်တို့မျက်မှောက်၌စားကြ၏။ ရန်သူဖျက်ပြီးသကဲ့သို့၊ လူဆိတ်ညံလျက်ရှိ၏။ 8ဇိအုန်သတို့သမီးသည်လည်း၊ စပျစ်ဥယျာဉ်၌ တဲကဲ့သို့လည်းကောင်း၊ သခွားတောင်ယာ၌ လင့်စင်ကဲ့သို့လည်းကောင်း၊ ရန်သူဝိုင်းသောမြို့ကဲ့သို့လည်းကောင်း ကျန်ရစ်လေ၏။ 9ကောင်းကင်ဗိုလ်ခြေ အရှင်ထာဝရဘုရားသည် ငါတို့၌အနည်းငယ်မျှ ကြွင်းစေတော်မမူလျှင်၊ ငါတို့သည် သောဒုံမြို့ကဲ့သို့ဖြစ်၍ ဂေါမောရမြို့နှင့် တူကြပြီ။
နောင်တရကြလော့
10သောဒုံမြို့ကို အစိုးရသောမင်းတို့၊ ထာဝရဘုရား၏နှုတ်ကပတ်တော်ကို ကြားကြလော့။ ဂေါမောရမြို့သားတို့၊ ငါတို့ဘုရားသခင်၏ တရားတော်ကို နားထောင်ကြလော့။ 11ထာဝရဘုရားမိန့်တော်မူသည်ကား၊ သင်တို့ပူဇော်သောယဇ်များကို ငါသည်အဘယ်သို့ဆိုင်သနည်း။ မီးရှို့၍ ပူဇော်သောသိုးကောင်၊ ဆူဖြိုးအောင်ကျွေးသောတိရစ္ဆာန်တို့၏ဆီဥနှင့် ငါဝပြီ။ နွားနှင့် သိုးသငယ်၊ ဆိတ်တို့၏အသွေးကို ငါမနှစ်သက်။ 12သင်တို့သည် ငါရှေ့မှာ မျက်နှာပြခြင်းငှာလာကြသောအခါ၊ ငါ့တံတိုင်းတော်ကို ကျော်နင်းသောသင်တို့၌ ထိုသို့သောဝတ်ကို အဘယ်သူတောင်းသနည်း။ 13အချည်းနှီးသောပူဇော်သကာကို နောက်တစ်ဖန်မဆောင်ခဲ့ကြနှင့်၊ သင်တို့မီးရှို့သောနံ့သာပေါင်းကို ငါရွံရှာ၏။ လဆန်းနေ့၊ ဥပုသ်နေ့၊ ပရိသတ်စည်းဝေးသောနေ့ကိုလည်း ရွံရှာ၏။ အဓမ္မအမှုနှင့် ရောနှောသော ဓမ္မစည်းဝေးခြင်းတို့ကို သည်းမခံနိုင်။ 14ငါ့ဝိညာဉ်သည် သင်တို့လဆန်းနေ့များနှင့်၊ သင်တို့ပွဲများကိုမုန်း၏။ ငါ့ကိုနှောင့်ယှက်စရာဖြစ်၏။ သည်းခံခြင်းအားဖြင့် ငါပင်ပန်း၏။ 15သင်တို့သည်လက်ဝါးတို့ကို ဖြန့်ကြသောအခါ၊ ငါသည်မျက်စိကိုလွှဲမည်။ များစွာသောပတ္ထနာကိုပြုကြသောအခါ၊ ငါသည်နားမထောင်။ သင်တို့လက်တို့သည် အသွေးနှင့် ပြည့်ကြ၏။ 16ကိုယ်ကိုကိုယ် ဆေးကြောကြလော့။ ကိုယ်ကိုကိုယ် စင်ကြယ်စေကြလော့။ သင်တို့ဒုစရိုက်များကို ငါ့မျက်မှောက်မှ ပယ်ရှားကြလော့။ မကောင်းသောအကျင့်ကို ဖြတ်ကြလော့။ 17ကောင်းသောအကျင့်ကို ကျင့်အံ့သောငှာ သင်ကြလော့။ တရားသဖြင့် ပြုခြင်းငှာ ကြံကြလော့။ ကောက်သောအရာကို ဖြောင့်စေကြလော့။ မိဘမရှိသောသူတို့အဖို့ တရားသဖြင့် စီရင်ကြလော့။ မုဆိုးမတို့၏အမှုကို စောင့်ကြလော့။
