ဟေရှာယအနာဂတ္တိကျမ်း - ၂

ထာဝရငြိမ်းချမ်းသာယာမှု
(မိက္ခာ၊ ၄း၁-၃)
1ယုဒပြည်နှင့် ယေရုရှလင်မြို့ကို ရည်ဆောင်၍၊ အာမုတ်၏သားဟေရှာယခံရသော ဗျာဒိတ်တော်အချက်ဟူမူကား၊ 2နောက်ဆုံးသောကာလ၌ ထာဝရဘုရား၏အိမ်တော်တည် သောတောင်သည် တောင်ကြီးတောင်ငယ်တို့၏ထိပ်ပေါ်မှာ ချီးမြှောက်၍ တည်လိမ့်မည်။ ခပ်သိမ်းသောလူမျိုးတို့သည် ထိုတောင်သို့ စည်းဝေးကြလိမ့်မည်။ 3များပြားသောသူတို့ကလည်း၊ လာကြလော့။ ထာဝရဘုရား၏တောင်တော်၊ ယာကုပ်အမျိုး၏ဘုရားသခင့်အိမ်တော်သို့ တက်သွားကြကုန်အံ့။ လမ်းခရီးတော်တို့ကို ပြသသွန်သင်တော်မူ၍၊ ငါတို့သည် ခြေတော်ရာသို့လိုက်သွားကြမည်ဟု ခရီးသွားလျက် ပြောဆိုကြလိမ့်မည်။ တရားတော်သည် ဇိအုန်တောင်မှလည်းကောင်း၊ ထာဝရဘုရား၏နှုတ်ကပတ်တော်သည် ယေရုရှလင်မြို့မှလည်းကောင်း ပေါ်ထွက်လိမ့်မည်။ 4ထာဝရဘုရားသည် လူမျိုးတို့တွင်တရားစီရင်၍၊ များပြားသောလူတို့ကို ဆုံးမတော်မူသဖြင့်၊ သူတို့ ဓားလက်နက်များကို ထွန်သွားဖြစ်စေခြင်းငှာလည်းကောင်း၊ လှံများကို တံစဉ်ဖြစ်စေခြင်းငှာလည်းကောင်း ထုလုပ်ကြလိမ့်မည်။ တစ်ပြည်ကိုတစ်ပြည် စစ်မတိုက်၊ စစ်အတတ်ကိုလည်း နောက်တစ်ဖန် မသင်ရကြ။
5အိုယာကုပ် အမျိုးသားတို့၊ လာကြလော့။ ထာဝရဘုရား၏အလင်းတော်၌ ကျင်လည်ကြကုန်အံ့။
မာနထောင်လွှားခြင်းကိုဖျက်ဆီးမည်
6အကယ်စင်စစ် ကိုယ်တော်သည် ယာကုပ်အမျိုးသားတည်းဟူသော ကိုယ်တော်၏လူတို့ကို စွန့်ပစ်တော်မူပြီ။ အကြောင်းမူကား၊ သူတို့သည် အရှေ့ပြည်အတတ်နှင့် ကြွယ်ဝ၍၊ ဖိလိတ္တိလူတို့ကဲ့သို့ အနာဂတ္တိဆရာဖြစ်ကြ၏။ တစ်ပါးအမျိုးသားနှင့် အပေါင်းအဖော် ပြုကြ၏။ 7သူတို့ပြည်သည် ရွှေငွေနှင့်ကြွယ်ဝ၍၊ ဥစ္စာပစ္စည်း အတိုင်းမသိများ၏။ သူတို့ပြည်သည် မြင်းနှင့် ကြွယ်ဝ၍၊ မြင်းရထား အတိုင်းမသိများ၏။ 8သူတို့ပြည်သည် ရုပ်တုဆင်းတုနှင့် ကြွယ်ဝ၍၊ မိမိလက်နှင့်လုပ်သောအရာ၊ မိမိလက်ချောင်းတို့နှင့် ဖန်ဆင်းသောအရာကိုပင် သူတို့သည် ဦးချကြသည်တကား။ 9ထိုကြောင့်၊ ယုတ်သောသူလည်း ဦးနှိမ့်ခြင်း၊ မြတ်သောသူလည်း ရှုတ်ချခြင်းကို ခံရလိမ့်မည်။ သူတို့အပြစ်ကိုလည်း ကိုယ်တော်သည် လွှတ်တော်မမူရာ။
