သင်ခန်းစာ (၅)
ကျူးလွန်သောအပြစ်
သင်ခန်းစာ (၄)၌ မွေးရာပါအပြစ်အကြောင်းသိရှိခဲ့ရပြီ။ ယခုမွေးရာပါအပြစ်၏ အသီးအပွင့်ဖြစ် သော ကျူးလွန်သောအပြစ်အကြောင်းကို လေ့လာရကြမှာဖြစ်သည်။
အသီးအပွင့်
သခင်ယေရှုက၊ “အသီးအားဖြင့်အပင်၏သဘောကိုထင်ရှားသည်ဖြစ်၍ အသီးကောင်းလျှင်အပင်ကောင်းသည်ဟုဆိုကြလော့။ အသီးမကောင်းလျှင်အပင်မကောင်းဟုဆိုကြလော့။” ဟုဆိုထားသည် (မဿဲ ၁၂:၃၃)။ သခင်ယေရှုပြောသကဲ့သို့ပင်၊ သစ်သီးကောင်းမကောင်းသည်အပင်နှင့်ဆိုင်သည်။ အပင်ကောင်းလျှင် အသီး ကောင်း၍၊ အပင်မကောင်းလျှင်အသီးမကောင်းချေ။ အပင်မကောင်းခြင်းသည်လည်း၊ အမျိုးမကောင်း ခြင်း ကြောင့်ဖြစ်သည်။ မျိုးကောင်းလျှင်အပင်ကောင်းသည်။ အပင်ကောင်းလျှင်အသီးကောင်းသည်။ ထို့ကြောင့် အသီးသည်အဓိကမဟုတ်။ မျိုးသို့မဟုတ်အပင်သည်အဓိကဖြစ်သည်။ လူ၌လည်းမွေးရာပါအပြစ်သည်မျိုးနှင့်တူသည်။ မွေးရာပါအပြစ်ရှိသောအပြစ်သားသည်၊ အပင်နှင့် တူ သည်။ အပြစ်သားကျူးလွန်သောအပြစ်သည်အသီးနှင့်တူသည်။ ကျူးလွန်သောအပြစ်ကိုလူတိုင်းကနားလည် ကြသည်။ လူ့အသက်ကိုသတ်ခြင်း၊ ခိုက်ရန်ဖြစ်ပွားခြင်း၊ မတရားသောမေထုန်၌မှီဝဲခြင်း၊ သူ့မယားကိုပြစ်မှားခြင်း၊ ခိုးခြင်း၊ လိမ်ညာခြင်း၊ မတရားသဖြင့်ကျင့်ခြင်း၊ စိတ်ဆိုးခြင်း၊ စိတ်တိုခြင်း၊ စိတ်ကောက်ခြင်း၊ သူတပါးကိုအမြင် ကပ်ခြင်း၊ မတရားစီးပွါးကိုရှာခြင်း၊ မမှန်သောသက်သေကိုခံခြင်း၊ လောဘလွန်ကျူးခြင်း၊ မနာလိုခြင်း၊ မုန်းတီး ခြင်း၊ အတင်းပြောခြင်း၊ စသောအပြစ်သားများမှထွက်လာသောမကောင်းမှုမှန်သမျှသည်၊ ကျူးလွန်သော အပြစ် များဖြစ်သည်။ ထိုအပြစ်များသည်လူလူချင်းအပေါ် မှာ ပြစ်မှားသောအပြစ်များဖြစ်သောကြောင့်၊ လူ့အမြင်၌အ လွန်အပြစ်ကြီးသည်။
အသီးကြောင့်မဟုတ်မျိုးကြောင့်
