သင်ခန်းစာ (၉)

ပြည့်တန်ဆာနှဖူး

သင်ခန်းစာ (၈)၌ လူသည် ထာ၀ရဘုရားအမြင်၌ တိရစ္ဆာန်နှင့်ပိုးမွှားများသာဖြစ်ကြောင်း သင်ခဲ့ရပြီ။ ယခုတဖန်လူသည်ဘုရားသခင်အမြင်၌ ပြည့်တန်ဆာနဖူးရှိကြောင်း လေ့လာကြပါစို့။

ဘုရားသခင်ကိုသာချစ်ဘို့

ဣသရေလလူမျိုးများသည်၊ ဘုရားသခင်ကိုသာချစ်ဘို့၊ ဘုရားသခင်ကပညတ်ထားသည်။ တရားဟောရာကျမ်း ၆:၅ ၌၊ “သင်၏ဘုရားသခင်ထာ၀ရဘုရားကိုစိတ်နှလုံးအကြွင်းမဲ့၊ အစွမ်းသတ္တိရှိသမျှနှင့်ချစ်လော့။” ဟုမှာထား သည်။ စိတ်နှလုံးအကြွင်းမဲ့နှင့်ချစ်ခြင်းဆိုသည်မှာ ရည်းစားကိုစိတ်နှလုံးအကြွင်းမဲ့နှင့်ချစ်ပါကအခြားသော သူ များကိုမချစ်နိုင်တော့ချေ။ ထို့နည်းတူဘုရားသခင်ကလည်းသူ့ကို ဣသရေလလူမျိုးများကချစ်စေချင်သည်။

ဘုရားသခင်၏ မိန်းမ

ဘုရားသခင်၌ မိန်းမရှိသလောဟု မိတ်ဆွေအံ့ဩပေလိမ့်မည်။ သို့သော်ဣသရေလနှင့်ယုဒသည်ဘုရားသခင်၏ မိန်းမများဖြစ်ကြသည်။ “သင့်ကိုဖန်ဆင်းတော်မူသောသူသည်သင်၏လင်ဖြစ်တော်မူ၏။ နာမတော်ကား ကောင်း ကင်ဗိုလ်ခြေအရှင်ထာ၀ရဘုရားပေတည်း။” ဟုဆိုထားသည် (ဟေရှာယ ၅၄:၅)။ ဟောရှေ ၂:၁၆ ၌ လည်း၊ “ထာ၀ရဘုရားမိန့်တော်မူသည်ကားထိုကာလ၌ သင်သည်ငါ့ကိုသခင်ဟူ၍မခေါ်ရ၊ ခင်ပွန်းဟူ၍ခေါ်ရမည်။” ဟုဆိုထားသည်။ ယေရမိ ၃:၂၀ ၌၊ “အိုဣသရေလအမျိုး၊ မယားသည်မိမိခင်ပွန်း၌သစ္စာဖျက်သကဲ့သို့ အကယ် စင်စစ်သင်တို့သည်ငါ၌သစ္စာဖျက်ကြပြီ။” ဟုထာ၀ရဘုရားမိန့်တော်မူ၏။ ထို့ကြောင့်ထာ၀ရဘုရား၏ မိန်းမသည် ဣသရေလလူမျိုးများဖြစ်သည်။

