ဟေရှာယအနာဂတ္တိကျမ်း - ၁၅

မောဘပြည်နှင့်ဆိုင်သောဗျာဒိတ်
1မောဘပြည်နှင့် ဆိုင်သော ဗျာဒိတ်တော်ကား၊ လုပ်ကြံသောညအခါ၊ မောဘပြည်အာရမြို့သည် ပျက်စီး၏။ လုပ်ကြံသောညအခါ၊ မောဘပြည် ကိရမြို့သည် ပျက်စီး၏။ 2ပြည်သားတို့သည် ဗက်မြို့၊ ဒိဘုန်မြို့၌ မြင့်သောအရပ်သို့တက်၍ ငိုကြွေးကြ၏။ မောဘပြည်သူတို့သည် နေဗောမြို့၊ မေဒဘမြို့ပေါ်မှာ ညည်းတွားမြည်တမ်းကြ၏။ သူတို့ခေါင်းပေါ်မှာ ဆံပင်မရှိ။ သူတို့ မုတ်ဆိတ်ကိုလည်းရိတ်ပယ်ပြီ။ 3လမ်းခရီးတို့တွင် လျှော်တေအဝတ်ကို ဝတ်ကြ၍၊ အိမ်မိုးပေါ်၌လည်းကောင်း၊ လမ်းမ၌လည်းကောင်း ရှိသမျှသောသူတို့သည် ညည်းတွားမြည်တမ်း၍၊ အလွန် မျက်ရည်ကျကြ၏။ 4ဟေရှဘုန်မြို့နှင့် ဧလာလေမြို့တို့လည်း ငိုကြွေး၍၊ ငိုသံသည် ယာဟတ်မြို့တိုင်အောင် ကြားရ၏။ မောဘသူရဲတို့သည်လည်း၊ တုန်လှုပ်သောစိတ်နှလုံးနှင့် ငိုကြွေးကြ၏။ 5ငါ့နှလုံးသည်လည်း၊ မောဘအဖို့ ငိုကြွေး၏။ ပြေးသောသူတို့သည်၊ သုံးနှစ်အသက်ရှိသော နွားမကဲ့သို့ ဇောရမြို့တိုင်အောင် လည်ကြ၏။ လုဟိတ်တောင်ပေါ်သို့ မျက်ရည်ကျလျက် တက်ကြ၏။ ဟောရနိမ်မြို့သို့ သွားသောလမ်း၌လည်း ဆုံးရှုံးခြင်းအသံကိုလွှင့်ကြ၏။ 6အကြောင်းမူကား၊ နိမရိမ်ရေကန်တို့သည် ဆိတ်ညံ၍၊ မြက်ပင်များ သွေ့ခြောက်ခဲ့ပြီ။ ပျိုးပင်များလည်း သေခဲ့ပြီ။ စိမ်းသောအပင် တစ်ပင်မျှမရှိ။ 7ထိုကြောင့်၊ သူတို့သည် မိမိတို့ဆည်းပူးသောဥစ္စာ၊ သိုထားသောဘဏ္ဍာများကို မိုးမခပင်ချိုင့်သို့ ယူသွားကြလိမ့်မည်။ 8ငိုကြွေးသောအသံသည် မောဘပြည်ကို နှံ့ပြားလေ၏။ ညည်းတွားမြည်တမ်းသော အသံသည် ဧဂလိမ်မြို့တိုင်အောင်လည်းကောင်း၊ ဗေရဧလိမ်မြို့တိုင်အောင်လည်းကောင်း ရောက်လေ၏။ 9အကြောင်းမူကား၊ ဒိမုန်မြို့ရေတို့သည် အသွေးနှင့်ပြည့်ကြ၏။ ဒိမုန်မြို့အပေါ်မှာ အခြားသောဘေးများကိုလည်းကောင်း၊ လွတ်အောင်ပြေးသော မောဘပြည်သားနှင့် ကျန်ကြွင်းသော ပြည်သားအပေါ်မှာ ခြင်္သေ့တို့ကိုလည်းကောင်း ငါရောက်စေမည်။

ဟေရှာယအနာဂတ္တိကျမ်း - ၁၅ (အနက်ဖွင့်)

၄။ မောဘလူမျိုး (အခန်း၁၅၊၁၆)

၁၅:၁-၇ မောဘပြည်၏ရုပ်ပျက်ဆင်းပျက်ကြမ္မာငင်ပုံရှင်းပြထားသည်။  မြို့ရိုးခံတပ်အခိုင်အမာတည်ဆောက်ထားသောအာရမြို့နှင့်ကိရမြို့များသည် တမဟုတ်ချင်းပြိုလဲပျက်စီးမည်။ မြို့ကြီးပြကြီးများမှစ၍ကျေးရွာ၏ဇနပုဒ် အားလုံးငိုကြွေးအော်ဟစ်ကြမည်။ အရပ်သူအရပ်သားများဆောက်တည်ရာမရ၊ ခြေဦးတည့်ရာပြေးလွှားကြပုံကိုတွေးမြင်၍ဟေရှာယသည်ယူကြုံးမရအောင် ဝမ်းနည်းမျက်ရည်ကျသည်။ လယ်ယာမြေတစ်ခုလုံးလုပ်ကိုင်စားသောက်သူမရှိ၊ ဖြုန်းတီးမြေဖြစ်သည်။ လူများသည်ခိုကိုးရာကောက်ရိုးတမျှင်လိုက်ရှာကြ သည်။

၁၅:၈-၉ မောဘသားများ၏ငိုယိုအော်ဟစ်သံသည်တိုင်းပြည်နယ်နမိတ် ကိုပင်ကျော်လွန်သွားသည်။ အပိုဒ်ငယ်၂တွင်ပါရှိသည့် ဒိဘုန်မြို့ကိုအပိုဒ်ငယ်၉တွင်ဒိမုန်မြို့ဟုခေါ်သည်။ စကားလုံးလှည့်စားပြောင်းသုံးခြင်းဖြစ်နိုင်သည်။ ဒိမုန်သည်ဟေဗြဲဘာသာစကားအားဖြင့်dam(သွေး) ဖြစ်သည်။ ထို့ကြောင့်ဒိမုန် မြို့တွင်သွေးချောင်းစီးသောကြောင့်စကားတင်စားကုစားခြင်းဖြစ်နိုင်သည်။  လတ်တလောတွင်အသက်မသေလွတ်မြောက်သူများကိုလည်းခြင်္သေ့စာဖြစ်ကြ မည်။

ယခုအနက်ဖွင့်ကျမ်းကို သက်ဆိုင်ရာတို့၏ ခွင့်ပြုချက်ဖြင့် ဝေမျှပေးထားခြင်းဖြစ်ပါသည်။ မူရင်းကို သွားရောက်ကြည့်ရှုလေ့လာလိုပါက  http://bbcmm.net/the-believers-bible-commentary  တွင် လေ့လာနိုင်ပါသည်။

တစ်စုံတစ်ခုကို မှတ်ချက်ပြုရေးသားလိုပါက အောက်တွင်ရေးသားဖေါ်ပြနိုင်ပါတယ်။