ဟေရှာယအနာဂတ္တိကျမ်း - ၂၅

ထောမနာသီချင်း
1အို ထာဝရဘုရား၊ ကိုယ်တော်သည် အကျွန်ုပ်၏ဘုရားသခင် ဖြစ်တော်မူ၏။ ကိုယ်တော်ကို မြှောက်စားပါမည်။ နာမတော်ကို ချီးမွမ်းပါမည်။ အံ့ဖွယ်သော အမှုတို့ကို ပြုတော်မူပြီ။ ရှေးအကြံတော်တို့သည် မရွေ့၊ သစ္စာနှင့် မြဲမြံကြပါ၏။ 2မြို့ကိုအမှိုက်ပုံ၊ ခိုင်ခံ့သောမြို့ကို ဖြိုဖျက်ရာဖြစ်စေတော်မူပြီ။ တစ်ကျွန်းတစ်နိုင်ငံသားတို့၏ နေရာဘုံဗိမာန်သည် မြို့မဖြစ်၊ နောက်တစ်ဖန် မတည်မဆောက်ရမည်အကြောင်း စီရင်တော်မူပြီ။ 3ထိုကြောင့်၊ အားကြီးသောလူမျိုးသည် ကိုယ်တော်ကို ချီးမွမ်းကြပါလိမ့်မည်။ ကြောက်မက်ဖွယ်သော လူမျိုးတို့၏ နေရာမြို့သည် ကိုယ်တော်ကို ကြောက်ရွံ့ပါလိမ့်မည်။ 4ကိုယ်တော်သည် ဆင်းရဲသောသူတို့ ခိုလှုံရာ၊ ငတ်မွတ်သောသူ အမှုရောက်သည်ကာလ၌ ခိုလှုံရာဖြစ်တော်မူ၏။ ထရံကိုတိုက်သော မိုးသက်မုန်တိုင်းကဲ့သို့၊ ကြောက်မက်ဖွယ်သောသူတို့၏ ဒေါသအမျက်ထွက်သောအခါ၊ မိုးသက်မုန်တိုင်းလွတ်ရာ၊ နေရောင်ကွယ်ကာရာ ဖြစ်တော်မူ၏။ 5သွေ့ခြောက်သော အရပ်၌ နေအရှိန်ကိုကဲ့သို့၊ တစ်ကျွန်းတစ်နိုင်ငံတို့၏ အသံဗလံကို ငြိမ်းစေတော်မူလိမ့်မည်။ ထူထပ်သော မိုးတိမ်အားဖြင့် နေအရှိန်ပျောက်သကဲ့သို့၊ ကြောက်မက်ဖွယ်သောသူတို့၏သီချင်းသံ ပျောက်ရပါလိမ့်မည်။
6ကောင်းကင်ဗိုလ်ခြေအရှင် ထာဝရဘုရားသည်၊ ခဲဖွယ်စားဖွယ်ပွဲ၊ ဟောင်းသော စပျစ်ရည်ပွဲတည်းဟူသော၊ ဆူသောခဲဖွယ်စားဖွယ်၊ ကောင်းမွန်စွာစစ်သော စပျစ်ရည်ဟောင်းကို လူခပ်သိမ်းတို့အဖို့ ဤတောင်ပေါ်မှာ စီရင်တော်မူလိမ့်မည်။ 7လူခပ်သိမ်းတို့ကို ဖုံးသော မျက်နှာဖုံးကိုလည်းကောင်း၊ ခပ်သိမ်းသော လူမျိုးတို့ကိုဖုံးလွှမ်းသော တင်းတိမ်ကိုလည်းကောင်း၊ ဤတောင်ပေါ်မှာ ပယ်တော်မူလိမ့်မည်။ 8သေခြင်းကိုလည်း နစ်မွန်းဆုံးရှုံးစေတော်မူလိမ့်မည်။ အရှင်ထာဝရဘုရားသည်လည်း၊ ခပ်သိမ်းသော မျက်နှာတို့မှ မျက်ရည်ကို သုတ်တော်မူလိမ့်မည်။ ကိုယ်တော်၏လူတို့သည် ခံရသောကဲ့ရဲ့ခြင်းကိုလည်း၊ မြေကြီးတစ်ပြင်လုံး၌ ပယ်ရှင်းတော်မူလိမ့်မည်ဟု၊ ထာဝရဘုရားအမိန့်တော်ရှိ၏။
9ထိုကာလ၌ ကြည့်ရှုလော့။ ဤအရှင်ကား၊ ငါတို့မျှော်လင့်သော၊ ငါတို့၏ဘုရားသခင်တည်း။ ငါတို့ကို ကယ်တင်တော်မူလိမ့်မည်။ ဤအရှင်ကား၊ ငါတို့မျှော်လင့်သော ထာဝရဘုရားတည်း။ ကယ်တင်တော်မူခြင်းကျေးဇူးကြောင့်၊ ငါတို့သည် ဝမ်းမြောက်ရွှင်လန်းကြကုန်အံ့ဟု ဆိုကြလိမ့်မည်။
မောဘပြည်ကိုဒဏ်ခတ်မည်
10အကြောင်းမူကား၊ ထာဝရဘုရား၏လက်တော်သည် ဤတောင်ပေါ်မှာငြိမ်းလိမ့်မည်။ ကောက်ရိုးသည် နောက်ချေးရွှံ့ဗွက်၌ နှိပ်နင်းခြင်းကို ခံရသကဲ့သို့၊ မောဘပြည်သည် မိမိ၌နှိပ်နင်းတော်မူခြင်းကို ခံရလိမ့်မည်။ 11ရေကူးသောသူသည် ရေကူးခြင်းငှာ လက်ကိုဆန့်သကဲ့သို့၊ မောဘပြည်အလယ်၌ လက်တော်ကိုဆန့်၍၊ မောဘ၏မာနနှင့် လက်သတ္တိကို ချတော်မူလိမ့်မည်။ 12သင်တို့၏ မြို့ရိုးပြအိုး အထွတ်ကိုဖြို၍၊ မြေတိုင်အောင် နှိမ့်သဖြင့်၊ မြေမှုန့်ထဲမှာ ချတော်မူလိမ့်မည်။