ခင်ပွန်းကိုချစ်သည်

ဘုရားသခင်သည် မိမိခင်ပွန်းဣသရေလကိုအလွန်ချစ်သည်။ ဟေရှယ ၅၄:၁၀ ၌၊ “တောင်ကြီးတို့သည်ရွေ့ ၍တောင်ငယ်တို့သည်လှူပ်ရှားသော်လည်း၊ ငါ၏မေတ္တာသည်သင်မှမရွေ့ရ။” ဟုထာ၀ရဘုရားဆိုသည်။ တရားဟောရာ ရ:ရ ၌လည်း၊ “သင်သည်အခြားသောလူမျိုးထက်သာ၍များသောကြောင့်ထာ၀ရ ဘုရားသည် သင့်ကိုချစ်၍ရွေးချယ်တော်မူသည်မဟုတ်။ ထာ၀ရဘုရားသည်သင့်ကိုချစ်သောကြောင့်၎င်း၊ သင့်ကိုချစ်၍ ရွေးနှုတ်ဆောင်ယူခဲ့တော်မူပြီ။”ဟုဆိုသည်။ တဖန်တရားဟောရာကျမ်း ၂၃:၅ ၌လည်း၊ “သို့ ရာတွင်သင်၏ ဘုရားသခင်ထာ၀ရဘုရားသည်၊ ဗာလမ်၏စကားကိုနားမထောင်၊ သင့်ကိုချစ်သောကြောင့်ကျိန်ဆဲခြင်းကို သင်၌ကောင်းကြီးမင်္ဂလာဖြစ်စေတော်မူ၏။”ဟုဆိုသည်။

ပြည့်တန်ဆာလုပ်

ဘုရားသခင်သည် ဣသရေလကိုအလွန်ချစ်သည်။ ထို့ကြောင့်အဲဂုတ္တု ကျွန်မှလွတ်မြောက်စေ၍ နို့နှင့် ပျားရည် စီးသောပြည်သို့ပို့ဆောင်ကာကောင်းကြီးပေးခဲ့သည်။ ဘုရားသခင်သည်ဣသရေလကို အလွန်ချစ်သကဲ့သို့၊   ဣသရေလကလည်းသူ့ကိုစိတ်နှလုံးအကြွင်းမဲ့ချစ်စေချင်သည်။ သို့သော် ဣသရေလသည် ဘုရားသခင် ထက်ရုပ်တုများကို သာ၍ချစ်သည်၊ ကိုးကွယ်သည်။ ဘုရားသခင်အမြင်၌ ရုပ်တုကိုးကွယ်ခြင်းသည် ရုပ်တုနှင့်မှားယွင်းခြင်း၊ ပြည့်တန်ဆာလုပ်ခြင်းဟုဆိုလိုသည်။ ဘုရားသခင်ထက် ရုပ်တုကိုချစ်သောကြောင့်ဖြစ်သည်။ ထို့ကြောင့်ဘုရားသခင်က ယေရမိ ၃:၁-၃ ၌၊ “ယောက်ျားစွန့်ပစ်သောမိန်းမသည် ထွက်သွား၍ အခြားသော သူ၏မယားဖြစ်ပြီးမှအရင်လင်သည် ထိုမိန်းမကိုပြန်၍ ယူသင့်သလော။ ထိုသို့ ပြုသောပြည်သည်ညစ်ညူးသည် မဟုတ်လောဟုဆိုလေ့ရှိလျက်နှင့်သင်သည်များစွာသောရည်းစားတို့၌ မှီဝဲမှားယွင်းသော်လည်ငါထံသို့ ပြန်လာပါ ဟု ထာ၀ရဘုရားမိန့်တော်မူ၏။ မြင့်သောအရပ်ကိုမျှော်ကြည့်၍ လင်မနေဘူးသော အရပ်တစုံတခုကိုရှာလော့။ အာရပ်လူသည် တော၌စောင့်သကဲ့သို့ သင်သည် လမ်းတို့၌စောင့်နေ၍ မတရားသောမေထုန်အားဖြင့်၎င်း၊ အဓမ္မ အမှုများအားဖြင့်၎င်း၊ ပြည်ကိုညစ်ညူးစေပြီ။ မိုးခေါင်၍နောက်မိုးတိုင်အောင်မရွာသော်လည်း သင်တို့သည် ပြည့်တန်ဆာနဖူးရှိ၍ရှက်ခြင်းသဘောကိုပယ်ရှားပြီ။” ဟုဆိုသည်။

