ဧဇရမှတ်စာ - ၆

ကုရုမင်း၏အမိန့်တော်ကိုပြန်လည်တွေ့ရှိခြင်း
1ထိုအခါ ဒါရိမင်းကြီးအမိန့်တော်နှင့် ဗာဗုလုန်မြို့ ဘဏ္ဍာတော်ထားရာ စာတိုက်၌ ရှာဖွေကြ၏။ 2မေဒိပြည်၊ အာခမေသမြို့၊ နန်းတော်၌ စာလိပ်ကိုတွေ့၍၊ စာလိပ်၌ပါသော စကားဟူမူကား၊ 3ယဇ်ပူဇော်ရာ အိမ်တော်ကို တည်စေ။ တိုက်မြစ်ကို ခိုင်ခံ့စွာချထားစေ။ အမြင့် အတောင်ခြောက်ဆယ်၊ အနံ အတောင်ခြောက်ဆယ် ရှိ၍၊ 4ကြီးသောကျောက်တန်း သုံးဆင့်၊ အသစ်သောသစ်သားတန်း တစ်ဆင့်နှင့် အထပ်ထပ်တည်စေ။ စရိတ်များကိုလည်း ဘဏ္ဍာတော်ထဲက ထုတ်၍ပေးစေ။ 5ယေရုရှလင်မြို့၏ ဗိမာန်တော်ထဲက နေဗုခဒ်နေဇာထုတ်၍ ဘုရားသခင်၏အိမ်တော်နှင့် ဆိုင်သော်လည်း၊ ဗာဗုလုန်မြို့သို့ဆောင်ခဲ့သော ရွှေတန်ဆာ ငွေတန်ဆာတို့ကို ပြန်ပေးစေ။ ယေရုရှလင်မြို့၏ ဗိမာန်တော်သို့ ပို့၍ အလုံးစုံတို့ကို ဘုရားအိမ်တော်ထဲတွင် မိမိတို့နေရာ၌ ထားစေဟု ကုရုမင်းကြီးသည် နန်းစံပထမနှစ်တွင်၊ ယေရုရှလင်မြို့၏ ဘုရားအိမ်တော်အမှုမှာ အမိန့်တော်ရှိ၏။
ဗိမာန်တော်ကိုဆက်လက်တည်ဆောက်ရန် ဒါရိမင်းအမိန့်ပေးခြင်း
6သို့ဖြစ်၍၊ မြစ်အနောက်ဘက် မြို့ဝန်တာတနဲ၊ ရှေသာဗောဇနဲနှင့် သင်တို့အပေါင်းအဖော်တည်းဟူသော မြစ်အနောက်ဘက်၌နေသော အဖာသသက်လူတို့၊ ထွက်သွားကြ။ 7ထိုဘုရား၏ အိမ်တော်တည်ခြင်းအမှုကို မဆီးမတားကြနှင့်။ ယုဒမြို့ဝန်နှင့် ယုဒအမျိုးအသက်ကြီး သူတို့သည် ထိုအိမ်တော်ကို မိမိနေရာ၌ တည်ပါလေစေ၊ 8ထိုမှတစ်ပါး၊ သင်တို့သည် ထိုဘုရား၏ အိမ်တော်တည်ခြင်းအမှုကို ယုဒအမျိုးအသက်ကြီးသူတို့နှင့် ကူညီရမည်အကြောင်း၊ သူတို့သည် အဆီးအတား မရှိစေခြင်းငှာ၊ မြစ်အနောက်ဘက်၌ ခံသော အခွန်တော်တည်းဟူသော ဘဏ္ဍာတော်ထဲက အိမ်တော်တည်စရာစရိတ်ကို