18ထာဝရဘုရားမိန့်တော်မူသည်ကား၊ လာကြ။ တရားစီရင်ကြကုန်အံ့။ သင်တို့အပြစ်သည် နီသောအဆင်းရှိသော်လည်း၊ မိုးပွင့်ကဲ့သို့ ဖြူလိမ့်မည်။ ကတ္တီပါနီနှင့်အမျှ နီသော်လည်း၊ သိုးမွေးကဲ့သို့ဖြစ်လိမ့်မည်။ 19သင်တို့သည် ကြည်ညိုနားထောင်လျှင်၊ မြေအသီးအနှံကို စားရကြလိမ့်မည်။ 20သို့မဟုတ်၊ ငြင်းဆန်ပုန်ကန်လျှင် ဓားလက်နက်ဖြင့် ဆုံးရလိမ့်မည်ဟု၊ ထာဝရဘုရား၏နှုတ်တော်ထွက်အမိန့်တော်ရှိ၏။
ဇိအုန်မြို့၏သစ္စာရှိခြင်းနှင့်စီရင်ခြင်း
21သစ္စာရှိသောမြို့သည် အဘယ်သို့ မျောက်မထားပြန်သနည်း။ အထက်က ဖြောင့်မတ်စွာ စီရင်ခြင်းနှင့်ပြည့်၏။ တရားသည် သူ၏အထဲမှာ နေရာကျ၏။ ယခုမူကား၊ လူအသက်ကို သတ်သောသူတို့သည် နေရာကျကြ၏။ 22သင်၏ငွေသည်လည်း ချော်ဖြစ်လေပြီ။ သင်၏စပျစ်ရည်သည် ရေနှင့် ရောလျက်ရှိ၏။ 23သင်၏မင်းတို့သည် ပုန်ကန်ကြပြီ။ သူခိုးလက်ခံဖြစ်ကြပြီ။ ထိုမင်းအပေါင်းတို့သည် လက်ဆောင်ကို အလိုရှိကြ၏။ တံစိုးကိုစားကြ၏။ မိဘမရှိသောသူတို့အဖို့ တရားမစီရင်ကြ။ မုဆိုးမအမှုကို နားမထောင်ကြ။
24ထိုကြောင့်၊ ဣသရေလအမျိုး၌ တန်ခိုးကြီးသောဘုရား၊ ကောင်းကင်ဗိုလ်ခြေသခင် အရှင်ထာဝရဘုရားမိန့်တော်မူသည်ကား၊ အဲ၊ ငါ့တစ်ဖက်၌ နေသောသူတို့ကို ပယ်ရှားပြီးမှ ငါချင်ရဲပြေမည်။ ကိုယ်အဖို့ကိုစောင့်၍ ငါ့ရန်သူတို့ကို အပြစ်နှင့် အလျောက်စီရင်မည်။ 25သင့်ကိုလည်း ငါကိုင်ယူပြီးလျှင်၊ ချော်နှင့် ရှင်းရှင်းကင်းစင်စေ၍ သင်၏ကြေးဖြူရှိသမျှကိုလည်း ပယ်ရှားမည်။ 26သင်၏တရားသူကြီးတို့နှင့် တိုင်ပင်မှူးမတ်တို့ကို ရှေ့ဦးစွာခန့်ထားသည်နည်းတူ၊ တစ်ဖန်ငါခန့်ထားဦးမည်။ ထိုနောက်မှ၊ သင်၏နာမကို တရားသောမြို့၊ သစ္စာစောင့်သောမြို့ဟု သမုတ်ကြလိမ့်မည်။ 27ဇိအုန်မြို့သည် တရားအားဖြင့်လည်းကောင်း၊ မြို့သူမြို့သားတို့သည် ဖြောင့်မတ်သောအားဖြင့်လည်းကောင်း၊ ရွေးနုတ်ခြင်းကို ခံရကြလိမ့်မည်။ 28လွန်ကျူးသောသူနှင့် ပြစ်မှားသောသူတို့သည် ပျက်စီးခြင်းသို့အတူရောက်၍၊ ထာဝရဘုရားကို စွန့်သောသူတို့သည် ဆုံးရှုံးကြလိမ့်မည်။ 29သင်တို့သည် တပ်မက်ဖူးသော သပိတ်ပင်တို့ကြောင့် ရှက်ကြလိမ့်မည်။ သင်တို့သည် ရွေးယူဖူးသောဥယျာဉ်တို့ကြောင့် မျက်နှာပျက်ကြလိမ့်မည်။ 30အကြောင်းမူကား၊ အရွက်နွမ်းသောသပိတ်ပင်ကဲ့သို့လည်းကောင်း၊ ရေမရှိသောဥယျာဉ်ကဲ့သို့လည်းကောင်း ဖြစ်ကြလိမ့်မည်။ 31ခွန်အားကြီးသောသူသည် ပိုက်ဆန်လျှော်ဖြစ်လျက်၊ သူ၏အမှုသည် မီးပွားဖြစ်လျက်၊ ထိုနှစ်ပါးသည် အတူလောင်ကြလိမ့်မည်။ ထိုမီးကိုအဘယ်သူမျှ မသတ်ရ။

