သင်ခန်းစာ (၁၀)
ကိုယ်ခန္ဓာ၊ စိတ်၊ ဝိညာဉ်
ဘုရားသခင်သည် လူကိုကိုယ်ခန္ဓာ စိတ် ၀ိညာဥ်သုံးမျိုးဖြင့်ဖန်ဆင်းသည် (၁ သက် ၅:၂၃)။ ဖန်ဆင်းစ၌ ထိုသုံးမျိုးစလုံးကောင်းမွန်သည်။ ၀ိညာဥ်သည်ဘုရားသခင်နှင့် အဆက်အသွယ်ရှိ၍ စိတ်နှလုံးလည်း ကောင်းမွန်သည်။ ကိုယ်ခန္ဓာလည်း ကျန်းမာ၍ သေဘို့အကြောင်းမရှိ။ ဘုရားသခင်သည် မိမိဖန်ဆင်းသမျှသောအရာတို့ကို ကြည့်ရှုလျှင် အလွန်ကောင်းသည်ကို မြင်တော်မူ၏ (ကမ္ဘာ ၁:၃၁)။ ဘုရားသခင်က အကောင်းမြင်သောအရာများထဲတွင် လူလည်းပါ၀င်သည်။ ထို့ကြောင့်ကောင်းကြီး ပေးတော်မူ၏ (ကမ္ဘာ ၁:၂၈)။ သို့သော်လူသည် အပြစ်လုပ်သောအခါ သူ၏ကိုယ်ခန္ဓာ၊ စိတ်၊ ၀ိညာဥ်သည်ပျက်စီးသွားသည်။
ကိုယ်ခန္ဓာ
လူ့အမြင်၌ ကိုယ်ခန္ဓာသည် ကောင်းသည်။ ကျန်းမာသည် ဟုထင်တတ်သည်။ သို့သော်ဘုရားအမြင်၌၊ “သူ့ကိုအဘယ်သို့ ဒဏ်ပေးရဦးမည်နည်း၊ အဘယ်သို့ ဆုံးမရဦးမည်နည်း။ ဦးခေါင်းသည် အနာသက်သက်ရှိ၏။ နှလုံးသည်လည်း ခွန်အားအလျှင်းမရှိ။ ခြေဖဝါးမှသည် ဦးခေါင်းတိုင်အောင် ကျန်းမာခြင်းမရှိ စုတ်ရှသောအနာ၊ ထိခိုက်၍ရောင်သောအနာ၊ ရိယွဲသောအနာ သက်သက်ရှိ၏။” (ဟေရှာယ ၁:၅-၆)။ ဘုရားသခင်သည် ဣသရေလလူမျိုးများကို အကြိမ်ကြိမ် ဆုံးမသော်လည်း နားမလည်နိုင်။ ဒဏ်ခတ်သော်လည်း မထူးခြား။ မည်သို့ပင်ဆုံးမသော်လည်း မမှတ်တတ်။ သူတို့၏ကိုယ်ခန္ဓာလည်း အနာသက်သက်ဖြစ်၍ ဘုရားအမြင်၌ ကျန်းမာခြင်းမရှိ။ ထို့နည်းတူကျွန်ုပ်တို့လည်း ဘုရားသခင်အမြင်၌ ကျန်းမာခြင်းမရှိ၊အချိန်မရွေး နာနေသော၊ နာနိုင်သော ကိုယ်ခန္ဓာပိုင်ရှင်များ ဖြစ်ကြသည်။ တဖန်၊ “အမျက်တော်ထွက်သောကြောင့် အကျွန်ပ်အသားသည် ကျန်းမာခြင်းမရှိပါ။ ဒုစရိုက်အပြစ်ကြောင့် အရိုးများထဲမှာ သက်သာခြင်းမရှိပါ။ အကျွန်ုပ်ပြုမိသော ဒုစရိုက်တို့သည် အကျွန်ုပ်ခေါင်းကို လွှမ်းမိုး၍ လေးသော၀န်ကဲ့သို့ အကျွန်ုပ်မထမ်းနိုင်အောင် လေးကြပါ၏။ အကျွန်ုပ်မိုက်သောအမှုကြောင့် အနာတို့သည် နံစော်၍ ရိယွဲလျက်ရှိကြပါ၏။ အကျွန်ုပ်သည်ပြင်းထန်စွာခံရ၍ အလွန်နှိမ့်ချလျက် ကြမ်းတမ်းသော အ၀တ်ကို၀တ်လျက် တနေ့လုံးသွားရပါ၏။ အကျွန်ုပ်ခါးသည် ပူလောင်သောအနာစွဲ၍ အသားသည်လည်း ကျန်းမာခြင်းမရှိပါ။ နုန့်နဲ့ခြင်း ကြေကွဲခြင်းရှိ၍ စိတ်နှလုံးလှုပ်ရှားသဖြင့် အော်ဟစ်ရပါ၏။” ဟုဆိုသည် (ဆာလံ ၃၈:၃-၈)။ ဆာလံဆရာသည် လူ့အမြင်၌ ရောဂါသည်၊ အနာစိမ်းသည် မဟုတ်ပါ။ ဘုရားသခင်အမြင်၌သာ ရောဂါသည်၊ အနာစိမ်းသည်ဖြစ်သည်။ တကိုယ်လုံးမကျန်းမာခြင်းသည် ဘုရားသခင် အမျက်ထွက်သောကြောင့်၎င်း၊ မိုက်သောအမှုကြောင့်၎င်း၊ ဖြစ်သည်။ ထို့နည်းတူကျွန်ုပ်တို့သည်လည်း ဘုရားသခင်အမြင်၌ တကိုယ်လုံး ကျန်းမာခြင်းမရှိကြပါ။
စိတ်နှလုံး
လူသည်မိမိစိတ်နှလုံးကောင်းသည်၊ ဟုထင်တတ်သည်။ စိတ်ချုပ်တီးနိုင်မည်၊ ဟုထင်တတ်သည်။ ကိုယ့်ကိုကိုယ် စိတ်ထားမွန်မြတ်ကြောင်း၊ သူတပါးကဲ့သို့ စိတ်ထားမယုတ်ကြောင်း၊ ပြောတတ်ကြသည်။ သို့သော်စိတ်နှလုံးသည် လုံး၀မကောင်းတော့ကြောင်း ကျမ်းစာအားဖြင့်သိရသည်။
အပြစ်အစစိတ်နှလုံးမှ ဘုရားသခင်သည် ကောင်းကင်တမန်မင်း (လူစီဖာ)ကို အကောင်းပကတိ ဖန်ဆင်းခဲ့သည်။ အလွန်လည်း ချီးမြှောက်ခဲ့သည် (ယေဇကျေလ ၂၈:၁၂-၁ရ)။ သို့သော်သူသည် စိတ်နှလုံးအထဲမှ ဘုရားဖြစ်ချင်လာသည် (ဟေရှာယ ၁၄:၁၂-၁၅)။ ထို့ကြောင့်သူ့ကို ဘုရားသခင်က ခုတ်လှဲလိုက်သည်။ ထိုအခါသူသည် ဘုရားသခင်၏ ရန်သူတည်းဟူသော စာတန်အဖြစ်သို့ ရောက်ရှိသွားသည်။ လူစီဖာသည် စိတ်နှလုံးအားဖြင့် စတင်ပျက်စီးခဲ့သည်။ လူစီဖာ၏စိတ်နှလုံးမှ အပြစ်စတင်ခဲ့သည်။
လူ၏စိတ်နှလုံးသို့ ကူးစက် ဘုရားသခင် ဖန်ဆင်းထားသော အာဒံနှင့်ဧ၀တို့၏ စိတ်နှလုံးများသည် အကောင်းပကတိဖြစ်ခဲ့သည်။ သို့သော်စာတန်က ကောင်းမကောင်းသိကျွမ်းရာအပင်၏ အသီးကိုစားလျှင် ဘုရားသခင်ကဲ့သို့ဖြစ်မည်၊ ဟုလိမ်ညာခဲ့သည်။ အာဒံနှင့်ဧ၀တို့သည် ဘုရားသခင်ကဲ့သို့ ဖြစ်ချင်သောစိတ်ဖြစ်လာသည်။ ထိုကြောင့်ကောင်းမကောင်းသိကျွမ်းရာ အသီးကိုစားကြသည်။ သူတို့၏စိတ်နှလုံးလည်း ယိုယွင်းပျက်စီးသွားသည်။ သူတို့မှမွေးဘွားလာသော လူသားတိုင်းလည်း စိတ်နှလုံးယိုယွင်းပျက်စီးပြီးသားနှင့် မွေးဘွားကြသည်။
