သင်ခန်းစာ (၂)
ဘုရားသခင် တရားသူကြီး
သင်ခန်းစာ (၁)၌ ဘုရားသခင်ကိုယုံကြည်နိုင်ရန် ဘုရားသခင်၏အမြင်အတိုင်းမြင်ဖို့လိုသည်ဟု သိခဲ့ရပြီ။ ဘုရားသခင်၏အမြင်သာလျှင်မှန်၍ လူ၏အမြင်သည် မှားကြောင်းသိခဲ့ရပြီ။ အဘယ်ကြောင့် ဘုရားသခင်၏အမြင်သာလျှင်မှန်၍ လူ၏အမြင်မှားသည်ဟု ဆိုနိုင်သနည်း။
တရားသူကြီး
အပြစ်သားများကိုတရားစီရင်သောသူသည် တရားသူကြီးဖြစ်သည်။ တရားဆုံးဖြတ်ရာတွင် တရားသူကြီး၏အမြင်အတိုင်းသာလျှင် ဆုံးဖြတ်ရသည်။ တရားခံသည် ကိုယ့်ကိုယ်ကို မည်မျှပင်အပြစ်ကင်း၍ဩတ္တပ္ပစိတ်ကြည်လင်စေကာမူ တရားသူကြီးက အပြစ်ရှိသည်ဟုမြင်လျှင် အပြစ်ပေးခြင်းခံရမည်သာဖြစ်သည်။ ထို့နည်းတူ တလောကလုံးရှိလူသားများကို တရားစီရင်မည့်သူသည် ထာ၀ရဘုရားပင်ဖြစ်သည်။ ကျမ်းစာ၌၊ “ထာ၀ရဘုရားသည်ငါတို့၏တရားသူကြီး ဖြစ်တော်မူ၏။” ဟုဆိုထားသည် (ဟေရှာ ၃၃:၂၂)။ ထို့ကြောင့် ထာ၀ရဘုရား၏အမြင်၊ အဆုံးအဖြတ်သာလျှင်အတည်ဖြစ်၍ အရေးကြီးသည်။ ကျွန်ပ်နှင့်မိတ်ဆွေ၏ အမြင်သည်အရေးမကြီးပါ။
ဖန်ဆင်းသောကြောင့်
တရားသူကြီးကို အာဏာရအစိုးရက ခန့်အပ်ထားသည်။ သို့ဖြစ်လျှင် ထာ၀ရဘုရားကို မည်သူက တရားသူကြီးအဖြစ် ခန့်အပ်သနည်း။ ထာ၀ရဘုရားကို တရားသူကြီးအဖြစ်ခန့်အပ်သောသူသည် သူကိုယ်တိုင်ပင်ဖြစ်သည်။ အကြောင်းမှာ လူသားများကိုဖန်ဆင်းသူဖြစ်သည်။ မိဘများသည်ကိုယ်မွေးသောသားသမီးများကို ဆုံးမပိုင်ခွင့်ရှိသကဲ့သို့ ထာ၀ရဘုရားလည်း သူဖန်ဆင်းသောလူသားများအပေါ် တရားစီရင်ပိုင်ခွင့်ရှိသည်။
မသိသော်လည်း
မိတ်ဆွေသည် တရားသူကြီးကိုမသိသော်လည်း အပြစ်ကျူးလွန်ပါက သူနှင့်ရင်ဆိုင်ရမှာဖြစ်သည်။ ထို့နည်းတူ မိတ်ဆွေအနေဖြင့် တရားသူကြီးဖြစ်သော ထာ၀ရဘုရားကိုမသိသော်လည်း၊ ဂရုမစိုက်သော်လည်း တနေ့ကျလျှင် သူ၏တရားစီရင်ခြင်းကို ခံရမည်သာဖြစ်သည်။ ကျမ်းစာက၊ “တဖန်တုံပလ္လင်ဖြူကြီးကို၎င်း၊ ပလ္လင်ပေါ်မှာ ထိုင် တော်မူသော သူကို၎င်း၊ ငါမြင်၏။ ကောင်းကင်နှင့် မြေကြီးသည် မျက်နှာတော် ရှေ့မှပြေးလွင့်၍ သူတို့ နေစရာ အရပ်မရှိ။ သေလွန်သော သူအကြီး အငယ်တို့သည် ပလ္လင်တော် ရှေ့မှာ ရပ် နေကြသည်ကို ငါမြင်၏။ စာစောင်များကို