သင်ခန်းစာ (၂၄)
ယုံကြည်သူများ၏ရန်သူများ
ဘုရားသခင်၏ကျေးဇူးတော်ကြောင့် ကယ်တင်ခြင်းသို့ ရောက်ရှိသွားကြပြီ။ ခရစ်ယာန်အသက်တာလည်း လျှောက်လှမ်းနေပြီ။ သို့သော် ထင်မှတ်သလောက် ခရီးမပေါက်ရောက်ဘဲ အနှောက်အယှက်များရှိကာ အသက်တာ၌ ပျော်ရွှင်၀မ်းမြောက်သင့်သလောက်မ၀မ်းမြောက်၊ လုပ်ဆောင်သင့်သလောက်မလုပ်ဆောင်နိုင်၊ ထိုမျှသာမက ဘုရားတရားဘက်၌ စိတ်မ၀င်စားတော့ဘဲ အသက်တာ၌ ခမ်းခြောက်မှုကို ခံစားနိုင်သည်။ ထိုအချိန်တွင်အခြားယုံကြည်သူများနှင့်လည်းမတွေ့ချင်၊ မိဿဟာယလည်းမဖွဲ့လို၊ ကျမ်းစာလည်းမဖတ်၊ ဆုလည်းမတောင်း၊ ဘုရားကျောင်းလည်းမတက်ချင်၊ တက်လျှင်လည်းအားရမှုမရှိ၊ ဩတ္တပ္ပစိတ်ကျေဖို့လောက်သာတက်သည်။ ထိုအချင်းအရာများသည် ယုံကြည်သူများ၌ အနည်းအများဖြစ်တတ်သော အရာများဖြစ်သည်။ ထိုသို့ဖြစ်ရခြင်း၏ အကြောင်းရင်းများသည် ယုံကြည်သူများ၌ ရန်သူ၏တိုက်ခိုက်ခြင်းခံရသောကြောင့် ဖြစ်သည်။
ရန်သူသုံးမျိုး
ယုံကြည်သူများ၌ ရန်သူ(၃)မျိုးရှိသည်။ ယင်းတို့မှာ၊ စာတန်မာရ်နတ်၊ လောကနှင့် ဇာတိတို့ ဖြစ်သည်။ ထိုရန်သူများအကြောင်းကိုလေ့လာ၍ မည်ကဲ့သို့တော်လှန်တိုက်ခိုက်မည်ကို လေ့လာကြစို့။
စာတန်မာရ်နတ်
ပဌမဦးစွာ ယုံကြည်သူများ၏ ဘုံရန်သူဖြစ်သော စာတန်မာရ်နတ်အကြောင်းကို လေ့လာကြစို့။ မြန်မာစကားပုံ၌ ကုလားမနိုင်ရခိုင်မဲဆိုသလို စာတန်သည်ဘုရားမနိုင်သောအခါ၊ ဘုရားသခင်၏အချစ်ဆုံးလူကို မဲလာသည်။ ပဌမဦးဆုံး သူ၏ဖျက်ဆီးခြင်းအလုပ်ကို အာဒံနှင့်ဧ၀တို့ထံ၌ တွေ့နိုင်သည်။ သူသည် အာဒံနှင့်ဧ၀ကို မသတ်နိုင်သော်လည်း၊ ဘုရားသခင်ထံတော်မှ လမ်းလွှဲသွားရန် လုပ်ဆောင်ခဲ့ကြောင်း တွေ့ရသည်။
စာတန်၏ရည်ရွယ်ချက်
သူ၏ အဓိကရည်ရွယ်ချက်နှင့်အလုပ်မှာ လူသားများကို ဘုရားသခင်ထံမရောက်ဖို့ရန်၊ ထာ၀ရမီးအိုင်ထဲသို့ သူနှင့်အတူ ဆင်းရဲခံစေခြင်းငှါ ဖျားယောင်းသွေးဆောင်ဖို့ ဖြစ်သည်။ လူများကို ဘုရားသခင်ထံမှခွါပြီး ဘုရားသခင်နှင့် ဝေးနိုင်သမျှ ဝေးသွားအောင် လုပ်ဆောင်လိုသည်။ လူများကို ဖျက်ဆီးလိုသည်။ သခင်ယေရှုက၊ “သူခိုးသည် ခိုးခြင်းသတ်ခြင်း ဖျက်ဆီးခြင်းငှါ သာလာတတ်၏။” ဟု ဆိုသည် (ယောဟန် ၁ဝ:၁ဝ)။ ဤနေရာ၌ သူခိုးသည် စာတန်ကိုဆိုလိုခြင်း ဖြစ်သည်။ စာတန်သည် လူသားများ ဘုရားသခင်နှင့်ဆက်သွယ်၍ ဘုရားသခင်၏ ကောင်းကြီးပေးခြင်းကို မမြင်လိုချေ။ ထို့ကြောင့် ကယ်တင်ခြင်းသို့ မရောက်သေးသောသူများကို ကယ်တင်ခြင်းအကြောင်း မကြားရလေအောင် သူတို့၏နားများကိုပိတ်၍ သူတို့၏မျက်စိများကိုလည်း ဖုံးထားသည်။
ရှင်ပေါလုက၊ “ထိုသို့မယုံကြည်သော သူတို့မူကား ဘုရားသခင်၏ပုံသဏ္ဍာန်တော်တည်းဟူသော ခရစ်တော်၏ ဘုန်းအသရေနှင့် ပြည့်စုံသော ဧ၀ံဂေလိတရား၏ အရောင်သည် အလင်းကို မပေးစေခြင်းငှါ၊ ဤလောကကို အစိုးရသောဘုရားသည် သူတို့၏ ဥာဏ်မျက်စိကို ကွယ်စေ၏။” ဟုဆိုသည် (၂ ကော ၄:၄)။ ခရစ်တော်၏ ဧ၀ံဂေလိတရားသည် လူများကို ကယ်တင်နိုင်သော တန်ခိုးရှိသည် (၁ ကော ၁:၁၈)။ လူသည် ထိုတရားစကားကိုကြားလျှင် ကယ်တင်ခြင်းသို့ ရောက်သွားနိုင်သည်။ ထိုကြောင့် စာတန်သည် တတ်နိုင်သမျှ လူများအား ထိုသတင်းစကားကို မကြားနိုင်အောင် သူတို့၏ နားကိုပိတ်၊ မျက်စိကို ဖုံးထားသည်။ ထိုသို့ လူများကို မျက်စိဖုံး၊နားပိတ်ဖို့ရန် အသုံးပြုသော လက်နက်များမှာ၊ လောကပစ္စည်းများတပ်မက်စေခြင်း၊ ရာထူးဂုဏ်ထူးများအားဖြင့် လှည့်ဖျားခြင်း၊ ပျော်ပွဲရွှင်ပွဲများအားဖြင့် ဆွဲဆောင်ခြင်း၊ ငွေကိုတပ်မက်၍ ငွေနောက်တကောက်ကောက်ပါအောင် လိုက်စေခြင်း၊ လွဲမှားသောဘာသာရေးများစွဲလမ်းစေခြင်း၊ နာမည်ခံခရစ်ယာန်ဘဝနှင့် ကျေနပ်စေခြင်း၊ ခရစ်တော်နှင့်သမ္မာတရားထက်၊ ဂိုဏ်းဂဏကိုပို၍ အဓိကထားစေခြင်း၊ နိုင်ငံရေး၊ လူမျိုးရေး၊ လူမှုရေး၊ ပညာရေး၊ ယဥ်ကျေးမှုများလိုက်စားခြင်းအားဖြင့်၊ ဘုရားသခင်ထံမှ ဝေးသွားအောင်ဆွဲဆောင်သည်၊ လမ်းလွဲစေသည်။