ချက်ချင်း ထုတ်ပေးရမည်အကြောင်း ငါအမိန့်တော်ရှိ၏။ 9ထိုမှတစ်ပါး၊ သူတို့သည် မွှေးကြိုင်သောယဇ်တို့ကို ကောင်းကင်ဘုံ၏အရှင် ဘုရားသခင်အားပူဇော်၍၊ 10ရှင်ဘုရင်အသက်၊ ဆွေတော်မျိုးတော်တို့၏ အသက်အဖို့ ဆုတောင်းစေခြင်းငှာ၊ သူတို့လိုချင်သမျှ ယေရုရှလင်မြို့ ယဇ်ပုရောဟိတ်တို့ စီရင်သည်အတိုင်း၊ ကောင်းကင်ဘုံ၏အရှင် ဘုရားသခင်အား မီးရှို့ရာယဇ်ပူဇော်စရာဖို့ နွား၊ သိုးထီး၊ သိုးသငယ်၊ စပါး၊ ဆား၊ စပျစ်ရည်၊ ဆီတို့ကို နေ့တိုင်းအစဉ်အပြတ် ပေးစေ။ 11၎င်းနည်း အကြင်သူသည် ဤအမိန့်တော်ကိုငြင်းဆန်လျှင်၊ ထိုသူ၏အိမ်မှ သစ်တိုင်ကိုနုတ်ယူ၍ စိုက်ပြီးမှ သူ့ကိုလည်ဆွဲချစေ။ သူ့အိမ်ကိုလည်း နောက်ချေးပုံဖြစ်စေဟု ငါအမိန့်တော်ရှိ၏။ 12ယေရုရှလင်မြို့၏ ဘုရားအိမ်တော်ကို ကျိုးပဲ့ပျက်စီးစေခြင်းငှာ ပြုသောရှင်ဘုရင်နှင့် ဆင်းရဲသားအပေါင်းတို့ကို၊ ထိုအရပ်၌ နာမတော်တည်စေသော ဘုရားသခင်သည် ဖျက်ဆီးတော်မူပါစေသော။ ငါဒါရိသည် အမိန့်တော်ကိုပေး၏။ အမိန့်တော်အတိုင်း အလျင်အမြန်ပြုစေဟု ပေးလိုက်သတည်း။
ဗိမာန်တော်ကိုအနုမောဒနာပြုခြင်း
13ထိုအခါ ဒါရိမင်းကြီးပေးလိုက်သော အမိန့်တော်အတိုင်း၊ မြစ်အနောက်ဘက် မြို့ဝန်တာတနဲ၊ ရှေသာဗောဇနဲနှင့် သူတို့အပေါင်းအဖော်တို့သည် အလျင်အမြန်ပြုကြ၏။ 14ယုဒအမျိုး အသက်ကြီးသူတို့သည် တည်ဆောက်၍၊ ပရောဖက်ဟဂ္ဂဲနှင့် ဣဒေါသားဇာခရိ ဟောသောအားဖြင့်၊ အကြံထမြောက်ကြ၏။ ဣသရေအမျိုး၏ ဘုရားသခင်အမိန့်တော်နှင့် ပေရသိရှင်ဘုရင်ကုရုမင်း၊ ဒါရိမင်း အမိန့်တော်အတိုင်း တည်ဆောက်၍ လက်စသတ်ကြ၏။ 15ဒါရိမင်းကြီးနန်းစံ ခြောက်နှစ်၊ အာဒါလ သုံးရက်နေ့တွင် အိမ်တော်သည် ပြီးပြည့်စုံ၏။
