သုတ္တံကျမ်း - ၁၇

1တစ်အိမ်လုံးပြည့်သော ယဇ်ပူဇော်ပွဲကို ရန်တွေ့သောစိတ်နှင့် စားရသည်ထက်၊ ငြိမ်သက်ခြင်းနှင့် ယှဉ်သော မုန့်တစ်လုပ်စာသည် သာ၍ကောင်း၏။ 2ပညာရှိသောကျွန်သည် အရှက်ခွဲသောသားကိုအုပ်စိုး၍ ညီအစ်ကိုတို့နှင့်အတူ အမွေခံတတ်၏။ 3ငွေစစ်စရာဖို့ မိုက်ကိုလည်းကောင်း၊ ရွှေစစ်စရာဖို့ မီးဖိုကိုလည်းကောင်း သုံးတတ်၏။ စိတ်နှလုံးကိုကား၊ ထာဝရဘုရား စစ်တော်မူ၏။ 4မတရားသဖြင့် ပြုသောသူသည် မုသားစကားကို ယုံတတ်၏။ မုသားသုံးသောသူသည်လည်း ဆိုးညစ်သောစကားကို နားထောင်တတ်၏။ 5ဆင်းရဲသားတို့ကို မထီလေးစားပြုသောသူသည် ဖန်ဆင်းတော်မူသောဘုရားကို ကဲ့ရဲ့၏။ သူတစ်ပါး၌ဘေးရောက်လျှင် ဝမ်းမြောက်တတ်သောသူသည်လည်း အပြစ်ဒဏ်နှင့် မလွတ်ရ။ 6မြေးတို့သည် အသက်ကြီးသောသူ၏ သရဖူဖြစ်၏။ သားတို့၏ဘုန်းကား အဘတည်း။ 7မြတ်သောစကားသည် မိုက်သောသူနှင့် မတော်မသင့်။ ထိုမျှမက၊ မုသားစကားသည် မင်းနှင့် မတော်မသင့်။ 8လက်ဆောင်သည် ခံသောသူအထင်အတိုင်း ကျောက်မြတ်ကဲ့သို့ ဖြစ်၍၊ မျက်နှာပြုလေရာရာ၌ အောင်တတ်၏။ 9သူတစ်ပါးပြစ်မှားသော အမှုကို ဝှက်ထားသောသူသည် မေတ္တာကို ပြုစု၏။ ကြားပြောသောသူမူကား၊ မိတ်ဆွေတို့ကို ကွဲပြားစေ၏။ 10မိုက်သောသူသည် ဒဏ်ချက်တစ်ရာကို အမှုထားသည်ထက်၊ ပညာရှိသောသူသည် ဆုံးမသောစကားကို သာ၍ အမှုထားတတ်၏။ 11ပုန်ကန်သောသူသည် မတရားသောအမှုကိုသာ ပြုစုတတ်၏။ ထိုကြောင့် ကြမ်းကြုတ်သောတမန်ကို သူ့ဆီသို့စေလွှတ်ရ၏။ 12မိုက်သောစိတ် ထဆဲရှိသောလူမိုက်နှင့် မတွေ့ပါစေနှင့်။ သားငယ်ပျောက်သောဝံမနှင့် သာ၍တွေ့ပါစေသော။ 13အကြင်သူသည် ကျေးဇူးကိုမသိ၊ မကောင်းသောအမှုနှင့် ဆပ်၏၊ ထိုသူ၏အိမ်သည် မကောင်းသောအမှုနှင့် မကင်းမလွတ်ရ။ 14ရန်တွေ့စအမှုသည် ရေကန်ပေါင်ပေါက်စကဲ့သို့ ဖြစ်သောကြောင့်၊ ရန်မတွေ့မီ တွေ့စရာအကြောင်းကို ရှောင်လော့။ 15မတရားသောသူတို့ကို အပြစ်မှလွှတ်သောသူနှင့်၊ ဖြောင့်မတ်သောသူတို့ကို အပြစ်စီရင်သောသူ နှစ်ယောက်လုံးတို့ကို ထာဝရဘုရား စက်ဆုပ်ရွံရှာတော်မူ၏။
16မိုက်သောသူသည် ပညာကို အလိုမရှိသည်ဖြစ်၍၊ ပညာအဖိုးကို အဘယ်ကြောင့် သူ၌အပ်ရသနည်း။ 17အဆွေခင်ပွန်းသည် အခါခပ်သိမ်းချစ်တတ်၏။ ညီအစ်ကိုသည် ဒုက္ခကာလအဖို့ မွေးဖွားလျက်ရှိ၏။ 18ဉာဏ်မဲ့သောသူသည် လက်ဝါးချင်းရိုက်၍၊ အဆွေခင်ပွန်းရှေ့မှာ အာမခံတတ်၏။ 19ရန်တွေ့ခြင်းကို နှစ်သက်သောသူသည် လွန်ကျူးခြင်းကိုလည်း နှစ်သက်တတ်၏။ မိမိတံခါးကို ချီးမြှင့်သောသူသည် ပျက်စီးခြင်းကိုရှာတတ်၏။ 20သဘောကောက်သောသူသည် ကောင်းသောအကျိုးကို မတွေ့တတ်။ စကားလိမ်သောသူသည် ဘေးဥပဒ်နှင့် တွေ့ကြုံတတ်၏။ 21မိုက်သောသူကို ဖြစ်ပွားစေသောသူသည် မိမိကိုယ်မိမိ ဝမ်းနည်းစေတတ်၏။ မိုက်သောသူ၏အဘ၌ ဝမ်းမြောက်စရာအကြောင်း မရှိ။ 22စိတ်ရွှင်လန်းခြင်းသည် ကျန်းမာစေတတ်၏။ စိတ်ပျက်ခြင်းမူကား၊ အရိုးတို့ကို သွေ့ခြောက်စေတတ်၏။ 23မတရားသောသူသည် တရားလမ်းကိုဖျက်သော အဖိုးတံစိုးကို သူတစ်ပါး၏ခါးပိုက်အိတ်ထဲက နှိုက်ယူတတ်၏။ 24ဉာဏ်ရှိသောသူသည် ပညာကိုမျက်မှောက်ပြုတတ်၏။ မိုက်သောသူ၏မျက်စိမူကား၊ မြေကြီးစွန်းတိုင်အောင်လှည့်၍ ကြည့်ရှုတတ်၏။ 25မိုက်သောသူသည် အဘဝမ်းနည်းစရာအကြောင်း၊ မွေးသောအမိ စိတ်ညစ်စရာအကြောင်းဖြစ်၏။ 26ဖြောင့်မတ်သောသူကို အပြစ်ဒဏ်မပေးကောင်း။ တရားသဖြင့် စီရင်သောမင်းကိုလည်း မထိခိုက်ကောင်း။ 27သိပ္ပံအတတ်နှင့် ပြည့်စုံသောသူသည် စကားမများတတ်။ ဉာဏ်ကောင်းသောသူသည်လည်း၊ ဧသောစိတ်ရှိတတ်၏။ 28မိုက်သောသူပင် တိတ်ဆိတ်စွာနေလျှင် ပညာရှိဟူ၍လည်းကောင်း၊ မိမိနှုတ်ကို မဖွင့်ဘဲနေသောသူကိုလည်း၊ ဉာဏ်ကောင်းသောသူ ဟူ၍လည်းကောင်း သူတစ်ပါးထင်တတ်၏။