ကယ်တင်ခြင်းသို့ရောက်ပြီးသောသူများလည်း၊ သူ့လက်မှလွတ်သွားသော်လည်း လက်မလျှော့ဘဲ ဘုရားဖက်၌စိတ်အားမကြီးနိုင်ရန်သော်၎င်း၊ အခြားသူများခရစ်တော်ထံသို့မဆွဲဆောင်နိုင်ရန် အားလျော့ဖို့ရန် တတ်နိုင်သမျှအားထုတ်လျက်၊ အနှောက်အယှက်ပေးနေသည်။ ဤအကြောင်းအရာနှင့်ပတ်သက်၍ ယောဘ၏အသက်တာ၌ စာတန်၏လုပ်ဆောင်ချက်ကို တွေ့နိုင်သည်။ ဘုရားသခင်ကိုယုံကြည်၍ ဖြောင့်မတ်ခြင်းကိုလိုက်စားသော ယောဘကိုဖျက်ဆီးဖို့ရန် စာတန်သည် ဘုရားသခင်ထံ၌တောင်းဆိုခဲ့သည် (ယောဘ ၁)။ တမန်တော်ပေတရုအားဖြင့်လည်း သခင်ယေရှုသည် သေခြင်းကိုရှောင်ကွင်းရန် အကြံပေးခဲ့သည် (မဿဲ ၁၆:၂၃)။ သခင်ယေရှုကိုယ်တိုင်ပင်လျှင်၊ ရက်ပေါင်းလေးဆယ်အစာရှောင်၍ ခန္ဓာကိုယ်အားနည်းချိန်တွင် သုံးကြိမ်အပြစ်လုပ်ဖို့ သွေးဆောင်ခဲ့သည် (မဿဲ ၄)။ အကယ်၍ သခင်ယေရှုက စာတန်၏ သွေးဆောင်မှုကို မငြင်းပယ်နိုင်ခဲ့လျှင် သူသည် စာတန်လက်အောက်၌ ကျရောက်၍ လူသားများကို ကယ်တင်နိုင်မည် မဟုတ်ပေ။
စာတန်၏လူများ
ယုံကြည်သူများသည် ဘုရားသားများဖြစ်သကဲ့သို့ မယုံကြည်သူများသည် စာတန်၏သားများ ဖြစ်ကြသည်။ သခင်ယေရှုက ယုဒလူတို့အား၊ “သင်တို့သည် သင်တို့ အဘတည်း ဟူသော မာရ်နတ်မှဆင်းသက်ကြ၏။” (ယောဟန် ၈:၄၄) ဟု ဆိုခဲ့သည်။ တမန်တော် ယောဟန်ကလည်း၊ “ငါတို့သည် ဘုရားသခင်နှင့် စပ်ဆိုင်သည်ကို၎င်း၊ လောကီသား အပေါင်းတို့သည် မာရ်နတ်၏ လက်၌ ရှိကြသည်ကို၎င်း၊ ငါတို့သိကြ၏၊” ဟု ဆိုသည် (၁ ယော ၅:၁၉)။ ထို့ကြောင့် ယုံကြည်သူများသည် လောကီသားများနှင့် ပေါင်းဖက်သောအခါ သမ္မာသတိရှိဖို့ လိုသည်။ မယုံကြည်သူများနှင့် မညီသောထမ်းပိုးကို မထမ်းဖို့ ရှင်ပေါလုက သတိပေးခဲ့သည်။ (၂ ကော ၆:၁၄)။ ထိုသတိပေးခြင်းကို ကရုမစိုက်ဘဲ မယုံကြည်သူများနှင့် တွဲသောသူများသည် ပြဿနာပေါင်းစုံတွေ့ကာ ဝိညာဉ်ရေးရာ၌ ကျဆင်း၍၊ ဘုရားဖက်၌ အားနည်းတတ်ကြသည်။
စာတန်အသင်းတော်
