ဟေရှာယအနာဂတ္တိကျမ်း - ၁၈

အဲသယောပိပြည်နှင့်ဆိုင်သောဗျာဒိတ်
1အဲသယောပိ မြစ်များအနားမှာ အသံမြည်တတ်သော အတောင်ရှိ၍၊ 2ပင်လယ်လမ်းဖြင့်လည်းကောင်း၊ ရေပေါ်၌ ဂမာလှေဖြင့်လည်းကောင်း၊ သံတမန်တို့ကို လွှတ်တတ်သောပြည်၊ နားထောင်လော့။ ခိုင်မာပြင်းထန်လျက် ရှေ့ဦးစွာမှစ၍ ယခုတိုင်အောင်၊ ကြောက်မက်ဖွယ်ဖြစ်ထသော၊ ခွန်အားကြီး၍ နှိပ်နင်းတတ်ထသော၊ မြစ်ကွဲပြားသောမြေ၌နေသော လူမျိုးထံသို့၊ လျင်မြန်သောတမန်တို့၊ သွားကြလော့။ 3လောကီနိုင်ငံ၌နေသော မြေကြီးသားအပေါင်းတို့၊ တောင်ပေါ်မှာ အလံကို ထူသောအခါ ကြည့်ရှုကြလော့။ တံပိုးမှုတ်သောအခါ နားထောင်ကြလော့။ 4ထာဝရဘုရားသည် ငါ့အားမိန့်တော်မူသည်ကား၊ နေအရောင်ထဲမှာ ကြည်လင်သော အရှိန်ကဲ့သို့လည်းကောင်း၊ အသီးအနှံကို သိမ်းယူရာ ပူသောကာလ၌ နှင်းနှင့်ပြည့်စုံသော မိုးတိမ်ကဲ့သို့လည်းကောင်း၊ ငါသည်ကျိန်းဝပ်၍ ငါ့နေရာအရပ်မှာ ကြည့်ရှုမည်။ 5စပျစ်သီးကို သိမ်းယူရာကာလမတိုင်မီ အငုံစေ့စုံ၍၊ အပွင့်လည်း လုံးသောအသီး ဖြစ်စဉ်အခါ၊ အညွန့်များကို တံစဉ်နှင့်ဖြတ်၍၊ အခက်အလက်များကို သုတ်သင်ပယ်ရှင်းတော်မူမည်။ 6သူတို့သည် တောင်ပေါ်မှာနေတတ်သောငှက်များ၊ တောသားရဲများတို့၏အဖို့ဖြစ်၍၊ ငှက်တို့သည် နွေကာလ၌လည်းကောင်း၊ သားရဲအပေါင်းတို့သည် ဆောင်းကာလ၌လည်းကောင်း၊ သူတို့အပေါ်မှာ နေကြလိမ့်မည်။ 7ထိုအခါ ခိုင်မာပြင်းထန်လျက် ရှေ့ဦးစွာမှစ၍ ယခုတိုင်အောင် ကြောက်မက်ဖွယ်ဖြစ်ထသော၊ ခွန်အားကြီး၍ နှိပ်နင်းတတ်ထသော၊ မြစ်များကွဲပြားသော မြေ၌နေသောလူမျိုးသည်၊ ကောင်းကင်ဗိုလ်ခြေအရှင် ထာဝရဘုရား၏နာမတော်တည်ရာ ဇိအုန်တောင်သို့၊ ကောင်းကင်ဗိုလ်ခြေအရှင်ထာဝရဘုရားဖို့ လက်ဆောင်ပဏ္ဏာကို ဆောင်ခဲ့ကြလိမ့်သတည်း။

ဟေရှာယအနာဂတ္တိကျမ်း - ၁၈ (အနက်ဖွင့်)

၆။ အမည်နာမအတိအကျမဖေါ်ပြသောအာဖရိကသားများ(အခန်း၁၈)

ဤအခန်းကို’အမင်္ဂလာ’ဟုမဆိုသာသော်လည်း၊စိတ်ပင်ပန်းဆင်းရဲစရာဖြစ်သည်။ ဣသရေလပြည်သို့သံတမန်ရေးခင်း၍မိတ်ဖွဲ့သောအာဖရိက တိုင်းနိုင်ငံများ(ငယ်၂-၇)အကြောင်းဖြစ်သည်။ ’အသံမြည်တတ်သောအတောင်ရှိ၍’ဟုကျမ်းစကားဆိုသည်။ ဣသရေလတို့ဘေးရန်မှကွယ်ကာရေးဆိုလိုဟန်ရှိသည်။

ဘုရားသခင်ကလူ့သူများအားအသံမပြတ်တိတ်ဆိတ်စွာရှုစိမ့်နေစဉ် တွင်တပါးအမျိုးသားများကလည်းဘုရားသခင်၏လူများအားတိုက်ခိုက်လု ယက်ကြမည်။ သို့သော်ထိုသူများကိုလည်းဘုရားသခင်ကဖျက်ဆီးမည်။ ထိုသူများ၏အရပ်ဒေသသည်တေးဆိုငှက်များ၊တောပျော်သားရဲများ၏နေရပ် ဒေသဖြစ်သွားမည်။ သားရဲများနှင့်အသားစားငှက်များကျက်စားရာနေရာ ဖြစ်သွားမည်။

ထိုအခါဣသရေလအမျိုးသည်ဘုရားသခင်ကိန်းဝပ်ရာဇိအုန်တောင် ပေါ်သို့ပြန်လည်စုစည်းလာကြမည်။ အပိုဒ်ငယ်(၇)ကို’ထိုနေ့ရက်ရောက် သောအခါတလောကလုံးဆိုးသွမ်းခေါင်းမာခဲ့သောအမျိုးသည်ယေဟောဝါ ဘုရားသခင်ထံသို့ပြန်လည်စုစည်း၍မင်္ဂ လာယူကြမည်’ဟုနားလည်နိုင် သည်။ (JND)ဤဣသရေလလူမျိုးပြန်လည်စုစည်းကြမည့်အရေးသည်ခရစ်တော်ဘုရားဒုတိယအကြိမ်ပြန်လည်ကြွလာမည့်အချိန်ဖြစ်သည်။

ယခုအနက်ဖွင့်ကျမ်းကို သက်ဆိုင်ရာတို့၏ ခွင့်ပြုချက်ဖြင့် ဝေမျှပေးထားခြင်းဖြစ်ပါသည်။ မူရင်းကို သွားရောက်ကြည့်ရှုလေ့လာလိုပါက  http://bbcmm.net/the-believers-bible-commentary  တွင် လေ့လာနိုင်ပါသည်။

တစ်စုံတစ်ခုကို မှတ်ချက်ပြုရေးသားလိုပါက အောက်တွင်ရေးသားဖေါ်ပြနိုင်ပါတယ်။