ဟေရှာယအနာဂတ္တိကျမ်း - ၁ (အနက်ဖွင့်)

အနက်ဖွင့်ဆိုချက်များ

၁။ အရေးယူ အပြစ်ဒဏ်ပေးမည့်အကြောင်းနှင့် ကောင်းကြီးပေးမည့် အကြောင်း ပရောဖက် ပြုချက်များ(အခန်း၁၃၅)

(ကယုဒနှင့် ယေရုရှလင်အပေါ် အပြစ်တရား စီရင်မည့်အကြောင်းနှင့် ယေရုရှလင် ပြန်လည်ထွန်းလင်းတောက်ပလာမည့်အကြောင်း(အခန်း၁)

၁။ ဣသရေလတို့အားတရားစီရင်ခြင်း(အခန်း၁)

: ဟေရှာယကျမ်း ပထမဆုံး ကျမ်းပိုဒ်ငယ်သည် စာသားနှင့်မတူ၊ ခေါင်းစဉ်ဖြစ်ထိုက်သည်။ သမိုင်းကြောင်းဆိုင်ရာ အချက်အလက်များ မိတ်ဆက်ပေးထားသည်။

: အားလုံးကို ခြုံကြည့်လျှင် ဘုရားသခင်က တရားသူကြီးပမာ ယုဒနှင့် ယေရုရှလင်သားများ စစ်ကြောသည့် ပုံစံ ဖြစ်သည်။ အိမ်မွေးတိရစ္ဆာန်များ၏ သဘောသဘာဝ အလေ့အထနှင့် နှိုင်းယှဉ်ထားသည်။ အိမ်မွေးတိရစ္ဆာန်များသည် အချိန်တန်လျှင် အိမ်ပြန်တတ်ကြသည်။ ဝပ်ကျင်းရှာကြသည်။ တင်းကုပ် ရှာကြသည်။ ဘုရားရှင် ရွေးကောက်ထားသောလူမျိုးတော်မူကားထိုသို့မဟုတ်။ အချိန်တန် အိမ်မပြန်ကြသည့်အပြင် အရှင်သခင်ကို ကလန်ကဆန် ပုန်ကန်ကြသည်။ ကိုယ်မွေးထားသောမျောက်က ကိုယ့်ကို ပြန်ချောက်သည်။

