သင်ခန်းစာ (၂၀)
ခရစ်ယာန်(၂)မျိုး
ယုံကြည်ခါစ ခရစ်ယာန်တိုင်း မှားတတ်သော အရာတခု ရှိသည်။ ထိုအရာမှာ ခရစ်တော်ကို ယုံကြည်သောသူသည် အပြစ်မလုပ်ရ၊ ထိုမျှမကအပြစ်မလုပ်နိုင်ဟု ထင်မှတ်ခြင်းပင်ဖြစ်သည်။ အကယ်၍ ယုံကြည်သူတယောက် အပြစ်ပြန်လုပ်လျှင်၊ ထာ၀ရအသက် ပြန်လည်ဆုံးရှုံးမည်ဟု ထင်မှတ်တတ်သည်။ အမှန်မှာ ထာ၀ရအသက်သည် အပြစ်ကင်းသောကြောင့်လည်းကောင်း၊ ဘုရားသခင်၏ အလိုတော်အတိုင်း နေနိုင်သောကြောင့်သော်လည်းကောင်း၊ ရသည်မဟုတ်။ ဘုရားသခင်၏ ကျေးဇူးတော်သက်သက်ကြောင့် ရရှိသည်ဖြစ်၍၊ ပြန်လည်မဆုံးရှံးနိုင်ချေ။ အကယ်၍ အပြစ်လုပ်တိုင်း ထာ၀ရအသက်ဆုံးရှုံးလျှင်၊ ထာ၀ရအသက် မဟုတ်တော့ချေ။ ထာ၀ရအသက်သည်၊ တဆက်တည်းဖြစ်၍ တခါရရှိလျှင်၊ ထာ၀ရတည်တန့်သည်။ ထိုသို့မဟုတ်ဘဲ အပြစ်လုပ်သောအခါ ထာ၀ရအသက်ဆုံးရှုံး၍၊ ပြန်လည်နောင်တရသောအခါတိုင်း၊ ပြန်ရရှိနိုင်လျှင် ထာ၀ရအသက်မဟုတ်၊ ပြတ်တောင်းပြတ်တောင်း အသက်သာဖြစ်မည်။ ဘုရားသခင်က ယုံကြည်သူကို၊ ထာ၀ရအသက်ပေးသောအခါ ထိုက်တန်၍ပေးသည်မဟုတ်၊ သနားသောအားဖြင့်သာ ပေးသည်ကို သိထားဘို့လိုသည် (ဧဖက် ၂:၈-၉)။ ထိုမျှသာမက ယုံကြည်သူများသည်၊ အပြစ်လုပ်နိုင်သေးကြောင်း ရှင်ယောဟန်က ဤသို့ရေးသားထားသည်၊ “ကိုယ်အပြစ်မရှိဟုငါတို့သည်ဆိုလျှင် ကိုယ်ကိုကိုယ်လှည့်ဖျားကြ၏။ ဒုစရိုက်မပြုပြီဟုငါတို့သည်ဆိုလျှင် ဘုရားသခင်ကိုမုသာအပြစ် တင်ကြ၏။ နှုတ်ကပတ်တော်လည်းငါတို့၌မရှိ။” (၁ ယော ၁:၈၊ ၁၀)။ အမှန်မှာ ယုံကြည်သူ အပြစ်လုပ်လျှင် ဝိညာဉ်ဖျားနာခြင်း ဖြစ်သည်။ ကိုယ်ခန္ဓာ ဖျားနာသောအခါ၊ အသက်ကုန်ဆုံးသွားသည်မဟုတ်။ သို့သော် ဘာမျှမလုပ်နိုင်ဘဲ အိပ်ယာပေါ်၌ လဲနေသကဲ့သို့၊ ယုံကြည်သူ အပြစ်လုပ်လျှင် ဝိညာဉ်ရေးရာ၌ အလုပ်မလုပ်နိုင်ဘဲ၊ ဖျားနာနေခြင်း ဖြစ်သည်။ ဤလောက၌ လူ(၃)မျိုး(၃)စားရှိကြောင်း၊ သမ္မာကျမ်းစာအားဖြင့် သိရသည်။ ၎င်းတို့မှာ၊