စာတန်သည် ဘုရားသခင်ကို အမြဲတိုက်ခိုက်အံတုချင်သည့်အတိုင်း၊ ဘုရားလုပ်သမျှကို လုပ်လိုသည်။ ဘုရားသခင်၌ အသင်းတော်ရှိသကဲ့သို့ သူ၌လည်းအသင်းတော်ရှိသည်။ အစပိုင်း၌ အသင်းတော်ကို တတ်နိုင်သမျှ တိုက်ခိုက်ဖျက်စီးသည်။ ရှောလုကိုလည်းအသုံးပြု၍ အသင်းတော်ကို ဖျက်စီးခဲ့သည်။ သို့သော် အသင်းတော်သည် မပျက်စီးသည်သာမက ပို၍ပို၍အားကြီးလာသောအခါ၊ စာတန်သည် သူ၏နည်းဗြူဟာကို ပြောင်းလိုက်သည်။ အဘယ်သို့ ပြောင်းသနည်းဟူမူကား၊ အသင်းတော်ကိုမတိုက်ခိုက်တော့ဘဲ သူကိုယ်တိုင် အသင်းသား၀င်လိုက်ကာ အသင်းတော်အထဲမှ အလုပ်လုပ်သည်။ အသင်းသားများ သမ္မာတရားလမ်းမှလွဲသွားအောင် သွန်သင်သည်။ ထို့ကြောင့် များစွာသောအသင်းတော်များသည် အပြင်ပန်းအားဖြင့် ဘုရားသခင်၏ အသင်းတော်များဟု ထင်မှတ်ရသော်လည်း အတွင်း၌ စာတန်၏အသင်းတော်များ ဖြစ်နေကြသည်။
စာတန်အသင်းတော်မည်သို့သိနိုင်သနည်း
စာတန်၏အသင်းတော်ဟုတ်မဟုတ် မည်ကဲ့သို့ သိနိုင်မည်နည်းဟူမူကား၊ ကယ်တင်ခြင်းအကြောင်းမပြော၊ ပြောသောသူကိုလည်းမုန်း၍တားဆီးလျှင် စာတန်၏အသင်းတော်ဖြစ်သည်။ ထိုသို့သော အသင်းတော်များ၌ ကျမ်းစာကို အဓိကမထား၊ လူ့ပညာအတွေးအခေါ်များကို ဦးစားပေးကာ ဟောပြောကြသည်။ ဘုရား၏အလိုတော်ဆောင်ဘို့ထက် လူမှုရေး၊ ပညာရေး၊ နိုင်ငံရေး၊ လူမျိုးရေးများကို ဦးစားပေးကြသည်။ ၀ိညာဥ်ရေးရာထက် ကိုယ်ကာယပိုင်း ပျော်ရွင်ဘို့ ဦးစားပေးသည်။ သမ္မာတရား ဟောပြောသောသူများကိုမုန်းသည်။ ထိုသို့သော အသင်းတော်များသည် ဟန်ရှိသော်လည်း ဘုရားသခင်၏ အသိအမှတ်ပြုသော အသင်းတော်များမဟုတ်ချေ။
စာတန်ကျမ်းစာကျောင်း
စာတန်၌ အသင်းတော်သာမက ကျမ်းစာကျောင်းများလည်း ရှိသည်။ ထိုကျမ်းစာကျောင်းများ၌ ကျမ်းစာယုံကြည်ဖို့ သင်ပေးသည်ထက် သံသယရှိဘို့ သင်ပေးသည်။ ကျမ်းစာထက် လူ့အတွေးအခေါ်များကို သင်ပေးသည်။ ထိုကျမ်းစာကျောင်းများ၌ တက်သည်ထက် မတက်လျှင် သာ၍ကောင်းသည်။ အဘယ့်ကြောင့်ဆိုသော် ယုံကြည်ခြင်းကို ပျောက်စေ၍ ဘုရားသခင်နှင့် နီးစေသည်ထက် သာ၍ဝေးစေသည်။
စာတန်၏လက်နက်များ