16ဣသရေလအမျိုးသား၊ ယဇ်ပုရောဟိတ်၊ လေဝိသားအစရှိသော သိမ်းသွားခြင်းကိုခံဖူးသော အမျိုးသားချင်းရှိသမျှတို့သည် ဘုရားသခင်၏ အိမ်တော်ကို ဝမ်းမြောက်သောစိတ်နှင့် အနုမောဒနာပွဲခံကြ၏။ 17ထိုအိမ်တော်၏ အနုမောဒနာပွဲတွင် နွားတစ်ရာ၊ သိုးထီးနှစ်ရာ၊ သိုးသငယ်လေးရာကိုလည်းကောင်း၊ ဣသရေလအမျိုး တစ်ဆယ်နှစ်မျိုးအလိုက် အမျိုးသားအပေါင်းတို့၏ အပြစ်ဖြေရာယဇ်တည်းဟူသော ဆိတ်ထီး တစ်ဆယ်နှစ်ကောင်ကိုလည်းကောင်း၊ ယဇ်ပူဇော်ကြ၏။ 18မောရှေကျမ်းစာ၌ ပါသည်အတိုင်း၊ ယေရုရှလင်မြို့၌ ဘုရားဝတ်ကို ပြုစေခြင်းငှာ၊ ယဇ်ပုရောဟိတ် အသီးအသီးတို့ကိုလည်းကောင်း၊ သင်းဖွဲ့သော လေဝိသားတို့ကိုလည်းကောင်း ခန့်ထားကြ၏။
ပသခါပွဲတော်
19သိမ်းသွားခြင်းကို ခံရသောအမျိုးသားတို့သည် ပထမလ တစ်ဆယ်လေးရက်နေ့တွင် ပသခါပွဲကိုလည်း ခံကြ၏။ 20ယဇ်ပုရောဟိတ်နှင့် လေဝိသားတို့သည် တညီတညွတ်တည်း ကိုယ်ကိုသန့်ရှင်းစေ၍၊ အလုံးစုံတို့သည် သန့်ရှင်းသဖြင့်၊ မိမိတို့အဖို့မှစ၍ ပေါက်ဖော်ချင်း ယဇ်ပုရောဟိတ်တို့အဖို့နှင့် သိမ်းသွားခြင်းကိုခံရသော အမျိုးသားအပေါင်းတို့အဖို့ ပသခါသိုးသငယ်ကို သတ်ကြ၏။ 21သိမ်းသွားခြင်းကိုခံသော လူစုထဲက ထွက်လာသော ဣသရေလအမျိုးသားများ၊ ဣသရေလအမျိုး၏ ဘုရားသခင် ထာဝရဘုရားကို ရှာလိုသောငှာ၊ တစ်ပါးအမျိုးသား နေရာအရပ်အညစ်အကြေးကို ပယ်ရှားသော သူများအပေါင်းတို့သည် ပသခါပွဲကိုစား၍၊ 22ခုနစ်ရက်ပတ်လုံး ဝမ်းမြောက်သောစိတ်နှင့် အဇုမပွဲကိုလည်း ခံကြ၏။ အကြောင်းမူကား၊ ထာဝရဘုရားသည် ဝမ်းမြောက်သောအခွင့်ကို ပေးတော်မူ၏။ ဣသရေလအမျိုး၏ ဘုရားသခင်ဗိမာန်တော် တည်ဆောက်ခြင်းအမှုမှာ၊ အာရှုရိရှင်ဘုရင် မစမည်အကြောင်း၊ စိတ်နှလုံးတော်ကို သူတို့ဘက်သို့ ကူးစေတော်မူ၏။

