ဂလာတိဩဝါဒစာ - ၅
ဂလာတိဩဝါဒစာ - ၅ (အနက်ဖွင့်)
၅:၁ အခန်းကြီး(၄)၏ နောက်ဆုံးကျမ်းပိုဒ်တွင် ယုံကြည်သူများသည် လူလွတ်များဖြစ်သည်ဟု ဆိုထားသည်။ ထိုလူလွတ်၏ အသက်တာကို သွန်သင်သည်။ ပညတ်တရားနှင့်ကျေးဇူးတော်၏ ကွာခြားပုံကို ရှင်းပြသည်။ ပညတ်တရားက လွတ်လပ်မှုလိုချင်လျှင် လွတ်လပ်မှုကိုရှာပါဟုဆိုသည်။ ကျေးဇူးတော်ကမူ ”ခရစ်တော် အသေခံကတည်းက သင်လွတ်လပ်သွားပြီ၊ သို့ဖြစ်၍ လွတ်လပ်သူအဖြစ် ရပ်တည်လော့၊ နောက်တဖန် ကျွန်အဖြစ်မခံနှင့်” ဆိုသည်။ ပညတ်တရားသည် လမ်းပြသော်လည်း ကူးတို့ ရောက်အောင် လိုက်မပို့။ ကျေးဇူးတော်ကမူ လမ်းပြသည်သာမက၊ အရင်းအနှီး ကိုလည်း ထုတ်ပေးသည်။ လိုအပ်သောနည်းပညာနှင့် ခွန်အားလည်းပေးသည်။ ထို့အပြင် မိမိလုပ်ဆောင်မှုအပေါ်လိုက်၍ ဆုလက်ဆောင်ချီးမြှင့်သည်။
- Mackintosh က ”ပညတ်တရားက ခွန်အားစိုက်ထုတ်ခိုင်းသည်။ မစိုက်ထုတ်နိုင်လျှင် ကျိန်ဆဲသည်။ ကျေးဇူးတော်တရားသည် ခွန်အားကိုလည်း ထုတ်ပေးသည်။ အောင်မြင်သလောက် ဆုလက်ဆောင်လည်း ပေးသည်” ၁၈ ဟုဆိုသည်။
ပညတ်တရားက ပြေးနိုင်မှလွတ်မည်ဟုဆိုသည်။ သို့သော် ပြေးဖို့ခြေလက်မပေး။ ကျေးဇူးတော်တရားကမူ တောင်ပံတပ်ဆင်ပေးပြီး ပျံသန်းခိုင်းသည်။
၃။ လက်တွေ့အသက်တာ–ဝိညာဉ်တော်၌ ခရစ်ယာန်တို့၏လွတ်မြောက်ခြင်း (၅:၂–၆:၁၈)
(က) ထုံးတမ်းစဉ်လာ၏ ဘေးအန္တရာယ် (၅:၂–၁၅)
၅:၂ ထုံးတမ်းစဉ်လာသည် ခရစ်တော်၏အမှုကို တန်ဖိုးမဲ့စေပါသည်။ ယုဒများသည် တပါးအမျိုးသားများကို ကယ်တင်ခြင်းရရှိရန် အရေဖျားလှီးခိုင်းကြသည်။ သို့ကြောင့် ပေါလုက အရေဖျားလှီးခြင်းသည် ခရစ်တော်အတွက် ဘာမှအသုံးမဝင်ဟု တမန်တော်တစ်ဦးအနေဖြင့် ဆုံးမခြင်းဖြစ်သည်။ ထိုအကြောင်းကို Jack Hunter က ဤသို့ဆိုသည်။
အရေဖျားလှီးခြင်းသည် ကျန်းမာရေးအရ ခွဲစိတ်ကုသခြင်းမဟုတ်၊ ရိုးရာထုံးတမ်းစဉ်လာဖြစ်သည်။ ကယ်တင်ခြင်းရရှိဖို့ အကျင့်ကောင်းအဖြစ် ယူဆကြသည်။ ဘုရားသခင်၏ကျေးဇူးတော်နှင့်မဆိုင်။ လူ့စွမ်း ဆောင်မှု၊ လူ့ထင်မြင်ချက်သက်သက် ဖြစ်သည်။ ကျေးဇူးတော်ကို ပညတ်တရားဖြင့် ဖြည့်စွက်ခြင်း ဖြစ်သည်။ ခရစ်တော်ကို မောရှဖြင့် ဖြည့်စွက်နိုင်သည်။ ခရစ်တော်သည် ခရစ်တော်ဖြင့်သာ ဖြည့်စွက်နိုင်သည်။ ခရစ်တော်သည် ကယ်တင်ရှင် ဖြစ်သည်။ ပြီးပြည့်စုံသူ ဖြစ်သည်။ အရေဖျားလှီးခြင်းသည် ခရစ်တော်၏ကယ် တင်ခြင်းနှင့် မဆိုင်။၁၉
၅:၃ ရိုးရာ ထုံးတမ်းအစဉ်အလာက ပညတ်တရားအားလုံးကို စောင့်ထိန်းခိုင်းသည်။ ပညတ်တရားအောက်၌ ရှိသူသည် အခြားအရာများကို အလွယ်တကူ လက်မခံနိုင်။ အကယ်၍ အရေဖျားလှီးခြင်းဖြင့် မျက်နှာတော်ရချင်လျှင် ပညတ်တရားအားလုံးကို စောင့်ထိန်းရပေမည်။ ထို့ကြောင့်ပညတ်တရားအောက်သို့ရှိသင်သလား။ မရှိသင့်ဘူးလား။ အကယ်၍ပညတ်တရား အားလုံးကို စောင့်ထိန်းနိုင်သည်ဆိုလျှင် ယေရှုခရစ်တော်သည်လည်း မလိုတော့ပါ။ ဤကျမ်းပိုဒ်က အရေဖျားလှီးသူများသည် ဖြောင့်မတ်ခြင်း ရရှိသည်ဟု ဆိုလိုသည်မဟုတ်။ ပညတ်တရားကို အကုန်အစင် စောင့်ထိန်းခြင်းဖြင့် အလိုတော် လိုက်ရှာကြသည်ဟု ဆိုသည်။
၅:၄ ခရစ်တော်၌ မျှော်လင့်ခြင်းထားရှိခြင်းဖြင့် ဖြောင့်မတ်စင်ကြယ်သော အသက်တာရရှိနိုင်သည်။ ဤကျမ်းပိုဒ် နှင့်ပတ်သက်၍ အဓိပ္ပါယ်အမျိုးမျိုးဖွင့်ဆိုကြသည်။
ကယ်တင်ခြင်းရရှိသူသည် အပြစ်တခါပြန်ကျူးလွန်လျှင် ကျေးဇူးတော်ဆုံးရှုံး၍ ထာဝရ ပျောက်ဆုံးသွားသည်ဟု အများစုက ခံယူကြသည်။ ထိုအယူအဆကို” ပျောက်လွင့်ခြင်း အယူအဆ” ဟု ခေါ်ကြသည်။