10ထာဝရဘုရားသည် မြေကြီးကို ခြောက်လှန့်အံ့သောငှာထတော်မူသော ထိုအခါ၊ ဘုရားကိုကြောက်ခြင်းအရှိန်၊ ဘုန်းတန်ခိုး အာနုဘော်တော် အရှိန်ကြောင့်၊ ကျောက်ထဲသို့ ဝင်လော့။ မြေမှုန့်၌ ပုန်း၍နေလော့။ 11ထိုကာလ၌ လူတို့၏မော်သောမျက်နှာကို နှိမ့်ရမည်။ လူတို့၏မာနကိုလည်း ရှုတ်ချရမည်။ ထာဝရဘုရားတစ်ပါးတည်းသာ ချီးမြှောက်ခြင်းသို့ ရောက်တော်မူလိမ့်မည်။ 12ကောင်းကင်ဗိုလ်ခြေအရှင် ထာဝရဘုရား၏ နေ့ရက်ကာလသည် ကြီးမြင့်သောအရာနှင့် မိုမောက်သောအရာရှိသမျှတို့ကို ဆီးတား၍၊ သူတို့သည် နှိမ့်ချခြင်းရှိကြလိမ့်မည်။ 13ကြီးမြင့်သော လေဗနုန်အာရဇ်ပင်ရှိသမျှကိုလည်းကောင်း၊ ဗာရှန်သပိတ်ပင်ရှိသမျှကိုလည်းကောင်း၊ 14မြင့်သောတောင်ရှိသမျှကိုလည်းကောင်း၊ မိုမောက်သော တောင်ပို့ရှိသမျှကိုလည်းကောင်း၊ 15မြင့်သောရဲတိုက်ရှိသမျှကိုလည်းကောင်း၊ ခိုင်ခံ့သောမြို့ရိုးရှိသမျှကိုလည်းကောင်း၊ 16တာရှုသင်္ဘော အပေါင်းတို့ကိုလည်းကောင်း၊ နှစ်သက်ဖွယ်သော ရူပါရုံအလုံးစုံတို့ကိုလည်းကောင်း ဆီးတားလိမ့်မည်။ 17ထိုကာလ၌ လူတို့၏မာနကိုရှုတ်ချ၍၊ လူတို့၏စိတ်မြင့်သောသဘောကို နှိမ့်ရမည်။ ထာဝရဘုရား တစ်ပါးတည်းသာ ချီးမြှောက်ခြင်းသို့ ရောက်တော်မူလိမ့်မည်။ 18ရုပ်တုဆင်းတုတို့သည် ရှင်းရှင်းကွယ်ပျောက်ကြလိမ့်မည်။ 19ထာဝရဘုရားသည် မြေကြီးကို ခြောက်လှန့်အံ့သောငှာထတော်မူသောအခါ၊ ထိုဘုရားကို ကြောက်ခြင်းအရှိန်၊ ဘုန်းတန်ခိုး အာနုဘော်တော်အရှိန်ကြောင့် လူတို့သည် ကျောက်တွင်း၊ မြေတွင်းထဲသို့ ဝင်ကြလိမ့်မည်။ 20ထိုကာလ၌ လူတို့သည် မိမိတို့ကိုးကွယ်ဖို့ မိမိတို့လုပ်ဖူးသော ငွေရုပ်တု၊ ရွှေရုပ်တုတို့ကို ပွေးများ၊ လင်းနို့များ၌ ပစ်ထားကြလိမ့်မည်။ 21ထာဝရဘုရားသည် မြေကြီးကို ခြောက်လှန့်အံ့သောငှာ ထတော်မူသောအခါ၊ ထိုဘုရားကို ကြောက်ခြင်းအရှိန်၊ ဘုန်းတန်ခိုး အာနုဘော်တော်အရှိန်ကြောင့် ကျောက်တွင်း၊ ချောက်ကြားထဲသို့ ပြေးဝင်ကြလိမ့်မည်။ 22နှာခေါင်းနှင့် အသက်ရှူတတ်သော လူသတ္တဝါကို မကိုးစားကြနှင့်။ ထိုသို့သောသူကို အဘယ်သို့ ပမာဏပြုစရာရှိသနည်း။