အစဥ်မပြတ်ဆိုးညစ် ကျမ်းစာက၊ “မြေကြီးပေါ်တွင် လူအပြစ်ကြီး၍ သူ၏စိတ်နှလုံးအကြံအစည် ရှိသမျှတို့သည် အစဥ်မပြတ် ဆိုးညစ်ခြင်းသက်သက်ရှိကြောင်းကို ဘုရားသခင်သိမြင်တော်မူလျှင် မြေကြီးပေါ်မှာ လူကိုဖန်ဆင်းတော်မူသည်ကို နောင်တရ၍ နှလုံးတော်ပူပန်လျက် ရှိတော်မူ၏။” (ကမ်ဘာ ၆:၅)။ အဘယ့်ကြောင့် ဘုရားသခင်သည် လူကိုထိုသို့မြင်ပါသနည်း။ ဘုရားသခင်သည် မကောင်းမြင်ဝါဒ ရှိပါသလား။ ဤအရာကို သိရှိနိုင်ဖို့ရန် ဥပမာအားဖြင့် ပြောဖို့လိုသည်။ အစိုးရက သူပုန်ကို အစဉ်မပြတ်ဆိုးညစ်ခြင်းသက်သက်ရှိသည် ဟု မြင်သည်။ အကျင့်ကောင်းသောသူပုန်နှင့် အကျင့်ဆိုသောသူပုန်သည် အစိုးရအမြင်၌ အတူတူပင်ဖြစ်သည်။ သူတို့၏အကျင့်ကြောင့်မဟုတ်၊ အစိုးရ၏အုပ်စိုးခြင်းကို ဝန်မခံသောကြောင့်၊ သူ၏ရန်သူ၏ရန်သူဖြစ်သောကြောင့်၊ ထိုသို့မြင်ရခြင်ဖြစ်သည်။ ထိုနည်းတူ၊ လူလည်း ဘုရားသခင်၏အုပ်စိုးခြင်းကိုမခံ၊ မိမိကိုယ်ကိုမိမိအုပ်စိုးသောကြောင့်လည်းကောင်း၊ ဘုရားသခင်၏ရန်သူ စာတန်ကိုထောက်ခံသောကြောင့်လည်ကောင်း ဘုရားသခင်၏ရန်သည် ဖြစ်သည်။ ကျမ်းစာ၌၊ “ရန်သူဖြစ်လျက်ပင် ဘုရားသခင်၏သားတော် အသေခံတော်မူခြင်းအားဖြင့် ငါတို့သည် ဘုရားသခင်နှင့် မိဿဟာယဖွဲ့ခြင်းကျေးဇူးကို ခံရသည်မှန်လျှင်၊” ဟုဆိုသည် (ရောမ ၅:၁၀)။ လူသည်ဘုရားသခင်၏ရန်သူ၊ သူပုန်ဖြစ်သည်။ ဘုရားသခင်သည် မိမိရန်သူကို အကောင်းမမြင်နိုင်ချေ။ သူပုန်သည် အစိုးရအမြင်၌ ပြန်လည်ကောင်းလာဘို့ရန်မှာ အလင်း၀င်ဘို့သာလျှင်ရှိသည်။ ထို့နည်းတူ၊ လူသည် ဘုရားသခင်၏အမြင်၌ ပြန်လည်ကောင်းလာဘို့ရန်မှာ လက်မြှောက်အရှုံးခံဘို့ရန် သာရှိသည်။ ကိုယ်ကျင့်တရား မည်မျှပင်ပြုပြင်စေကာမူ ဘုရား၏ရန်သူဘ၀၌ မကောင်းနိုင်ပါ။