ဤအယူအဆသည် မခိုင်မာဘူးဟုဆိုချင်သည်။ ပထမအချက်မှာ ကျမ်းပိုဒ်တွင်ကယ်တင်ခြင်းရရှိသူ ဟုသောစကားလုံး မပါရှိပါ။ အပြစ်ပြန်လည်ကျူးလွန်ခြင်း ဟူသောစကားလုံးလည်း မပါရှိပါ။ စိတ်သဘောထားကောင်းသူ ကယ်တင်ခြင်း မျှော်လင့်သူ၊ လေးစားလောက်သူဟုသာ အဓိပ္ပါယ်ရသည်။ ခရစ်ယာန်မှန်လျှင် ပညတ်တရားကို ထိန်းသိမ်းရမည်။ အပြစ်နှင့် ကင်းဝေးမှသာလျှင် ကယ်တင်ခြင်း စိတ်ချရသည်ဟု ဆိုကြရမည်။ မည်သို့ပင်ဖြစ်စေ၊ ပညတ်တရား စောင့်ထိန်းခြင်းဖြင့် ဖြောင့်မတ်ခြင်း ရှာဖွေသူများ ရှိသည်။ ကျေးဇူးတော် အလဟသဆုံးရှုံးသည် ဟု ခံယူရသည်။
ဒုတိယအချက်အနေဖြင့် ဓမ္မသစ်ကျမ်းစာ သွန်သင်ချက်နှင့် လုံးလုံးလျားလျား ဆန့်ကျင်သည်။ ဓမ္မသစ်ကျမ်းတွင် ခရစ်တော်ကို ယုံကြည်သူသည် ထာဝရကယ်တင်ခြင်း ရရှိကြမည်။ ခရစ်တော်သည် မည်သည့်သိုးကိုမှ မပျက်စီးစေလို၊ ကယ်တင်ခြင်း သည်ခရစ်တော်၏ ပြီးပြည့်စုံသောအမှုတော်ကို မှီကိုးခြင်း ဖြစ်သည်။ လူ့အစွမ်းအစဖြင့် ရှာဖွေလုပ်ဆောင်စရာ မလိုဟု သွန်သင်ထားပါသည် (ယော ၃:၁၆၊ ၃၆၊ ၅:၂၄၊ ၆:၄၇၊ ၁၀:၂၈)။
၂။ ယေရှုခရစ်တော်ကို ယုံကြည်ခြင်းဖြင့်ကယ်တင်ခြင်းရရှိသည်မှာလက်ခံသည်။ ထိုကယ်တင်ခြင်းအား မြဲမြန်စေရန် ပညတ်တရား စောင့်ထိန်းခြင်း ခိုင်မာစေရသည်ဟု အနက်ဖွင့်ဆိုကြပါသည်။ လွယ်လွယ်ပြောရလျှင် ကယ်တင်ခြင်းရရှိ သော်လည်း ပညတ်တရားကို စောင့်ထိန်းစေချင်သည်။ ထိုစကားနှင့် ပတ်သက်၍ Philip Mauro က ”ခရစ် တော်က သန့်ရှင်းသူများ သွန်သင်ခြင်းဖြင့် ကယ်တင်ခြင်းရရှိပြီးနောက် ရိုးရာအစဉ်အလာ အပြင်ပန်းလက္ခဏာဖြင့် ဖုံးအုပ်ခြင်းဖြစ်သည်” ဟု ဆိုသည်။
ထိုသဘောထားအမြင်သည်လည်းကျမ်းစာနှင့်မကိုက်ညီပါ။ ပညတ်တရားစောင့်ထိန်းခြင်းဖြင့် ဖြောင့်မတ်စင်ကြယ် ခြင်းမရနိုင်ကြောင်း၊ အထက်ကျမ်းပိုဒ်များတွင် သွန်သင်ပြီးဖြစ်ပါသည်။ ဖြောင့်မတ်ခြင်း ရရှိရန်မည်သူ သည်ပညတ်တရားကို အစုံအလင် စောင့်ထိန်းနိုင်သနည်းဟု ကျမ်းစာက မေးပါသည်။ ခရစ်တော်ဘုရား၌ ရှိရမည့်ပညတ်ချက်ကို စောင့်ထိန်းရန်ဟု ဆိုလျှင်လက်ခံနိုင်ဖွယ်ရာဖြစ်ပါသည်။
၃။ တတိယအချက်အနေဖြင့် ဤကျမ်းပိုဒ်သည် အမှန်တကယ် ကယ်တင်ခြင်း မရရှိဘဲ ရရှိဟန်ဆောင်သူများကို ဆိုလိုသည်ဟု အဓိပ္ပါယ် ဖွင့်ဆိုကြပါသည်။ ပညတ်တရား စောင့်ထိန်းခြင်းဖြင့် ဖြောင့်မတ်ခြင်းလိုက်ရှာကြသည်။ ကျမ်းစာက ကယ်တင်ရှင်နှစ် ဦးမရှိကြောင်း၊ သွန်သင်ထားပါသည်။ ခရစ်တော်ကို ဦးစားပေးမည်လား၊ ပညတ်တရားကို ရွေးချယ်မည်လား။ ပညတ်တရားကို ရွေးချယ်လျှင် ခရစ်တော်အားဖြင့် မျှော်လင့်ထားသော ဖြောင့်မတ်ခြင်း အသက်တာ လက်လွှတ်ရမည့် ကျေးဇူးတော်သည် အချည်းနှီးဖြစ်သွားမည်။ ထိုအကြောင်းက Hogg နှင့်Vine ကဤသို့ ရှင်းပြကြပါသည်။
ခရစ်တော်သည် အရာခပ်သိမ်း သို့မဟုတ် အချည်းအနှီးတစ်ခုခုဖြစ်ရတော့မည်။ ယုံကြည်ခြင်း၌ ကန့်သတ်ချက် မရှိပါ။ ခရစ်ယာန်မှန်လျှင် ယေရှုခရစ်တော်၏ ကျေးဇူးတော်ဖြင့် ဖြောင့်မတ်စင်ကြယ်သူဖြစ်သည်။ ပညတ်တရားစောင့်ထိန်းခြင်းဖြင့် မရှာဖွေရပါ။၂ဝ