ယောက်ျားစွန့်ပစ်သောမိန်းမသည် ဣသရေလကိုဆိုလိုသည်။ အရင်လင်သည်ဘုရားသခင်ကိုဆိုလိုသည်။ အခြား သောသူ၏မယားဆိုသည်မှာ၊ ဣသရေလသည် ဘုရားသခင်နှင့်ကွာ၍ ရုပ်တုများနှင့်မှားယွင်းသောကြောင့် ရုပ်တု များသည် အခြားသောသူဖြစ်သည်။ ဣသရေလ၏များစွာသောရည်းစားသည်လည်းရုပ်တုများပင်ဖြစ်သည်။ မြင့်သောအရပ်သည်တောင်ကုန်းများကိုဆိုလိုသည်။ တောင်ကုန်းများပေါ်၌ရုပ်တုများကိုတည်ထားကိုးကွယ်ကြ သည်။ ဣသရေလ များကိုဘုရားသခင်သည်မိုးခေါင်စေခြင်းအားဖြင့် ဒဏ်ခတ်သော်လည်း မမှတ်ဘဲဆက်၍ ရုပ်တုကိုကိုးကွယ်နေကြသေးသည်။ ထို့ကြောင့်ဘုရားသခင်အမြင်၌ သူတို့သည်ပြည်တန်ဆာများဖြစ်ကြသည်။ သူတို့၏နဖူးသည်လည်းပြည့်တန်ဆာနဖူးဖြစ်ကြသည်။ 

ပြည့်တန်ဆာမိန်းမယူခိုင်း

ဣသရေလလူများသည် ပြည့်တန်ဆာလုပ်သောကြောင့် ထာ၀ရဘုရားသခင်က ပရောဖက်ဟောရှေအား၊ “သင်သွား၍ပြည့်တန်ဆာမိန်းမနှင့် တကွသူဘွားမြင်သောသားသမီးတို့ကိုသိမ်းပိုက်လော့။ အကြောင်းမူကား ပြည်သူပြည်သားတို့သည်ထာဝရဘုရားကိုစွန့်ပြစ်၍ အထပ်ထပ်မှားယွင်းကြပြီဟု ဟောရှေအား မှာထားတော်မူ သည့်အတိုင်း ဟောရှေသည်သွား၍ ဒိဗလိမ်၏ သမီးဂေါမာကိုသိမ်းပိုက်သည်။” (ဟောရှေ ၁:၁-၃)။ ဟောရှေသည်ထာ၀ရဘုရား၏ပရောဖက်ဖြစ်သည်။ ထာ၀ရဘုရား၏အမှုဆောင်သည်သန့်ရှင်းရသည်။ ပြည့်တန် ဆာကိုမယူသင့်။ ယနေ့ပြည့်တန်ဆာကိုယူသောတရားဟောဆရာကို မိတ်ဆွေလက်ခံနိုင်ပါမည်လော။ သူ၏ တရားဟောချက်များကိုနာခံနိုင်ပါမည်လော။ သို့သော်ဘုရားသခင်သည်အလွန်စိတ်နာသောကြောင့်ဟောရှေအား ပြည့်တန်ဆာမကိုယူခိုင်းသည်။ ဣသရေလလူများလည်းဒိဗလိမ်သမီးဂေါမာကဲ့သို့ ပြည့်တန်ဆာများဖြစ်ကြ သည်။