ဟေရှာယအနာဂတ္တိကျမ်း - ၂ (အနက်ဖွင့်)

၂။ အနာဂတ်ကောင်းကြီးမင်္ဂလာ (အခန်း၂)

          : အာမုတ်၏သား ဟေရှာယသည် လတ်တလော မျက်မှောက်ကာလသာမက အနာဂတ်တွင် မေရှိယသခင်၏ နိုင်ငံတော် ဘုန်းတန်ခိုးကိုလည်း သိမြင်သည်။ ထိုနေ့ရက် ရောက်သောအခါ ယေရုရှလင်မြို့သည် ကမ္ဘာ့ဘာသာရေး ဗဟိုပြုရာ အချက်အခြာနှင့် မြို့ပြနေပြည်တော် ဖြစ်လာမည်။ မြို့ကြီးပြကြီးအဖြစ် ပြန်လည် တည်ဆောက်ကြမည်။

: ဘုရင်မင်းကိုယ်တိုင် နိုင်ငံတကာပြဿနာများကို ဖြေရှင်းမည်။ ကမ္ဘာသူကမ္ဘာသားများအား စနစ်တကျငြိမ်ဝပ်စွာ ရှိစေမည်။ ထိုအရှင်သခင်၏ ဘုန်းတန်ခိုးကြောင့် စကြဝဠာအဝှန်းတွင် လက်နက်စွဲကိုင် ပုန်ကန်ခြင်း ချုပ်ငြိမ်းသွားမည်။ စစ်မက်ရေးရာ အသုံးစရိတ် ဘက်ဂျက်များကို စားဝတ်နေမှု ဖူလုံရေးအဖြစ် စာရင်းပြောင်း သုံးစွဲကြသည်။ ဤကျမ်းပိုဒ်ကို (မာလ၄:၁-၃)တွင် ကျမ်းဖွင့်စာ မျက်နှာတွင် ရေးသားသည်။ အဘယ်ကြောင့်ဆိုသော် ဝိညာဉ်တစ်ပါးတည်းက အတူတကွဖော်ပြပေးခြင်း ဖြစ်သောကြောင့် တူညီနေသည်။ တစ်ဦးတည်းထံမှ ထွက်လာသောသတင်းစကား မဟုတ်လျှင် ထိုသို့ထပ်တူထပ်မျှ တူညီစရာအကြောင်း မရှိ။

: ခရစ်တော်၏ နိုင်ငံတော် ဘုန်းတန်ခိုး ထွန်းတောက်ခါနီးသောကြောင့် ပြည်သူများ ချက်ချင်းနောင်တရကြဖို့ လိုသည်။ ထိုကြောင့် ပရောဖက်ဟေရှာယသည် ယုဒလူမျိုးများအား ဘုရားရှင်ထံ ပြန်လာကြည့်ဖို့ အလောတကြီး၊ ဖုတ်ပူမီးတိုက် သွေးဆောင်သည်။