၅:၅ ယုံကြည်သူ၏ မျှော်လင့်ချက်သည်ထုံးတမ်းအစဉ်လာစောင့်ထိန်းခြင်းနှင့်တခြားစီဖြစ်သည်။ ခရစ်ယာန်များသည် ဖြောင့်မတ်ခြင်း အသက်တာကို မျှော်လင့်ချက်ထားရှိကြသည်။ ခရစ်တော်ဘုရား ကြွရောက်လာခြင်းကို မျှော်လင့်ကြသည်။ ခရစ်တော်ဘုရားကြွဆင်းလာ၍ ယုံကြည်သူများ ဘုန်းတန်ခိုးရှိသော ခန္ဓာကိုယ်အဖြစ်သို့ ပြောင်းလဲကြသောအခါအပြစ်နှင့် ပတ်သက်ခြင်းမရနိုင်တော့ပါ။ ခရစ်ယာန်များ၏ ဖြောင့်မတ်ခြင်း မျော်လင့်ချက်သည် အဆင်သင့်ဖြစ်နေကြသည်ဟု မပြောပါ။(၂ကော ၅:၂၁)။ စောင့်မျှော်နေကြသည်ဟု ပြောပါသည်။ မျှော်လင့်ခြင်း ကြောင့်လုပ်နိုင်သည် မဟုတ်။ သန့်ရှင်းသော ဝိညာဉ်တော်နှင့် ယုံကြည်ခြင်းဖြင့် တတ်စွမ်းနိုင်ခြင်း ဖြစ်သည်။ သန့်ရှင်းသော ဝိညာဉ်တော်အားဖြင့် အရာခပ်သိမ်း ကိုတတ်စွမ်းနိုင်သည်။ ဘုရားသခင်ကို ယုံကြည်ခြင်းဖြင့် အရာရာကို တွေ့မြင်နိုင်သည်။ ပညတ်တရားသမားသည် မိမိအစီအစဉ်ဖြင့် ဖြောင့်မတ်ခြင်း ရှာဖွေသည်။ သီလဆောက်တည်သည်။ ကောင်းမှုကုသိုလ် ပြုလုပ်သည်။ သို့သော်အချည်း အနှီးဖြစ်သည်။ အဘယ်ကြောင့်ဆိုသော် လူ့ကြိုးစားအားထုတ်မှုသည် ပန်းတုံးတိုင်မရောက်နိုင်။
ဤကျမ်းပိုဒ်တွင် ကျွန်ုပ်တို့ဟူသောစကားလုံးသုံးထားသည်။ ယုံကြည်သူ အစစ်အမှန်များကို ရည်ညွှန်းသည်။ ပညတ်တရားဖြင့် ဖြောင့်မတ်ခြင်း ရှာဖွေသူများကို သင်တို့ ဟု ငယ် ၄ တွင်သုံးထားသည်။
၅:၆ ရိုးရာထုံးတမ်း အစဉ်အလာသည် အချည်းအနှီးဖြစ်သည်။ ခရစ်တော်၌ တည်ရှိလျှင် အရေဖျားလှီးခြင်းသည် အရေးမပါ အရာမရောက်ပါ။ အရေဖျားလှီးခြင်းဖြင့်သာ၍ မမြတ်သကဲ့သို့ အရေဖျားမလှီးသောကြောင့် သာ၍ ယုတ်စရာ အကြောင်းမရှိပါ။ ချစ်ခြင်းမေတ္တာ ပါသောယုံကြည်ခြင်းကိုသာ အဓိကထားရပါသည်။ ယုံကြည်ခြင်း ဆိုသည်မှာဘုရား သခင်ကို သာ အားကိုးတည်မှီခြင်းဖြစ်သည်။ ယုံကြည်ခြင်းသည်ပြယုဇ်မဟုတ်။ လူမြင်ကောင်းအောင် လုပ်ဆောင်ခြင်းမဟုတ်။ ကြံစည်လုပ်ဆောင်သမျှတွင် မေတ္တတရားပါသည်။ ယုံကြည်ခြင်းသည် မေတ္တာထား၍လုပ်ဆောင်သည်။ ပညတ်တရား သည်ထိုသို့မဟုတ်။ ဘုရားသခင်၏ အမှုတော်သည် ရိုးရာထုံးတမ်းအစဉ်အလာကိုစိတ်မဝင်စားပါ။ ဘုရားတရားနှင့်မွေ့ လျော်သော အသက်တာကိုသာ လိုချင်ကြောင်း သမ္မာကျမ်းစာ နေရာအနှံအပြား၌ သွန်သင်ထားသည်။
၅:၇ ထုံးတမ်းအစဉ်အလာသည် သမ္မာတရားနှင့် သွေဖီသည်။ ဂလာတိသားများသည် ယုံကြည်ခါစတွင် ကောင်းသော စံချိန်စံညွှန်းရှိကြသည်။ သို့သော်ယခုအခါတွင်မူ အနှောက်အယှက်ပရောဂတစ်ခုခု ဖြစ်နိုင်သည်။ အခြားတစ်ခုခု၏ သွန်သင်ချက်ကိုနားထောင်လျှင် ဘုရားသခင်၏သမ္မာတရားကိုသွေဖီရာရောက်ပါသည်။
၅:၈ ထုံးတမ်းအစဉ်အလာသည် သမ္မတရားမဟုတ်။ ဤကျမ်းပိုဒ်တွင်သုံးနှုန်းသည့်သွေး ဆောင်ခြင်းဆိုသည်မှာ အယူဝါဒသို့မဟုတ် ယုံကြည်ခြင်းဘာသာတရားသို့ စည်းရုံးခြင်းဖြစ်သည်။ ဘုရားသခင်ထံသို့ သင်တို့ ကိုမည်သူပို့ ဆောင်သနည်း။ အရေဖျားလှီးခြင်း၊ ပညတ်တရားစောင့်ထိန်းခြင်းကို ခရစ်ယာန်ယုံကြည်ခြင်း၌ မည်သူကဖြည့်စွတ်သ နည်း။ ဘုရားသခင်၏ အလိုတော်မဟုတ်။ စာတန်၏ အကြံအစည် ဖြစ်သည်။
၅:၉ ထုံးတမ်း အစဉ်အလာသည် လူကို မိုက်မဲသထက် မိုက်မဲအောင် လုပ်ဆောင်သည်။ ကျမ်းစာတွင် တဆေးကို မကောင်းသောအဓိပ္ပါယ်ဖြင့် သုံးနှုံးထားပါသည်။ ဤကျမ်းပိုဒ်မှတဆေးသည် အကျင့်ဆိုးယုဒဝါဒီများကို ရည်ညွှန်းသည်။ တဆေးသည် အနည်းငယ်ပင်ဖြစ်လင့်ကစား အစာအားလုံးကို ပျံ့နှံ့နိုင်သည်။ ဒုစရိုက်သည် အကန့်အသတ်မရှိ။ လိမ်လည်သထက် လိမ်လည်သည်။ ကောက်ကျစ်သထက် ကောက်ကျစ်သည်။ ဗူးလေးပေါ်ဖရုံဆင့်သည်။ အသင်းတော်ထဲတွင် မှားယွင်း သောအယူဝါဒ ဝင်ရောက်လျှင် အသင်းတော်တစ်ခုလုံး တဟုန်ထိုးပျံ့နှံ့သွားသည်။ တစ်စပြီးတစ်စအသင်းတော်ဝါးမြို တတ် သည်။
၅:၁ဝ ထုံးတမ်း အစဉ်အလာသမားများသည် ကိုယ့်လျှို့ကိုပတ်တတ်ကြသည်။ ဂလာတိသမားများသည် မှားယွင်း သောဆရာများကို တွန်းလှန်ကြမည်ဟု ယုံကြည်စိတ်ချသည်။ သခင်ဘုရားက လုပ်ဆောင်ပေးမည်ဟု ယုံကြည်စိတ်ချသည်။ ဘုရားသခင်သည် သိုးထိန်းကြီး ဖြစ်သည့်အားလျော်စွာ သိုးထိန်းများ၏ လုပ်ဆောင်ချက်များကို ဖြည့်ဆည်း ကူညီသည်။ သို့ကြောင့်လည်း ပေါလုက ဤဩဝါဒစာစောင်ကို ရေးရဲသည်။