ဟေရှာယအနာဂတ္တိကျမ်း - ၂၅ (အနက်ဖွင့်)

(င)တေးကဗျာများအကြောင်း(အခန်း၂၅-၂၇)

၁။ ဣသရေလတို့၏နိုင်ငံတော်ကောင်းကြီးမင်္ဂလာချီးမွမ်းသီချင်း(အခန်း၂၅)

၂၅:၁-၅ အခန်းကြီး-၂၅ကို“သီချင်းများအကြောင်း”ဟုဆိုသည်။ “ဘေး ဒဏ်ကြီးကာလမှရွေးနှုတ်ကယ်တင်သောဣသရေလလူအကြွင်းအကျန်များက ဘုရားသခင်၏ကယ်တင်ခြင်းဆုကျေးဇူးချီးမွမ်းထောပနာပြုခြင်းဖြစ်သည်။ ဘုရားသခင်အား ကျောင်းမှန်ကန်မှန်းသိရှိသွားအောင်ရန်သူမြို့ကြီးများ(အ မည်နာမအတိအကျမဖေါ်ပြပါ)အမှုန့်ကြိတ်ပစ်မည်။ ထိုနေ့ရက်တွင်ဘုရားသ ခင်သည်သူ့လူများအားလိုတရစေမည်။

၁၅:၆-၉ ဘုရားသခင်သည်ဝိညာဉ်တော်ပြည့်ဝသောပွဲတော်ကိုဇိအုန် တောင်ပေါ်တွင်တည်ခင်းမည်။ မောဟအပြစ်တရားများကိုဖွင့်ချမည်။ စာတန်၏မျက်နှာဖုံးစွပ်များကိုခွာချမည်။ တိုင်းနိုင်ငံသားများမြင်သာအောင်ပြသ မည်။ ဘုရားရှင်သည်မရဏသေခြင်းကိုအောင်မြင်သည်။ (ဘေးဒဏ်ကြီးကာလတွင် သန့်ရှင်းသူများပြန်လည်ထမြောက်ကြမည်)ဝမ်းနည်းကြေကွဲခြင်းမျက် ရည်များဘုရားရှင်ကသုတ်ပေးမည်။ ကျန်ကြွင်းသောယုဒလူများက“ဤအရှင် ကား၊ငါတို့မြော်လင့်သော၊ငါတို့ဘုရားသခင်ပေတည်းငါတို့ကိုကယ်တင်တော်မူ သူ၊ငါတို့မြော်လင့်သောထာဝရဘုရားတည်း။ ကယ်တင်တော်မူခြင်းကျေးဇူး ကြောင့်ဝမ်းမြောက်ရွှင်လန်းကြကုန်အံ့”ဟုဆိုကြမည်။

ယခုအနက်ဖွင့်ကျမ်းကို သက်ဆိုင်ရာတို့၏ ခွင့်ပြုချက်ဖြင့် ဝေမျှပေးထားခြင်းဖြစ်ပါသည်။ မူရင်းကို သွားရောက်ကြည့်ရှုလေ့လာလိုပါက  http://bbcmm.net/the-believers-bible-commentary  တွင် လေ့လာနိုင်ပါသည်။

တစ်စုံတစ်ခုကို မှတ်ချက်ပြုရေးသားလိုပါက အောက်တွင်ရေးသားဖေါ်ပြနိုင်ပါတယ်။