ယောက်ျားစွန့်ပစ်

ယောက်ျားစွန့်ပစ်သောမိန်းမသည် ထွက်သွား၍ အခြားသောသူ၏မယားဖြစ်ပြီးမှအရင်လင်သည် ထိုမိန်းမကိုပြန်ယူသင့်သလော။ ထိုသို့ပြုသောပြည်သည်ညစ်ညူးသည်မဟုတ်လောဟုဆိုလေ့ရှိလျက်နှင့် သင်သည်များစွာသောရည်းစားတို့၌မှီဝဲမှားယွင်းသော်လည်းငါ့ထံသို့ပြန်လာပါဟု ထာ၀ရဘုရားမိန့် တော်မူ ၏။“(ယေရမိ ၃:၁)။  ဣသရေလသည်ဘုရားကိုစွန့်ပစ်သည်။ ထို့ကြောင့်ယောက်ျားစွန့်ပစ်သောမိန်းမဟု ဆို သည်။  ဣသရေလလူများကိုဘုရားသခင်က ပြန်လည်ခေါ်သော်လည်းမလာ။ ထို့ကြောင့်ရှောလမုန်မင်း၏သား ရောဗောင်မင်းလက်ထက်တွင်ဘုရားသခင်က နိုင်ငံတော်ကိုနှစ်ခြမ်းခွဲလိုက်သည်။ မြောက်ဖက်နိုင်ငံကို ဣသရေလဟူ၍၎င်း၊ တောင်ဖက်နိုင်ငံကိုယုဒဟူ၍၎င်း၊ ခေါ်သည်။ ဘုရားသခင်က ဣသရေလကိုအမ၊ ယုဒကိုညီမဟုခေါ်သည်။ ဣသရေလသည်ပြည့်တန်ဆာလုပ်၍ ဘုရားသခင်၏  စွန့်ပစ်ခြင်းခံရသော်လည်း ညီမယုဒသည် မမှတ်ဘဲနေကြောင်းကိုဘုရားသခင်က၊ “ဖေါက်ပြန်သော ဣသရေလ အမျိုးပြုသောအမှုကိုသင် မြင်ပြီလော။ မြင့်သောတောင်ရှိသမျှသို့တက်၍၎င်း၊ စိမ်းသောသစ်ပင်ရှိသမျှအောက်၌၎င်း၊ ပြည့်တန်ဆာလုပ် လေပြီ။ သူသည်ထိုအမှုအလုံးစုံတို့ကိုပြုပြီးမှငါ့ထံသို့ ပြန်လာပါဟု ငါပြောသော်လည်း သူသည်ပြန်မလာ။ ထိုအမှုကိုသူ၏ညီမသစ္စာပျက်သောညီမယုဒသည်ကြည့်မြင်လေ၏။ ဖေါက်ပြန်သောဣသရေလသည် မတရား သော မေထုန်ကိုပြု၍မှားယွင်းသောအပြစ်များကြောင့် သူနှင့်ငါကွာ၍ ဖြတ်စာကို အပ်သော်လည်း သစ္စာပျက် သောညီမယုဒသည်လည်း မကြောက်ဘဲပြည့်တန်ဆာလုပ်ကြောင်းကိုငါမြင်ရ၏။ သူသည်မတရားသောမေထုန် ကိုပြု၍ အလွန်လော်လည်သောအားဖြင့်ပြည်ကိုညစ်ညူးစေ၍ ကျောက်နှင့်၎င်း၊ သစ်တုံးနှင့်၎င်း၊ မှားယွင်းလေ ၏။ ထိုမျှလောက်အပြစ်ရှိသော်လည်း သစ္စာပျက်သောညီမယုဒသည် ငါထံသို့စိတ်နှလုံးအကြွင်းမဲ့ပြန်မလာ၊ ပြန်လာဟန်ဆောင်သည်။” ဟုထာ၀ရဘုရားမိန့်တော်မူ၏။ (ယေရမိ ၃:၆-၁၀)။

ပြစ်ဒဏ်

ဘုရားသခင်သည် ခေတ်အဆက်ဆက်၌ နည်းအမျိုးမျိုးဖြင့် ဣသရလေကို ဒဏ်ခတ်သော်လည်း မမှတ်ကြ။ ဆက်လက်မှားယွင်းကာ ရုပ်တုများ၊ အခြားသောဘုရားများကိုသာ ကိုးကွယ်မြဲကိုးကွယ်ကြသည်။ ထို့ကြောင့် နောက်ဆုံး၌ ဘုရားသခင်သည် ဣသရလေအမျိုးကို အာရှုရိလက်၌လည်းကောင်း( ၄ဓမ္မရာဇဝင် ၁၇)၊ ယုဒအမျိုးကို ဗာဗုလုန်လက်၌လည်ကောင်း (၄ဓမ္မရာဇဝင် ၂၄-၂၅)၊ အပ်ထား၍ ကျွန်ခံစေသည်။ ထိုနောက်ပိုင်း၌ သူတို့သည် ကိုယ်မင်းကိုယ်ချင်းဖြင့် မနေနိုင်တော့ဘဲ တိုင်းတပါး၏အုပ်စိုးခြင်းကိုလည်းကောင်း၊ တိုင်းနိုင်ငံအရပ်ရပ်၌ထွက်‌ေ‌ြပး၍ လူအမျိုးမျိုးတို့၏အနှိပ်စက်ခြင်း၊ သတ်ဖြတ်ခြင်းကိုလည်းကောင်း ယနေ့တိုင်အောင် ခံစားရကြသည်။ ဣသရလေလူမျိုးကို ဘုရားသခင်က မဟမေတ္တာဖြင့်ချစ်၍ ကမ္ဘာပေါ်၌ အကောင်းဆုံးလူမျိုးဖြစ်စေဖို့ အကြံရှိသော်လည်း အပြစ်လုပ်၍၊ အထူးသဖြင့် ရုပ်တုကိုးကွယ်သောကြောင့် သူတို့၏သမိုင်းတလျှောက်လုံး၌ အလွန်ဆိုးဝါးသောအိမ်မက်များကဲ့သို့ ကြေကွဲဝမ်းနည်းဖွယ်ရာများ ခံစားနေရကြသည်။ 