ဇာတိပကတိလူ
ဇာတိပကတိလူသည် ခရစ်တော်ကိုမယုံကြည်။ ခရစ်တော်ကို လက်မခံသောသူ ဖြစ်သောကြောင့် ခရစ်တော်နှင့်မဆိုင် (ရောမ ၈:၉)။ ခရစ်တော်မရသောကြောင့် ထာ၀ရအသက်မရ (၁ ယော ၅:၁၂)။ ခရစ်တော်ကို မယုံကြည်သောကြောင့်၊ ယခုပင် အပြစ်စီရင်ခြင်းကိုခံရသောသူဖြစ်သည် (ယောဟန် ၃:၁၈)။ သူသည် ခရစ်တော်ကိုမရသောကြောင့်၊ စိတ်နှလုံးအထဲရှိ ပလ္လင်ပေါ်၌ ငါတည်းဟူသော မာန်မာနက အုပ်စိုးသည်။ ရှင်ပေါလုက၊ ဇာတိပကတိလူနှင့်ပတ်သက်၍ ဤသို့ဆိုသည်၊ “ဇာတိပကတိလူသည် ဘုရားသခင်၏ ဝိညာဉ်တော်အရာကို မခံမယူ၊ ထိုအရာတို့ကို မိုက်မဲသောအရာ ဖြစ်သည်ဟု ထင်တတ်သည်။ ထိုအရာကို ဝိညာဉ်အားဖြင့် ပိုင်းခြား၍ နားလည်နိုင်သောကြောင့်၊ ဇာတိပကတိလူသည် နားမလည်နိုင်။” (၁ ကော ၂:၁၄)။ ဇာတိပကတိလူသည်၊ ၀ိညာဥ်အရာကို နားမလည်သောကြောင့် မလိုချင်၊ မြေကြီးအရာကိုသာ စိတ်စွဲလန်းခြင်းရှိသည်။ သူ၏ အသက်တာ၊ အပြုအမူ၊ အကျင့်အကြံများကြည့်လျှင်လည်း၊ ၀ိညာဥ်သဘော မရှိချေ။ တည်ငြိမ်ခြင်း၊ ၀မ်းမြောက်ခြင်းမရှိ။ အလွန်ပျော်ရွှင်လိုက်၊ အလွန်၀မ်းနည်းလိုက်၊ စိတ်တိုလိုက်၊ စိတ်ဆိုးလိုက်၊ စိုးရိမ်ပူပန်လိုက်ဖြင့် မငြိမ်သက်သော အသက်တာဖြင့်အသက်ရှင်သည်။ ဇာတိပကတိအသက်တာသည်၊ သာသနာပလူများ၌သာမက၊ ခရစ်ယာန်များထဲ၌လည်း များစွာရှိသည်။ သင်းအုပ်ဆရာများမှစ၍၊ အသင်းတော်လူကြီးများ၊ အမျိုးသမီးခေါင်းဆောင်များ၊ လူငယ်ခေါင်းဆောင်များ၊ အသင်းသူအသင်းသား များစွာတို့သည်၊ အပြင်ပန်းအားဖြင့်ခရစ်ယာန်ဟု ထင်ရသော်လည်း၊ ခရစ်တော်ကိုမရရှိသောကြောင့် ဇာတိပကတိလူများ ဖြစ်ကြသည်။ ဤအသက်တာမျိုးဖြင့် ဘုရားသခင်၏အလိုတော်ကို မလိုက်နိုင်။ လိုက်ချင်စိတ်လည်း မရှိကြ။ ဘုရားအလိုတော်ထက်၊ မိမိတို့အလိုဆန္ဒကိုလိုက်ဖို့ အလေးထားကြသည်။ ဘုရား၏ ဘုန်းရှုတ်ချစရာဖြစ်စေသည်။
