သင်ခန်းစာ (၂၂)

ကြီးထွားခြင်းနှင့်ရင့်ကျက်ခြင်း

သက်ရှိသတ္တဝါနှင့် အပင်တိုင်းသည် ကြီးထွားကြသည်။ ကြီးထွားပြီးမှ ရင့်ကျက်ကာ သီးပွင့်ကြသည်။ သို့မှသာ ပွါးများနိုင်သည်။ လူသားများလည်း မွေးဖွားပြီးလျှင် ကြီးထွားကြသည်။ ခလေးမွေးသော်လည်း မကြီးထွားလျှင် မိဘများ စိတ်ဆင်းရဲမှာ သေချာသည်။ ကြီးထွားသူတိုင်းလည်း မရင့်ကျက်ကြပါ။ လူကောင်းကြီးသော်လည်း ခလေးစိတ် ရှိနေသေးပါက အားကိုး၍မရ၊ ခလေးကဲ့သို့ ကြည့်ရှုဖို့ လိုအပ်‌ပေလိမ့်မည်။ ထို့ကြောင့် လူတိုင်းမွေးဖွားရုံဖြင့် မပြီးပါ။ အချိန်တန်လျှင် ကြီးထွားဖို့နှင့် ရင့်ကျက်ဖို့ လိုသည်။ ထိုနည်းတူ ဝိညာဉ်ပိုင်းဆိုင်ရာ၌လည်း၊ ယုံကြည်သူများသည် ခရစ်တော်၌ ဒုတိယမွေးဖွားရုံနှင့် မပြီးပါ။ ကြီးထွားခြင်းနှင့် ရင့်ကျက်ခြင်းရှိဖို့ လိုအပ်သည်။ အချိန်တန်သော်လည်း မကြီးထွား မရင့်ကျက်ပါက ပြဿနာများစွာ ပေါ်ပေါက်နိုင်သည်။

ဇာတိ၌ကျင်လည်

                   ယုံကြည်သူများကြီးထွားရင့်ကျက်ခြင်းမရှိလျှင် ၀ိညာဥ်သဘောဖြင့်အသက်မရှင်နိုင်၊ ဇာတိသဘောဖြင့်သာအသက်ရှင်နေမည်။ ကောရိန္သုအသင်းတော်သည် ကြီးထွားရင့်ကျက်ခြင်းမရှိသောကြောင့်ရှင်ပေါလုက၊ “ညီအစ်ကိုတို့အထက်ကငါသည် ၀ိညာဥ်လူတို့အား ဟောပြောသကဲ့သို့သင်တို့အားဟောပြောရသောအခွင့်မရှိဘဲ၊ ဇာတိပကတိလူတို့ အား၎င်း၊ ခရစ်တော်၌သူငယ်ခလေးတို့အား၎င်း၊ ဟောပြောသကဲ့သို့ဟောပြောရ၏။” ဟုစာရေးခဲ့သည် (၁ ကော ၃:၁)။ ဇာတိပကတိလူဆိုသည်မှာဘုရားမသိသောသူ၊ မယုံကြည်သောသူကိုဆိုလိုသည်။ ယုံကြည်သူများသည်မကြီးထွားမရင့်ကျက်လျှင်၊ လောကီသားများနှင့် ခွဲခြား၍ မရချေ။

