ဧသတာ၀တ္ထု - ၇

ဟာမန်ကိုသေဒဏ်စီရင်ခြင်း
1တစ်ဖန် ရှင်ဘုရင်နှင့် ဟာမန်သည်၊ မိဖုရား ဧသတာနှင့်အတူ စပျစ်ရည်သောက်အံ့သောငှာ သွားကြ၏။ 2ဒုတိယနေ့ရက်၌ စပျစ်ရည်သောက်ပွဲခံစဉ်၊ ရှင်ဘုရင်က မိဖုရားဧသတာ၊ သင်သည် အဘယ်အလိုရှိသနည်း။ အလိုရှိသည်အတိုင်း ငါပေးမည်။ အဘယ်ဆုကို တောင်းချင်သနည်း။ တောင်းသမျှကို နိုင်ငံတော် တစ်ဝက်တိုင်အောင် ငါပေးမည်ဟု မိန့်တော်မူလျှင်၊ 3မိဖုရား ဧသတာက၊ အရှင်မင်းကြီး၊ ကျွန်တော်မကို စိတ်နှင့် တွေ့တော်မူလျှင်လည်းကောင်း၊ အလိုတော်ရှိလျှင်လည်းကောင်း၊ ကျွန်တော်မအလိုအတိုင်း ကျွန်တော်မအသက်နှင့် ကျွန်တော်မတောင်းပန်သည်အတိုင်း၊ အမျိုးသားချင်းအသက်ကို ချမ်းသာပေးတော်မူပါ။ 4ကျွန်တော်မနှင့် ကျွန်တော်မအမျိုးသားချင်းတို့ကို သတ်ဖြတ် သုတ်သင်ပယ်ရှင်းခြင်းငှာ ရောင်းပါပြီ။ ကျွန်ယောက်ျား ကျွန်မိန်းမဖြစ်စေခြင်းငှာ ရောင်းလျှင်၊ ရန်သူသည် ရှင်ဘုရင် အကျိုးနည်းခြင်းအတွက် အဖိုးကိုပေးနိုင်သော်လည်း၊ ကျွန်တော်မ တိတ်ဆိတ်စွာ နေပါမည်ဟု လျှောက်လေ၏။ 5ရှင်ဘုရင်အာရွှေရုကလည်း၊ ထိုသို့ပြုမည်ဟု ကြံဝံ့သောသူကား အဘယ်သူနည်း။ အဘယ်မှာရှိသနည်းဟု မိဖုရားဧသတာအား မေးတော်မူလျှင်၊ 6ဧသတာက၊ ရန်ဘက်ပြုသော ရန်သူသည် ဤဆိုးညစ်သောဟာမန် ဖြစ်ပါ၏ဟုလျှောက်သော်၊ ဟာမန်သည် ရှင်ဘုရင်နှင့်မိဖုရားရှေ့မှာ ကြောက်ရွံ့ခြင်းသို့ ရောက်လေ၏။ 7ထိုအခါ ရှင်ဘုရင်သည် အမျက်ထွက်သဖြင့်၊ စပျစ်ရည် သောက်ပွဲမှ ထ၍ ဥယျာဉ်တော်သို့ သွားတော်မူ၏။ အပြစ်ပေးတော်မူမည်ဟု ဟာမန်သည်ရိပ်မိ၍ အသက်ချမ်းသာရမည်အကြောင်း မိဖုရားဧသတာရှေ့မှာ တောင်းပန်ခြင်းငှာ ထ၏။ 8ရှင်ဘုရင်သည် ဥယျာဉ်တော်မှ စပျစ်ရည်သောက်ပွဲခံရာ အရပ်သို့ ဝင်ပြန်သောအခါ၊ ဧသတာထိုင်သော သာလွန်နားမှာ ဟာမန်သည် ပျပ်ဝပ်လျက်နေသည်ကို မြင်လျှင်၊ ဤသူသည် နန်းတော်၌ ငါ့ရှေ့မှာ မိဖုရားကို အဓမ္မပြုရမည်လောဟု မိန့်တော်မူစဉ်တွင်၊ အခြံအရံတို့သည် ဟာမန်၏မျက်နှာကို ဖုံးကြ၏။ 9မိန်းမစိုး ဟာဗောနကလည်း၊ အရှင်မင်းကြီး၏ အကျိုးတော်ကိုစောင့်၍ လျှောက်ထားသော မော်ဒကဲအဖို့ ဟာမန်လုပ်၍ အတောင်ငါးဆယ်မြင့်သော လည်ဆွဲချတိုင်သည်၊ ဟာမန်အိမ်၌ စိုက်ထားလျက် ရှိပါ၏ဟု နားတော်လျှောက်သော်၊ ထိုတိုင်၌ လည်ဆွဲချစေဟု ရှင်ဘုရင်မိန့်တော်မူ၏။ 10ထိုသို့ မော်ဒကဲအဖို့လုပ်သော လည်ဆွဲချတိုင်၌ ဟာမန်ကို ဆွဲချကြ၏။ ရှင်ဘုရင်လည်း စိတ်ပြေတော်မူ၏။