စာတန်၏အဓိကလက်နက်မှာ လိမ်လည်လှည့်ဖျားမှု ဖြစ်သည်။ ထိုလက်နက်ဖြင့် လူသားအားလုံး၏မိခင်ဖြစ်သော ဧ၀ကို ဖျက်ဆီးခဲ့သည်။ စာတန်သည် ဧ၀ကို ကောင်းမကောင်းသိကျွမ်းရာအသီးကို စားခိုင်းသည်မဟုတ်။ သို့သော် စားချင်လာအောင် လိမ်လည်ခဲ့သည်။ ဧ၀သည် အဘယ့်ကြောင့် လိမ်လည်ခြင်းခံရသနည်းဟူမူကား၊ ဘုရားသခင်၏စကားကို မယုံကြည်သောကြောင့် ဖြစ်သည်။ စာတန်သည် လူတိုင်းကိုလိမ်လည်လှည့်ဖျားသည်သာမက သခင်ယေရှုကိုပင် လှည့်ဖျားခဲ့သည်။ စာတန်သည် သခင်ယေရှုကို အစာအားဖြင့်လည်ကောင်း၊ လောကဘုန်းစည်းစိမ်အားဖြင့်လည်းကောင်း၊ တန်ခိုးပြ၍ဝါကြွားဖို့ရန်လည်ကောင်း၊ ဖျားယောင်းခဲ့သည် (မဿဲ ၄း၁-၁၁)။ သခင်ယေရှုသည် စာတန်၏လှည့်ဖျားမှုကို၊ ဘုရားသခင်၏ နှုတ်ကပတ်တော်အားဖြင့် အောင်မြင်ခဲ့သည်။ ထို့နည်းတူ ယုံကြည်သူများလည်း၊ ဘုရားသခင်၏ နှုတ်ကပတော်ကို အလေးနက်ထားကာ အသုံးပြုဖို့ လိုသည်။
စာတန်ကိုအောင်နိုင်သောလက်နက်
စာတန်သည် အသွေးအသားရှိသည်မဟုတ်။ ထိုကြောင့်အသွေးအသားလက်နက်များဖြင့် တိုက်ခိုက်၍မရချေ။ ရှင်ပေါလုက၊ “ညီအစ်ကိုတို့သခင်ဘုရားအားဖြင့်၎င်း၊ တန်ခိုးတော်အရှိန်အားဖြင့်၎င်း၊ ခိုင်ခန့်ခြင်းရှိကြလော့။ မာရ်နတ်၏ပရိယာယ်တို့ကို ဆီးတားနိုင်မည့်အကြောင်း၊ ဘုရားသခင်ပြင်ဆင်တော်မူသောလက်နက်စုံတို့ကို ၀တ်ဆောင်ကြလော့။ အကြောင်းမူကား၊ ငါတို့သည် အသွေးအသားရှိသောရန်သူတို့နှင့်ဆိုင်ပြိုင်တိုက်လှန်ကြသည်မဟုတ်။ အထွဋ်အမြတ်တို့နှင့် ၎င်း၊ အာဏာစက်တို့နှင့်၎င်း၊ လောကီမှောင်မိုက်၌ အစိုးတရပြုလုပ်သောမင်းတို့နှင့်၎င်း၊ မိုးကောင်းကင်၌နေသောနတ်ဆိုးတို့နှင့်၎င်း၊ ဆိုင်ပြိုင်တိုက်လှန်ရကြသည်။” ဟု ဆိုသည် (ဧဖက် ၆:၁၀- ၁၂)။ ထိုသို့စာတန်သည် ဇာတိလက်နက်ဖြင့်တိုက်၍မရကြောင်းသိခြင်းသည် အောင်မြင်ခြင်း၏အစဖြစ်သည်။ စည်းကမ်းရှိခြင်း၊ စည်းလုံးညီညွတ်ခြင်း၊ ကြိုးစားအားထုတ်ခြင်း၊ ကိုယ်ကာယခွန်အားစိုက်ထုတ်ခြင်း၊ ငွေကြေးအသုံးပြုခြင်း၊ ပညာကိုအသုံးပြုခြင်းတို့သည် ကောင်းသော်လည်း ထိုအရာများဖြင့် စာတန်ကိုမနိုင်နိုင်ပါ။ ထိုကြောင့်ဘုရားပြင်ဆင်ပေးသောလက်နက်များကို အသုံးပြုရမည်။
ဘုရားပြင်ဆင်ပေးသောလက်နက်များ
ဘုရားသခင်သည် သူ၏သားသမီးများအတွက် အောက်ပါလက်နက်များကို တပ်ဆင်ပေးသည်။ ထိုလက်နက်များကို အသုံးပြုရမည်။