မှားယွင်းသောဆရာများအား ဘုရားသခင်က အပြစ်ဒဏ်ပေးမည်မှာ သေချာသည်။ ပျက်စီးရာပျက်စီးကြောင်း သွန်သင်ခြင်း၊ အသင်းတော်ပျက်စီးစေခြင်းသည် ကြီးလေးသောအပြစ် ဖြစ်သည် (၁ကော ၃:၁၇) မိမိကိုယ်ကို သောက်စားမူး ယစ်ခြင်းထက် အခြားသူအား သောက်စားအောင်ဖျက်စီးခြင်းသည် ပို၍ အန္တရာယ်ကြီးမားသည်။ မှားယွင်းသော အရာများသည် မိမိတစ်ယောက် ပျက်စီးသည်သာမက အခြားသူများကိုလည်း ပျက်စီးအောင်လုပ်သူများဖြစ်သည်။
၅:၁၁ ထုံးတမ်းအစဉ်အလာသည် လက်ဝါးကပ်တိုင်တရားနှင့် ဆန့်ကျင်ဘက် ဖြစ်သည်။ အရေဖျားလှီးခြင်း အကြောင်းဟောပြောခြင်းသည် ကားတိုင်တရားကို ထိခိုက်စေပါသည်။ ပေါလုကိုယ်တိုင် ယုဒများ၏ ညှည်းပန်းနှိပ်စက်ခြင်းခံ နေရဆဲဖြစ်သည်။ အကယ်၍ အရေဖျားလှီးခြင်းအကြောင်း စည်းရုံးဟောပြောလျှင် ထိုသို့ခံရမည် မဟုတ်။ အဘယ်ကြောင့်ဆိုသော် ယုဒဝါဒီများသည် ကားတိုင်တရားကို လက်ခံကြသူများ မဟုတ်။ ထိုသို့ လက်မခံကြခြင်းကြောင့် ကယ်တင်ခြင်းတရားနှင့် ကင်းဝေးနေကြသည်။ ကားတိုင်တရားတွင် လူ့ကြိုးစားအားထုတ်မှု၊လူ့လုပ်ချက်မလိုပါ။ အကယ်၍အရေဖျား လှီးခြင်းတိုက်တွန်း ဟောပြောလျှင် လက်ဝါးကပ်တိုင်တရားသည် ကျွမ်းထိုးမှောက်ခုန်ကျတော့မည်။
၅:၁၂ ထိုမှားယွင်းသောအယူဝါဒများကို ဂလာတိသားများကိုယ်တိုင် မောင်းထုတ်စေချင်သည်။ သူတို့ဓါး များသည် အခြားသူများ၏ အရေဖျားလှီးရန်ထက်နေကြသည်။ ထိုဓါးသွားများကို သူတို့ဘက်သို့ ပြန်လှည့်စေချင်သည်။ တစ်နည်းအား ဖြင့်ထိုဓါးများသည်ထိုအယူဝါဒီများနှင့်ဂလာတိတို့၏ ဆက်ဆံရေး နှောင်ကြိုးအားဖြတ်တောက်ရန် သုံးစေချင်သည်။
ဧဝံဂေလိတရားသည် မှီဝဲသူတိုင်းအသက်ရှည်စေသည်။ ယုံကြည်ခြင်းဖြင့်ရရှိသော ကယ်တင်ခြင်း တရားတွင် နောက် ဆက်တွဲမရှိပါ။ ခရစ်ယာန်များ၏လွတ်မြောက်ခြင်းသည် အပြစ်ကျူးလွန်ခွင့် လိုင်စင်မဟုတ်။ သခင်ယေရှုအတွက် အဟန့် အတားမရှိ၊ ကန့်သတ်ချက်မရှိဆက်ကပ်လုပ်ဆောင်ရန် လိုင်စင်ဖြစ်သည်။ အပြစ်ကို မုန်းတီးရွံ့ရှာ၍၊ မေတ္တာဖက်သောသန့်ရှင်းစင်ကြယ်ခြင်း အသက်တာ တည်ဆောက်ခွင့်ပြုမိန့်ဖြစ်သည်။
ပေါလုက စာဖတ်ပရိတ်သတ်များကို သတိမမူဂူမမြင်မဖြစ်အောင် သတိထပ်ပေးထားသည်။ ပညတ်တရားအောက်မှ လွတ်မြောက်ပြီဟု ဝမ်းသာလုံးစို့ နမော်နမဲ့မနေကြဖို့ သတိပေးသည်။ လွတ်မြောက်ခြင်းနှင့် ပညတ်တရားသည် ချိန်ခွင်လျှာ ညီနေသည်။ ခရစ်ယာန်အသက်တာသည် လွတ်လပ်သည်။ သို့သော်တောရိုင်းဝါဒ မဟုတ်။ မင်းမဲ့စရိုက်မဟုတ်။
၅:၁၃ ခရစ်ယာန် လွတ်လပ်ခြင်းသည် အပြစ်ကျူးလွန်ခြင်း မဟုတ်ပါ။ ချစ်ခြင်းမေတ္တာဖက်ရာ၌ အားအင်ပေးခြင်း ဖြစ်သည်။ ချစ်ခြင်းမေတ္တာသည် ခရစ်ယာန်အသက်တာ၏ ကျောရိုးမဏ္ဍိုင်ဖြစ်သည်။ ပညတ်တရား၏ ပန်းတိုင်က အပြစ်စီရင်ခြင်း ဖြစ်သည်။ Findlay က”ချစ်ခြင်းမေတ္တာ၏ကျေးကျွန်သည် မှန်ကန်သောလွတ်လပ်ခြင်းဖြစ်သည်”ဟုဆိုသည်။
ခရစ်ယာန်လွတ်လပ်ခြင်းသည် ခရစ်တော်ထဲ၌ တည်သည် (၂:၄)။ ဇာတိလွတ်လပ်ခြင်းနှင့် ယောင်လို့ပင်မသက် ဆိုင်စေရ။ စစ်သားများသည် နယ်မြေအနှံ့ ခြေရာဆန့်၍ ရန်သူများကို နှိမ်နင်းတိုက်ထုတ်ပစ်သကဲ့သို့ ဇာတိကိုအပြတ်ချေမုန်း ပစ်ရသည်။