ယိုယွင်းပြီ “စိတ်နှလုံးသည် ခပ်သိမ်းသော အရာတို့ထက် စဥ်းလဲတတ်၏၊ အလွန်ယိုယွင်းသော သဘောရှိ၏။ စိတ်နှလုံးသဘောကို အဘယ်သူသိနိုင်သနည်း။” (ယေရမိ ၁ရ:၉)။ ဘုရားအမြင်၌ စိတ်နှလုံးသည် ကောက်ကျစ်စဥ်းလဲသည်။ အလွန်ယိုယွင်းနေပြီ ဖြစ်သောကြောင့် ကောင်းကွက်မရှိတော့ပါ။ ယိုယွင်းနေသော အရာတခုသည် အသုံးပြု၍ မရတော့ပါ၊ လွှင့်ပစ်ဘို့သာရှိသည်။ ထို့နည်းတူ၊ ယိုယွင်းနေပြီဖြစ်သော စိတ်နှလုံးသည်လည်း ပြုပြင်၍မရပါ။ လွှင့်ပစ်ဘို့သာလျှင်ရှိသည်။
မကောင်းသောအရာသာထွက် ကျမ်းစာက၊ “သူတို့၏လည်ချောင်းသည် ဖွင့်ထားသော သင်္ချိုင်းတွင်းဖြစ်၏။” ဟုဆိုသည်(ရောမ ၃:၁၃)။ သင်္ချိုင်းတွင်းကိုဖွင့်လျှင် အပုပ်အနံ့သာလျှင် ထွက်လာမည်။ ထို့နည်းတူ၊ လည်ချောင်းသည် စိတ်နှလုံး၏အ၀ဖြစ်၍ စိတ်နှလုံးမကောင်းသောကြောင့် လည်ချောင်းမှ မကောင်းသောအရာများသာလျှင် ထွက်တတ်သည်။ သခင်ယေရှုက၊ “ခံတွင်းမှထွက်သောအရာမူကား နှလုံးထဲမှထွက်လာ၍ လူကိုညစ်ညူးစေသောအရာဖြစ်သည်။ မကောင်းသောကြံစည်ခြင်း၊ လူအသက်ကိုသတ်ခြင်း၊ သူ့မယားကိုပြစ်မှားခြင်း၊ မိန်းမလွတ်နှင့်မှားယွင်းခြင်း၊ သူ့ဥစ္စာကိုခိုးခြင်း၊ မမှန်သောသက်သေကိုခံခြင်း၊ သူ့အသရေကို ဖျက်ခြင်းအရာတို့သည် နှလုံးထဲမှထွက်လာ၍ လူကိုညစ်ညူးစေသောအရာ ဖြစ်ကြ၏။” ဟုဆိုသည် (မဿဲ ၁၅:၁၈-၁၉)။ အပြစ်ဒုစရိုက်ဟူသမျှ ကိုယ်ခန္ဓာအားဖြင့် လုပ်ရသော်လည်း ကိုယ်ခန္ဓာကို စေခိုင်းသောသူသည် စိတ်နှလုံးဖြစ်သည်။ စိတ်နှလုံးသည်ကောင်းပါက ကိုယ်လက်အင်္ဂါများလည်း အကောင်းကိုသာ ပြုလုပ်ကြမှာဖြစ်သည်။ ထို့ကြောင့်ဘုရားသခင်က၊ “ငါသည်စိတ်နှလုံးကို ကြည့်ရှုသောဘုရားဖြစ်သည်။” ဟုဆိုသည် (ယေရမိအ ၁၁:၂၀၊ ယေရမိအ ၁ရ:၁၀၊ ဆာ ရ:၉၊ ၁ ဓမ္မ ၁၆:ရ)။ ထာ၀ရဘုရားသည် လူ့စိတ်နှလုံးကို စစ်ဆေးသော အခါ လုံး၀မကောင်းကြောင်း တွေ့ရသည်။