သုတ္တံကျမ်း - ၁၇ (အနက်ဖွင့်)

၁၇: တောင်းအပြည့်ထည့်ထားသော မသဒ္ဓါရေစာယဇ်သက္ကာခဲဘွယ်တော်တန်းများကို စားသုံးခြင်းထက် သဒ္ဓါကြည်လင်စွာရသော အစားတလုပ်သည် ပို၍စားကောင်းသည်။ စိတ်နှလုံးခန္ဓာကိုယ်အား ကျန်းမာစေပါသည်။

၁၇: ပညာရှိသော အစေခံကျေးကျွန်သည် အရှက်ရစေသောသားထက် မျက်နှာရတတ်သည်။ ထိုသုတ္တံစကားအတိုင်းပင် ရှောလမုန်၏ ပညာရှိအစေခံ ယေရောအောင်သည် ဣသရေလလူမျိုးနွယ်(၁၀)စုကို  အုပ်စိုး၍ ရှောလမုန်၏သားအရင်း ယေရောဗောင်သည် လူမျိုးနွယ်စု (၂)ခုသာ အုပ်ချုပ်ရသည်။

ပညာရှိသောအစေခံ ကျွန်များသည်လည်း သားများနှင့်တန်းတူ အမွေဆက်ခံခွင့် ရလေ့ရှိကြသည်။ အဗြဟံ၏ သမိုင်းစဉ်တွင်လည်း သူ့ကို အမွေခံနိုင်မည့်တပည့်အစေခံများ ရှာဖွေကြောင်း (က ၁၅:၂-၃)တွင် တွေ့ရသည်။