ကြေခဲသောအစာ

                   ခလေးသူငယ်များသည် ကြေခဲသောအစာများကို မစားနိုင်ကြချေ။ နို့ကိုသာ သုံဆောင်ကြသည်။ ထိုနည်းတူ ဝိညာဉ်ပိုင်းလေးသူများလည်း၊ ကြေခဲသောအစာကို မစားနိုင်။ ဝိညာဉ်နို့များကိုသာ သုံးဆောင်ကြသည်။ ရှင်ပေါလုက၊ “ယခုတိုင်အောင်သင်တို့သည်ခဲဘွယ် စားဘွယ်ကိုမကြေနိုင်ကြသောကြောင့်ငါမကျွေးရ၊ နို့ကိုသာတိုက်ရ၏။ ယခုပင်လည်း မကြေနိုင်ကြသေး၊” ဟုရေးခဲ့သည် (၁ ကော ၃:၂)။ ဟေဗြဲစာရေးသောသူကလည်း၊ “ထိုမေလခိဇဒက်၏အကြောင်းကို ငါပြောစရာ အများရှိ၏။ သို့သော်လည်းသင်တို့သည်၊ ကာလကြာသောကြောင့်ဆရာအဖြစ်သို့ရောက်သင့်သော်လည်း၊ ဘုရားသခင်၏ဗျာဒိတ်တော်၌ရှေ့ဦးစွာသင်ရသောတရားနုတို့ကို သူတပါးထံ၌ တဖန်သင်ရသောအကြောင်းရှိသည်ဖြစ်၍ ကြေခဲသောအစာကိုမသုံးဆောင်၊ နို့ကို သာသုံးဆောင်သောသူဖြစ်ကြ၏။” ဟု ရေးခဲ့သည် (ဟေ‌ဗြဲ ၅း၁၁-၁၂)။ ကြေခဲသောအစာ မစားခြင်းဖြင့် အဘယ်‌ပြဿနာရှိသနည်းဟု မေးနိုင်သည်။ နို့ကိုသာ သုံဆောင်သောသူသည်၊ အားမရှိ၊ အလုပ်မလုပ်နိုင်။ ကြေခဲသောအစာ စားမှသာအားရှိ၍ အလုပ်လုပ်နိုင်သည်။ ထိုနည်းတူ၊ ဝိညာဉ်နို့ကိုသာ သောက်သောသူသည်၊ ဘုရားသခင်၏ အသုံးတော်မခံနိုင်။ ခလေးကဲ့သို့ သူတပါးကို မှီခိုအားကိုးဖို့ လိုအပ်နေပေလိမ့်မည်။ ခလေးများသည် အလုပ်မလုပ်နိုင်သည်သာမက၊ သားသမီးများလည်း မမွေးဖွားနိုင်ပါ။ ထိုနည်းတူ ဝိညာဉ်ခလေးများသည် ဝိညာဉ်သားသမီးများ မမွေးဖွားနိုင်ချေ။ သူတို့ကို တချိန်လုံး စောင့်ရှောက်ဖို့ လိုအပ်သည်။

အပြစ်၌ပျော်မွေ့

                    ခလေးများသည် ညစ်ညူးသောအရာများကို ရွံရှာခြင်းမရှိ၊ နှစ်သက်ကြသည်။ တွေ့သမျှသောအရာကို ပါးဝပ်ထဲသို့ ထည့်တတ်သည်။ ကျန်းမာရေးလည်းမသိ၊ မိမိအတွက် ဘေးအန္တရာယ် ရှိမရှိကိုလည်းနားမလည်၊ ထို့ကြောင့် သူတို့ကို တချိန်လုံးစောင့်ရှောက်ဖို့ လိုအပ်သည်။ ထိုနည်းတူ ဝိညာဉ်မကြီးထွားမရင့်ကျက်သောသူတို့သည် အပြစ်၍ပျော်မွေ့တတ်သည်။ မိမိအတွက် အန္တရာယ်ရှိမရှိ မစဉ်းစားဘဲ ဇာတိ၏အလိုကို လိုက်လျှောက်တတ်သောကြောင့် သူတို့ကို တချိန်လုံး စောင့်ရှောက်ဖို့ လိုအပ်သည်။‌ ကောရိန်သုအသင်းတော်လည်း မကြီးထွားမရင့်ကျက်သောကြောင့် ဂုဏ်ပြိုင်ခြင်း၊ ရန်တွေ့ခြင်း၊ အချင်းချင်းကွဲပြားကြသည်(၁ကော ၃း၃)။ ထိုအကျင့်များသည် ယုံကြည်သူများ၌ မရှိသင့်။ သို့သော်လည်း ဝိညာဉ်ရေးရာ၌ ခလေးဖြစ်နေလျှင်၊ မလွဲမရှောင်သာ ရှိနေပေမည်။ ဝိညာဉ်ရေးရာ မကြီးထွားမရင့်ကျက်ခြင်းသည် မိမိအတွက်သာမက အခြားသူများအတွက်လည်း မကောင်းချေ။ ယုံကြည်သူ ညီအစ်ကိုမောင်နှမများကို အားနည်းစေသည်။ ယုံကြည်သူများအကြား၌ ပြဿနာများ၍ ကွဲပြားစေသည်။ ထိုမျှသာမက၊ မယုံကြည်သူများအတွက် ထိမိလဲစရာဖြစ်သည်။ မရင့်ကျက်သူများ၏ အသက်တာကိုကြည့်ခြင်းအားဖြင့် မယုံကြည်သူများသည် ဘုရားသခင်ကို မမြင်နိုင်ရုံသာမက၊ အဟန့်အတား ဖြစ်စေသည်။ ဘုရားသခင်၏ဘုန်းတော်ကို မထင်ရှားစေသည်သာမက နာမတော်ကို ရှုတ်ချစရာ ဖြစ်စေသည်။ ထို့ကြောင့် ယုံကြည်သူတိုင်း ကြီးထွားရင့်ကျက်ဖို့ လိုအပ်သည်။