ဝိညာဥ်ပကတိခရစ်ယာန်
ဝိညာဉ်ပကတိခရစ်ယာန်သည်၊ ခရစ်တော်ကို စိတ်နှလုံးထဲ၌ လက်ခံသည်သာမက၊ သူ၏အသက်တာကို အုပ်စိုးခွင့်ပြုသောသူ ဖြစ်သည်။ ငါတည်းဟူသော မာန်မာနကို အောက်သို့ချသည်။ ဤလူသည် ခရစ်တော်ရရှိသောကြောင့်၊ စစ်မှန်သောခရစ်ယာန် ဖြစ်သည်။ ထာ၀ရအသက်ကိုလည်း ရရှိသည် (၁ကော ၅း၁၂)။ အပြစ်စီရင်ခြင်းမှလည်း၊ လွတ်မြောက်သောသူ ဖြစ်သည် (ယောဟန် ၃း၁၈)။ ဘုရားသခင် ရှေ့တော်၌ ဖြောင့်မတ်သောသူ၊ သန့်ရှင်းသောသူ ဖြစ်သည် (၁ကော ၁း၂၊၃၀)။
ဝိညာဉ်ပကတိခရစ်ယာန်သည် အသက်တာကို ကိုယ်တိုင်မအုပ်စိုးဘဲ ခရစ်တော်ကို အုပ်စိုးစေသောကြောင့်၊ ဘုရားအလိုတော်အတိုင်း အသက်ရှင်သောသူ ဖြစ်သည်။ ထို့ကြောင့် ဝိညာဉ်တော်၏ အသီးတည်းဟူသော ချစ်ခြင်း၊ ဝမ်းမြောက်ခြင်း၊ ငြိမ်သက်ခြင်း၊ စိတ်ရှည်ခြင်း၊ ကျေးဇူးပြုခြင်း၊ ကောင်းမြတ်ခြင်း၊ သစ္စာစောင့်ခြင်း၊ နူးညံသိမ်မွေ့ခြင်း၊ ကာမဂုဏ်ချုပ်တည်းခြင်း စသော ဝိညာဉ်တော်၏ အသီးများကို သူ၏အသက်တာ၌ တွေ့ရသည် (ဂလာ ၅း၂၂-၂၃)။
ဤလူ၏အသက်တာသည် အဓိပ္ပါယ်ရှိ၍ ပန်းတိုင်လည်းရှိသည်။ အပြောအဆို၊ အပြုအမူ အကြံအစည်တို့သည်၊ ဘုရားသခင်၏အလိတော်အတိုင်း ဖြစ်သောကြောင့် သူတပါးအတွက်လည်း တညဆောက်စရာဖြစ်၍၊ လူများကို ဆွဲဆောင်နိုင်သောသူ ဖြစ်သည်။ သူ၏ အသက်တာသည်၊ ဘုရားသခင်၏ဘုန်းတော်ကို ထင်ရှားစေ၍၊ လူတိုင်း၏ လေးစားနှစ်သက်ချစ်ခင်မြတ်နိုးခြင်းကို ခံရသည်။ ယုံကြည်သူတိုင်းသည်၊ ထိုကဲ့သို့သော အသက်တာဖြင့် အသက်ရှင်ရမည် ဖြစ်သည်။ ထိုကဲ့သိုသောသူကို၊ သာသနာပလူများကလည်း လေးစား၍၊ သူ့အားဖြင့် ဘုရားသခင်ကို ယုံကြည်လာကြမှာ ဖြစ်သည်။ ဘုရားသခင်၏ စိတ်တော်နှင့်တွေ့၍၊ ယုံကြည်သူတိုင်း မျှော်လင့်တောင့်တသော အသက်တာဖြစ်သည်။
ဇာတိပကတိခရစ်ယာန်