: တိုင်းသူပြည်သားလူအများတို့သည် သူတို့၏ အပြစ်ဒုစရိုက် ကြောင့်ဘေးဥပါဒ်ဆိုးများ အထုပ်လိုက်အပိုးလိုက် ကျရောက်တော့မည့်အကြောင်းကို ဘုရားသခင်က ဟေရှာယအား ထပ်မံသတိပေးသည်။ ဘုရားသခင်ကို ရှာဖွေကြမည့်အစား အရှေ့အရပ်မှ ရှေ့ဖတ်ဆရာ ဖိလိတ္တိသားများကို အားကိုးတကြီး တိုင်ပင်နှီးနှောကြသည်။ ထိုသူများ အကြံပေးသည့်အတိုင်း လိုက်လုပ်ကြသည်။ ထိုစိတ်နှလုံး မိုက်ရိုင်းသူများနှင့် မဟာမိတ်မပြုရန် တားမြစ်သော်လည်း ဘုရားသခင်၏ စကားတော်ကို မနာခံကြ။ စည်းစိမ်ဘဏ္ဍများ၊ မြင်းများနှင့် မြင်းရထားများ တောင်ပုံရာပုံ စုဆောင်းကြသည်။ မြင်းစစ်သည်တော်များကို ဘဝလုံခြုံရေးအဖြစ် ယုံကြည်ကိုးစားကြသည်။ မိမိလက်ဖြင့် ပြုလုပ်ထားသော အုတ်ပုံ၊ သစ်သားရုပ်များကို ပြန်လည်ရှိခိုးကိုးကွယ်ကြသည်။ ထိုသို့ပြုလုပ်ခြင်းသည် ဘုရားသခင်ကို ပစ်ပယ်နှိမ်ချရာ ရောက်သည်။ ဘုရားတရားစော်ကားခြင်းကို အရှင်ဘုရား ခွင့်မလွှတ်။ အရှေ့ပြည် အတတ်နှင့် ကြွယ်ဝ၍ ဆိုသည်မှာ အရှေ့အရပ်သားများ၏ ပလွှားမှုကို အနောက်နိုင်ငံသို့ ဆောင်ယူခြင်း ဖြစ်သည်။

:၁၀၁၁ ထို့ကြောင့် အနာဂတ်ကို ကြိုမြင်သော ပရောဖက်ဟေရှာယက ပြည်သူများအား ကြောက်မက်ဖွယ် ဘုရားသခင်၏ အမျက်ဒေါသ ကျရောက်တော့ မည့်အကြောင်း၊ မော်သောမျက်နှာများ မျက်လွှာချကြရမည့်အကြောင်း သတိပေးသည်။

:၁၂၁၈ ဤကျမ်းပိုဒ်များအရ ဟေရှာယသည် ဘုရားသခင်၏ နေ့ရက်၌ အပြစ်တရားစီရင်မည့်အကြောင်း၊ ခရစ်တော်၏ နိုင်ငံတော် တည်ထောင်မည့်အကြောင်းသို့ သင်ခန်းစာ ခုန်ကူးလိုက်သည်။ ထိုနေ့ရက်တွင် ထာဝရဘုရားသခင်သည် လူသားနှင့် ဆက်ဆံထိတွေ့မည်။ လူတစ်ဦးချင်း (အာရဇ်ပင်နှင့်သပိတ်ပင်) အစိုးရမင်းများ (တောင်ကြီးတောင်ငယ်များ) စစ်တန်ခိုးအင်အားရှင်များ (ရဲတိုက်နှင့်မြို့ရိုး)၊ ဥစ္စာဓနစီးပွားရှင်များ (သင်္ဘောများနှင့် နှစ်သက်ဖွယ်သော ရူပါရုံများ) လူ့မာနပကာသနများကို ဘုရားသခင်က နှိမ့်ချမည်။ ရုပ်တုဆင်းတုများ အားလုံးကွယ်ပျောက်သွားမည်။

:၁၉၂၂ လူများသည် ပြေးစရာမရှိ၊ ရှောင်စရာမရှိကြသဖြင့် ပုန်းခိုရာလိုက်ရှာကြမည်။ ထိုအခါကျမှ သမ္မာတရားနှင့် ကင်းဝေးခြင်း၏ ဆင်းရဲဒုက္ခအမှန်ကို သိရှိကြမည်။ ဘုရားသခင် တစ်ပါးတည်းသာလျှင် လူတို့၏ ခိုလှုံမှီကိုး ရာဖြစ်ကြောင်း လူတိုင်းယုံကြည်စွဲမှတ်ကြမည်။

ယခုအနက်ဖွင့်ကျမ်းကို သက်ဆိုင်ရာတို့၏ ခွင့်ပြုချက်ဖြင့် ဝေမျှပေးထားခြင်းဖြစ်ပါသည်။ မူရင်းကို သွားရောက်ကြည့်ရှုလေ့လာလိုပါက  http://bbcmm.net/the-believers-bible-commentary  တွင် လေ့လာနိုင်ပါသည်။

တစ်စုံတစ်ခုကို မှတ်ချက်ပြုရေးသားလိုပါက အောက်တွင်ရေးသားဖေါ်ပြနိုင်ပါတယ်။