ဟေရှာယအနာဂတ္တိကျမ်း - ၃
ဟေရှာယအနာဂတ္တိကျမ်း - ၃ (အနက်ဖွင့်)
၃:၁–၅ (၂:၂၀)တွင် ထိုနေ့ရက်၌ လူများ မှီခိုကိုးစားကြသော ရုပ်တုဆင်းတု ဘုရားများကို ဘုရားသခင်က ဖယ်ရှားပစ်မည်ဟု ဆိုသည်။ မုန့်နှင့်ရေ မရှိခြင်းသည် အစာရေစာခေါင်းပါးမည့်အကြောင်း ဖြစ်သော်လည်း ဤနေရာတွင် ထိုသူများ၏ မှီခိုကိုးကွယ်ရာများကို ဆိုလိုကြောင်း၊ နောက်ပိုင်းကျမ်းပိုဒ်များဖြင့် နားလည်ရသည်။ တစ်သက်လုံး ကိုးကွယ်လာကြသော ဘုရားများသည် အတုအယောင်များ ဖြစ်ကြောင်း သိရှိသွားကြမည်။ ဖိနှိပ်စက်ခြင်း၊ အာဏာရှင်စနစ်၊ ကိုယ်ချင်းစာကင်းမဲ့မှု၊ မထီလေးစားမှု၊ အထင်မြင်သေးမှုများ ဆိုးရွားလာမည်။
၃:၆–၈ ထိုအခါ အနူတောမှာ လူချောများ ထွက်ပေါ်လာကြမည်။ အနှစ်မရှိသော တောမှာ ကြက်ဆူပင်များ မင်းမူလာကြမည်။ သို့သော် ရေရှည်မခံ။ ခဏတဖြုတ်သာ ဖြစ်မည်။ ထိုသူများကိုယ်တိုင်၌ စားစရာဝတ်စရာ၊ နေစရာ အလုံအလောက် မရှိကြ။ မည်သူကိုမှ အပြစ်တင်စရာမှရှိ။ မိမိကိုယ်ကိုသာ အပြစ်တင်ရမည်ဟု ဟေရှာယက မိန့်မှာသည်။
၃:၉–၁၂ အပိုဒ်ငယ်(၉)မှ စ၍ အမင်္ဂလာ(၈)ပါး အတွဲလိုက် ရှင်းပြထားသည်။ ဤအခန်းတွင် (၂)ခု ရှင်းပြထားသည်။ ပထမအချက်မှာ အရှက်မရှိသောမျက်နှာထား ဖြစ်သည်။ ဒုတိယအချက်မှာ ဆိုးညစ်အကျင့်ယုတ်ခြင်း ဖြစ်သည်။ သို့သော် လည်း ဖြောင့်မတ်သော လက်တစ်ဆုတ် အကြွင်းကျန်သူများအတွက် ကောင်းကြီးမင်္ဂလာ ကျန်ရှိနေပါသည်။ ထိုသို့ အပြစ်ဒုစရိုက် ကျူးလွန်ရခြင်း အကြောင်းရင်းတစ်ရပ်မှာ ပတ်ဝန်းကျင်အဖြစ်အပျက်နှင့် မရင့်ကျက်မှု (ကလေးသူငယ်များ)၊ အား နည်းမှု (မိန်းမများ)နှင့် လိမ်လည်လှည့်ဖျားသူများကြောင့် ဖြစ်သည်။
၃:၁၃–၁၅ ဤကျမ်းပိုဒ်တွင် ဘုရားသခင်က ဣသရေလတို့၏ အမှုများကြားနာဖို့ ဆင့်ခေါ်သည်။ သာတူညီမျှ စွပ်စွဲချက် တင်သည်။ အုပ်စိုးသူမင်းများသည် မရှိဆင်းရဲသားများကို ခေါင်းပုံဖြတ် ဂုပ်သွေးစုပ်၍ ကြွယ်ဝချမ်းသာခြင်း ရှာကြသည်။ (အတင်းအဓမ္မ အနိုင်ကျင့်၊ ဖိနှိပ်ကြသည်။) ထို့ကြောင့် အုပ်စိုးသူ များကို အပြစ်ရှိသည်ဟု စီရင်ဆုံးဖြတ်ထားသည်။
၃:၁၆–၂၄ ဒုတိယစွဲချက်မှာ ယုဒအမျိုးသမီးများ ဖြစ်သည်။ ပညာတတ်လာလျှင် မာနထောင်လွှားလာကြသည်။ ပလွှားဝါကြွားကြသည်။ ဝတ်ကောင်းစားလှနှင့် အဖိုးတန် လက်ဝတ်တန်ဆာများ ဆင်မြန်းကြသည်။ မျက်နှာပေါ်တွင်လည်း အရောင်အမျိုးမျိုးချယ်သလျက်၊ အဖိုးတန်မိတ်ကပ်၊ ဆေးဝါးများချယ်သ သုံးဖြုန်းကြသည်။ တကိုယ်လုံးကိုလည်း ဝင်းလက်တောက်ပြောင်နေအောင် ဝတ်ဆင်ချယ်သကြသည်။ မရှိဆင်းရဲသားများကို ပေးကမ်း စွန့်ကြဲရမည့်အစား သူတို့ကိုယ်ကို နတ်သမီးသဖွယ် ပြင်ဆင်ကြသည်။ အဖိုးတန်လည်ရွဲတန်ဆာများ သီကုန်း၍ ဆံပင်ကိုလည်း ပုံစံအမျိုးမျိုး ပြင်ဆင်ကြသည်။ လှပေ့၊ ဆန်းပေ့များကို ဝတ်ဆင်၍ လူအများအာရုံစိုက်အောင် ဖန်တီးကြသည်။
၃:၂၅–၄:၁ နောက်ရောက်လာမည့် ကပ်ဆိုးမှာ ယောက်ျားသားများ သေမည့်နေ့မှ တပ်ထဲဝင်ကြခြင်း ဖြစ်သည်။ ယောက်ျားရှားကုန်သဖြင့် မိန်းမ(၇) ယောက်ကယောက်ျား တစ်ယောက်ကို လုယက် မြူဆွယ်ကြမည်။ မိမိစရိတ်ဖြင့် လင်သားကိုလုပ်ကျွေးပါမည်။ လင်သားအမည်ခံရုံမျှသာ ခံပေးပါဟု ဒူးထောက် တောင်းပန်ကြမည်။ လင်မရှိသောမိန်းမအဖြစ်ဆိုးမှကူညီကွယ်ကာပါဟုငိုယို ကြမည်။
ယခုအနက်ဖွင့်ကျမ်းကို သက်ဆိုင်ရာတို့၏ ခွင့်ပြုချက်ဖြင့် ဝေမျှပေးထားခြင်းဖြစ်ပါသည်။ မူရင်းကို သွားရောက်ကြည့်ရှုလေ့လာလိုပါက http://bbcmm.net/the-believers-bible-commentary တွင် လေ့လာနိုင်ပါသည်။
တစ်စုံတစ်ခုကို မှတ်ချက်ပြုရေးသားလိုပါက အောက်တွင်ရေးသားဖေါ်ပြနိုင်ပါတယ်။