လွတ်လပ်ခြင်းသည် အခြားသူများအား ထောက်ပံ့စေဖို့ဖြစ်မည့်အကြောင်း A.T.Pierson ကဤသို့ဆိုသည်။ စစ်မှန်သောလွတ်လပ်ခြင်းဆိုသည်မှာ အခြားသူတိုင်းအား ရိုင်းပင်းကူညီခြင်းဖြစ်သည်။ ချောင်းသည် ကမ်းနှစ်ခုအကြားတွင် လွတ်လပ်စွာ စီးဆင်းသည်။ ဂြိုလ်နက္ခတာရာ များသည် စည်းစနစ်ဖြင့် ထိန်းချုပ်ထားသည်။ ကျွန်ုပ်တို့ သည်လည်း ပညတ်တရား ခြံစည်းရိုးက ကာရံထားပါတယ်။ လွတ်လပ်ခြင်းက လုံခြုံမှုပြန်ပေးပါသည်။ ထိန်းချုပ်ခြင်း မဟုတ်ပါ။ စောင့်ရှောက်ခြင်းသာဖြစ်သည်။ သို့ကြောင့် နာခံခြင်းသည် လွတ်လပ်ခြင်း၏ လုံခြုံမှုဖြစ်သည်။၂၁
၅:၁၅ ဂလာတိသားများသည် ထုံးတမ်းစဉ်လာကြောင့် စကားများရန်ပွားနေကြသည်။ အဘယ်မျှထူဆန်းပါလဲ။ ပညတ်တရားအောက်သို့ သွားချင်သူများ ရှိသည်။ ပညတ်တရားက မိမိအိမ်နီးနားချင်းကို ချစ်ခင်စေချင်သည်။ သို့သော် ပြောင်းပြန်ဖြစ်နေသည်။ အိမ်နီးနားချင်း အချင်းချင်းစွပ်စွဲနေကြသည်။ ထိုအပြုအမူသည် ဇာတိမှထွက်ပေါ်လာခြင်းဖြစ်သည်။ ပညတ်တရားကို ဦးစားပေးသောကြောင့် ဖြစ်သည်။
(ခ) စင်ကြယ်ခြင်း၏နိဂုံး (၅:၁၆–၂၅)
၅:၁၆ ယုံကြည်သူ၏အသတ်တာသည် ဇာတိဖြင့်မလျှောက်လှမ်းရပါ။ ဝိညာဉ်အသက်တာဖြင့် လျှောက်လှမ်းရသည်။ ဝိညာဉ်အသက်တာဖြင့်လျှောက်လှမ်းခြင်းဆိုသည်မှာ ဝိညာဉ်လမ်းကို ဦးစားပေးခြင်း ဖြစ်သည်။ ဝိညာဉ်နှင့်အမြဲဆက်စပ်ရ သည်။ဝိညာဉ်တော်အားအဆုံးအဖြတ်ပေးသည်။ အဘယ်ကြောင့်ဆိုသော် သန့်ရှင်းသော ဝိညာဉ်တော်သည် ယေရှုခရစ်တော်၏ အမှုတော် ထမ်းဆောင်သူဖြစ်သည်။ ဝိညာဉ်တော်နှင့် လျှောက်လှမ်းလျှင် ဇာတိအသွေးအသား သေသွားပါသည်။ တစ်ချိန်တစ်ခါတည်းတွင် ဝိညာဉ်တော်၊ အပြစ်တရား နှစ်ခုစလုံးကို မပေါင်းဖက်နိုင်ပါ။ ထိုအကြောင်းကို Scofield ကဤသို့ ဆိုသည်။
ခရစ်ယာန်အသက်တာ၏ အကြီးမားဆုံးပြဿနာမှာ လောကသားများကဲ့သို့ နေထိုင်ပြောဆိုခြင်း ဖြစ်သည်။ ဇာတိဟောင်းသစ်ပင်နှင့် အသက်တာသစ်သစ်ပင်ဟူ၍ သစ်ပင်(၂)ရှိသည်။ အသက်တာသည် သစ်ပင်သစ်ဖြစ်ပါလျှက် ပင်စည်သည်သစ်ပင်ဟောင်း ဖြစ်နေလျှင် ထိုအပင်ဟောင်းက အသစ်သောအသက်တာ အသီးကို မည်သို့စားနိုင်မည်နည်း။ ထိုပြဿနာကိုဖြေရှင်းနိုင်သောနည်းလမ်းမှာ ဝိညာဉ်တော်ဖြင့် လျှောက်လှမ်းခြင်း ဖြစ်သည်။ ၂၂
ဤကျမ်းပိုဒ်နှင့် နောက်ကျမ်းပိုဒ်တွင် ခရစ်ယာန်အသက်တာ၌ ဇာတိဟောင်းကြွင်းကျန်နေပုံကို ရှင်းပြထားသည်။ ဇာတိဟောင်းကို ချေဖျက်ခိုင်းခြင်းဖြစ်သည်။
၅:၁၇ ဝိညာဉ်နှင့် ဇာတိသည်အမြဲဆန့်ကျင်နေသည်။ အသက်တာပြောင်းလဲသောအခါ ဇာတိကို လုံးဝဖယ်ရှားနိုင်ပါလျက် အဘယ်ကြောင့် ဘုရားသခင်ကြွင်းကျန်စေသေးသနည်း။ လူသည်အားနည်းသူဖြစ်၍ ထောင်လွှားခြင်းမရှိဘဲ၊ မိမိတို့အားနည်းချက်ကို အမြဲသိစေချင်သောကြောင့် ယုံကြည်သူများ၏ အကြိုးတော်ဆောင်ရှေ့နေကြီး၊ ယဇ်ပရောဟိတ်မင်း ကြီး ယေရှုခရစ်တော်ကို အမြဲမှီခိုအားကိုးစေချင်သည်။ သို့ကြောင့် ဇာတိဟောင်းကို မပယ်ရှားပေးဘဲ၊ သန့်ရှင်းသော ဝိညာဉ်ကိုထပ်ပေးခြင်းဖြစ်သည်။ ဘုရားသခင်၏ ဝိညာဉ်တော်နှင့် လူ့ဇာတိသည်အမြဲတမ်းရန်ဘက်များ ဖြစ်သည်။ ကောင်းကင်နိုငံ ရောက်သည့်တိုင်အောင် တကျက်ကျက် ဖြစ်နေကြမည်။
၅:၁၈ ဝိညာဉ်တော်ဦးဆောင်မှု ခံယူသူသည် ပညတ်တရားအောက်သို့မရောက်။ ဤကျမ်းပိုဒ်ကို အဓိပ္ပါယ်နှစ်မျိုး ကောက်ယူနိုင်သည်။ ဝိညာဉ်တော်ကဦးဆောင်သည့်သူများမှာ ခရစ်ယာန်အားလုံးဖြစ်သည်။ ခရစ်ယာန် မဟုတ်သူများ သည် ပညတ်တရားအောက်၌ ရှိသူများဖြစ်သည်။ ဝိညာဉ်တော်ရှိသူများသည် ဆိုးသော အကြံဉာဏ်များကို လက်မခံ။ တွန်းလှန်တိုက်ထုတ်သည်။ နောက်တစ်နည်းအားဖြင့် ဝိညာဉ်တော် ဦးဆောင်မှု ခံယူခြင်း၍ ခရစ်တော်နှင့် အတူရှိနေလျှင် ပညတ်တရားအကြောင်း၊ ဇာတိနှင့်ပတ်သက်နှီးနွယ်စရာမရှိ။ ဘုရားသခင်၏ဝိညာဉ်တော်က ပညတ်တရားအား လှည့်ကြည့်ခွင့် မပြု။ ခရစ်တော်ကိုသာဘုရားသခင်ရှေ့တော်၌ လက်ခံဖို့ညွှန်ပြပါသည်။
