ဓမ္မရာဇဝင်စတုတ္ထစောင် - ၂၃

ရုပ်တုကိုးကွယ်မှုကိုယောရှိဖျက်သိမ်းခြင်း
(၆ရာ၊ ၃၄:၃-၇၊ ၂၉-၃၃)
1ထိုအခါ ရှင်ဘုရင်သည် ယုဒပြည်သူ ယေရုရှလင်မြို့သား အသက်ကြီးသူအပေါင်းတို့ကို ခေါ်၍၊ 2ယုဒပြည်သူ ယေရုရှလင်မြို့သား၊ ယဇ်ပုရောဟိတ်၊ ပရောဖက်၊ လူအကြီးအငယ်အပေါင်းတို့နှင့်တကွ ဗိမာန်တော်သို့တက်၍၊ ဗိမာန်တော်၌တွေ့သော ပဋိညာဉ်ကျမ်းစာရှိသမျှကို သူတို့ရှေ့မှာ ဖတ်တော်မူ၏။ 3ရှင်ဘုရင်ကလည်း၊ ထာဝရဘုရားကို ဆည်းကပ်ပါမည်။ စီရင်ထုံးဖွဲ့ချက် ပညတ်တရားကို စိတ်နှလုံးအကြွင်းမဲ့ စောင့်ရှောက်ပါမည်။ ဤကျမ်းစာ၌ပါသော ပဋိညာဉ်စကားအတိုင်း ကျင့်ပါမည်ဟု တိုင်နားမှာရပ်၍ အဓိဋ္ဌာန်ပြု၏။ လူအပေါင်းတို့သည်လည်း ထိုအဓိဋ္ဌာန်ကို ဝန်ခံကြ၏။ 4နောက်တစ်ဖန် ယဇ်ပုရောဟိတ်မင်းဟိလခိ၊ ဒုတိယယဇ်ပုရောဟိတ်များနှင့် တံခါးစောင့်များတို့သည် ဗာလဘုရား၊ အာရှရပင်၊ မိုးကောင်းကင်တန်ဆာအဖို့ လုပ်သမျှသော အသုံးအဆောင်တို့ကို ဗိမာန်တော်ထဲက ထုတ်မည်အကြောင်း ရှင်ဘုရင်စီရင်သဖြင့်၊ ယေရုရှလင်မြို့ပြင်၊ ကေဒြုန်တော၌ မီးရှို့၍ ပြာကို ဗေသလမြို့သို့ ဆောင်သွားကြ၏။ 5ယေရုရှလင်မြို့ပတ်လည် အစရှိသော ယုဒမြို့ရွာ၌ မြင့်သောအရပ်တို့အပေါ်မှာ နံ့သာပေါင်းကို မီးရှို့စေခြင်းငှာ၊ ယုဒရှင်ဘုရင်ခန့်ထားသော ယဇ်ပုရောဟိတ် တို့ကိုလည်းကောင်း၊ ဗာလဘုရား၊ နေလရာသီစောင့် အစရှိသော မိုးကောင်းကင်တန်ဆာတို့အား နံ့သာပေါင်းကို မီးရှို့သော သူတို့ကိုလည်းကောင်း၊ သုတ်သင်ပယ်ရှင်းတော်မူ၏။ 6အာရှရပင်ကိုလည်း ဗိမာန်တော်ထဲကထုတ်၍ ယေရုရှလင်မြို့ပြင်၊ ကေဒြုန်ချောင်းသို့ ယူသွားသဖြင့်၊ ထိုချောင်းနားမှာ မီးရှို့ပြီးလျှင် ညက်ညက်ချေ၍၊ အမှုန့်ကို ဆင်းရဲသားသင်္ချိုင်းပေါ်မှာ ဖြန့်ဖြူးတော်မူ၏။ 7မိန်းမတို့သည် အာရှရပင်အဖို့ ကုလားကာကိုရက်ရာအရပ် ဗိမာန်တော်နားမှာ ယောက်ျားအလိုသို့ လိုက်တတ်သော မိန်းမလျှာတို့ နေရာအိမ်များကိုလည်း ဖျက်တော်မူ၏။ 8ယဇ်ပုရောဟိတ်အပေါင်းတို့ကို ယုဒမြို့ရွာတို့မှခေါ်ခဲ့၍၊ သူတို့သည် နံ့သာပေါင်းကိုမီးရှို့ရာ မြင့်သောအရပ်များကို ဂေဗမြို့မှစ၍ ဗေရရှေဘမြို့တိုင်အောင် ညစ်ညူးစေတော်မူ၏။ ယေရုရှလင်မြို့ဝန် ယောရှု၏တံခါးဝ လက်ဝဲဘက်နားမှာတည်သော မြို့တံခါး၏ကုန်းတို့ကိုလည်း ဖြိုဖျက်တော်မူ၏။ 9မြင့်သောအရပ်နှင့်ဆိုင်သော ယဇ်ပုရောဟိတ်တို့သည်၊ ယေရုရှလင်မြို့ဗိမာန်တော် ယဇ်ပလ္လင်နားသို့ မချဉ်းရဘဲ၊ အပေါင်းအဖော်တို့နှင့် တဆေးမဲ့မုန့်ကို စားရသောအခွင့်သာရှိကြ၏။ 10အဘယ်သူမျှ မိမိသားသမီးကို မောလုတ်ဘုရားအား မီးဖြင့်မပူဇော်နိုင်မည်အကြောင်း၊ ဟိန္နုံသား၏ ချိုင့်၌ရှိသော တောဖက်အရပ်ကိုလည်း ညစ်ညူးစေတော်မူ၏။ 11ယုဒရှင်ဘုရင်တို့သည် နေကိုပူဇော်၍၊ ဗိမာန်တော်ဝင်းပြင်အရာရှိ နာသမ္မေလက်အိမ်နား၊ ဝင်းတော်တံခါးဝ၌ထားသော မြင်းတို့ကိုလည်း ပယ်ရှား၍ နေရထားတို့ကိုလည်း မီးရှို့တော်မူ၏။ 12ယုဒရှင်ဘုရင်တို့သည် အာဟပ်မင်းတိုက်တော် အထက်ဆင့်အပေါ်မှာ တည်ထားသော ယဇ်ပလ္လင်တို့နှင့် မနာရှေမင်းသည် ဗိမာန်တော်တံတိုင်းနှစ်ရပ်တွင် တည်ထားသောပလ္လင်တို့ကို ရှင်ဘုရင်ဖြိုချချေဖျက်၍ အမှုန့်ကို ကေဒြုန်ချောင်းထဲသို့ပစ်တော်မူ၏။ 13ဣသရေလရှင်ဘုရင်ရှောလမုန်သည် ယေရုရှလင်မြို့အရှေ့၊ ဖျက်ဆီးခြင်းတောင်လက်ယာဘက်၌ ရွံရှာဖွယ်သော ဇိဒုန်ဘုရားအာရှတရက်၊ ရွံရှာဖွယ်သော မောဘဘုရားခေမုရှ၊ ရွံရှာဖွယ်သော အမ္မုန်ဘုရားမိလကုံအဖို့ တည်သော ကုန်းတို့ကိုလည်း ရှင်ဘုရင်ညစ်ညူးစေတော်မူ၏။ 14ရုပ်တုဆင်းတုတို့ကို ချိုးဖဲ့၍ အာရှရပင်တို့ကို ခုတ်လှဲပြီးမှ၊ သူတို့တည်ရာအရပ်များကို လူသေအရိုးတို့နှင့် ပြည့်စေတော်မူ၏။ 15ဣသရေလအမျိုးကိုပြစ်မှားစေသော နေဗတ်၏သားယေရောဗောင်သည်၊ ဗေသလမြို့၌တည်သောကုန်းနှင့် ယဇ်ပလ္လင်ကိုလည်း ဖြိုချ၍ မီးရှို့ပြီးမှ ညက်ညက်ခြေတော်မူ၏။ အာရှရပင်ကိုလည်း မီးရှို့တော်မူ၏။ 16ယောရှိမင်းသည် လှည့်လည်၍ ကြည့်ရှုလျက်၊ ထိုတောင်ပေါ်မှာရှိသော သင်္ချိုင်းကို မြင်သောအခါ၊ လူကိုစေလွှတ်၍ ထိုသင်္ချိုင်းထဲက လူသေအရိုးတို့ကို ထုတ်ပြီးလျှင်၊ ထိုအမှုကို အထက်ကဖော်ပြသော ဘုရားသခင်၏လူဆင့်ဆိုသော ထာဝရဘုရား၏စကားတော်အတိုင်း၊ အရိုးတို့ကို ယဇ်ပလ္လင်ပေါ်မှာ မီးရှို့၍ ညစ်ညူးစေတော်မူ၏။ 17ယောရှိမင်းကလည်း၊ ငါမြင်သော ထိုမှတ်ကျောက်ကား အဘယ်သို့နည်းဟုမေးလျှင်၊ မြို့သားတို့က၊ ကိုယ်တော်သည် ဗေသလယဇ်ပလ္လင်၌ ပြုတော်မူသောအမှုကို၊ ယုဒပြည်မှလာ၍ဖော်ပြသော ဘုရားသခင်၏လူသင်္ချိုင်းဖြစ်ပါသည်ဟု ပြန်လျှောက်ကြသော်၊ 18ရှင်ဘုရင်က၊ ရှိစေလော့။ ထိုသူ၏အရိုးတို့ကို အဘယ်သူမျှမရွှေ့စေနှင့်ဟု မိန့်တော်မူသည်အတိုင်း သူ၏အရိုးတို့နှင့် ရှမာရိမြို့မှလာသော ပရောဖက်အရိုးတို့ကိုရှိစေကြ၏။ 19ဣသရေလရှင်ဘုရင်တို့သည် အမျက်တော်ကို နှိုးဆော်ခြင်းငှာ၊ ရှမာရိမြို့ရွာတို့၌ မြင့်သောအရပ်ပေါ်မှာ တည်လုပ်သော အိမ်ရှိသမျှတို့ကိုလည်း ယောရှိမင်းသည်ပယ်ရှား၍၊ ဗေသလမြို့၌ ပြုသမျှအတိုင်း ပြုတော်မူ၏။ 20မြင့်သောအရပ်နှင့်ဆိုင်သော ယဇ်ပုရောဟိတ်အပေါင်းတို့ကိုလည်း ယဇ်ပလ္လင်ပေါ်မှာ ကွပ်မျက်၍၊ လူသေအရိုးတို့ကို မီးရှို့ပြီးမှ ယေရုရှလင်မြို့သို့ ပြန်တော်မူ၏။
ပသခါပွဲတော်ကျင်းပခြင်း
(၆ ရာ၊ ၃၅:၁-၁၉)
21တစ်ဖန် ရှင်ဘုရင်ကလည်း၊ ဤပဋိညာဉ်ကျမ်းစာ၌လာသည်အတိုင်း၊ သင်တို့၏ ဘုရားသခင်ထာဝရဘုရားအား ပသခါပွဲကိုဆောင်ကြလော့ဟု လူအပေါင်းတို့ကိုမိန့်တော်မူ၏။ 22အကယ်၍ ဣသရေလအမျိုးကိုအုပ်စိုးသော တရားသူကြီးလက်ထက်မှစ၍၊ ဣသရေလရှင်ဘုရင်နှင့် ယုဒရှင်ဘုရင်လက်ထက်ကာလပတ်လုံး၊ ထိုသို့သောပသခါပွဲကို တစ်ခါမျှမဆောင်ကြ။ 23ယောရှိမင်းကြီးနန်းစံဆယ်ရှစ်နှစ်တွင် ထိုပွဲကို ယေရုရှလင်မြို့၌ ထာဝရဘုရားအား ဆောင်ကြသတည်း။
အခြားပြုပြင်ပြောင်းလဲမှုများ
24ထိုမှတစ်ပါး၊ ဗိမာန်တော်၌ ယဇ်ပုရောဟိတ်ဟိလခိတွေ့သော ကျမ်းစာ၌ပါသော စကားအတိုင်း ကျင့်လိုသောငှာ၊ ယောရှိမင်းသည် စုန်း၊ နတ်ဝင်၊ တေရပ်ရုပ်တုမှစ၍ ရုပ်တုဆင်းတုများကိုလည်းကောင်း၊ ယေရုရှလင်မြို့နှင့် ယုဒပြည်လုံးတွင် ရွံရှာဖွယ်သောအရာ တွေ့သမျှတို့ကိုလည်းကောင်း၊ သုတ်သင်ပယ်ရှင်းတော်မူ၏။ 25မောရှေတရား၌ ပါသမျှကိုကျင့်သဖြင့်၊ စိတ်နှလုံးအကြွင်းမဲ့ အစွမ်းသတ္တိရှိသမျှနှင့် ထာဝရဘုရားအထံတော်သို့ ပြောင်းလဲ၍၊ ယောရှိမင်းနှင့်တူသော ရှင်ဘုရင်တစ်ယောက်မျှမဖြစ်စဖူး။ နောင်ကာလ၌လည်း မပေါ်မရှိ။ 26သို့ရာတွင် မနာရှေသည် ထာဝရဘုရား၏အမျက်တော်ကို နှိုးဆော်ခြင်းငှာ၊ ပြစ်မှားသော အပြစ်ရှိသမျှတို့ကြောင့်၊ ယုဒအမျိုး၌ ပြင်းစွာအမျက်ထွက်၍ စိတ်တော်မပြေ။ 27ဣသရေလအမျိုးကို ငါ့မျက်မှောက်မှ ပယ်ရှားသကဲ့သို့ ယုဒအမျိုးကိုလည်း ငါပယ်ရှားမည်။ ငါရွေးချယ်သော ယေရုရှလင်မြို့ကိုလည်းကောင်း၊ အကြင်ဗိမာန်၌ ငါ့နာမကိုငါတည်စေမည်ဟု ငါဆိုသော ဗိမာန်ကိုလည်းကောင်း၊ ငါစွန့်ပစ်မည်ဟု မိန့်တော်မူ၏။