                   အသက်ရှင်သောအသင်းတော်များ၌ ၀ိညာဥ်ပိုင်းကြီးထွားရင့်ကျက်မှုမရှိပါက ပြသနာ ပေါင်းစုံနှင့်တွေ့ကြုံရမှာသေချာနေပါသည်။ ကောရိန္သုအသင်းတော်ကဲ့သို့ ၀ိညာဥ်ဆုကျေးဇူးရရှိသော်လည်း ပြသနာမပြေလည်နိုင်အောင် ရှုပ်ထွေးမှုရှိနိုင်သည်။ ခလေးများများရှိသောနေရာ၌ ပြသနာများ၍ အဘယ်အရာကိုမျှလုပ်ဆောင်၍မရချေ။ ကြီးထွားရင့်ကျက်မှသာလျှင် ပြသနာများကို ဖြေရှင်းနိုင်မှာဖြစ်သည်။ ကြီးထွားရင့်ကျက်ခြင်းမရှိလျှင် ကောက်ရိုးမီးလောင်သကဲ့သို့ ချက်ချင်းတက်ကြွသော်လည်း မကြာမှီပြန်လည်ငြိမ်ကျသွားတတ်သည်။ အဘယ်ခလေးမှ၊ ကြီးမားသောအမှုကိုမလုပ်နိုင်ပါ။

                  အချို့သောအသင်းတော်များ၌ ဝိညာဉ်ပိုင်းခလေးများသာရှိသောကြောင့် တချိန်လုံး ခလေးထိန်းကြီးတည်းဟူသော သင်းအုပ်ဆရာကိုသာ တမ်းတနေကြသည်။ သင်းအုပ်ဆရာမရှိလျှင် ဘာမျှမလုပ်တတ်ကြတော့ချေ။ သင်းအုပ်ဆရာလည်း ခလေးကြီးဖြစ်နေပါက မည်ကဲ့သို့ ခလေကြီးထွားရင့်ကျက်အောင် ပြုစုကျွေးမွေးရမည်ကိုမသိ။ နို့ဘူးကြီးနှင့် တနင်္ဂနွေနေ့တွင် ဝိညာဉ်ခလေးများကို ရေရောသောနို့ကြဲကြဲ (လူ့အကြိုက်တရားများ) ကို တိုက်တတ်သည်။ ထို့ကြောင့် ဝိညာဉ်ခလေးများသည် မကြီးထွား၊ ပြဿနာများသည်။ သို့ဖြစ်၍ မိတ်ဆွေလည်း ဝိညာဉ်ရေး၌ ကြီးထွားရင့်ကျက်ဖို့ လိုအပ်သည်။

==================

ကြီးထွားခြင်းနှင့်ရင့်ကျက်ခြင်း (သင်ခန်းစာမေးခွန်းများ)
အထက်ရှိ လေ့လာခဲ့သောသင်ခန်းစာထဲမှ အချက်အချို့ကို အောက်ပါတွင် မေးခွန်းများအဖြစ် ပြင်ဆင်ပေးထားပါသည်။ မေးခွန်းများအားလုံးကို ပါဝင်ဖြေဆိုခြင်းဖြင့် သင်သည် ယခုသင်ခန်းစာကို ပြီးပြည့်စုံစွာ သဘောပေါက်နားလည်ကြောင်းကို ဖေါ်ပြလိုက်ပါ။