ဇာတိပကတိခရစ်ယာန်သည်၊ ခရစ်တော်ကို စိတ်နှလုံးထဲ၌ရရှိသောကြောင့်၊ ထာ၀ရအသက်ကို ရရှိသောသူ၊ အပြစ်စီရင်ခြင်းမှကင်းလွတ်သောသူ ဖြစ်သည်။ ခရစ်ယာန်တယောက် ရသင့်ရထိုက်သောအခွင့်အရေးများကို ရသည်။ သို့သော် ခရစ်တော်ကိုအသက်တာ၌ အုပ်စိုးခွင့်မပေး။ ငါတည်းဟူသော အတ္တမာန်မာနဖြင့် အသက်တာကို အုပ်စိုးသည်။ ထို့ကြောင့် ခရစ်ယာန်ဖြစ်သော်လည်း ခရစ်ယာန်မဟုတ်သကဲ့သို့၊ ဇာတိသဘောဖြင့် အသက်ရှင်သည်။ ဤလူသည် ခရစ်တော်ကိုရရှိသောကြောင့် ထာ၀ရအသက်မဆုံးရှုံးသော်လည်း၊ ဇာတိအလိုအားဖြင့် အသက်ရှင်သောကြောင့်၊ သူ၏အသက်တာ၌ ဘုရားသခင်၏ဘုန်းတော် မထင်ရှားသည်သာမက၊ ရှုတ်ချစရာဖြစ်သည်။ ဇာတိပကတိလူကဲ့သို့ပင် ဂလာတိ ၅:၁၉-၂၁ ထဲ၌ ဖေါ်ပြသော ဇာတိအသီးများကိုသာ သီးသည်။
ကောရိန်သုအသင်းတော်
ကောရိန်သုအသင်းတော်လည်း ဇာတိအားဖြင့် အသက်ရှင်ကြသောကြောင့်၊ ရှင်ပေါလုက ဤသို့ဆူခဲ့သည်၊ “ညီအစ်ကိုတို့၊ အထက်က ငါသည်ဝိညာဉ်လူတို့အား ဟောပြောသကဲ့သို့၊ သင်တို့အား ဟောပြောရသော အခွင့်မရှိဘဲ၊ ဇာတိပကတိလူတို့အားလည်းကောင်း၊ ခရစ်တော်၌ သူငယ်ကလေးတို့အားလည်းကောင်း၊ ဟောပြောသကဲ့သို့ ဟောပြောရ၏။ ယခုပင်လည်း ဇာတိပကတိလူဖြစ်ကြသေး၏။ ဂုဏ်ပြိုင်ခြင်း၊ ရန်တွေ့ခြင်း၊ အချင်းချင်း ကွဲပြားခြင်း ရှိကြသည်ဖြစ်၍၊ သင်တို့သည် ဇာတိပကတိလူဖြစ်ကြသည် မဟုတ်လော။ လောကီထုံးစံအတိုင်း ကျင့်ဆောင်ကြသည် မဟုတ်လော။” (၁ ကော ၃:၁၊ ၃)။ ကောရိန်သုအသင်းတော်သည်၊ ဇာတိအားဖြင့်အသက်ရှင်သော်လည်း၊ ကယ်တင်ခြင်းမဆုံးရှုံးကြောင်း၊ ရှင်ပေါလု၏နှုတ်ဆက်စာ၌ဤသို့တွေ့ရသည်၊ “ယေရှုခရစ်အားဖြင့်အပြစ်နှင့်ကင်းစင်၍၊ သန့်ရှင်းသူအရာ၌ခန့်ထားသောသူ၊” (၁ ကော ၁:၂) ဟုရေးထားသည်။ ထိုမျှသာမက၊ ထိုသူများသည်သခင် ခရစ်တော်ကြွလာသောအခါ၊ သူတို့ခံစားရမည့်အရာများကို