ယောရှိမင်းနန်းသက်ကုန်ဆုံးခြင်း
(၆ ရာ၊ ၃၅:၂၀—၃၆:၁)
28ယောရှိပြုမူသော အမှုအရာကြွင်းလေသမျှတို့သည် ယုဒရာဇဝင်၌ ရေးထားလျက်ရှိ၏။ 29ထိုမင်းလက်ထက်၌ အဲဂုတ္တု ဖာရောဘုရင်နေခေါသည် ဥဖရတ်မြစ်တိုင်အောင် အာရှုရိရှင်ဘုရင်ကို စစ်ချီ၍၊ ယောရှိမင်းကြီးသည် ဆီးတားခြင်းငှာ ထွက်ရာတွင်၊ မေဂိဒ္ဒေါမြို့မှာ မင်းချင်းတွေ့သောအခါ၊ ယောရှိမင်းသည် အသက်ဆုံးလေ၏။ 30ကျွန်တို့သည် ရထားတော်ပေါ်မှာတင်ပြီးလျှင်၊ မင်းကြီးသေစဉ်တွင် မေဂိဒ္ဒေါမြို့မှ ယေရုရှလင်မြို့သို့ ဆောင်သွား၍ သင်္ချိုင်းတော်၌ သင်္ဂြိုဟ်ကြ၏။ ပြည်သူ ပြည်သားတို့သည် ယောရှိသားယောခတ်ကို ယူ၍ ဘိသိက်ပေးလျက် ခမည်းတော်အရာ၌ နန်းတင်ကြ၏။
ယုဒဘုရင်ယောခတ်
(၆ ရာ၊ ၃၆:၂-၄)
31ယောခတ်သည် အသက်နှစ်ဆယ်သုံးနှစ်ရှိသော်၊ နန်းထိုင်၍ ယေရုရှလင်မြို့၌ သုံးလစိုးစံလေ၏။ မယ်တော်ကား၊ လိဗနမြို့သားယေရမိ၏သမီး ဟာမုတာလအမည်ရှိ၏။ 32ထိုမင်းသည် ဘိုးဘေးပြုသမျှအတိုင်း ထာဝရဘုရားရှေ့တော်၌ ဒုစရိုက်ကိုပြု၏။ 33ဖာရောနေခေါသည် ထိုမင်းကို ယေရုရှလင်မြို့မှာ မင်းမပြုစေခြင်းငှာ ဟာမတ်ပြည်၊ ရိဗလမြို့မှာအကျဉ်းထား၍၊ ယုဒပြည်၌ ငွေအခွက်တစ်ထောင်နှင့် ရွှေအခွက်တစ်ဆယ်ကို အခွန်တောင်းလေ၏။ 34ဖာရောနေခေါသည်လည်း၊ ယောရှိသားဧလျာကိမ်ကို ခမည်းတော်အရာ၌ နန်းတင်၍ ယောယကိမ် အမည်သစ်ကို ပေး၏။ ယောခတ်ကို အဲဂုတ္တုပြည်သို့ယူသွား၍ ထိုပြည်၌ ယောခတ်သည် သေ၏။
ယုဒဘုရင်ယောယကိမ်
(၆ ရာ၊ ၃၆:၅-၈)
35ယောယကိမ်သည်လည်း ဖာရောဘုရင် အမိန့်တော်အတိုင်း၊ တစ်ပြည်လုံးတွင် ရွှေငွေခွဲ၍ ဖာရောဘုရင်အား အခွန်ဆက်ရ၏။ ပြည်သူပြည်သား အသီးအသီးတို့ကို ရွှေငွေခွဲသည်အတိုင်း၊ ကျပ်တည်းစွာတောင်း၍ ဖာရောနေခေါအား ဆက်လေ၏။ 36ယောယကိမ်သည် အသက်နှစ်ဆယ်ငါးနှစ်ရှိသော်နန်းထိုင်၍ ယေရုရှလင်မြို့၌ တစ်ဆယ်တစ်နှစ် စိုးစံလေ၏။ မယ်တော်ကား၊ ရုမမြို့သား ပေဒဲယ၏သမီး ဇေဗုဒအမည်ရှိ၏။ 37ထိုမင်းသည် ဘိုးဘေးပြုသမျှအတိုင်း ထာဝရဘုရားရှေ့တော်၌ ဒုစရိုက်ကိုပြု၏။