: တိုင်းသူပြည်သားများသည် သန့်ရှင်းစင်ကြယ်သော ဘုရားသခင်ကို ကျောခိုင်းလျက် ဖောက်ပြန်ကြသည်။ ဘုရားသခင်၏ ပဲ့ပြင်ဆုံးမခြင်းများကိုလည်း နာခံခြင်းမရှိ။ အမှတ်မထား။ တကိုယ်လုံး ဖူးယောင်နာကျင် အနာတရရှိကြသော်လည်း နောင်ကြဉ်ခြင်းမရှိကြ။ ဆိုးမြဲဆိုးနေကြသည်။

: အပိုဒ်ငယ်(၇)မှစ၍ အနာဂတ်ကာလအကြောင်းကို တွေ့မြင်ခဲ့ပြီး သကဲ့သို့ ပရောဖက်ပြုထားသည်။ နယ်ချဲ့တိုင်းတပါးသားများက ဝင်ရောက် တိုက်ခိုက်ခြင်းကြောင့် ယုဒပြည်သည် ခြောက်သယောင်းထမည်။ ဇိအုန်သမီးများ ပျော်စံရာ ယေရုရှလင်သည်လည်း ကန္နားဖျင်း၊ တောင်ယာများကဲ့သို့ ဖြစ်မည်။ သို့သော်လည်း ဘုရားသခင်၏ ကျေးဇူးတော်အားဖြင့် လက်တစ်ဆုပ်စာ လူများ ချမ်းသာရာ ရကြမည်။ သောဒုံနှင့် ဂေါမာရအဖြစ်ဆိုးမျိုး ကြုံကြမည်။

:၁၀၁၅ အုပ်စိုးသူမင်းများနှင့် ယေရုရှလင်သားများ (သောဒုံနှင့်ဂေါမာရ သားများ)သည် ဘုရားသခင်ရှုတ်ချသော အနှစ်မပါ အခွံအကာ၊ နာခံခြင်းမရှိသော ပူဇော်သက္ကာ။ ပန်းမဝင် ဆုမထုတ်ဘဲ လက်ဆောင်ရသူများ ဖြစ်သည်။ အပြစ်ဒုစရိုက်တွင် ကျင်လည်လျက်နှင့် ဗိမာန်တော်တွင် ပူဇော်သက္ကာ ပြုကြသောကြောင့် ဘုရားသခင်၏ ဗိမာန်တော်ကို ထပ်ဆင့်ညစ်နွမ်းစေသည်။ ဆိုးညစ်ခြင်း နှင့် ဝတ်ပြုအစည်းအဝေး ရောနှောခြင်းကို ဘုရားသခင် မုန်းတီးသည်။ ဆုတောင်းသူမည်မျှ များပြား၍ လက်ပေါင်းမည်မျှ မြှောက်ကြပါစေ၊ ထိုသူများ၏ ဆုတောင်းသံမျိုးကို ဘုရားသခင်နားမညောင်းပါ။

ထိုကဲ့သို့သော အဖြစ်သနစ်မျိုး ယနေ့ယုံကြည်သူများ လောကတွင်လည်း တွေ့ရသည်။ ထိုအပြုအမူသည် အန္တရာယ်ကြီးမားကြောင်း W.E.Vineက ဤသို့ သတိပေးထားသည်။