သရက်ပင်သည်သရက်သီးသီးသောကြောင့်သရက်ပင်ဖြစ်သည်မဟုတ်။ သရက်မျိုးမှပေါက်သော ကြောင့်သရက်ပင်ဖြစ်သည်။ သရက်သီးသီးသည်ဖြစ်စေ၊ မသီးသည်ဖြစ်စေ၊ သရက်မျိုးမှပေါက်သောကြောင့် သရက်ပင်ဖြစ်သည်။ သရက်သီးမသီးသောသရက်ပင်သည်ရာခိုင်နှုန်းပြည့်သရက်ပင်ဖြစ်သည်။ သရက်သီးသီး သောသရက်ပင်သည်၊ ပို၍သရက်ပင်စစ်သည်မဟုတ်။ ထို့နည်းတူ၊ လူသည်ကျူးလွန်သောအပြစ်လုပ်သော ကြောင့် အပြစ်သားဖြစ်သည်မဟုတ်။ အပြစ်မျိုးမှပေါက်ဘွားလာသောကြောင့်၊ အပြစ်သားဖြစ်ရသည်။ လူတိုင်းထင်မှတ်တတ်သည်မှာ၊ လူသည်ကျူးလွန်သောအပြစ်ကြောင့်၊ အပြစ်သားဖြစ်ရသည်ဟူ၍ဖြစ်သည်။ ထို့ကြောင့်အပြစ်သားမဖြစ်ဘို့ရန်၊ အပြစ်မကျူးလွန်ရန်ချုပ်တီးကြသည်။ ထိုသို့ချုပ်တီးဘို့ရန်လည်းတိုက်တွန်း ဟောပြောသွန်သင်ကြသည်။
မဖြစ်နိုင်
ဒုစရိုက်အပြစ်ချုပ်တီးခြင်းသည်ကောင်းပါသည်။ သို့သော်အပြစ်သားသည်ဒုစရိုက်အပြစ် ကိုချုပ်တီး နိုင်သည်မဟုတ်။ လူရှေ့၌ချုပ်တီးနိုင်သော်လည်း၊ ဘုရားသခင်ရှေ့၌အပြစ်ကျူးလွန်လျက်ပင်ရှိသည်။ ကျမ်းစာ က၊ “အဲသယောပိ (လူမဲ) သည်မိမိအရေ၏အဆင်းကို၎င်း၊ ကျားသစ်သည်မိမိအကွက်အကြားတို့ကို၎င်း၊ ပြောင်း လဲနိုင်သလော။ ပြောင်းလဲနိုင်လျှင်ဒုစရိုက်ကိုပြုလေ့ရှိသောသူတို့သည်၊ သုစရိုက်ကိုပြုခြင်းငှါတတ်နိုင်ကြလိမ့် မည်။” ဟုဆိုထားပါသည် (ယေရမိ ၁၃:၂၃)။ ထို့ကြောင့်၊ မိတ်ဆွေအနေဖြင့်သုစရိုက်တည်းဟူသော ကောင်းမှု ပြုနိုင်ဘို့ရန်မှာ၊ အဲသယောပိလူတည်းဟူသောအသားမဲလူမျိုးကအရေအဆင်းပြောင်းရမည်။ ကျားသစ်လည်းမိမိ အကွက်အကြားပြောင်းရမည်။ အဲသယောပိလူသည်မိမိအရေအဆင်းကိုမပြောင်းနိုင်။ ကျားသစ်သည်လည်းမိမိ အကွက်အကြားကိုမပြောင်းနိုင်။ ထို့ကြောင့်မိတ်ဆွေနှင့်ကျွန်ုပ်လည်းအကျင့်မပြောင်းနိုင်၊ ဘုရားသခင်ရှေ့၌ ကုသိုလ်မလုပ်နိုင်ကြချေ။
ညစ်သောအ၀တ်နှင့်တူခြင်း