ဧဇရမှတ်စာ - ၆ (အနက်ဖွင့်)

(ဒါရိမင်းအမိန့်ဖြင့် ဗိမာန်တော်ဆောက်လုပ်ပြီးစီးခြင်း (အခန်း )

: ကုရုမင်းကြီး၏ အမိန့်ကို အာခမေသ(Achmetha သို့ Ecbatana NKJV Marg) မော်ကွန်းတိုက်၌ တွေ့ရှိသည်။ အမိန့်စာပါအကြောင်း အရာများကို ဤအခန်းထက် အခန်း ၁၌ အသေးစိတ်ပါရှိသည်။ ဗိမာန်တော်ဆောက်လုပ်ခွင့်သာမက နေဗုခပ်နေဇာမင်း လုယူသွားသော ရွှေငွေရတနာ များကိုလည်း ပြန်လည်ပေးအပ်ခိုင်းသည်။

:၁၂ သို့ဖြင့် ဒါရိမင်းသည် ပါရှားဝန်တာတနဲ၏ ကန့်ကွက်စာကို လျှော်ပစ်ပြီး ဗိမာန်တော်ဆက်လက်ဆောက်လုပ်စေသည်။ တာကနဲတို့အား ဟန့်တားမှုမပြုလုပ်ရန် တားမြစ်သည့်အပြင် ဗိမာန်တော်ဆောက်လုပ်ရန် ဘဏ္ဍာငွေထည့်ဝင်ခိုင်းသည်။ ဗိမာန်တော်ဆောက်လုပ်ရန် တာဝန်ကို ယဇ်ပုရောဟိတ်များ၏ မျက်နှာကိုမြင်ခြင်းဖြင့် ပြည်သူများက လည်းပိုမိုအလေးထား၍ ဘုရားသခင်၏ မျက်နှာတော်ရကြပေမည်။ ဘုရင့်မိသားစု အတွက်လည်း ဆုတောင်းပေးကြမည်။ ဒါရိမင်းကိုယ်တိုင်လည်း အလှူငွေထည့်၍ တတပ်တအား ပါဝင်သည်။ ရှင်ဘုရင်ကိုယ်တိုင် ပါဝင်လုပ်ဆောင်သဖြင့် ဘုရားသခင်၏ အိမ်တော်ဆောက်လုပ်ရေးစီမံကိန်းအား မည်သူကမှ ဖျက်လိုဖျက်ဆီးမလုပ်ဝံ့ကြ။

:၁၃၁၅ ဒါရိမင်းအမိန့်သည် တပြည်လုံးသို့ ချက်ချင်းပျံနှံ့သက်ဝင်သည်။ အလှူငွေများထည့်ဝင်ကြသည်။ ဒါရိမင်း၏ ဘဏ္ဍာတော်ငွေထုတ်သုံးခြင်း ပရောဖက်များ၏ တွန်းအားပေးခြင်းများကြောင့် (၄)နှစ် အတွင်းတွင် ဗိမာန်တော်ဆောက်လုပ်ပြီးစီးသွားသည်။ သို့သော် အုတ်မြစ်ပန္နက်ချသည့်နေ့ရက်မှ အနှစ် ၁၉/၂၀ခန့်ကြာမှ လက်စသတ်နိုင်ကြသည်။ အာတဇေရဇ်မင်းက ထိုဗိမာန်တော်ကို ဆက်လက်ပြုပြင်မွမ်းမံသည်။

:၁၆ ဣသရေလတိုင်းသူပြည်သားများနှင့် ဦးစီးခေါင်းဆောင်များသည် ဗိမာန်တော် ဆောက်လုပ်ပြီးစီးသောကြောင့် ဘုရားသခင်လက်ထဲသို့ အပ်နှံ၍ အနုမောဒနာခေါ်ဆိုကြသည်။ Denett က ဤသို့ဆိုသည်။

ဘုရားသခင်၏ အိမ်တော်သည် ကောင်းကြီးမင်္ဂလာ ခံစားရာဌာနတော်ဖြစ်သောကြောင့် ဝမ်းမြောက် ပျော်ရွှင်ထိုက်ပါသည်။ ဘဝတသက်ဆုံးရှုံးမှု၊စိတ်အားငယ်မှု၊ ဝမ်းနည်းမှု၊ အခက်အခဲ ပြဿနာပေါင်းစုံ ပျောက်ဆုံးကြောင်း မျက်ဝါးထင်ထင် သိမြင်ရပြီ။ ဗာဗုလုန်ပြည်တွင် မျက်ရည်ဖြင့် မျက်နှာသစ်ခဲ့ရသော နေ့ရက်များ ကုန်ဆုံးပြီ။ ယခု ပျော်ရွှင်ခြင်း ကောက်လှိုင်းများ ရိတ်သိမ်းပွေ့ပိုက်နေရပြီ။

:၁၇၂၂ ရှောလမုန်မင်းက ဗိမာန်တော်အား သာဓု မောဒနခေါ်စဉ် နွား ၂၂,၀၀၀ သိုး ၁၂၀,၀၀၀ဖြင့် ယဇ်ပူဇော်ရသည့် အခမ်းအနား (၆ရာ ၇:၅ ၊ ၅:၆) နှင့်ယှဉ်လျှင် ဝမ်းနည်းအားငယ်စရာဖြစ်သည်။ ဆင်းရဲနုံချာသည်။ သို့သော်လည်း အားငယ်ခြင်းမရှိ။ ဝမ်းမြောက်ပျော်ရွှင်ခြင်းသည် ထိုကာလထက် လျှော့နည်းမည်မဟုတ်။