ကျွန်ပ်တို့၌

ဓမ္မသစ်ကျမ်း၌ သားတော်ကိုယုံကြည်သောသူများသည် ခရစ်တော်၏ မိန်းမဖြစ်ကြရမှာဖြစ်သည်။ သို့သော် ကျွန်ပ်တို့လည်း ဣသရေလလူမျိုးများကဲ့သို့ မှားယွင်းကြပြန်ပြီ။ ဘုရားသခင်ကိုစိတ်နှလုံးအကြွင်းမဲ့ချစ်ခိုင်း သော်လည်း မချစ်ကြ (မဿဲ ၂၂:၃ရ-၃၉၊ မာကု ၁၂:၃၀- ၃၁)။ ဘုရားသခင်ထက်လောကအရာများကိုသာ၍ချစ် ကြသည်။ လောကကိုချစ်သောသူသည်ခမည်းတော်ကိုချစ်ခြင်းမေတ္တာမရှိ (၁ ယော ၂:၁၅)။ ထို့ကြောင့်ကျွန်ပ်တို့ သည်ဘုရားသခင်ထက်သာ၍ ချစ်သောအရာများနှင့်ပြည့်တန်ဆာလုပ်ကြပြီ။ လောဘလွန်ကျူးခြင်းဖြင့်ရုပ်တု ကိုးကွယ်ကြပြီ (ဧဖက် ၅:၅)။ ၀မ်းဘုရားကိုကိုးကွယ်ကြပြီ (ဖိလိပ္ပိ ၃:၁၉)။ ထို့ကြောင့်ကျွန်ပ်တို့သည်လည်း ဣသရေလလူများကဲ့သို့ဖေါက်ပြန်၍ ပြည့်တန်ဆာလုပ်ကြပြီ။ ပြည့်တန်ဆာနဖူးရှိကြသည်မဟုတ်လော။ ကျမ်းစာကဤသို့ ဆိုသည်၊ “သူတို့သည်ပျက်ဆီးခြင်း၌လမ်းဆုံးတတ်ကြ၏။ သူတို့၏ဘုရားမူကား မိမိတို့၀မ်း ပေတည်း။ မိမိတို့ရှက်ကြောက်ဘွယ်သောအကျင့်၌သာမိမိတို့ဝါကြွားကြ၏။ လောကီအရာတို့ကိုသာစိတ်စွဲလန်းခြင်းရှိကြ၏။” (ဖိလိပ္ပိ ၃:၁၉)။

==================

ပြည့်တန်ဆာနှဖူး (သင်ခန်းစာမေးခွန်းများ)
အထက်ရှိ လေ့လာခဲ့သောသင်ခန်းစာထဲမှ အချက်အချို့ကို အောက်ပါတွင် မေးခွန်းများအဖြစ် ပြင်ဆင်ပေးထားပါသည်။ မေးခွန်းများအားလုံးကို ပါဝင်ဖြေဆိုခြင်းဖြင့် သင်သည် ယခုသင်ခန်းစာကို ပြီးပြည့်စုံစွာ သဘောပေါက်နားလည်ကြောင်းကို ဖေါ်ပြလိုက်ပါ။