၅:၁၉–၂၁ ပညတ်တရားသည် လူ့ဇာတိဘက်သို့ ဆွဲဆောင်သည်ဟု ယခင်ကျမ်းပိုဒ်များတွင် ရှင်းပြခဲ့ပြီး ဖြစ်ပါသည်။ လူ့ဇာတိက မည်သည့်အကျင့်ကို ဖြစ်ပေါ်စေသနည်း။ ဇာတိ၏ အကျင့်များသည် သိသာထင်ရှား ပါသည်။ အိမ်ထောင်ရေး ဖောက်ပြန်မှု၂၃ သည် လူရှေ့၊ ဘုရားရှေ့၌ ထိမ်းမြားလက်ထပ်ခြင်းအား သစ္စာဖောက်ခြင်း ဖြစ်သည်။ တရားဝင် လက်ထပ်ထားသူနှင့် လင်မယား အတူနေခြင်း အပြစ်၊ စိတ်သဘောထား မစင်ကြယ်ခြင်းအပြစ်၊ အရှက်အကြောက် သိက္ခာစောင့်ထိမ်းမှု မရှိသော အပြစ်များနှင့် တပ်မက်သော လောဘရမ္မက်များ ရှိသည်။ ရုပ်တုကိုးကွယ်ခြင်း ဆိုသည်မှာ လူလက်ဖြင့် လုပ်သော အရာဝတ္ထုကို ရှိခိုးကိုးကွယ်ခြင်းသာမက၊ ထိုရုပ်တုကဲ့သို့ အခြားသောအရာဝတ္ထု တစ်ခုခုကို ရှေ့တန်းတင်ခြင်းလည်း ပါသည်။ မှော်အတတ်ပညာ ဆိုသည်မှာ မူရင်းဂရိဘာသာစကားတွင် ဆေးဝါးနှင့် ဆက်စပ်သည်။ ဆေးဝါးအတတ်ပညာနှင့် ဖက်စပ်၍ ပြုစားခြင်း၊ နတ်ပူးစေခြင်း၊ အစိမ်းကိုက်ခြင်း၊ နတ်များနှင့် ဆက်ဆံခြင်း အစရှိသော အောက်လမ်းပညာရပ်များလည်း ပါဝင်သည်။ မုန်းတီးခြင်း ဆိုသည်မှာ တစ်စုံတစ်ဦးကို စိတ်နာခြင်း ဖြစ်သည်။ မနာလိုခြင်း ဆိုသည်မှာ ဆက်ဆံရေး မပြေလည်ခြင်း၊ ရန်လိုမုန်းတီးခြင်း၊ ကြည့်မရခြင်း ဖြစ်သည်။ အမျက်ဒေါသထွက်ခြင်း ဆိုသည်မှာ ခံစားချက်ပေါက်ကွဲခြင်း ဖြစ်သည်။ တကိုယ်ကောင်းဆန်ခြင်း ဆိုသည်မှာ ပတ်ဝန်းကျင်ကိုမမူဘဲ၊ တကိုယ်တော်အရေးကိုသာ ဗဟိုပြုခြင်း ဖြစ်သည်။ စိတ်ဝမ်းကွဲခြင်း ဆိုသည်မှာ သဘောတူညီချက် မရှိခြင်း ဖြစ်သည်။ ဂိုဏ်းကွဲခြင်း ဆိုသည်မှာ မိမိထင်ရာမြင်ရာ လုပ်ဆောင်ခြင်း ဖြစ်သည်။ ငြူစူခြင်း ဆိုသည်မှာ အခြားသူများအား မကျေနပ်ခြင်း၊ မရွှင်ပြခြင်း ဖြစ်သည်။ လူသတ်မှု၂၄ဆိုသည်မှာ ဥပဒေမဲ့ လူ့အသတ်သတ်ခြင်း ဖြစ်သည်။ မူးယစ်သောက်စားခြင်း ဆိုသည်မှာ ဣန္ဒြေသိက္ခာမဲ့အောင် သောက်စားမူးယစ်ခြင်း ဖြစ်သည်။ သောက်စားပျော်ပါးခြင်း ဆိုသည်မှာ လူအုပ်လိုက်သောက်စား၍ ဆူညံနေခြင်း ဖြစ်သည်။
ဤအမူအကျင့်များသည် ဘုရားသခင်၏ နိုင်ငံတော်ဝင်ရောက်ဖို့ အမွေခံသူများနှင့် လားလားမျှ မသက်ဆိုင် ဟု ကျမ်းစာက သတိပေးထားသည်။ မူးယစ်သောက်စားခြင်းဖြင့် ကယ်တင်ခြင်း မရနိုင်သကဲ့သို့ လူ့ဇာတိအကျင့်အကြံ၌ မြူးတူးပျော်ပါးသူများသည် ကယ်တင်ခြင်း မရနိုင်ဟု ကျမ်းစာက ပြောပါသည်။ ၂၅
အဘယ့်ကြောင့် ဤလက္ခဏာမျိုး မရှိကြရန် အသင်းတော်များသို့ သွန်သင်သနည်း။ ဟန်ဆောင် ပန်ဆောင်အပေါ်ယံ ကိုးကွယ်ခြင်းသည် ကယ်တင်ခြင်းမရနိုင်ဟု ဆိုလိုပါသည်။ ဓမ္မသစ်ကျမ်းတွင် သန့်ရှင်းသောဝိညာဉ်တော်က ခရစ်တော် ၏နာမဖြင့် ရောက်လာမည့်အတုအယောင် ယုံကြည်သူများကို မကြာခဏသတိပေးသည်။
၅:၂၂–၂၃ ဇာတိ အကျင့်လက္ခဏာများကို ရှင်းပြပြီးနောက် ယခုဝိညာဉ်အသီးအပွင့်များကို ပြသပါမည်။ အလုပ်သည် လူ့စွမ်းအားဖြင့် လုပ်ရသည်။ အသီးအပွင့်များသည် အကိုင်းအခက်တွင် သီးရပါသည် (ယော ၁၅:၅)။ စက်ရုံနှင့် ဥယျာဉ်ခြံကဲ့သို့ ဖြစ်သည်။ ဤကျမ်းပိုဒ်တွင် အသီးဟုသာ သုံးသည်။ အသီးများဟု မသုံးပါ။ သန့်ရှင်းသော ဝိညာဉ်တော်သည် အသီးတစ်လုံးတည်းသာ သီးပါသည်။ ထိုအသီးမှာ ခရစ်တော်နှင့်တူခြင်း ဖြစ်သည်။ ဖော်ပြမည့်အချက်များသည် ဘုရားသခင်၏သားအကျင့်လက္ခဏာများဖြစ်သည်။ Dr.C.I.Scofield က ”လူ့စိတ်နှလုံးထဲတွင်မူ နိုင်ငံရပ်ခြားက လာသော မျိုးစေ့ဖြစ်သည်”ဟု ဆိုသည်။