ဓမ္မရာဇဝင်စတုတ္ထစောင် - ၂၃ (အနက်ဖွင့်)

၃။ ပညတ်တော်များပြန်လည် ဆန်းသစ်စေခြင်း (၂၃:)

၂၃:                  ယောရှိမင်းသည် ယဇ်ပုရောဟိတ်များ လူကြီးသူမများ မြို့မျက်နှာဖုံးများကို ခေါ်ဖိတ်၍ ဗိမာန်တော်တွင် ပဋိညာဉ်ကျမ်းစာရှိသမျှကို သင်္ဃာရတနာတင်သည်။ တိုင်တော်နားတွင် မတ်တပ်ရပ်လျှက် ကျမ်းစာတော်ပါသမျှကို လေးစားလိုက်နာပါမည့်အကြောင်း ဝန်ခံကျမ်းကျိန်သည်။ ပရိတ်သတ်များကလည်း အာမဘန္ဒေဝန်ခံကြသည်။

၄။ ပြန်လည်ပြုပြင်ချက်များ (၂၃:၃၀)

၂၃:                  ယောရှိမင်းသည် တိုင်းပြည်စည်ပင်ဖွံ့ဖြိုးဖို့ ပြန်လည်ပြုပြင်မွမ်းမံခြင်းများ ပြုလုပ်သည်။ ဗိမာန်တော်ကို သန့်ရှင်းစင်ကြယ်စေသည်။ ရုပ်တုကိုးကွယ်ခြင်းနှင့် သက်ဆိုင်သော ကရိယာတန်ဆာပလာများကို မီးရှို့ပြာချ၍ ဗေလသသို့ ယူဆောင်သွားစေသည်။ ဘုရားတုကိုးကွယ်သော ယဇ်ပုရောဟိတ်မှားများကိုလည်း သန့်စင်ပစ်သည်။ ထိုပြာကို ဆင်းရဲသားများ၏ သင်္ချိုင်းကုန်းပေါ်တွင် လိုက်ဖြန့်သည်။ အာရှရဘုရားအတွက် အထည်ရက်လုပ်သော မိန်းမများနှင့် ယောင်္ကျားပြည့်တန်ဆာ များကို ဖျက်သိမ်းသည်။ တောင်ကုန်းဘုရားတုများကိုလည်း ဖြိုဖျက်သည်။ ထိုသို့အမှုန့်ကြိတ်ပြာချခြင်းမှာ နောက်တဖန်ပြန်လည် အသုံးမပြုကြစေရန် ဖြစ်သည်။ တောင်ကုန်းဘုရားနှင့်ဆိုင်သော ယုဒတပြည်လုံးရှိ ယဇ်ပုရောဟိတ်များကို ခေါ်ဆောင်၍ ယေဟောဝါ ဘုရားအားကိုးကွယ်စေသည်။ သို့သော်ဗိမာန်တော်၍ ယဇ်ပုရောဟိတ်လုပ်ခွင့် မရှိ။ တန်ဆေးမဲ့ မုန့်ကို စားသုံးနိုင်သည်။ ထိုသို့ဖြင့် ယေရုရှလင်မြို့သည် အလိုတော်နှင့် အညီ သန့်စင်စေသည်။