ဖွင့်ထား၏။ အသက် စာစောင်တည်း ဟူသော အခြားတပါးသော စာစောင်ကိုလည်း ဖွင့်လေ၏။ သေလွန်သော သူတို့သည် မိမိတို့ အကျင့်အတိုင်း စာစောင်၌ ရေးထားချက်များနှင့် အညီတရားစီရင်ခြင်းကို ခံရကြ၏။”ဟု ရေးထားသည် (ဗျာ ၂၀:၁၁-၁၂)။ အထက်ပါ တရားစီရင်ခြင်းသည် နောက်ဆုံးသောအချိန်၌ ဖြစ်သည်။ ကမ္ဘာလည်း ကုန်၍ လူများ အားလုံးလည်း သေပြီးမှ ဖြစ်မည်။ တရားစီရင်ခြင်း ခံရမည့်သူများသည် သေလွန်သောသူများ ဖြစ်သည်။ လူထင်မှတ်တတ်သည် မှာ လူသည် သေလျှင်ပြသနာကင်း၍ အေးချမ်းမည်ဟူ၍ ဖြစ်သည်။ ထိုသို့ ထင်မှတ်ခြင်းသည် စာတန်၏ လှည့်ဖျားမှုနှင့် မသိနားမလည်မှု၏ အားနည်းချက် ဖြစ်သည်။ အမှန်မှာ ပြသနာသည် သေပြီးမှပိုများကာ ဘယ်သောအခါမှ ဖြေရှင်းနိုင်တော့မည် မဟုတ်ချေ။ ထို့ကြောင့် သေကြောင်း ကြံစည်ခြင်းအားဖြင့် ပြသနာမဖြေရှင်းဘို့ သတိပေးလိုပါသည်။ မိတ်ဆွေသည် သေလွန်သော်လည်း တရားစီရင်ခြင်း ခံရဦးမှာ ဖြစ်သည်။ တဖန် ကျမ်းစာက၊ “လူသည် တခါတည်း သေ၍ ထို့နောက်မှတရားစီရင်ခြင်း ခံရ သကဲ့သို့၊” ဟုဆိုထား ပါသေးသည် (ဟေဗြဲ ၉:၂ရ)။ လူသည် သေလွန်သော်လည်း တရားစီရင်ခြင်း ခံရဦးမည်။ ထိုကြောင့် သေခြင်းဖြင့် ပြသနာမအေးသေးချေ။ တရားစီရင်ခြင်း ခံရဦးမှာဖြစ်သောကြောင့် မသေမှီ ကြိုတင် ပြင်ဆင်ဘို့ လိုသည်။
မယုံသော်လည်း
မိတ်ဆွေအနေဖြင့် ထာ၀ရဘုရားကို မိတ်ဆွေ၏ အပြစ်စီရင်မည့် တရားသူကြီးအဖြစ် မယုံကြည်ဘဲ ဖြစ်ကောင်း ဖြစ်နိုင်သည်။ သို့သော် မိတ်ဆွေ၏ မယုံကြည်ခြင်းဖြင့် ထာ၀ရဘုရားသည် တရားသူကြီးအဖြစ်မှ လျှောကျသွားမည် မဟုတ်ပါ။ နောဧလက်ထက်၌လည်း ထာ၀ရဘုရားသည် မြေကြီးကို ရေလွှမ်းမိုးခြင်းအားဖြင့် တရားစီရင်မည့်အရာကို နောဧအားဖြင့် သတိပေးခဲ့သော်လည်း ထိုခေတ်ကလူများသည် မယုံကြည်ကြ။ သို့သော် သူတို့၏ မယုံကြည်ခြင်းအားဖြင့် တရားစီရင်ခြင်းကို မဆီးတားနိုင်ကြ။ ထိုမယုံကြည်သူများသည် ရေလွှမ်းမိုးခြင်းအားဖြင့် သေကြေပျက်စီးကြသည် (ကမ္ဘာဦး ရ:၂၀-၂၃၊ ၁ ပေ ၃:၁၉-၂၀)။ ဗာဗုလုန်နိုင်ငံကို အုပ်စိုးခဲ့သော နေဗုခဒ်နေဇာမင်းကြီးလည်း သူ့ကိုယ်သူ ချီးမြှောက်၍ ၀ါကြွားသောအခါ ဘုရားသခင်၏ တရားစီရင်ခြင်းကို ခံခဲ့ရသည်။ လူစင်စစ်မှ တိရစ္ဆာန်စိတ်၀င်ကာ လူစုထဲမှ နှင်ထုတ်ခြင်း ခံခဲ့ရလေသည်။ ကောင်းကင်မှအသံက၊ “အမြင့်ဆုံးသော ဘုရားသခင်သည်လောကီနိုင်ငံကို အုပ်စိုး၍ ပေးလိုသော သူတို့အား ပေးတော်မူသည်ကို မင်းကြီး မသိမမှတ်မီ ကာလ ခုနှစ်နှစ်ပတ်လုံး နွားကဲ့သို့ မြက်စားရမည်။” ဟုဆို၏ (ဒံ ၄:၃၂)။ နေဗုခဒ်နေဇာမင်းကြီးသည် ဘုရားသခင် စီရင်သည့်အတိုင်း တိရစ္ဆာန်ကဲ့သို့ ခုနှစ်နှစ်ဖြစ်ပြီးနောက်၊ “အမြင့်ဆုံးသော ဘုရားသခင်ကို ကောင်းကြီး ပေး၍ ထာ၀ရအသက် ရှင် တော်မူသော ဘုရားကို ထောမနာပြု၏။ အာဏာတော်သည် ထာ၀ရ အာဏာ ဖြစ်၏။ နိုင်ငံတော်သည် ကမ္ဘာအဆက်ဆက် တည်၏။ မြေကြီသား အပေါင်းတို့သည် ရှေ့တော်၌ အဘယ်မျှ မဟုတ် သကဲ့သို့ဖြစ်ကြ၏။ ကောင်းကင် ဗိုလ်ခြေတို့၌ ၎င်း၊ မြေကြီးသား တို့၌ ၎င်း၊ အလိုတော် ရှိသည့်အတိုင်း စီရင်ပြုပြင် တော်မူ၏။ လက်တော်ကို အဘယ်သူ မျှ မဆီးတားနိုင်။ အဘယ်သို့ ပြုသနည်းဟုကိုယ်တော်ကို ဆိုနိုင်သော သူမရှိ” ဟု ဘုရားသခင်၏ တန်ခိုးတော်နှင့် အာဏာတော်ကို ၀န်ခံသွားခဲ့ပါသည် (ဒံ ၄:၃၄-၃၅)။ နေဗုခဒ်နေဇာမင်းကြီးသည် ထာ၀ရဘုရားသခင်ကို ယုံကြည်သူမဟုတ်။ သို့သော် ဘုရားသခင်၏ တရားစီရင်ခြင်းသည် သူကဲ့သို့သော ရှင်ဘုရင် အပေါ်၌လည်း သက်ရောက်၍ မငြင်းဆိုနိုင်ခဲ့ချေ။ သို့ဖြစ်လျှင် မိတ်ဆွေနှင့် ကျွန်ပ်သည် အဘယ်သို့သောသူ ဖြစ်၍ ဘုရား၏ တန်ခိုးတော်နှင့် အာဏာတော်ကို ငြင်းဆန် တော်လှန် နိုင်မည်နည်း။
ဘုရားသခင်အပြစ်မတင်မှသာ
ထာ၀ရ ဘုရားသည် တလောကလုံး၏ တရားသူကြီးဖြစ်ကြောင်း သိရှိရပြီ။ ထို့ကြောင့် ထာ၀ရဘုရား၏ အပြစ်တင်ခြင်းနှင့် ကင်းလွတ်မှသာလျှင် သက်သာရာရမှာ ဖြစ်သည်။ ကျမ်းစာက၊ “ထာ၀ရဘုရား အပြစ်တင်တော်မူခြင်းနှင့်လွတ်၍ လှည့်စားတတ်သော စိတ် သဘောနှင့် ကင်းစင်သောသူသည် မင်္ဂလာရှိ၏။” ဟု ဆိုထားပါသည် (ဆာလံ ၃၂:၁-၂)။ ထို့ကြောင့် မိတ်ဆွေအပါအ၀င် လူသား အားလုံးသည် မိမိအမြင်နှင့်အကြံအစည်အားလုံးကိုစွန့်လွှတ်၍ ထာ၀ရဘုရားသခင်၏ အမြင်အတိုင်းမြင်ဘို့၊ စီရင်တော်မူချက်များကိုသိရှိလက်ခံဖို့ လိုအပ်ပါသည်။
==================