ချစ်ခြင်းမေတ္တာသည် ဘုရားသခင်၏မူပိုင်ဖြစ်၍ လူတိုင်းပိုင်ဆိုင်သည်။ (၁ ကော ၁၃)တွင် ချစ်ခြင်းမေတ္တာ အကြောင်းကို စာချယ်ထားသည်။ ထိုချစ်ခြင်းမေတ္တာကို နမူနာကြည့်ချင်လျှင် ကရာနီလက်ဝါးကပ်တိုင်တွင် မြင်နိုင်သည်။ ပျော်ရွှင်ခြင်း ဆိုသည်မှာ ဘုရားသခင်နှင့်ဆက်ဆံရာတွင် အားရကျေနပ်စွာဆက်ဆံခြင်း ဖြစ်သည်။ (ယော ၃:၁၄)တွင် ခရစ်တော်က ရှင်းပြထားသည်။ ငြိမ်သက်ခြင်းဆိုသည်မှာ ဘုရားသခင်အား ချမ်းမြေ့စွာဆက်ဆံရသကဲ့သို့ အခြားယုံကြည်သူများနှင့်လည်း သဟဇာတအဆင်ပြေစွာ ဆက်ဆံခြင်းဖြစ်သည်။ ကယ်တင်ရှင်သခင်ထံတော်ပါး၌ ငြိမ်သက်ခြင်း ရသည့်အကြောင်းအရာကို (လု ၈:၂၂-၂၅)တွင် ရှင်းပြထားပါသည်။ စိတ်ရှည်သီးခံခြင်း ဆိုသည်မှာ အခက်အခဲပြဿနာ၊ စုံစမ်းခြင်း၊ ညှဉ်းပန်းနှိပ်စက်ခြင်းများကို တောင့်ခံအောင်မြင်ခြင်း ဖြစ်သည်။ (လု ၂၃:၃၄)တွင် နမူနာကောင်း ပြသထားပါသည်။ သနားကြင်နာခြင်းဆိုသည်မှာ ဘုရားသားသမီးများအား ဂရုစိုက်ခြင်းဖြစ်သည် (မာ ၁၀:၁၄)။ ကောင်းမြတ်ခြင်း ဆိုသည်မှာ သူတပါးအပေါ် ဆက်ဆံရာ၌ ကရုဏာထားခြင်း ဖြစ်သည်။ လူအများ နမူနာယူထိုက်အောင် ပြုမူခြင်းဖြစ်သည် (လု ၁၀:၃ဝ-၃၅)။ သစ္စာစောင့်သိခြင်း ဆိုသည်မှာ ဘုရားသခင်ကို ယုံကြည်ခြင်း၊ မိတ်ပေါင်းဆွေပေါင်းများအပေါ် ယုံကြည်မှုရှိခြင်း၊ စိတ်ချခြင်း၊ အားထားခြင်း ဖြစ်သည်။ ယဉ်ကျေးသိမ်မွေ့ခြင်းဆိုသည်မှာ ယေရှုခရစ်တော်က တပည့်တော်များ၏ ခြေထောက်ဆေးကြောခြင်းကို နမူနာစံပြထားနိုင်သည် (ယော ၁၃:၁-၁၇)။ မိမိကိုယ်ကိုထိန်းချုပ်ခြင်းဆိုသည်မှာ စည်းကမ်းတကျရှိခြင်းဖြစ်သည်။ အထူးသဖြင့် လိင်မှုကိစ္စကို ဆိုလိုသည်။ လောဘ၊ ရမ္မက်၊ ဒေါသ၊ မောဟများကို ထိန်းသိမ်းနှိပ်ကွပ်ရသည်။ အမြဲတန်းထိန်းကျောင်းလေ့ကျင့်ပေးရသည်။ Samuel Chadwick က ဤသို့ထောက်ပြသည်။
အင်္ဂလိပ်သတင်းစာစောင်မှာ ဤသို့ဆိုထားသည်။ ဝိညာဉ်တော်၏ အသီးသည် နှစ်ဘက်စုံမက်ဖွယ် ကောင်းလှပေစွ။ ပင်ကိုယ်သဘောထားကိုက ချစ်ခင်စဖွယ်ဖြစ်သည်။ တောက်ပသောအလင်း၊ ရွှင်ပြသောစိတ်နှလုံး၊ ကြည်လင်သောမနော၊ တည်ငြိမ်သောအမူအရာ၊ အရာရာ၌စိတ်ရှည်ခြင်းရှိသည်။ စာနာစိတ်ပြည့်ဝ၍ ရိုင်းပင်းကူညီလိုစိတ်ရှိသည်။ စေတနာသဒ္ဓါရက်ရော၍ ကြီးမြတ်သောစိတ်နှလုံး ရှိသည်။ သစ္စာရှိ၍ အရာရာ၌ စိတ်ချယုံကြည်ရသည်။ အောက်ကျို့နှိမ့်ချစိတ်ရှိ၍ တပါးသူကို ပီတိဖြစ်စေသည်။ အမူအရာတိုင်းမှာ မိမိကိုယ်ကိုချုပ်တည်း၍ ချင့်ချင့်ချိန်ချိန် သုခမိန် ဖြစ်သည်။ (၁ ကော ဝ၃)နှင့် ဆက်စပ်နေပါတကား။ ၂၆
ထိုအကျင့်မျိုးကိုမကျင့်ရဟု ပညတ်တရားပြဋ္ဌာန်းချက်မရှိ။ အဘယ့်ကြောင့်နည်း။ သူတပါးစိတ်ချမ်းမြေ့စရာ ကောင်းသော အမှုများဖြစ်၍ ဘုရားသခင်၏စိတ်တော်နှင့် ထိတွေ့စရာဖြစ်သည်။ ထိုသို့ဆိုလျှင် မည်သို့လိုက်လုပ် နိုင်ရမည်နည်း။ ကြိုးစားအားထုတ်၍ ရနိုင်ပါသလား။ လုံးဝမရနိုင်ပါ။ ယေရှုခရစ်တော်နှင့် အမြဲဆက်စပ်ထိတွေ့သော ခရစ်ယာန်အသက်တာရှိမှသာလျှင် ပြည့်စုံနိုင်သည်။ ကယ်တင်ရှင်သခင်ကို ချစ်မြတ်နိုး၍ နေ့စဉ်အသက်တာတွင် ကိုယ်တော်ဘုရားသွန်သင်ချက်အတိုင်း အသက်ရှင်ရမည်။ ထိုသို့ အသက်ရှင်လျှင် သန့်ရှင်းသောဝိညာဉ်တော်က ပါရမီဖြည့်ပေးမည်။ ခရစ်တော်နှင့် တူသွားမည်။ ခရစ်တော်ကိုလိုက်တုခြင်းဖြင့် ခရစ်တော်နှင့် တူသွားမည် (၂ကော ၃:၁၈)။ ခရစ်တော်တည်းဟူသော ပင်စည်၌ တည်သည့် ယုံကြည်သူအကိုင်းအခက်များသည် ပင်စည်၏မြေဩဇာကို စုပ်ယူကြသော ကြောင့် ပင်စည်၏အသီးကို သီးပွင့်ကြသည်။ ထိုအသီးများသည် ဘုရားသခင်၏ သမ္မတရား အသီးအပွင့်များ ဖြစ်ကြသည်။
