သင်ခန်းစာ (၈)
တိရစ္ဆာန်နှင့်ပိုးမွွှား
သင်ခန်းစာ (ရ)၌ လူသည် စာတန်သားသမီးဖြစ်ကြောင်းသင်ခဲ့ရပြီ။ စာတန်သားသမီးဖြစ်ကြသောကြောင့် စာတန်ကဲ့သို့သောအကျင့်ရှိကြသည်။ နိဂုံးလည်း စာတန်နှင့်အတူ ငရဲအိုင်ထဲသို့ သွားရမှာဖြစ်သည်။ ဆက်လက်၍ လူ၏အမျိုးသည် ဘုရားအမြင်၌ တိရစ္ဆာန်နှင့်ပိုးမွှားများသာဖြစ်ကြောင်း သင်ကြရမှာ ဖြစ်သည်။
တိရစ္ဆာန်ဖြစ်
လူသည် ကိုယ့်ကိုယ်ကို အဟုတ်ကြီး ထင်မှတ်တတ်သော်လည်း ဘုရားသခင်ရှေ့၌ လူမဟုတ်၊ တိရစ္ဆာန်မျှသာ ဖြစ်သည်။ သင်ခန်းစာ (၃) ၌လူသည်ကိုယ်ခန္ဓာ၊ စိတ်၊ ၀ိညာဥ် သုံးပိုင်းအသက်ရှင်လှုပ်ရှားမှသာလျှင် ဘုရားသခင်အမြင်၌ လူဖြစ်ကြောင်းသင်ခဲ့ရပြီ။ သို့သော် ကိုယ်ခန္ဓာနှင့် စိတ် သာအသက်ရှင်သောသူသည် တိရစ္ဆာန်ဖြစ်သည်။ ထို့ကြောင့် သုတ္တံဆရာက၊ “အကယ်စင်စစ်ငါသည် လူမဟုတ်။ တိရစ္ဆာန်ဖြစ်၏။ လူဥာဏ်နှင့်မပြည့်စုံ။” ဟုဆိုသည် (သုတ္တံ ၃၀:၂)။
ခွေးဖြစ်သည်
“ခွေးသည်မိမိအန်ဖတ်ကိုပြန်၍စားတတ်သည်။” (၂ ပေ ၂:၂၂)။ ထိုနည်းတူလူလည်းမိမိစွန့်ပြီးသောအပြစ်ကို ပြန်လုပ်တတ်သည်။
၀က်ဖြစ်သည်
“၀က်သည်လည်းဆေးပြီးမှရွှံ့တွင်လူးပြန်သည်။” (၂ ပေ ၂:၂၂)။ ၀က်သည် ရွှံ့ကြိုက်သကဲ့သို့ လူသည် ညစ်ညူးသောအရာကို ကြိုက်နှစ်သက်သည်။ ထိုအရာများကို စွန့်ပြီးမှပြန်ကျင့်တတ်သည်။ ထို့ကြောင့်လူသည် ၀က်ကဲ့သို့ဖြစ်သည်။
လူနှင့်တိရစ္ဆာန်တူညီချက်များ
(၁) ပျက်စီးခြင်းသို့ရောက်တတ်သည်၊
“ထင်ရှားသောအရာဟူမူကား၊ ပညာရှိသောသူတို့သည်သေတတ်ကြ၏။ ထိုအတူမိုက်သောသူနှင့် တိရစ္ဆာန်သဘောရှိသောသူတို့သည် ပျက်စီးခြင်းသို့ ရောက်၍ မိမိတို့ ဥစ္စာကို သူတပါးတို့၌ ချန်ထားကြ၏။” (ဆာလံ ၄၉:၁၀)။ တိရစ္ဆာန်သည် သေဆုံး၍ ပျက် စီးခြင်းသို့ ရောက် သကဲ့သို့ လူသည်လည်း သေဆုံး၍ ပျက်စီးခြင်းသို့ ရောက်တတ်သည်။
(၂) တိရစ္ဆာန်ဉာဏ်သာရှိ