ဘာသာရေး အပေါ်ယံကြုံလွှာများသည် ရှုချင့်စဖွယ်ကောင်းသော်လည်း အတွင်းသရုပ်မှာ ပုပ်ပွရွတ်တွနေသည်။ ထိုကဲ့သို့သော ဘာသာရေးမျိုးကို ဘုရားသခင်က မုန်းတီးရွံရှာကြောင်း (မ ၂၃)တွင် ရှင်းပြထားသည်။ ယုဒအယူဝါဒများသည် ခရစ်ယာန်ဘာသာရေးနယ်ပယ်သို့ တွင်ကျယ်စွာဝင်ရောက် နေရာယူထားသည်။ ထို့ကြောင့် ယုံကြည်သူသည် လူ့လောကအပြစ်တော၌ ရှိနေရသော်လည်း စစ်မှန်သော ဘုရားသခင်၏ သားသမီးဖြစ်ကြောင်း သတိပြုနေရမည်။

:၁၆၁၇ မိမိကိုယ်ကို အပြစ်ဒုစရိုက်မှ စင်ကြယ်စေ၍ နောက်တရကြပါ။  ဖြောင့်မတ်သော အသက်တာရှိကြ၍ လူမှုရေးနယ်ပယ်တွင်လည်း ကောင်းကင်တရားတော်နှင့်အညီ ကျင့်ဆောင်ကြပါ။

:၁၈၂၀ အကယ်၍ ထိုသူများ မတရားမှုကို ခဝါချပြီး၊ အပြစ်ဒုစရိုက်မှု များမှ ကင်းလွတ်လျှင် စင်ကြယ်သော အသက်တာသစ်သို့ ရောက်ရှိကြမည်။  ကောင်းမှုကုသိုလ်၌ ပျော်ရွှင်ကြလျှင် ဆထက်တန်ပိုး စွမ်းဆောင်နိုင်အောင် ဘုရားရှင်က ကူပံ့အားဖြည့်ဆည်းပေးမည်။ ဤကျမ်းစကားသည် “ယေဟောဝါဘုရား၏ ကယ်တင်ခြင်း” အမည်ရသော ပရောဖက်၏ ပထမဆုံးဧဝံဂေလိသတင်းစကား ဖြစ်သည်။ မူရင်းစကားကို နားထောင်ကြည့်ကြရအောင်။

လာကြ။ တရားစီရင်ကြကုန်အံ့။ သင်တို့အပြစ်သည် နီမောင်းသော အဆင်းရှိသော်လည်း၊ မိုးပွင့်ကဲ့သို့ ဖြူလိမ့်မည်။ ကတ္တီပါနီနှင့်အမျှ နီသော်လည်း သိုးမွှေးကဲ့သို့ဖြူလိမ့်မည်။

ဘုရားသခင်၏ သတင်းစကားများသည် ယုံကြည်ခြင်း ရှိမှသာလျှင် လက်ခံနိုင်သည်။ အပြစ်ဒုစရိုက်မှ စင်ကြယ်စေသော တရားနည်းလမ်း ဖြစ်သည်။ ထိုသတင်းစကား လက်ခံခြင်းသည် လူ့ဘက်မှ ဝတ္တရား ဖြစ်သည်။ ဘုရားသခင်သည် လက်ဝါးကပ်တိုင်ပေါ်တွင် အသွေးတော် သွန်းလောင်း၍ အပြစ်သားများကို အပြီးအစီး ရွေးနှုတ်ခဲ့သည်။ (ဟေရှာ ၁:၁၈)မှာ ပါရှိသော ဖိတ်ခေါ်သံသည် ပဲ့တင်နေသည်။ ယခုတိုင် ဆူညံနေဆဲ။ မည်သူ အဖြေပေးနိုင်သနည်း။

သို့သော် ထိုဖိတ်ခေါ်သံကို ပြန်မထူးသည့်အပြင် ငြင်းဆန်နေလျှင် ထိုသူများအား စစ်ပွဲနှင့် ပျက်စီးခြင်း အသူရာချောက်ကြီးက ရှေ့မှစောင့်မျှော်နေသည်။