၅:၂၄ ခရစ်တော်နှင့် စပ်ဆိုင်သောသူတို့သည် ဇာတိပကတိကို၎င်း၊ ဇာတိပကတိနှင့် အလိုဆန္ဒများကို၎င်း၊ လက်ဝါးကပ်တိုင်မှာ ရိုက်ထားလိုက်ကြပြီ။ ဤကျမ်းပိုဒ်တွင် အတိတ်ပြကြိယာနှစ်ခု သုံးထားပါသည်။ ပြီးစီးပြီ၊ လုပ်ခဲ့ပြီဟုဆိုသည်။ ဆိုလိုသည်မှာ အသက်တာပြောင်းလဲခဲ့စဉ်က လက်ဝါးကပ်တိုင်မှာ ရိုက်ထားခဲ့ပြီဟု ဆိုလိုသည်။ အပြစ်နောင်တရသောအခါ ထိုအပြစ်စရိုက်များ၊ အကျင့်ပျက်ညာဉ်ဆိုးများ၊ ယိုယွင်းပျက်စီးတတ်သော လောဘရမ္မက်နှင့် ဇာတိဟောင်းများကို ကားတိုင်ပေါ်တွင်သံမှိုရိုက်ခဲ့ပြီ။ အသက်တာ ပြောင်းလဲသည်နှင့်အမျှ အကျင့်ဟောင်းအား ခဝါချခဲ့ပြီး ဖြစ်သည်။ ပတ်သက်စရာအကြောင်းမရှိတော့ပါ။ အဘယ်ကြောင့်ဆိုသော် စိတ်သစ်လူသစ် ဘဝသစ် ရခဲ့ပြီ။ ဇာတိတော်နှင့် စိတ်ဆန္ဒဟောင်းများကို ထာဝရသင်္ဂြိုဟ်လိုက်ရသည်။
၅:၂၅ ထာဝရအသက် ရရှိသောအခါ အသက်တာတွင် သန့်ရှင်းသောဝိညာဉ်တော် အလုပ်လုပ်ပါသည်။ အသက်တာသစ်၌ တန်ခိုးစွမ်းအားသစ် ပေးပါသည်။ ပညတ်တရားသည် ဘယ်သောအခါမျှ ဘဝသစ်မပေး၊ ခရစ်ယာန် အသက်တာရှိဖို့ မရည်ရွယ်။
(ဂ) တိုက်တွန်းနှိုးဆော်ချက် (၅:၂၆–၆:၁ဝ)
၅:၂၆ ဤကျမ်းပိုဒ်တွင် ရှောင်ရှားရမည့်အချက်(၃)ခုကို သတိပေးထားသည်။
၁။ မာန်မာန၊ မာန်မာနကြီး၍ ဘဝင်မမြင့်ကြပါနှင့်။ မှားယွင်းသော အယူအဆ၊ ပကာသနာဂုဏ်တု ဂုဏ်ပြိုင်ခြင်းတို့ဖြစ်သည်။ ခရစ်ယာန်များသည် ဝါကြွားခြင်း၊ ဘဝင်မြင့်ခြင်း၊ မာနထောင်လွှားခြင်းမရှိရပါ။ ကျေးဇူးတော်ဖြင့် ကယ်တင်ထားသော အပြစ်သားဖြစ်သည်ကို မမေ့အပ်ပါ။ ပညတ်တရား အောက်ရှိလူသားသည် မိမိဘဝအမှန်ကို နားမလည်သဖြင့် မောက်မာတတ်သည်။ ထောင်လွှားတတ်သည်။ သူတပါးလူနေမှု အဆင့်အတန်းကို မထေမဲ့ပြင်ပြုတတ်သည်။ ဘဝတူခြင်းကို နှာတဖျားသာချင်သည်။ ခေါင်းတလုံးပိုချင်သည်။
၂။ စိတ်ဆိုးအောင်လုပ်ခြင်း။ အခြားသူအား အမျက်ဒေါသနှိုးဆွခြင်းဖြစ်သည်။ ထိုသို့ပြုခြင်းသည် ကိုယ်ခန္ဓာ၌ရှိသော ဝိညာဉ်တော်အား ငြင်းပယ်ခြင်းဖြစ်သည်။ တပါးသူ၏ စိတ်သဘောထားအမြင်အား တိုင်းထွာခြင်းဖြစ်သည်။ လူတစ်ဦး၏ စိတ်ဆန္ဒထဲသို့ မဝင်ရောက်နိုင်လျှင် ထိုသူ၏ ဆင်းရဲဒုက္ခပြဿနာခံစားချက်ကို နားလည်နိုင်မည်မဟုတ်ပါ။
၃။ မနာလိုငြူစူခြင်း။ အခြားသူများကို မနာလိုငြူစူခြင်းမပြုရပါ။ မနာလိုခြင်းဆိုသည်မှာ မိမိနှင့်မသက်ဆိုင်၊ အကျိုးထိခိုက်မှုမရှိပါလျှက်နှင့် စီရင်ခြင်းဖြစ်သည်။ တပါးသူ၏အောင်မြင်မှု၊ ကောင်းသောအမှုများကို မုန်းတီးခြင်းဖြစ်သည်။ ထိုသို့မနာလိုဖြစ်ခြင်းသည် မိမိတွင် အစွမ်းအစမရှိခြင်း၊ မလုပ်နိုင်ခြင်း၊ ထိုသူကဲ့သို့ အရည်အချင်းမရှိခြင်းဖြစ်သည်။ အားနည်းသူ၊ ချို့ယွင်းချက်ရှိသူက မိမိထက်အောင်မြင်ကြီးပွားသူများအပေါ် ထားတတ်သော စိတ်သဘောထားဖြစ်သည်။ ထိုအပြုအမူသည် ကျေးဇူးတော်ခံစားသူများနှင့်မဆိုင်။ ယုံကြည်သူသည် အခြားသူများအား မိမိထက်ဦးစားပေးသူဖြစ်သည်။ ပညတ်တရားအောက်ရှိသူမူကား ထိုစိတ်ဓါတ်မျိုး မမွေးနိုင်။
ယခုအနက်ဖွင့်ကျမ်းကို သက်ဆိုင်ရာတို့၏ ခွင့်ပြုချက်ဖြင့် ဝေမျှပေးထားခြင်းဖြစ်ပါသည်။ မူရင်းကို သွားရောက်ကြည့်ရှုလေ့လာလိုပါက http://bbcmm.net/the-believers-bible-commentary တွင် လေ့လာနိုင်ပါသည်။
တစ်စုံတစ်ခုကို မှတ်ချက်ပြုရေးသားလိုပါက အောက်တွင်ရေးသားဖေါ်ပြနိုင်ပါတယ်။