သစ္စာ (သမ္မာတရား) တည်းဟူသောခါးပန်း
ခါးပန်းသည် ခါးကို တင်းကျပ်စေသည်။ ထို့အပြင်ဓါးကိုလည်း ခါးပန်း၌ချိတ်ထားရသည်။ စစ်သားတယောက်၌ လိုအပ်သော လက်နက် တခု ဖြစ်သည်။ ထို့နည်းတူ ယုံကြည်သူ၌ သစ္စာတည်းဟူသော သမ္မာတရားမသိမရှိလျှင် စာတန်၏ အလွယ်တကူအောင်နိုင်ခြင်းကို ခံရမှာဖြစ်သည်။ ထိုကြောင့် သမ္မာတရား နားလည်ဘို့လိုသည် (၂ တိ ၂:၁၅)။ ထိုမျှသာမက သမ္မာတရား၌ ကျင်လည်ဘို့လိုသည် (၂ ယော ၁:၂-၃၊ ၃ ယော ၁:၃-၄)။
ဖြောင့်မတ်ခြင်းပါရမီတည်းဟူသောရင်အုပ်တန်ဆာ
ရင်အုပ်တန်ဆာသည် ရန်သူထိုးမည့်၊ ခုတ်မည့်အရာကိုကာထားသည်။ ရင်အုပ်သည် ရန်သူ၏အဓိကပစ်မှတ်ဖြစ်သည်။ ရင်အုပ်မကာထားပါက၊ ရန်သူအတွက်အကွက်ကောင်းဖြစ်သည်။ ထို့နည်းတူ၊ ယုံကြည်သူတယောက်၌ ဘုရားပေးထားသောဖြောင့်မတ် ခြင်းကိုလက်ခံဘို့လိုသည် (ရောမ ၄:၅)။ ထိုသို့ခရစ်တော်အားဖြင့်ဖြောင့်သောသူများသည် ဖြောင့်မတ်စွာအသက်ရှင်ရမည် (၁ ယော ၃:ရ)။ ဖြောင့်မတ်စွာအသက်ရှင်လျှင်၊ စာတန်နှင့် သူ၏အပေါင်းပါများသည် အပြစ်အမျိုးမျိုးရှာသော်လည်းမတွေ့၊ ယုံကြည်သူကို မထိုးသတ်နိုင်ချေ။
ဧ၀ံဂေလိဟောပြောရန်အသင့်ပြင်သောခြေစွပ်
ငြိမ်သက်ခြင်းနှင့်ယှဥ်သော ဧ၀ံဂေလိတရားကို ဟောပြောအံ့သောငှါ ပြင်ဆင်သောအဖြစ်တည်းဟူသော ခြေစွပ်ကိုစွပ်ရမည်။ ထိုအရာသည် ဧ၀ံဂေလိတရားကို ဟောပြောဘို့ရန် အဆင်သင့်ရှိခြင်းကို ဆိုလိုသည်။ စာတန်နှင့် သူ၏လူများကို ဧ၀ံဂေလိတရားဟောပြောခြင်းအားဖြင့် အနိုင်ယူရမည်။ ဧ၀ံဂေလိတရားကို နေရာမရွေး၊ အချိန်မရွေးပြောနိုင်ရမည်။ ဧ၀ံဂေလိဟောပြောဖို့ အဆင်သင့်မရှိသောသူသည် ရန်သူရှေ့၌ ဆုံးရှုံးပြီ။
ယုံကြည်ခြင်းတည်းဟူသောလွှား