ယနေ့အသင်းတော် ၊ ဂိုဏ်းဂန၊ ကျမ်းစာသင်ကျောင်းများနှင့် ခရစ်ယာန်အဖွဲ့အစည်း အသိုင်းအဝိုင်းများကိုလည်း ရှောလမုန်မင်း လက်ထက်နှင့် ဧဇရလက်ထက် ကွာခြားမှုများကို သင်ခန်းစာ ရယူစေချင်သည်။ ဂုဏ်တုဂုဏ်ပြိုင်စရာ မဟုတ်ဘဲ ဝိညာဉ်ခွန်အားရယူဖို့ ဖြစ်ရမည်။ ထိုအကြောင်းအရာနှင့် ပတ်သက်၍ Denett က  ဤသို့ဆိုသည်။

ယုံကြည်ခြင်းသည် လူ့မျက်စိဖြင့် မမြင်သာသော်လည်း သေးငယ်သော အရာများကိုလည်း ကောင်းကြီးသမျှ ကြီးမားစေနိုင်ပါသည်။ ယခုတွင်လည်း ရှောလမုန်မင်းကာလထက် ကရုဏာတော် မှေးမှိန်သေးငယ်သည်မဟုတ်။ တပါးအမျိုးသား လက်အောက်တွင် ဆင်းရဲကြပ်တည်းစွာနေခဲ့ရာမှ ကိုယ့်မြေကိုယ့်ယာတွင် ဗိမာန်တော်ပြန်လည်တည်ဆောက်ခွင့် ရသောကြောင့် ကောင်းကြီးကုသိုလ် မင်္ဂလာ ကြွယ်ဝပါသည်။ ဘုရားသခင်သည် အရာခပ်သိမ်း၏ အရင်းအမြစ်ဖြစ်သည့်အတိုင်း ထိုသူများ၏ ယုံကြည်ခြင်းကို သိမှတ်သည်။ ထိုအတိုင်းအတာ နက်ရှိုင်းမှုပမာဏကို လူ့အတွေးဖြင့် မတွေးဆနိုင်ပါ။ ယုံကြည်သူ ခရစ်ယာန်များသည် ယုံကြည်ခြင်းရှိကြသောကြောင့် ပင်လယ်ဝေသည့်အကြားတွင် ပျော်ရွှင်ချမ်းသာတွေ့မြင် နိုင်ကြောင်း သင်ခန်းစာပေးပါသည်။ လူသည် မိမိတို့အစွမ်းအစဖြင့် အစွမ်းအစမရှိကြသော်လည်း ဘုရားသခင်အား ယုံကြည်ကိုးစားလျှင် အစွမ်းအစ၊ ရဲစွမ်းသတ္တိပေးပါသည်။ ပျက်စီးခြင်းလမ်းမှ အောင်မြင်ခြင်းလမ်းပေါ်သို့ ပို့ဆောင်ပါသည်။

ပသခါပွဲတော်ပျော်ရွှင်စွာ ကျင်းပကြပြီးနောက် တဆေးမုန့်ပွဲတော်ကိုလည်း ဆက်လက်ဆင်နွဲကြသည်။ ဘုရားသခင်၏ လက်တော်သည် ဒါရိမင်းအား အသုံးပြု၍ ပြည်သူများအား ဝမ်းမြောက်ပျော်ရွှင်ခြင်းပေးတော်မူသည်။ ဤနေရာတွင် ဒါရိမင်းအား အာရှုရိမင်းဟု ခေါ်ဆိုခြင်းမှာ ရှေးအာရှုရိအင်ပါယာ တခုလုံး အုပ်စိုးသောကြောင့် ဖြစ်သည်။

ယခုအနက်ဖွင့်ကျမ်းကို သက်ဆိုင်ရာတို့၏ ခွင့်ပြုချက်ဖြင့် ဝေမျှပေးထားခြင်းဖြစ်ပါသည်။ မူရင်းကို သွားရောက်ကြည့်ရှုလေ့လာလိုပါက  http://bbcmm.net/the-believers-bible-commentary  တွင် လေ့လာနိုင်ပါသည်။

တစ်စုံတစ်ခုကို မှတ်ချက်ပြုရေးသားလိုပါက အောက်တွင်ရေးသားဖေါ်ပြနိုင်ပါတယ်။