သင်ခန်းစာ (၁၃)
ဘုရားသခင်၏ကယ်တင်ခြင်း
သင်ခန်းစာ (၁၂)၌ လူသည်ကယ်တင်ခြင်းနှင့်ပတ်သက်၍ မည်သို့မျှမတတ်နိုင်ကြောင်း သိခဲ့ရပြီ။ သို့သော် လူမတတ်နိုင်သောအမှုမှာ ဘုရားသခင်တတ်နိုင်တော်မူ၏ (မဿဲ ၁၉:၂၃-၂၆)။ ဘုရားသခင်သည် လူမတတ်နိုင်သောအမှုကို ခရစ်တော်အားဖြင့် ဖြေရှင်းပေးကြောင်း ဆက်လက်လေ့လာကြပါစို့။
ကျူးလွန်သောအပြစ်
ပထမဦးစွာ ဘုရားသခင်သည် ဒုစရိုက်အပြစ်ကိုမည်ကဲ့သို့ဖြေရှင်းပေးကြောင်းကို လေ့လာကြပါစို့။ ကျူးလွန်သောအပြစ်သည် အပြစ်သားကကျူးလွန်သောအပြစ်ဖြစ်သည်။ ထိုအပြစ်သည် ဘုရားသခင်၏အမြင်၌သာမက လူအမြင်၌လည်း အပြစ်ရှိသည်။ ထို့ကြောင့် ကျူးလွန်သောအပြစ်သည် လူ၏စိတ်ကိုထိခိုက်စေသည်။ ကျူးလွန်သောအပြစ်ပြုသူသည် မိမိအပြစ်ကိုသိသဖြင့် ဘုရားသခင်၏ကျေးဇူးတော်ကိုပင် လက်မခံရဲလောက်အောင် စိတ်အနှောက်အရှက်ပေးနိုင်သည်။ ထိုအပြစ်နှင့်ကင်းမှသာ ဘုရားသခင်၏ကျေးဇူးတော်၌ ရွှင်လန်း၀မ်းမြောက်နိုင်မှာ ဖြစ်ပါသည်။
အသွေးအားဖြင့်
ကျူးလွန်သောအပြစ်ကို အသွေးအားဖြင့် ဖြေလွှတ်နိုင်သည်။ ကျမ်းစာ၌၊ “သင်တို့ပြုသောအပြစ်ကိုဖြေစေခြင်းငှါထိုအသွေးကိုယဇ်ပလ္လင်ပေါ်မှာငါပေးပြီ။ လူအပြစ်ကိုဖြေသောအရာကားအသွေးဖြစ်သတည်း။” ဟု ပါရှိသည် (၀တ်ပြုရာ ၁ရ:၁၁)။ တဖန်၊ “ပညတ်တရားအတိုင်းခပ်သိမ်းသောရာတို့ကိုကုန်မတတ်အသွေးအားဖြင့်စင်ကြယ်စေတတ်၏။ အသွေးသွန်း လောင်းခြင်းမရှိဘဲအပြစ်ဖြေလွှတ်ခြင်းမရှိ။” ဟု ဆိုသည် (ဟေဗြဲ ၉:၂၂)။ ဘုရားသခင်က လူ၏အပြစ်ကို အသွေးအားဖြင့်သာ ဖြေလွှတ်နိုင်သည်ဟု ဆိုသည်။ သို့ဖြစ်လျှင် အပြစ်ကိုအသွေးအားဖြင့် မည်သို့ဖြေလွှတ်မည်နည်း။ ဤအကြောင်းကိုသိနိုင်ရန်၊ ဣသရေလလူများ၏ အပြစ်ဖြေရာယဇ်ပူဇော်ခြင်းအကြောင်းကို လေ့လာဖို့လိုအပ်လာသည်။ တဖန် ယဇ်ပူဇော်ခြင်းအကြောင်း နားလည်းနိုင်ရန်၊ တဲတော်အကြောင်းကိုလည်း သိထားဖို့လိုသည်။ တဲတော်အစစ်သည် ကောင်းကင်ဘုံ၌ရှိသည်။ ဘုရားသခင်သည် မောရှေအား သိနာတောင်ပေါ်၌၊ ထိုကောင်းကင်တဲတော်ကို ပြသခဲ့သည်။ ထိုကောင်းကင်တဲတော်နှင့်တူသောတဲတော်ကို မြေကြီးပေါ်၌ ဆောက်ခိုင်းသည် (ထွက်မြောက်ရာ ၂၅:၉)။ ယဇ်ပူဇော်ခြင်းမှန်သမျှကို ထိုတဲတော်၌ ပြုလုပ်ရသည်။ တဲတော်၌ယဇ်ပူဇော်နည်းကို နားလည်ခြင်းဖြင့် ကောင်းကင်၌ မည်ကဲ့သို့ယဇ်ပူဇော်သည်ကို နားလည်နိုင်သည်။ ထို့ကြောင့် ယဇ်ပူဇော်ခြင်းနှင့် တဲတော်အကြောင်းကိုသိဖို့ရန် အလွန်အရေးကြီးသည်။
(၁) တဲတော်၀င်းအကာ
တဲတော်၀င်းကို ပိတ်ချောဖြင့်ကာထား၍ အလျားအတောင်တရာ၊ အနံအတောင်ငါးဆယ်၊ အမြင့်ငါးတောင်ရှိသည် (ထွက်မြောက်ရာ ၂ရ:၉)။ လူများ တဲတော်၀င်းထဲသို့မ၀င်နိုင်ရန် ကာထားသောအရာဖြစ်၍ ပညတ်တော်ကိုပုံဆောင်သည်။
(၂) တဲတော်၀င်းတံခါး
တဲတော်၀င်းတံခါးသည် အရှေ့ဘက်၌ရှိ၍ အတောင်နှစ်ဆယ်ကျယ်သည်။ ပြာသောအထည်၊ မောင်းသောအထည်နှင့် နီသောအထည်ပိတ်ချောဖြင့် လုပ်ထားသည် (ထွက်မြောက်ရာ ၂ရ:၁၆)။ တဲတော်တံခါး၀သည် သခင်ယေရှုကိုပုံဆောင်သည်။ တဲတော်၀င်းထဲသို့ တံခါး၀အားဖြင့်သာ၀င်နိုင်သကဲ့သို့ ကောင်းကင်တဲတော်ထဲသို့ ခရစ်တော်တည်းဟူသော တံခါးအားဖြင့်သာ ၀င်နိုင်သည်။
(၃) တဲတော်
တဲတော်သည် ၀င်းအတွင်းအနောက်ဖက်ကပ်၍ ဆောက်ထားသည်။ အလျားအတောင်သုံးဆယ်၊ အနံအတောင်တစ်ဆယ်ရှိသည်။
(၄) အသန့်ရှင်းဆုံးဌါန
တဲတော်ကို နှစ်ပိုင်းပိုင်း၍ အတွင်းဘက်အခန်းကို အသန့်ရှင်းဆုံးဌါနဟု ခေါ်သည်။ ထိုနေရာ၌ ပဋိညာဥ်သေတ္တာရှိ၍ အထဲ၌ပညတ်တော်ဆယ်ပါရေး ထားသော ပဋိညာဥ်ကျောက်ပြားနှစ်ချပ်ထည့်ထားသည် (ထွက်မြောက်ရာ ၂၆:၃၃)။
(၅) သန့်ရှင်းရာဌာန
တဲတော်၏အပြင်ဘက်ခန်းသည် သန့်ရှင်းရာဌါနဟုခေါ်သည်။ အလျားအတောင်နှစ်ဆယ်၊ အနံဆယ်တောင်ရှိသည်။ ထိုအခန်းထဲ၌ နံ့သာပေါင်းမွှေးမီးရှို့ရာယဇ်ပလ္လင်၊ ရွှေမီးခုံနှင့် ရှေ့တော်မုန့်တင်သောစားပွဲသာလျှင်ရှိသည်။ ထိုအခန်းထဲသို့ ယဇ်ပုယောဟိတ်များသည် နေ့တိုင်း နံနက်တစ်ခါ ညနေတစ်ခါ နံ့သာပေါင်းမွှေးမီးရှို့ဘို့ရန်နှင့် ရွှေမီးခွက်များ၌ သံလွင်ဆီထည့်ဘို့ရန် ၀င်တတ်သည် (ထွက်မြောက်ရာ ၂၆:၃၃)။