“လူမည်သည်ကား မိမိဥာဏ်အားဖြင့် တိရစ္ဆာန်ကဲ့သို့ဖြစ်၏” (ယေရမိ ၅၁:၁ရ)။ လူသည်ကိုယ်ကိုယ်ကို ဥာဏ်ကောင်းသည်ဟု ထင်တတ်သော်လည်း ဘုရားသခင်ရှေ့တော်၌ တိရစ္ဆာန်၏ဥာဏ်မျှလောက်သာ ရှိသည်။ တိရစ္ဆာန်များသည် စားသောက်ဘို့ရန်သာ စဥ်းစားသကဲ့သို့ လူသည်လည်း စားသောက်ဘို့သာ စဥ်းစားတတ်သည်။ တိရစ္ဆာန်များသည် ကိုယ်ကျိုးကိုသာကြည့်တတ်သကဲ့သို့ လူသည်လည်း ကိုယ်ကျိုးကိုသာ ကြည့်တတ်သည်။
(၃) တိရစ္ဆာန်များသည် ဘုရားသခင်ကို မကိုးကွယ်ကြ၊
အစာစားသောအခါ၌လည်း ကျေးဇူးတော်မချီးမွမ်းကြ။ သူတို့ကိုဖန်ဆင်းသောအရှင်ကို မသိကြ။ ထို့နည်းတူ လူလည်း မိမိဖန်ဆင်းရှင်ကိုမသိကြ။ ထာ၀ရဘုရားကို ကိုးကွယ်ခြင်း၊ ကျေးဇူးတော်ကို ချီးမွမ်းခြင်း မပြုကြ။ ကိုးကွယ်သောသူများလည်း ဟန်ပြသာလျှင် ကိုးကွယ်ကြသည်။ စိတ်နှလုံးမူကား ဘုရားသခင်နှင့်ဝေးလှ၏ (မဿဲ ၁၅:ရ- ၉)။ ဗာဗုလုန်ရှင်ဘုရင်နေဗုခဒ်နေဇာသည် ဘုရားသခင်၏ ချီးမြှောက်ခြင်းခံခဲ့ရသော်လည်း ကိုယ့်ကိုယ်ကို အထင်ကြီးလျက် ဘ၀င်မြင့်သောအခါ ထာ၀ရဘုရားက တိရစ္ဆာန်စိတ်ပေါက်စေလျက် တိရစ္ဆာန်ကဲ့သို့ တောထဲ၌ ခုနစ်နှစ်နေရသည်။ ခုနစ်နှစ်ပြည့်သောအခါ ထာဝရဘုရားကိုချီးမွမ်း၍ ဘုရားသခင်က လူစိတ်ပြန်၀င်စေကာလူစုထဲ၌ အာဏာပြန်လည်တည်မြဲစေခဲ့သည် (ဒံယေလ ၄:၂၈-၃ရ)။ ထိုသို့ ဘုရားသခင်ဖြစ်စေခြင်းမှာ၊ လူသည်တိရစ္ဆာန်ကဲ့သို့ဖြစ်၍ ဘုရားသခင်ကို ကိုးကွယ်ချီးမွမ်းမှသာ လူဖြစ်ကြောင်းသိစေဘို့ရန်ဖြစ်သည်။
ပိုးမွှားမျှသာ
လူသည် တိရစ္ဆာန်ကဲ့သို့ဖြစ်သည်သာမက ဘုရားအမြင်၌ ပိုးမွှားမျှသာ ဖြစ်ကြောင်းကို ကျမ်းစာအားဖြင့်သိရှိရသည်။ ကျမ်းစာက၊ “သို့ဖြစ်၍ လူသည် ဘုရားသခင်ရှေ့၌ ကုသိုလ်ကို အဘယ်သို့ရနိုင်သနည်း။ လူမိန်းမဘွားမြင်သောသူသည် အဘယ်သို့ သန့်ရှင်းနိုင်သနည်း။ လသော်လည်း အလင်းမရှိ။ ကြယ်သော်လည်းရှေ့တော်၌ မဖြူစင်။ ထိုမျှမကတီကောင်ဖြစ်သောလူ၊ ပိုးရွဖြစ်သော လူသားကို အဘယ်ဆိုဘွယ်ရာရှိသနည်း။” ဟုဆိုထားပါသည် (ယောဘ ၂၅:၄-၆)။
တီကောင်
လူသည် ဘုရားသခင်ရှေ့ ၌ တီကောင်ဖြစ်သည်။ လူနှင့်တီကောင်တူညီသောအချက်များမှာ၊