:၂၁၂၃ ယေရုရှလင်မြို့သည် သက်ထက်ဆုံးတိုင် သစ္စာရှိသူ မဟုတ်။ ယခင်က မြဲမြံခဲ့သော ဖြောင့်မတ်ခြင်းနှင့် တရားမျှတခြင်းများသည်လည်း ပျောက်လွင့်ကုန်ပြီ။ ထိုသို့ မဟုတ်တော့ပါ။ အကျင့်ဖောက်ပြန် မျောက်မထားသည်။ ခိုကိုးရာမဲ့ ဒုက္ခသည်များကိုလည်း ရက်ရက်စက်စက် သတ်ဖြတ်ပစ်သည်။ ယခင်က အကျင့်သီလကောင်းမှုများ ပျက်စီးပျောက်လွင့်ကုန်သည်။ မင်းညီမင်းသားများ သည်လည်း တရားတော်နှင့် မညီတော့ပါ။ ပုန်ကန်ထကြွကုန်ပြီ။ နေရာတိုင်းတွင် အတင်းအဓမ္မမှုများနှင့် မတရားမှုများနှင့် မတရားမှုများကို တွေ့နေရသည်။

:၂၄၃၁ ထို့ကြောင့် ဘုရားသခင်သည် သူ့တစ်ဘက်၌ နေ၍ ဘုရားမကြိုက် ဒုစရိုက် သားကောင်များအပေါ်သို့ အမျက်ဒေါသ သွန်းလောင်းမည်။ မသန့်ရှင်း မစင်ကြယ်သူများ အားလုံးကို တရားစီရင်မည်။ ဇိအုန်သမီး ယေရုရှလင်သားများ ၏ရှေးယခင်က ဖြောင့်မတ်ခဲ့မှုများကို မျက်နှာထောက်၍ တဖန်မျက်နှာသာ ပြန်ပေးမည်။ နောက်တရသူများအား ပြန်လည်ရွေးနှုတ်ခြင်းဖြင့် ဘုရားသခင်၏ ဖြောင့်မတ်ခြင်းကို ပြသမည်။

ထာဝရဘုရားသခင်၏ မြေကြီးလက်ခတ်မလွဲ တရားစီရင်မည့်ပွဲ အကြောင်း ဖြစ်သည်။

အပြစ်ဒုစရိုက်သားများ ဖျက်ဆီးပစ်သကဲ့သို့ ရုပ်တုဆင်းတု ကိုးကွယ်သူများသည်လည်း အရှက်တကွဲ အကျိုးနည်းကြမည်။ အရွက်နွမ်းသောသပိတ်ပင်၊ ရေမရှိသော ဥယျာဉ်မြေ ခမ်းခြောက်၍ အပင်များလည်း အရွက်အပွင့်များ ကြွေကျ၍ အရိုးတံ ပြိုင်းပြိုင်း ရှိနေမည်။ ခေါင်းဆောင်များသည် အသားမပါ လျှော်ပင်ကဲ့သို့ ဖြစ်သွားမည်။ သူ့လုပ်ဆောင်ချက်များသည် အလင်းမပေးနိုင်သော မီးပွားပမာ ဖြစ်မည်။ ထိုမီးပွားများသည် ထိုသူ၏ အပြစ်ဒုစရိုက်မီးပွားများသာ ဖြစ်သည်။

ယခုအနက်ဖွင့်ကျမ်းကို သက်ဆိုင်ရာတို့၏ ခွင့်ပြုချက်ဖြင့် ဝေမျှပေးထားခြင်းဖြစ်ပါသည်။ မူရင်းကို သွားရောက်ကြည့်ရှုလေ့လာလိုပါက  http://bbcmm.net/the-believers-bible-commentary  တွင် လေ့လာနိုင်ပါသည်။

တစ်စုံတစ်ခုကို မှတ်ချက်ပြုရေးသားလိုပါက အောက်တွင်ရေးသားဖေါ်ပြနိုင်ပါတယ်။