ဧသတာ၀တ္ထု - ၇ (အနက်ဖွင့်)

()ဧသတာ၏ စွပ်စွဲချက်နှင့် ဟာမန်၏အသက်ဘေးကံကြမ္မာ (အခန်း )

  : ဧသတာတည်ခင်းဧည့်ခံသော ဒုတိယညတွင်ရှင်ဘုရင်နှင့် ဟာမန်သည် ဧသတာမိဖုရားနှင့်အတူ စပျစ်ရည်အား နှုတ်ကောင်းချိုမြိန်အောင် သုံးဆောင်ကြသည်။ ရှင်ဘုရင်ကြီးက မိဖုရားအား မည်သည့်အခွင့်အရေးကိုလိုချင်ကြောင်း မေးမြန်းလာသောအခါ သူမနှင့်တကွ သူမ၏ အမျိုးတခုလုံးကို တယောက်မကျန် မျိုးကန်းအောင် သတ်ဖြတ်ဖို့ကြံစည်နေခြင်းမှ ကွယ်ကာပေးရန်တောင်းဆိုသည်။ အကယ်၍သူ့ကို ကျွန်မအဖြစ် ရောင်းစားမည်ဆိုလျှင် မငြင်းသာလိုသော်လည်း အသက်ချမ်းသာပေးပါဟုဆိုသည်။

 : ဧသတာ၏ အမျိုးကို ထိုသို့အမျိုးကန်းအောင်မည်သူက ဟော့ရမ်းသနည်းဟု ရှင်ဘုရင်က မေးမြန်းသောအခါ ဘုရင့်ရှေ့တော်ရှိ ဟာမန်အား လက်ညိုးငေါက်ငေါက်ထိုးလျက် ဤလူယုတ်မာ ဖြစ်ပါသည်ဟုဆိုသည်။ ဟာမန်၏ ဇာတိရုပ်အမှန်သည် ဘူးပေါ်သကဲ့သို့ ပေါ်နေသည်။ ဘုရင်ကြီးသည် ရာဇဣန္ဒြေထိန်းသောအနေဖြင့် ဥယျာဉ်တော်ထဲသို့ထသွားသည်။

 :၁၀ ဟာမန်သည် အသတ်ခံရတော့မည်မှန်းသိသဖြင့် သလွန်ပေါ်တွင် လဲလျောင်းနေသော မိဖုရားဧသတာအား ဒူးထောက်တောင်းပန်သည်။ ရှင်ဘုရင်ကြီးအခန်းထဲသို့ပြန်ဝင်၍ ဟာမန်၏အပြုအမူအား တွေ့ရှိသောအခါ သူ့ကို ကလဲ့စားသော အနေဖြင့် မိဖုရားကြီးအား ဗယက်ကာယ ပြုကျင့်ရန် ကြိုးပမ်းနေသည်ဟုထင်မှတ်သည်။ ဟာမန်၏အသက် ကံကြမ္မာသည်သတ်ဖို့တံဆိပ် ခတ်နှိပ်ခြင်းခံရပြီ။ ဘုရင်ကြီး၏ အမိန့်တခွန်းမှမပါ။ မျက်ရိပ်မျက်ကဲကြည့်၍ စစ်သားများက ဟာမန်၏မျက်နှာအားအဝတ်ဖုံးအုပ် ခေါ်ဆောင်သွားသည်။ ရှင်းရှင်းပြောရလျှင် သတ်ပစ်ဖို့ဖြစ်သည်။ မော်ဒကဲအား သတ်ရန် ဟာမန်ပြင်ဆင်ထားသော သစ်တိုင်သည် ကြမ္မာရဟတ် တပတ်လည်၍ ဟာမန်ကိုယ်တိုင် အတွက်ဖြစ်သွားသည်။ အမှန်မှာ မိမိကြဲသည့်အတိုင်းဖြစ်ရိတ် သိမ်းခြင်းဖြစ်သည်။ ထိုသို့ဖြင့် အာရွှေရုဘုရင်၏ အမျက်ဒေါသသည် ပြေလျော့သွားသည်။

ယခုအနက်ဖွင့်ကျမ်းကို သက်ဆိုင်ရာတို့၏ ခွင့်ပြုချက်ဖြင့် ဝေမျှပေးထားခြင်းဖြစ်ပါသည်။ မူရင်းကို သွားရောက်ကြည့်ရှုလေ့လာလိုပါက  http://bbcmm.net/the-believers-bible-commentary  တွင် လေ့လာနိုင်ပါသည်။

တစ်စုံတစ်ခုကို မှတ်ချက်ပြုရေးသားလိုပါက အောက်တွင်ရေးသားဖေါ်ပြနိုင်ပါတယ်။