ဟေရှာယအနာဂတ္တိကျမ်း - ၁၇

ဒမာသက်မြို့နှင့်ဆိုင်သောဗျာဒိတ်
1ဒမာသက်မြို့နှင့်ဆိုင်သော ဗျာဒိတ်တော်ကား၊ ကြည့်ရှုလော့။ ဒမာသက်မြို့သည် မြို့မဖြစ်အောင် ပျက်စီးရာပုံ ဖြစ်ရ၏။ 2အာရော်မြို့များကို စွန့်ပစ်သောကြောင့်၊ သိုးစုတို့သည်ပိုင်၍၊ အဘယ်သူမျှမမောင်းဘဲ အိပ်ကြလိမ့်မည်။ 3ဧဖရိမ်ပြည်၌ မြို့မရှိရ။ ဒမာသက်မြို့နှင့် ကျန်ကြွင်းသောရှုရိပြည်၌ မင်းအာဏာမရှိရ။ သူတို့သည် ဣသရေလအမျိုးသားတို့၏ ဘုန်းအသရေကဲ့သို့ ဖြစ်ရကြလိမ့်မည်ဟု ကောင်းကင်ဗိုလ်ခြေအရှင်ထာဝရဘုရား မိန့်တော်မူ၏။
4ထိုကာလ၌ ယာကုပ်အမျိုး၏ဘုန်းသည် လျော့၍၊ ဆူဝခြင်းလည်း ပိန်ကြုံခြင်းဖြစ်ရလိမ့်မည်။ 5လူသည် စပါးကိုသိမ်းယူ၍ အသီးအနှံများကို လက်နှင့် ရိတ်သကဲ့သို့လည်းကောင်း၊ ရေဖိမ်ချိုင့်၌ အသီးအနှံတို့ကို သိမ်းရိတ်သကဲ့သို့လည်းကောင်း၊ ထိုအမှုဖြစ်ရလိမ့်မည်။ 6သို့ရာတွင်၊ သံလွင်ပင်ကို လှုပ်ပြီးမှ အပင်ဖျား၌ အသီးနှစ်လုံးသုံးလုံး၊ အသီးကောင်းသောအခက်တို့၌ လေးငါးလုံးရှိတတ်သကဲ့သို့၊ ကောက်သိမ်းစရာ အကြွင်းရှိရလိမ့်မည်ဟု ဣသရေလအမျိုး၏ဘုရားသခင် ထာဝရဘုရား မိန့်တော်မူ၏။
7ထိုကာလ၌ လူသည် မိမိကို ဖန်ဆင်းတော်မူသော အရှင်ကို ရည်မှတ်၍၊ ဣသရေလအမျိုး၌ သန့်ရှင်းတော်မူသောဘုရားကို ဖူးမျှော်ရလိမ့်မည်။ 8မိမိလက်နှင့် လုပ်သောယဇ်ပလ္လင်တို့ကို မမှတ်ရ။ မိမိလက်ချောင်းနှင့် လုပ်သောအရာတည်းဟူသော အာရှရပင်တို့ကိုလည်းကောင်း၊ ရုပ်တုတို့ကိုလည်းကောင်း ပမာဏမပြုရ။ 9ထိုကာလ၌ သူ၏ခိုင်ခံ့သောမြို့တို့သည် ဣသရေလအမျိုးသားရှေ့မှာစွန့်ပစ်သော သစ်တောအကျန်အကြွင်းနှင့် သစ်ပင်အဖျားကဲ့သို့ ဖြစ်၍၊ ထိုပြည်သည် ဆိတ်ညံလျက် ရှိရလိမ့်မည်။ 10သင့်ကို ကယ်တင်တော်မူသော ဘုရားသခင်ကို သင်သည်မေ့လျော့၍၊ မိမိခိုလှုံရာကျောက်ကို မိမိမအောက်မေ့သောကြောင့်၊ သာယာသော ပျိုးပင်တို့နှင့်၊ တစ်ကျွန်းတစ်နိုင်ငံ အညွန့်တို့ကိုစိုက်ပျိုး၍၊ 11ထိုပျိုးပင်တို့ကို ကြီးပွားစေခြင်းငှာလည်းကောင်း၊ အလျင်အမြန် အပွင့်ပွင့်စေခြင်းငှာလည်းကောင်း ပြုပြီးမှ၊ သိမ်းယူရာကာလ၌ အသီးအနှံသည် ပျက်စီး၍၊ သင်သည် မပျောက်နိုင်သော ဝမ်းနည်းခြင်းရှိရလိမ့်မည်။
12သမုဒ္ဒရာမြည်သံကဲ့သို့ မြည်တတ်သောလူများ အလုံးအရင်းတို့၌လည်းကောင်း၊ အားကြီးသောရေတို့သည် ဟုန်းသကဲ့သို့ ဟုန်းတတ်သော လူမျိုးတို့၌လည်းကောင်းအမင်္ဂလာရှိ၏။ 13အားကြီးသောရေတို့သည် ဟုန်းသကဲ့သို့၊ လူမျိုးတို့သည် ဟုန်းကြသော်လည်း၊ ဆုံးမတော်မူသောကြောင့်၊ အဝေးသို့ ပြေးသွားကြလိမ့်မည်။ တောင်ပေါ်မှာ လေတိုက်၍ လွင့်သော ဖွဲကဲ့သို့လည်းကောင်း၊ လေပွေ၌ပါသွားသော အမှိုက်ကဲ့သို့လည်းကောင်း၊ သူတို့သည် နှင်ခြင်းကို ခံရကြလိမ့်မည်။ 14ညဉ့်ဦးယံ၌ ဘေးရောက်၍၊ နံနက်ယံမတိုင်မီ ပျောက်ရှကြလိမ့်မည်။ ငါတို့ကို ညှဉ်းဆဲသောသူတို့သည် ထိုသို့သောအကျိုး၊ ငါတို့ကို လုယူဖျက်ဆီးသောသူတို့သည်၊ ထိုသို့သော အမွေဥစ္စာကိုခံရကြလိမ့်မည်။