မာရ်နတ်ပစ်ခတ်သော မီးစက်လက်နက်ကို ကာသတ်နိုင်သော ယုံကြည်ခြင်း တည်းဟူသောလွှား။ လွှားသည်ရန်သူ့ဓါး၊ လှံများအားလုံးကို ကာကွယ်သောအရာဖြစ်သည်။ ထို့နည်းတူ ရန်သူတည်းဟူသော စာတန်ပစ်ခတ်သော မီးစက်လက်နက်များတည်းဟူသော စာတန်သားသမီးများ၏ ဝေဖန်ခြင်း၊ အပြစ်တင်ခြင်း၊ အထင်အမြင်သေးခြင်းများကို ဘုရားသခင်အပေါ်ယုံကြည်ခြင်းအားဖြင့် အောင်မြင်နိုင်သည်။ ထိုယုံကြည်ခြင်း မရှိသောသူသည် သူတပါးဝေဖန်ခြင်းကို မခံနိုင်ဘဲ၊ မလုပ်သင့်သောအရာများကို လုပ်နိုင်သည်။ ထိုမျှသာမက စိတ်ဓါတ်ကျကာ ဘာမျှမလုပ်နိုင်၊ မလုပ်ချင်ဘဲဖြစ်နိုင်သည်။ ထိုသို့ဖြစ်လျှင်စစ်ရှုံးပြီ။
ကယ်တင်ခြင်းတည်းဟူသောသံခမောက်လုံး
သံခမောက်လုံးသည် ဦးခေါင်း လုံခြုံရေးအတွက် အလွန်အရေးကြီးသည်။ ကယ်တင်ခြင်းတည်းဟူသော သံခမောက်လုံးဟုဆိုရာတွင် အပြစ်မှကယ်တင်၍ ကောင်းကင်နိုင်ငံ၀င်ခွင့်ရသော ကယ်တင်ခြင်းကိုမဆိုလို။ အကြောင်းမှာ ဤလက်နက်ကို ကယ်တင်ခြင်းသို့ ရောက်ပြီးသော သူအတွက် ပေးသောလက်နက် ဖြစ်သည်။ ထို့ကြောင့် ဤကယ်တင်ခြင်းသည် ခရစ်ယာန် အသက်တာ၌ စာတန်နှင့် တိုက်ခိုက် သောအခါ ဘုရားသခင်၏ ကူညီမစခြင်းကို ဆိုလိုသည်။ ယုံကြည်သူသည် အချိန်တိုင်း ဘုရားသခင်၏ ကယ်တင်ခြင်း၊ တနည်းအားဖြင့် ကူညီမစခြင်းကို ခံဖို့လိုသည်။ သို့မှသာ စာတန်ကို အောင်မြင်နိုင်မည်။ ကိုယ့်အစွမ်းအစကို အားမကိုးရပါ။
နှုတ်ကပတ်တော်တည်းဟူသောဝိညာဉ်တော်ဓါး
ဖေါ်ပြခဲ့ပြီးသော လက်နက်များသည် ခံစစ်လက်နက်များ ဖြစ်သည်။ ထိုလက်နက်များသည် အလွန်အရေးကြီးသော်လည်း ရန်သူကို ထိုလက်နက်များအားဖြင့် ထိုးစစ်မစင်နိုင်သောကြောင့် ရန်သူသည် ကြောက်လန့်လိမ့်မည် မဟုတ်။ သို့ဖြစ်၍ ရန်သူကို တိုက်ခိုက်ဖို့ရန် ဝိညာဥ်တော်ဓါးတည်း ဟူသော နှုတ်ကပတ်တော်ကို အသုံးပြုရမည်။ စာတန်နှင့် သူ၏လူများသည် လူ၏ အတွေးအခေါ်၊ အပြောကောင်းခြင်းများကို မမှုချေ။ ဘုရားသခင်၏ နှုတ်ထွက်စကားများကိုသာ ကြောက်ရွံ့သည်။ အကြောင်းမှာ နှုတ်ကပတ်တော်သည် သန်လျက်တကာတို့ထက်ထက်သည် (ဟေဗြဲ ၄:၁၂)။ ခရစ်တော်လည်း စာတန်ကို နှုတ်ကပတ်တော်အားဖြင့် အနိုင်ယူခဲ့သည် (မ ၄:၁-၁၁)။ ထို့ကြောင့် နှုတ်ကပတ်တော်ကို အလွတ်ကျက်ရမည်။ ကောင်းစွာ အဓိပ္ပါယ်နားလည်၍ အသုံးပြုရမည်။
==================