(၆) ကုလားကာ
သန့်ရှင်းရာဌါနနှင့် အသန့်ရှင်းဆုံးဌါနကို ကာထားသောကုလားကာဖြစ်သည် (ထွက်မြောက်ရာ ၂၆:၃၃)။ အသန့်ရှင်းဆုံးဌါနထဲသို့ ဘိသိက်ခံသောယဇ်ပုယောဟိတ်၀င်သောအခါ ထိုကုလားကာကို ဖြတ်ကျော်ရသည်။ ထိုကုလားကာသည် ခရစ်တော်၏ကိုယ်ခန္ဓာကို ပုံဆောင်သည် (ဟေဗြဲ ၁၀:၂၀)။
(၇) ပဋိညာဥ်သေတ္တာ
ပဋိညာဥ်သေတ္တာသည် အကာရှသစ်သားဖြင့်ပြုလုပ်၍ ရွှေဖြင့်အတွင်းအပြင်မွမ်းမံထားသည်။ ပဋိညာဥ်သေတ္တာအပေါ်ဖုံးကို ရွှေစင်ဖြင့်ပြုလုပ်၍ ရွှေဖြင့်ပြုလုပ်သော ကောင်းကင်တမန်နှစ်ပါးသည် မျက်နှာချင်းဆိုင်ရှိသည်။ ထိုသေတ္တာအဖုံးကို ဂရုဏာပလ္လင်ဟုခေါ်၍ ကောင်းကင်ဘုံ၌ရှိသောဘုရားသခင်၏ပလ္လင်တော်ကို ပုံဆောင်သည်။ ဘုရားသခင်သည် ပလ္လင်တော်အပေါ်၌ မိုးတိမ်အားဖြင့် ကျိန်း၀ပ်သည်။ ယခုတွင် ဘုရားသခင်၏ ပလ္လင်တော်သည် ကရုဏာပလ္လင်တော် ဖြစ်သေးသည်။ မကြာမှီ ထိုပလ္လင်တော်သည် တရားစီရင်ရာပလ္လင် ဖြစ်လိမ့်မည်။ ထိုအချိန်၌ ကယ်တင်ခြင်းသို့ရောက်ရှိနိုင်တော့မည်မဟုတ်။ ထို့ကြောင့် ယခုအမြန်ဆုံးကယ်တင်ခြင်းသို့ရောက်ဖို့ အရေးကြီးသည်။
(၈) နံ့သာပေါင်းမွှေးမီးရှို့ရာယဇ်ပလ္လင်
အကာရှသားဖြင့်ပြုလုပ်၍ ရွှေဖြင့်မွမ်းမံထားသည်။ ထိုယဇ်ပလ္လင်ပေါ် ၌ ယဇ်ပုရောဟိတ်များသည် နံနက်တခါ ညနေတခါ နံ့သာပေါင်းမွှေးကို မီးရှို့တတ်သည်။ နံ့သာပေါင်းမွှေးမီးရှို့ခြင်းသည် သန့်ရှင်းသူများ၏ ဆုတောင်းခြင်းကို ပုံဆောင်သည် (ဆာလံ ၁၄၁:၂၊ ဗျာဒိတ် ၅:၈၊ ၈:၃)။ သန့်ရှင်းသူများ၏ဆုတောင်းခြင်းသည် ဘုရားသခင်ရှေ့၌ နံ့သာပေါင်းမွှေးမီးရှို့ခြင်းနှင့်တူသည်။
(၉) ရွှေမီးခုံ