ဟေရှာယအနာဂတ္တိကျမ်း - ၁၇ (အနက်ဖွင့်)

၅။ ဒမာသက်အမျိုး(အခန်း၁၇)

၁၇:၁-၃ တတိယဗျာဒိတ်တော်မှာရှုရိပြည်၏မြို့တော်ဒမာသက်နှင့်အခြားအချက်အချာမြို့ကြီးအားပြိုလဲကြမည့်အကြောင်းဖြစ်သည်။ အဘယ် ကြောင့်ဆိုသော်ရှုရိပြည်နှင့်နှစ်ပြည့်တပြည်မဟာမိတ်ပြုထားသောဧဖရိမ် (ဣသရေလပြည်)လည်းပြိုလဲခဲ့ပြီ။ ဧဖရိမ်ပြည်သည်ကျားကုပ်ကျားခဲဖြင့် မြို့ပြပြည်ရွာတည့်အောင်ထိန်းသိမ်းကာကွယ်သည်။ ရှုရိပြည်သည်ဧဖ ရိမ်ပြည်၏မှီခိုအားထားရာဘုန်းအသရေဖြစ်ခဲ့သည်။ သို့သော်ဗျာဒိတ်တော် ပေးချက်အတိုင်းဒမာသက်မြို့သည်(ဘီစီ၇၃၂)ခုနှစ်တွင်အာရှုရိများလက် ချက်ဖြင့်ပြိုလဲပျက်စီးသည်။ နောက်(၁၀)နှစ်ကြာလာသောအခါရှမာရိပြည် လည်းပြိုလဲပျက်သုဉ်းသည်။