လူ့အမြင်၌ကောင်းသည်ဟုထင်ရသော်လည်း၊ ဘုရားအမြင်၌မကောင်းသောအရာများစွာရှိသည်။ မိတ်ဆွေအနေဖြင့်မိမိအကျင့်ကိုနှစ်သက်မှာဖြစ်သော်လည်း၊ ဘုရားသခင်အနေဖြင့်အလွန်ရွံရှာသည်။ ကျမ်းစာ က၊ “အကျွန်ုပ်တို့ရှိသမျှသည်စင်ကြယ်ခြင်းမရှိပါ။ ပြုဘူးသမျှသောကုသိုလ်ကောင်းမှုတို့သည် ညစ်သောအဝတ် နှင့်တူကြပါ၏။” ဟုဆိုထားပါသည် (ဟေရှာ ၆၄:၆)။ အထက်ပါကျမ်းပိုဒ်အရ၊ ကုသိုလ်ကောင်းမှုများပင်လျှင် ရွံစရာကောင်းပြီး၊ ညစ်သောအဝတ်နှင့်တူသည်။ လူ့အမြင်၌ကုသိုလ်ကောင်းမှုသည်ကောင်းပါသည်။ သို့သော် အပြစ်သားပြုသောကုသိုလ်ကောင်းမှုကိုဘုရားသခင်ရွံရှာသည်။ အကြောင်းမှာ လူသည်ညစ်ညူးသောကြောင့် ဖြစ်သည်။ လူသည်ဘုရားသခင်ရှေ့၌အနူရောဂါသည်ကဲ့သို့ညစ်ညူးသည်။ အနူရောဂါသည်သုပ်ပေးသော လက်ဖက်သုပ်ကို၊ မိတ်ဆွေစားချင်ပါမည်လော။ မည်မျှပင်ကောင်းသောလက်ဖက်၊ ပဲ၊ နှမ်း၊ ပုဇွန်ခြောက်များ သုံးသော်လည်း၊ မိတ်ဆွေစားချင်မည်မဟုတ်။ အကြောင်းမူကားလက်ဖက်သုပ်ကောင်းသော်လည်း၊ သုပ်ပေးသူ မသန့်ရှင်းသောကြောင့်ဖြစ်သည်။ ထို့နည်းတူမိတ်ဆွေ၏ကုသိုလ်ကောင်းမှုများသည်ကောင်းပါသည်။ သို့သော် မိတ်ဆွေသည်ဘုရားသခင်ရှေ့၌မသန့်ရှင်းသောကြောင့်၊ မိတ်ဆွေ၏ကုသိုလ်ကောင်းမှုများလည်းညစ်ညူးပြီး သန့်ရှင်းခြင်းမရှိချေ။ ထို့ကြောင့်ဘုရားသခင်ရှေ့၌ကုသိုလ်ကောင်းမှုအားဖြင့်မျက်နှာမရနိုင်ချေ။
အပြစ်မရှိဟုထင်တတ်
လူသည်အမှောင်သားဖြစ်၍အမှောင်ထဲ၌နေသောကြောင့်မိမိအပြစ်ကိုမမြင်တတ်ချေ။ တခါတုန်း က၊ “မှားယွင်းခြင်းအမှုကိုပြုလျက်နေသောမိန်းမတယောက်ကိုတွေ့လျှင် ကျမ်းပြုဆရာနှင့်ဖာရိရှဲတို့သည်ခေါ် ခဲ့ ၍အလယ်၌ထားပြီးမှ၊ အရှင်ဘုရားဤမိန်းမသည်၊ မှားယွင်းခြင်းအမှုကိုပြုစဥ်တွင်ပင်တွေ့မိပါသည်။ ထိုသို့သော မိန်းမကိုကျောက်ခဲနှင့်ပစ်ရမည်ဟုမောရှေသည်၊ အကျွန်ပ်တို့အားပညတ်တရား၌စီရင်ထုံးဖွဲ့ပါပြီ။ သို့ရာတွင် ကိုယ်တော်သည်အဘယ်သို့မိန့်တော်မူမည်နည်းဟုလျှောက်ကြ၏။ ယေရှုသည်အောက်သို့ငုံ့လျက်လက်ညှိုး တော်နှင့်မြေ၌ရေးသား၍နေတော်မူ၏။ ထိုသူတို့သည်အထပ်ထပ်မေးလျှောက်ကြသောအခါကိုယ်ကိုလှန်တော် မူ၍၊ သင်တို့တွင်အပြစ်ကင်းသောသူသည်ရှေ့ဦးစွာကျောက်ခဲနှင့်ပစ်စေဟု၊ မိန့်တော်မူပြီးမှ၊ တဖန်အောက်သို့ ငုံ့၍မြေ၌ရေးသားတော်မူပြန်၏။ ထိုသူတို့သည်ကြားရလျှင်၊ မိမိတို့စိတ်နှလုံးသည်မိမိတို့အပြစ်ကိုဖေါ်ပြသဖြင့် အသက်ကြီးသောသူမှစ၍အငယ်ဆုံးသောသူတိုင်အောင်၊ တယောက်နောက်တယောက် ထွက်သွားကြ၏။” (ယော ၈:၃-၉)။ ကျမ်းပြုဆရာနှင့်ဖရိရှဲများသည်၊ အစ၌မိမိတို့အပြစ်ကိုမမြင်၊ အမျိုးသမီး၏အပြစ်ကိုသာမြင်ကြ သည်။ ထို့ကြောင့်သခင်ယေရှုထံအမျိုးသမီးကိုတရားစွဲကြသည်။ သူတပါး၏အပြစ်ကိုမြင်နေချိန်တွင်ကိုယ့်အ ပြစ်ကိုမမြင်နိုင်ချေ။ ထိုနည်းတူမိတ်ဆွေသည်ကိုယ့်အပြစ်ကိုမမြင်နိုင်ဘဲရှိနေပါသလား။ သို့သော် သခင်ယေရှု၏ စကားကြောင့် မိမိတို့ အပြစ်ကို မြင်၍၊ ထိုမိန်းမ၏အပြစ်ကိုမမြင်တော့ဘဲထွက်ခွါသွားကြသည်။ ထိုသူအပေါင်း တို့ သည်အလာ၌အပြစ်မရှိဟု၊ ထင်မှတ်ကြသော်လည်း၊ သခင်ယေရှုထံမှအပြန်တွင်မိမိတို့အပြစ်များကို သိမြင် လျက်ပြန်သွားကြသည်။ မိတ်ဆွေလည်းသခင်ယေရှုနှင့်တွေ့ပါက၊ မိမိအပြစ်ကိုမြင်လာမှာဖြစ်သည်။
ကောင်းသောအကျင့်ကျင့်သူ
လောကလူတို့အထဲ၌ကောင်းသောအကျင့်ကျင့်သောသူတော်ကောင်းရှိမည်ဟူ၍၊ လူအများကထင်မှတ် တတ်ကြသည်။ သို့သော်ကျမ်းစာကအတိအလင်းဖေါ်ပြသည်မှာ၊ “ကောင်းသောအမှုကိုပြုသောသူမရှိ။ နားလည် သောသူ၊ ဘုရားသခင်ကိုရှာသောသူတစုံတယောက်ရှိသည်မရှိသည်ကိုသိမြင်ခြင်းငှာ၊ ထာ၀ရဘုရားသည် ကောင်းကင်ပေါ်ကလူသားတို့ကိုငုံ့၍ကြည့်ရှုတော်မူ၏။ လူအပေါင်းတို့သည်လမ်းလွဲကြပြီ။ တညီတညွတ်တည်း ဆွေးမြေ့ယိုယွင်းခြင်းရှိကြ၏။ ကောင်းသောအကျင့်ကိုကျင့်သောသူမရှိ။ တယောက်မျှမရှိ။”ဟုဆိုထားသည် (ဆာလံ ၁၄:၂-၃)။ လူ့အမြင်၌ကောင်းသောသူ၊ အကျင့်ကောင်းသောသူရှိနိုင်သော်လည်း၊ ထာ၀ရဘုရားအမြင်၌ တယောက်မျှကောင်းသောအကျင့်ကိုကျင့်သောသူမရှိဟုဆိုထားသည်။ တယောက်မျှမရှိဟုအတိအလင်းဖေါ်ပြ ထားသည်။ အကြောင်းမှာလူသည်မွေးစကပင်အပြစ်သားဖြစ်သောကြောင့်ဖြစ်သည်။ အပြစ်သားသည်အပြစ်လုပ်ဖို့ရန်မွေးဘွားသည်။ ထို့ကြောင့်အပြစ်သာလုပ်တတ်သည်။