(၁) ရွံစရာကောင်းခြင်း၊ တီကောင်သည် ရွံစရာကောင်းသကဲ့သို့ လူသည် ဘုရားသခင်ရှေ့ ၌ ရွံစရာကောင်းသည်။ တီကောင်က မိတ်ဆွေထံမိမိအသက်စွန့်လျက်စားဘို့ရန်သော်၎င်း၊ စေခိုင်းဘို့ရန်သော်၎င်း၊ ဆက်ကပ်ပါက မိတ်ဆွေလက်ခံနိုင်ပါမည်လော။ ထိုနည်းတူ ရွံစရာကောင်းသော လူသားများ၏ ဆက်ကပ်ခြင်းကို ဘုရားသခင်နှစ်သက်လက်ခံတော်မမူ။
(၂) မြေကြီးကိုကြိုက်နှစ်သက်၊ တီကောင်သည် မြေကြီးကို ကြိုက်နှစ်သက်၍ မြေကြီးကိုသာ စားသကဲ့သို့ လူသည်လည်း ကောင်းကင်အရာထက် မြေကြီးအရာကိုသာ စွဲလန်းနှစ်သက်သည်။
(၃) မြေကြီးသာရှိ၊ တီကောင်၏၀မ်းထဲ၌ မြေကြီးသာရှိသကဲ့သို့ လူ၏စိတ်နှလုံးထဲ၌လည်း မြေကြီးအရာသာရှိသည်။
(၄) မြေကြီးထဲ၌နေ၊ တီကောင်သည် မြေကြီးထဲ၌ နေသကဲ့သို့ လူသည်လည်း မြေကြီးအရာထဲ၌သာ ပျော်မွေ့သည်။
(၅) မည်သူကိုမျှမနိုင်၊ တီကောင်သည် မည်သူ့ကိုမျှမနိုင်သကဲ့သို့၊ လူသည်လည်း စာတန်၊ အပြစ်၊ အနာရောဂါ၊ သေခြင်းတို့ကို မနိုင်ချေ။
ပိုးရွ
ပိုးရွသည် လောက်ကောင်များကို ဆိုလိုသည်။ လောက်ကောင်နှင့် လူတူညီသော အချက်များမှာ၊
(၁) ပိုးရွသည်ရွံစရာကောင်းသကဲ့သို့ လူလည်းရွံစရာကောင်းသည်။
(၂) ပိုးရွသည် အပုပ်အနံ့များကြိုက်သကဲ့သို့ လူလည်းမကောင်းသောအရာ၊ ဒုစရိုက်အပြစ်များကို ကြိုက်နှစ်သက်သည်။
(၃) ပိုးရွသည်ညစ်ညူးသောနေရာ၌နေသကဲ့သို့ လူသည်ဒုရိုက်နှင့်ညစ်ညူးသော နေရာ၌ပျော်မွေ့တတ်သည်။ ဘုရားတရားပြောဆိုသောနေရာ၌ မပျော်မွေ့တတ်။
(၄) ပိုးရွ၏အထဲ၌ရွံစရာသာရှိ သကဲ့သို့ လူ၏ စိတ်နှလုံးသည် အလွန်ရွံစရာ ကောင်းသည်။
ထို့ကြောင့် မိတ်ဆွေသည် အရပ်ရှည်ပါကတီကောင်ရှည်ရှည်၊ ပိုးရွရှည်ရှည်ဖြစ်သည်။ မိတ်ဆွေသည်ဝပါက ပိုးရွဝဝ၊ တီကောင်ဝဝ ဖြစ်သည်။ မိတ်ဆွေသည်ပိန်ပါက တီပိန်လောက်ပိန် ဖြစ်သည်။ တီကောင်နှင့်ပိုးရွသည် လူအတွက်အသုံးမဝင်သကဲ့သို့ လူသည်လည်း ဘုရားသခင်အတွက် အသုံးမဝင်ချေ။ သို့သော် လူသည်မိမိအခြေအနေကိုမသိသောကြောင့် ဘုရားသခင်ထံ၌ ဆက်ကပ်လှူဒါန်းခြင်းအားဖြင့် မျက်နှာရဘို့ ကြိုးစားတတ်ကြသည်။
==================