၂၃:၁၀၁၂     ဟိန္နုံသား၏ချိုင့်ဝှမ်း၌ ဆောက်လုပ်ထားသော မောလက်ဘုရား မိမိသားများ မီးရှို့ ပူဇော်ရာ ယဇ်ပုလ္လင်ကိုလည်း ဖျက်သိမ်းသည်။ နေပူဇော်ရာ မြင်းနှင့်ရထားများကိုလည်း ဖယ်ရှားပစ်သည်။ အာခတ်မင်းတည်ထားသော အထက်အဆင့် ယဇ်ပုလ္လင်နှင့် မနာရှေမင်း တည်ထားသော ဗိမာန်တော်နှစ်ထပ်ပေါ်ရှိ ယဇ်ပုလ္လင်များကို ဖြိုဖျက်အမှုန့်ကြိတ်ပြီး ကေဒြန်ချောင်းထဲသို့ မျှောလိုက်သည်။ မနာရှေမင်းသည် စိတ်ပုံမှန်သို့ ပြောင်းလဲပြီးစဉ်က သူတည်ထားသော ယဇ်ပုလ္လင်ကို ကိုယ်တိုင် ပြန်လည်ဖျက်ဆီးပြီးဖြစ်သည် (၆ရာ ၃၃:၁၅) ။ သို့သော်လည်း ဤနေရာရှိသေးခြင်းမှာ ရုပ်တုဝါဒီအာမုန်မင်းက ပြန်လည်တည်ဆောက်ခြင်းဖြစ်နိုင်သည်။ ယောရှိမင်းကမူ နောက်တဖန် သုံးမရအောင် လက်စဖျောက်ပစ်သည်။

၂၃:၁၃၁၄     သံလွင်တောင်၏တောင်ဘက်စွန်းရှိ ရှောလမုန်မင်းတည်ထားသော တောင်ကုန်းဘုရားတုနှင့် အာရှရသစ်သားရုပ်ဘုရားများ ကိုလည်း ခုတ်ထစ်၍ ဖျက်စီးပစ်သည်။ ထိုနေရာကို နောက်တဖန် ဘုရားတု မတည်စေလိုသောကြောင့် လူအရိုးစုများဖြင့် ညစ်ညမ်းစေသည်။

၂၃:၁၅၁၈     ဗေသလတောင်ပေါ်ရှိ  ရုပ်တုဘုရားများကိုလည်း ဖျက်စီးသည်။ နောက်ထပ် ဘုရားမတည်ရအောင် တောင်ကုန်းကိုလည်း မြေပြန့်ဖြစ်အောင် ဖြိုချပစ်သည်။ အနီးအနားရှိ သင်္ချိုင်းကုန်းများမှ အရိုးဟောင်းများကိုယူလာ၍ ဖြန့်ကြဲလိုက်သည်။ (ဣသရေလရိုးရာ အယူအဆအရ လူသေကောင်၏ အရိုးစုသည် မထိအပ်သော အယုတ်ညံ့ဆုံးအရာဖြစ်သည်) ။

ယောရှိမင်း၏ လုပ်ဆောင်ချက်များသည် လွန်ခဲ့သောနှစ်ပေါင်းသုံးရာခန့်က ယေရောဗောင်သို့ ပရောဖက် ပြုချက်ပြည့်စုံခြင်းဖြစ်သည်။ ယောရှိမင်းသည် သူ့လက်ထက်ထိ ဘုရင်များတွင် ပြိုင်စံရှားဖြစ်သည် (၃ရာ ၁၃:၂)။ ရွေးကောက်ထားသော မြေအိုး၊ ဗျာဒိတ်တော်နှင့် ပြည့်စုံမည့်သူဖြစ်သည်ဟု ရှေးပရောဖက်တပါးက ဆိုခဲ့ဘူးသည်။

ယောရှိမင်း သည်တောင်ကုန်းအနှံ လိုက်လံစစ်ဆေးစဉ် အမှတ်တရကျောက်တိုင် ထူထားသော အုတ်ဂူ တခုတွေရှိသည်။ စုံစမ်းမေးမြန်းသောအခါ ဘုရားသခင်၏လူ ပရောဖက်တပါး၏ အုတ်ဂူမှန်း သိ၍ ထိုအတိုင်းချန်လှပ် ထားခိုင်းသည် (၃ရာ ၁၃:၃၀၊၃၁ နှင့် ယှဉ်ဖတ်) ။