အပြစ်လုပ်ဖို့ရန်မွေး
လူတိုင်းထင်မှတ်တတ်သည်မှာ လူသာအကောင်းနှင့မွေးသော်လည်း ကြီးလာသောအခါ ပတ်ဝန်းကျင်ကြောင့်၊ အပေါင်းအသင်းကြောင့် အကျင့်ပျက်သည်ဟူ၍ ဖြစ်သည်။ သိုသော် မည်သည့်အရာမဆို အမျိုးလိုကကြောင်း(မျိုးရိုးလိုက်ကြောင်း)ကို တွေ့ရသည်။ ဥပမာ၊ ခွေးသည်ဟောင်ဖို့မွေးသည်။ ထို့ကြောင့် ခွေးဟောင်လျှင် အံ့ဩစရာမရှိ။ ဘဲသည် ရေကူးဖို့မွေးသည်။ ထို့ကြောင့် ဘဲရေကူးလျှင် ထူးဆန်းသည်မဟုတ်။ ကြက်ဖသည်တွန်ဖိုမွေးသည်။ ထို့ကြောင့် ကြက်ဖသည် သင်ပေးစရာမလိုဘဲ ကြီးလာသောအခါ တွန်တတ်သည်။ ထို့နည်းတူ လူသည်လည်း မပြစ်လုပ်ဖိုမွေးဖွားသည်။ ထို့ကြောင့် ကြီးလာသောအခါ သင်ပေးစရာမလိုဘဲ အပြစ်မျိုးစုံလုပ်တတ်သည်။ အပြစ်လုပ်နည်းသင်တန်းမတက်ရဘဲ အပြစ်လုပ်တတ်ကြသည်။ ခိုးနည်း၊ သတ်နည်း၊ မုသာပြောနည်း သင်တန်းမရှိပါ။ လူတိုင်း လုပ်တတ်ကြသည်။ ထိုသို့ အပြစ်လုပ်တတ်ဖို့ရန် မွေးဖွားကြသည်။ ထိုအရာကိုသိသောအခါ ဒါဝိဒ်မင်းကြီးက၊ “အကျွန်ုပ်သည်မွေးစကပင်အပြစ်ပါလျက်ရှိပါ၏။ အမိ၀မ်းထဲ၌ပဋိသန္ဓေယူစဥ်ပင်အပြစ်စွဲပါ၏။” ဟုဆိုထားသည် (ဆာလံ ၅၁:၅)။ မွေးစ၌ထိုအပြစ်သဘောသည်မထင်ရှားသေး။ ကြီးလာသောအခါမှထင်ရှားလာသည်။ သစ်ပင်များလည်းပေါက်ခါစ၌မသီးတတ်။ သို့သော်ကြီးရင့်လာသောအခါမှသီးတတ်ကြသည်။ မသိသောသူများ အတွက်အသီးသီးမှသာအပင်၏သဘောကိုသိရကြသည်။ အမျိုးနားလည်သူအတွက်ပေါက်စ၌ပင်၊ မည်သည့်အသီးမျိုးသီးမည်ကိုနားလည်နိုင်သည်။ ဘုရားသခင်သည်လူ၏သဘောကိုမွေးစကပင်နားလည်သောကြောင့်၊ မည်ကဲ့သို့သောအကျင့်ကိုကျင့်မည်ဟူသောအရာကိုသိနှင့်ပြီးသားဖြစ်သည်။ ထို့ကြောင့်အဘယ်သူမျှဘုရားသခင်ရှေ့တော်၌ဖြောင့်မတ်သောသူမရှိ။ “ခြားနားခြင်းအလျှင်းမရှိ။ လူအပေါင်းတို့သည်ဒုစရိုက်အပြစ်ကိုပြု၍ဘုရားသခင်၏ရှေ့တော်၌အသရေပျက်ကြပြီ။” (ရော ၃:၂၃)။
==================