၁၇:၄-၆ အပြစ်စီရင်ရာနေ့ရက်ရောက်သောအခါဣသရေလသည် ဘုန်းအသရေကင်းမဲ့လျက်ငတ်မွတ်ခေါင်းပါးသောဘေးဒဏ်နှင့်ကြုံတွေ့ရ မည်။ ဧဖရိမ်ချိုင့်ဝှမ်းလွင်ပြင်တစ်ခုလုံးတွင်အသီးအနှံကောက်လှိုင်းသိမ်းစရာ ရှိမည်မဟုတ်။ ကိုင်းဖျားကိုင်းနားရှိတလုံးစ၊နှစ်လုံးစအသီးများကိုတွေ့ရ မည်။

၁၇:၇-၁၁ ထိုကာလ၌လူများသည်မိမိကိုဖန်ဆင်းတော်မူသောအရှင်ကို ရည်မှတ်၍ဣသရေအမျိုး၏စင်ကြယ်သောဘုရားကိုဖူးမျှော်ရကြမည်။ ရုပ်တုဆင်းတုဘုရားတုဘုရားမှားကိုးကွယ်ခဲ့သမျှကိုစွန့်ပစ်မည်။ ဟိဝိHivitesနှင့် အာမောရိAmoritesမြို့ကြီ:များကိုဣသရေလတို့တိုက်ခိုက်အောင်မြင်ခဲ့စဉ် ကကဲ့သို့အခိုင်အခံ့ကာရံထားသောဣသရေမြို့ရိုးများပြိုလဲပျက်စီ:ကြမည်။  အဘယ်ကြောင့်ထိုကဲ့သို့ဖြစ်ပျက်ခဲ့သနည်းဟုဆိုသော်ဘုရားသခင်၏လူ များကဘုရားသခင်ုမေ့လျော့ကြပြီးတကျွန်းတနိုင်ငံမှအညွန့်ကိုစိုက်ပျိုး ကြသည်။ ပင်လယ်ရပ်ခြားသားများနှင့်မဟာမိတ်ပြုကြသည်။ ယဉ်ကျေးမှု ထုံးတမ်းဓလေ့ရောနှောကြသည်။ ဘာသာရေးပေါင်းဖက်ကြသည်။ ထို့ ကြောင့်အသီ:အနှံများကိုဖျက်ဆီးပစ်မည်။ ဆွေးတသသနောင်တရနေမည်။

၁၇:၁၂-၁၄ အခန်းငယ်၁၂မှစ၍လာမည့်အခန်းကြီး(၁၈)တိုင်အောင် အမင်္ဂ လာနှစ်ပါးအကြောင်းကိုကြားညှပ်ထားသည်။ ပထမအချက်မှာတပါး အမျိုးသားများကဣသရေလလူမျိုးအားခေတ်မီစစ်လက်နက်များဖြင့်တိုက် ခိုက်ကြမည့်အကြောင်းဖြစ်သည်။ သို့သော်ဘုရားသခင်ကထိုရန်သူများကို လက်တုံ့ပြန်ပေးမည်။ ဣသရေလအမျိုးကိုတညဉ့်လုံးချီမထားမည်။ အာရှုရိ စစ်တပ်များသာအချည်းနှီးပျက်စီးကုန်မည်။

ယခုအနက်ဖွင့်ကျမ်းကို သက်ဆိုင်ရာတို့၏ ခွင့်ပြုချက်ဖြင့် ဝေမျှပေးထားခြင်းဖြစ်ပါသည်။ မူရင်းကို သွားရောက်ကြည့်ရှုလေ့လာလိုပါက  http://bbcmm.net/the-believers-bible-commentary  တွင် လေ့လာနိုင်ပါသည်။

တစ်စုံတစ်ခုကို မှတ်ချက်ပြုရေးသားလိုပါက အောက်တွင်ရေးသားဖေါ်ပြနိုင်ပါတယ်။