ဤသို့ရေးသားခဲ့သည်၊ “နောက်ဆုံးသောတံပိုးမှုတ်သောအခါ၊ တခဏခြင်းတွင်မျက်စိတမှိတ်၌ငါတို့ရှိမျှ (ကောရိန်သုအသင်းသားများအပါအ၀င်) သည်ပြောင်းလဲခြင်းသို့ရောက်ရကြမည်၊” (၁ ကော ၁၅:၅၂)။ ဤသို့ ဇာတိပကတိခရစ်ယာန်များသည်၊ ကယ်တင်ခြင်းမဆုံးရှုံးသော်လည်း ဘုရားအလိုတော်နှင့် ပြည့်စုံသောအသက်တာမဟုတ်၊ သူတပါးထိခိုက်စရာအသက်တာဖြင့် အသက်ရှင်သောကြောင့်၊ ဘုရားဘုန်းတော်လည်း သူတို့ကြောင့် ရှုတ်ချစရာဖြစ်သည်။ သူတို့ကိုယ်တိုင်လည်း ပျော်ရွှင်ငြိမ်သက်မှုမရှိ။ စိတ်ပျက်ဖွယ်ရာ အသက်တာဖြင့်၊ အသက်ရှင်ရသည်။ ထိုအသက်တာမျိုးဖြင့် အသက်မရှင်ဘဲ၊ ၀ိညာဥ်တော်အုပ်စိုးသော အသက်တာဖြင့် အသက်ရှင်ရကြမည်။
ခရစ်တော်ကိုအုပ်စိုးစေခြင်းဖြင့်
ဇာတိပကတိ ခရစ်ယာန်၏ အသက်တာသည် “ငါ” အားဖြင့် အုပ်စိုး၍ ခရစ်တော်ကို နေရာမပေးခြင်းကြောင့် ဖြစ်သည်ဟု သိရပြီ။ ထိုသို့ဇာတိသဘောဖြင့် ဆက်လက်အသက်ရှင်ပါက ဘုရားသခင်၏ စိတ်တော်နှင့် မတွေ့နိုင်။ ဘုရားသခင်နှင့် ဆန့်ကျင်ဘက်ဖြစ်၍ ဘုရားသခင်၏ တရားတော် အလိုသို့ မလိုက်တတ်၊ ထိုမျှမကမလိုက်နိုင် (ရော ၈:ရ- ၈)။ ထို့ကြောင့် ခရစ်တော် အုပ်စိုးသောအသက်တာ ၀ိညာဥ်တော်ပြည့်၀သောအသက်တာဖြင့် ပြန်လည်အသက် ရှင်နိုင်ရန် မိမိအပြစ်ကို ၀န်ချတောင်းပန်၍ ခရစ်တော်ကို အသက်တာ၌ သခင်အဖြစ် ပြန်လည်အုပ်စိုးခွင့် ပေးရမည်။ စိတ်နှလုံး နှိမ့်ချ၍ မိမိ အသက်တာကို ခရစ်တော် ထံ၌ ပြန်လည်ပုံအပ်ရမည်။ ထိုသို့ ခရစ်တော်ကို အမှန်တကယ် အုပ်စိုးခွင့် ပေးလျှင် သူသည် မိတ်ဆွေ၏ အသက်တာကို အုပ်စိုးမှာအမှန် ဖြစ်သည်။ ခရစ်တော် အုပ်စိုးသော အသက်တာသည် ၀ိညာဥ်ပကတိအသက်တာ ဖြစ်၍ ဘုရားသခင်၏ အလိုတော် အတိုင်း ပြန်လည်အသက် ရှင်နိုင်ပေမည်။ ၀ိညာဥ်အသီးများကိုလည်း ပြန်လည် သီးလာနိုင်ပေမည်။
==================