သန့်ရှင်းရာဌါနတော်ဘက်တွင် ထားရှိသည်။ ရွှေစင်ဖြင့်ပြုလုပ်သည်။ ရွှေမီးခံ၌ မီးခွက်ခုနှစ်လုံးရှိသည်။ ထိုမီးခွက်ခုနှစ်လုံးသည် အသင်းတော်ကိုပုံဆောင်သည် (ဗျာဒိတ် ၁း၂၀)။ မီးခွက်ထဲ၌ရှိသော သံလွင်ဆီသည် သန့်ရှင်းသောဝိညာဉ်တော်ကိုပုံဆောင်သည်။ အသင်းတော်များသည် ဝိညာဉ်တော်ရှိမှသာလျှင် လင်းနိုင်သည်။ ယနေ့များစွာသော အသင်းတော်များ၌ သန့်ရှင်းသောဝိညာဉ်တော်မရှိသောကြောင့် မှောင်မိုက်နေသည်။
(၁၀) ရှေ့တော်မုန့်တင်သောစားပွဲ
အကာရှသစ်သားဖြင့်ပြုလုပ်၍ရွှေဖြင့်မွမ်းမံသည်။ သန့်ရှင်းရာဌါနမြောက်ဖက်တွင်ထားသည်။ တဆေး မဲ့မုန့်ဆယ့်နှစ်ချပ်ကိုတင်ထား၍ ဣသရေလ လူမျိုးဆယ်နှစ်မျိုး၏ ဆက်ကပ်ခြင်းကိုပုံဆောင် သည်။ သူတို့ကိုထာ၀ရဘုရားထံဆက်ကပ်သည်။ သို့သော်ထာ၀ရဘုရားကိုယ်စား ယဇ်ပုရောဟိတ်များကသာ စားခွင့်ရှိသည်။ ဥပုသ်နေ့တိုင်းအသစ်လဲရသည် (ထွက်မြောက်ရာ ၂၅:၂၃-၃၀)။
ကြေးဝါအင်တုံ
ကြေးဝါအင်တုံသည် ကြေးဝါဖြင့်ပြုလုပ်၍ တဲတော်ရှေ့၊ တဲတော်နှင့်မီးရှို့ရာယဇ်ပလ္လင်ကြီးကြားတွင် ထားရှိသည်။ ယဇ်ပုရောဟိတ်များ ခြေလက်ဆေးဖို့ရန်ရေထည့်ထားသည်။ လူ၏စိတ်နှလုံးကို သန့်ရှင်စေနိုင်သော နှုတ်ကပတ်တော်ကို ပုံဆောင်သည်။
(၁၂) ကြေးဝါယဇ်ပလ္လင်ကြီး
ကြေးဝါယဇ်ပလ္လင်ကြီးကို မီးရှို့ရာယဇ်ပလ္လင်ဟုလည်း ခေါ်သည်။ အလျားငါးတောင် အနံငါတောင် အမြင့်သုံတောင်ရှိ၍ အကာရှသစ်သားကို ကြေးဝါဖြင့် မွမ်းမံထားသည်။ ယဇ်ကောင်းများမီးရှို့ရာနေရာဖြစ်သည် (ထွက်မြောက်ရာ ၂၇း၁-၇)။ လက်ဝါးကပ်တိုင်ကို ပုံဆောင်သည်။
(၁၃) ပရိသတ်စည်းဝေးရာတဲတော်တံခါးရှေ့
ပရိတ်သတ်များ စည်းဝေးသောနေရာဖြစ်သည်။ ပရိတ်သတ်များ တဲတော်အတွင်းသို့ ဝင်ခွင့်မရှိ။ ကြေးဝါယဇ်ပလ္လင်နှင့် ကြေးဝါအင်တုံပတ်ဝန်းကျင်၌သာ နေခွင့်ရှိသည်။ ယဇ်ကောင်များ ဘုရားသခင်ထံ ဆက်ကပ်သောနေရာဖြစ်သည်။
မှတ်ချက်။။ တဲတော်နှင့်တဲတော်တန်ဆာများကိုအလွတ်ကျက်ပါ။
==================