၂၃:၁၉၂၀     ယောရှိမင်းသည် နေပြည်တော်တွင်သာမက ရှမာရိ တွင်လည်း ပြုပြင်ပြောင်းလဲခြင်း တော်လှန်ရေး ဆက်လုပ်သည်။ အာရှုရိရန်အေးနေသဖြင့် ပတ်ဝန်းကျင်တွင် သြဇာလွှမ်းမိုးကြီးစိုးနေသည်။ တောင်ကုန်းဘုရားများကို ဖြိုဖျက်၍ ထိုဘုရားတုနှင့် သက်ဆိုင်သော ယဇ်ပုရောဟိတ်များကိုလည်း ယဇ်ပုလ္လင်ပေါ်တွင် တခါတည်းမီးရှို့ပစ်သည်။ ထိုနေရာများကိုလည်း လူအရိုးစု များဖြင့် ဖုံးလွှမ်းထားသည်။

၂၃:၂၁၂၃     ယေရုရှလင်သို့ ပြန်လာစဉ် ယောရှိမင်းသည် ဘုရားသခင်၏ နှုတ်ကပတ်တော်ကို ဆင်ခြင်မိသည်။ (၆ရာ ၃၅:၁-၁၉ တွင် သေးစိတ်ပြန်ကြည့်ပါ) ။ ပသခါပွဲတော်သည် တရားသူကြီးများခေတ်မှ စ၍ ယုဒလူတို့၏ အကြီးမြတ်ဆုံးပွဲတော် ဖြစ်သည်။ ခါတိုင်းကျင်းပနေကြသော ပသခါပွဲများသည်လည်းကြီးမြတ်ပါသည်။ သို့သော် ယခုပွဲတော်သည် ပိုမိုလေးနက်သည်။ ဘုရားသခင်စိတ်တော် ပျော်ရွှင်စေရာဖြစ်သည်။ ထိုခေတ်ကာလတွင် ပသခါပွဲတော် (၃)ခါ ကျင်းပခဲ့ကြောင်း မှတ်တမ်းရှိခဲ့သည်။ ရှောလမုန်မင်းလက်ထက် (၆ရာ ၈)၊ ဟေဇကိမင်းလက်ထက် (၆ရာ ၃၀) နှင့် ယခု ယောရှိမင်းလက်ထက်တို့ ဖြစ်သည်။

၂၃:၂၄          ယောရှိမင်းသည် စုန်း၊ နတ်ဝင်တေရရုပ်တု၊ မှော်၊ ဓါတ်ရိုက်ဓါတ်ဆင်၊ ကာလဗေဒင် အစရှိသော အောက်လမ်းပညာများကိုလည်း တစမကျန်ဖျက်သိမ်းပစ်သည်။

၂၃:၂၅၂၇      ကြိုးစားလုံးပမ်း၍ ပြန်လည် ပြုပြင်ခြင်းနှင့် ထိုက်တန်အောင် ယုဒဘုရင်များ၌ အကြီးအကျယ်ဆုံး ဘုရင်တပါးဖြစ်သွားသည်။ ဟေဇကိမင်းကဲ့သို့ ဘုရားတရား ကြည်ညိုသူဖြစ်သည် (၁၈:၅-၆)။ ယောရှိမင်းမည်မျှပင် ကောင်းသော်လည်း ဘုရားသခင်သည် ယုဒလူများအား ပဲ့ပြင်အရေးယူမည့် စီမံချက် မပြောင်းလဲပါ။ ယေရုရှလင်မြို့ကို ဖျက်ဆီးဦးမည်။

၂၃:၂၈၃၀     ဘီစီ ၆၀၉ ခုနှစ်တွင် အဲဂုတ္တုပြည် ဖါရောဘုရင်သည် ဗာဗုလုန်မင်းနှင့် စစ်ပြိုင်နေသော အာရှုရိမင်းအား စစ်ကူလိုက်ရန် ပါလက်စတိုင်း ကမ်းခြေတလျှောက် စစ်ချီသည်။ ယောရှိမင်းသည် ထို ဖါရောဘုရင်နေခေါမင်းအား သွားရောက်ဟန့်တားရာ မေဂိဒ္ဒေါတိုက်ပွဲတွင် ကျဆုံးသည်။ တပည့်သားမြေးများက ယေရုရှလင်သို့ သယ်ဆောင်၍ မြှုပ်နှံကြသည် (၆ရာ ၃၅:၂၀-၂၄ နှင့် ယှဉ်ဖတ်) ။ နေခေါဘုရင်သည် ဥဖရတ်မြတ်တလျှောက် ချီတက်သိမ်းပိုက် သည်။ နောက် (၄) နှစ်ကြာသောအခါ ဗာဗုလုန်မင်းက ကာခေမိတ်တိုက်ပွဲ၌ စစ်နိုင်သည် (ယေ ၄၆:၂)။