ကျောက်ကဲ့သို့မာ ဘုရားသခင်က၊ “စိတ်နှလုံးသစ်ကို ငါပေးမည်။ သဘောသစ်ကို သွင်းထားမည်။ သင်တို့ကိုယ်ခန္ဓာထဲက ကျောက်နှလုံးကိုနှုတ်၍ အသားနှလုံးကိုပေးမည်။” (ယေဇ ၃၆:၂၆) ဟုဆိုသည်။ လူသည်မိမိစိတ်နှလုံးပြောင်းလဲဘို့ ကြိုးစားတတ်ကြသည်။ ပြောင်းလဲနိုင်မည်ဟုလည်း ထင်တတ်သည်။ သို့သော်ဘုရားသခင်က လူအထဲ၌ကျောက်နှလုံးရှိ၍ ထိုနှလုံးကိုထုတ်ယူ၍ အသားနှလုံးနှင့် အစားထိုးမှသာရမည်၊ ဟုဆိုသည်။ ထိုသို့ အစားထိုးရန် ဘုရားသခင်ကသာ တတ်နိုင်သည်၊ လူမတတ်နိုင်ပါ။ မိတ်ဆွေ၏ စိတ်နှလုံးကို ဘုရားသခင်က အစားထိုးပေးဘို့ရန် သဘောတူပါသလား။
၀ိညာဥ်
ဘုရားသခင်သည် တိရစ္ဆာန်များကို ဝိညာဉ်မပါဘဲ ဖန်ဆင်းသည်။ သို့သော် လူကို ဖန်ဆင်းသောအခါ ဝိညာဉ်ထည့်ပေးထားသည်။ အကြောင်းမှာ ဝိညာဉ်ရှိသောသူသည် ဘုရားသခင်ကို ကိုးကွယ်၍မဿဟာယဖွဲ့ဖို့ရန်ဖြစ်သည်။ နာမ်ဝိညာဉ်ရှိသောသူတိုင်း ဘုရားသခင်ကို ကိုးကွယ်ဖို့လိုသည်။ ကောင်းကင်တန်များလည်း နာမ်ဝိညာဉ်ဖြစ်သောကြောင့် ဘုရားသခင်ကို ကိုးကွယ်ကြသည်။ လူတိုင်း၌ နာမ်ဝိညာဉ်ရှိသောကြောင့် ဘုရားသခင်ကို ကိုးကွယ်ရမည်။ သို့ဖြစ်၍ နာမ်ဝိညာဉ်ရှိသောသူသည် ဘုရားသခင်ကို မကိုးကွယ်လျှင် တိရစ္ဆာန်ဖြစ်သည်။
ဝိညာဥ်ပိုင်းသေ
အာဒံနှင့်ဧ၀သည် အစပိုင်း၌ ဘုရားသခင်နှင့်မိဿဟာယဖွဲ့နိုင်ခဲ့သည်။ ဝိညာဉ်ရေးရာ၌ ဘုရားသခင်နှင့်အဆက်အသွယ်ရှိခဲ့သည်။ သို့သော် အပြစ်ကြောင့် ဘုရားသခင်နှင့် အဆက်အသွယ်ပြတ်တောက်သွားခဲ့သည်။ ဘုရားသခင်၏ဝိညာဉ်နှင့် လူ၏ဝိညာဉ် အဆက်အသွယ်မရှိသောကြောင့် ဝိညာဉ်ပိုင်းဆိုင်ရာ၌ အသေဖြစ်သည်။ ဝိညာဉ်ပိုင်းသေခြင်းသည် ကိုယ်ကာယသေခြင်းနှင့်မတူပါ။ ကိုယ်ကာယသေလျှင် ခံစားချက်မရှိတော့ချေ။ သို့သော် ဝိညာဉ်သည် ခံစားချက်ရှိသေးသည်။ ဝိညာဉ်သည် ခံစားချက်မရှိပါက မီးငရဲ၌ ဒုက္ခဆင်းရဲခံစရာအကြောင်းမရှိ၊ ဝိညာဉ်ပိုင်းသေခြင်းသည် ဘုရားသခင်နှင့် အဆက်အသွယ်ပြတ်၍ ဘုရားသခင်၏အလိုတော်လည်း နားမလည်ခြင်းဖြစ်သည်။