(ယောခတ်ဘုရင် (၂၃:၃၁၃၃)

ယောရှိမင်း၏သားတော်ယောခတ် (ရှလ္လုံ ဟုလည်းခေါ်သည်) သည် ဘီစီ ၆၀၉ ခုနှစ်တွင် ()လကြာ ယုဒဘုရင်အဖြစ် နန်းစံခဲ့သည် (၆ရာ ၃၆:၁၄ နှင့် ယှဉ်ဖတ်)။

၂၃:၃၁၃၃     ယောခတ်မင်းသည် ခမည်းတော်ယောရှိမင်းလက်နှင့် လုပ်ထားသမျှကို ခြေထောက်ဖြင့် ဖျက်ဆီးသည်။ ပြည်သူများအား ရုပ်တု ဘုရားတု ပြန်လည်ကိုးကွယ်ခွင့် ပြုသည်။ ဖာရောဘုရင် နေခေါမင်းက ရှုရိပြည် ရိဗလမြို့သို့ ဆင့်ခေါ်၍ အဲဂုတ္တမင်းအား အခွန်အကောက်ဆက်သခိုင်းသည်။ အနိုင်အထက်ကျင့်၍ အဲဂုတ္တုမင်းလက်အောက်သို့ အသာတကြည်သိမ်းပိုက်ခြင်းဖြစ်သည်။ ယောခတ်မင်းကို အဲဂုတ္တုပြည်သို့ ဖမ်းဆီးခေါ်ဆောင်သွား၍ ထိုပြည်တွင် နတ်ရွာစံသည် (ယေ ၂၂:၁၁-၁၂)။

()ဧလျာကိမ်ဘုရင် (၂၃:၃၄၂၄:)

ယောရှိမင်း၏သား ဧလျာကိမ်သည် ဘီစီ ၆၀၉-၅၉၈ အထိ (၁၁)နှစ်ကြာ ယုဒဘုရင် အဖြစ် ထီးနန်းစံခဲ့သည် (၆ရာ ၃၆:၅-၈၊ ယေ ၂၂:၁၈-၁၉၊ ၂၆:၂၁-၁၃၊ ၃၆:၉-၃၂ တိုနှင့် ယှဉ်ဖတ်) ။

၂၃:၃၄၃၇ ဖါရောဘုရင် နေခေါသည် ယောခတ်နေရာတွင် သူ့အကို ဧလျာကိမ်အား ယုဒဘုရင်အဖြစ် ခန့်အပ်ခဲ့သည်။ နာမည်ကိုလည်း ဧလျာကိမ်မှ ယောယကိမ် အဖြစ်သို့ ပြောင်းလဲပေးလိုက်သည်။ ယောယကိမ်သည် ယောရှိမင်းကြီး၏သား ဦးဖြစ်သော်လည်း (ငယ် ၃၁၊၃၆ တို့နှင့်ယှဉ်ဖတ်) ပရောဖက်က ယောခတ်အား ရာဇပလ္လင်အပ်နှင်းသည်။ ထို့ကြောင့် နေခေါဘုရင်က ယောယကိမ်အား လူမှန်နေရာမှန် ပို့ပေးခြင်းဖြစ်နိုင်သကဲ့သို့ ယောခတ်မင်းသည် မထိုက်တန်သောအမွေကို ဆက်ခံသောကြောင့် ဂြိုလ်ဝင်ရသည်။ ထို့ကြောင့် ယောယကိမ်မင်းသည် ယေဟောဝါ ဘုရားသခင်ထက် ဖါရောမင်းအပေါ် သစ္စာရှိသည်။

ယခုအနက်ဖွင့်ကျမ်းကို သက်ဆိုင်ရာတို့၏ ခွင့်ပြုချက်ဖြင့် ဝေမျှပေးထားခြင်းဖြစ်ပါသည်။ မူရင်းကို သွားရောက်ကြည့်ရှုလေ့လာလိုပါက  http://bbcmm.net/the-believers-bible-commentary  တွင် လေ့လာနိုင်ပါသည်။

တစ်စုံတစ်ခုကို မှတ်ချက်ပြုရေးသားလိုပါက အောက်တွင်ရေးသားဖေါ်ပြနိုင်ပါတယ်။