ဘုရားကိုဆာငတ် လူ၏ဝိညာဉ်သည် ဘုရားသခင်ကို ပြန်လည်ဆာငတ်နေသည်။ “သမင်းဒရယ်သည် ရေစီးသောချောင်းကိုတောင်းတသကဲ့သို့ အကျွနု်ပ်ဝိညာဉ်သည် ကိုယ်တော်ကို တောင့်တပါသည်ဘုရား။ ငါ့ဝိညာဉ်သည် ဘုရားသခင်တည်းဟူသော အသက်ရှင်တော်မူသောဘုရားကို ငတ်လှ၏။ အဘယ်ကာလမှ ဘုရားသခင်အထံတော်သို့ရောက်၍ မျက်နှာပြရအံ့နည်း။” (ဆာ ၄၂:၁-၅)။ နွေခေါင်ခေါင်၌ တောထဲတွင်စိမ့်စမ်းရေများခမ်းခြောက်၍ မြစ်ချောင်းများ၌သာ ရေရှိတော့သည်။ ထိုအခါ သမင်ဒရယ်များသည် ရေအလွန်ဆာသောကြောင့် ရန်သူကိုပင် မမှုနိုင်တော့ဘဲ မြစ်ချောင်းရှိရာသို့ ရေသောက်ဖို့သွားတတ်သည်။ ထိုနည်းတူ လူ၏ဝိညာဉ်သည် ဘုရားသခင်ကိုငတ်လှသည်။ လူ၏ဝိညာဉ်သည် ဘုရားသခင်ကို ငတ်သောကြောင့် အနီးဆုံးဖြစ်သောစိတ်သည် ငြိမ်သက်မှုမရှိနိုင်ချေ။ စိတ်နှလုံးငြိမ်သက်မှုရှိစေရန် အရက်၊ မူးယဇ်ဆေးဝါး၊ ရုပ်ရှင်၊ အပျော်အပါး၊ ပွဲများ၊ ငွေ၊ မိန်းမ၊ ယောကျာ်း၊ အားကစား၊ နိုင်ငံရေး၊ လူမှုရေး၊ လူမျိုးရေး၊ ပညာရေး၊ အလုပ်၊ ဝါသနာတခုခုဖြင့် ရှာဖွေကြသည်။ သို့သော် ထိုအရာများသည် ဆားရေသောက်သကဲ့သို့ ပို၍ငတ်စေသည်။ စစ်မှန်သောငြိမ်သက်မှုကို မပေးနိုင်ချေ။ အမှန်မှာ ဝိညာဉ်ငြိမ်သက်မှုရှိမှ စိတ်ငြိမ်သက်မှုရရှိနိုင်မှာဖြစ်သည်။ ထို့ကြောင့် မိတ်ဆွေအပါအဝင် လူတိုင်း၏ဝိညာဉ်သ်ည ဘုရားသခင်ကို ဆာငတ်လျက်ရှိသည်။ မိတ်ဆွေ၏ဝိညာဉ်သည် ဘုရားသခင်နှင့်တွေ့မှသာ တင်းတိမ်ရောင့်ရဲမှာဖြစ်သလို၊ ထာ၀ရအသက်လည်း ရရှိမှာဖြစ်သည်။ သိုသော် အရေးကြီးသည်မှာ မိတ်ဆွေသည် ကိုယ်ခန္ဓာအသက်ရှင်စဉ်သာ ဘုရားသခင်နှင့်တွေ့ဖို့ရန် အခွင့်ရှိသည်။ ကိုယ်ခန္ဓာသေပြီးမှဆိုလျှင် အလွန်နောက်ကျသွားပြီဖြစ်သည်။ ထို့ကြောင့် မိတ်ဆွေမသေမှီ မိတ်ဆွေ၏ဝိညာဉ်သည် ထာ၀ရဘုရားနှင့် တွေ့ဖို့လိုကြောင်းအသိပေးလိုသည်။
==================