၁၇: ဘုရားသခင်က အပေါ်ယံရွှေမှုန်ကြဲခြင်း လူမြင်ကောင်းအောင်လုပ်ခြင်းကို မကြိုက်။ ရွှေနှင့်ငွေကို မီးဖြင့် စစ်ဆေးရသကဲ့သို့ လူ့စိတ်နှလုံးကို ဘုရားသခင်က စစ်ဆေးသိရှိပါသည်။ လူ့စိတ်နှလုံးထဲမှ မစင်ကြယ်သောအရာများကို ဖယ်ရှားပေးပြီး၊ ကိုယ်တော်နှင့်တူသော စိတ်သဘောထားရှိဖို့ လမ်းညွှန်ပါသည်။ လူ့စိတ်နှလုံးတွင် ခရစ်တော်၏ ပုံရိပ်ထင်စေချင်သည်။

            ဆိုးညစ်သောတိမ်သလ္လာများ ဖယ်ရှားသန့်စင်ပြီးကာလ၊

            ကျေးဇူးတော်အလုံအလောက် ဖြည့်ဆည်းပေးမည်။

ဘုရားရှင်တပါးတည်းသာ ပေးနိုင်သော အလင်းဖြစ်၍ ရွှေငွေစစ်ကြောသကဲ့သို့ စစ်ကြောသန့်စင်စေမည်။

 

-George Keith

၁၇: မတရားသဖြင့် ပြုသူများသည် သူများအား မမှန်မကန်စကား ပြောဆိုလေ့ရှိသည်။ မုသာစကား မသေချာမရေရာသော ကောလဟာလစကားနှင့် မှားယွင်းသော သတင်းစကားများ ပြောတတ်ကြသည်။ တဖန် သူတို့ကိုယ်တိုင်ကလည်း အတင်းအဖျင်း မမှန်မကန်စကားများကို နားထောင်လေ့ ရှိကြသည်။ ထို့ကြောင့် သူတို့ပြောသောစကားကို နားထောင်ခြင်းဖြင့် ထိုသူများ၏ စိတ်သဘောထား နိမ့်ကျပုံကို နားလည်နိုင်သည်။

၁၇: မရှိဆင်းရဲသားများအား စော်ကားခြင်းသည် ဖန်ဆင်းရှင် ဘုရားသခင်ကိုလည်း မလေးမစားရာ ရောက်ကြောင်း ၁၄:၃၁ တွင် ရှင်းပြခဲ့ပြီး ဖြစ်သည်။ (ယာ ၅:၁-၄ ကိုလည်းကြည့်ပါ)။ ကိုယ်ချင်းစာတရား ကင်းမဲလျှက် အားနည်းသူများကို ညှဉ်းပန်းနှိပ်စက်သူ သူတပါးဒုက္ခရောက်မှ ထမင်းစားကောင်းသူများသည် ဘုရားသခင်၏ အရေးယူအပြစ်ပေးခြင်းမှ ကင်းလွတ်ခြင်းမရှိရ။ ဧဒုံသားများသည် ယေရုရှလင်မြို့ ပျက်သုဉ်းခြင်းအား ဝမ်းသာကြသောကြောင့် ဘုရားသခင်က အပြစ်ပေးစီရင်ကြောင်း ပရောဖက်ဩဗဒိက ရှင်းပြခဲ့သည်။

၁၇: အဘိုးများ၏ ကောင်းကြီးမင်္ဂလာ လက်ဆင့်ကမ်းပေးပုံ ရှင်းပြထားသည် (ဆာ ၁၂၇:၃-၅၊ ၁၂၈:၃ ) ကလေးသူငယ်၊ မြေးငယ်များ၏ လိမ္မာရေးခြား ရှိခြင်းသည် အဘိုးတို့၏ ဝမ်းမြောက်ဂုဏ်ယူစရာ ဖြစ်သည်။ သားသမီးမြေးမြစ်များက မိဘဘိုးဘွားများ အကောင်းဆုံး ကျေးဇူးဆပ်ခြင်းသည် ဘုရားတရားသိရှိ၍ ဉာဏ်ပညာရှိခြင်း ဖြစ်သည်။

၁၇: ယဉ်ကျေးသိမ်မွေ့သောသူများ ပါးစပ်မှ မိုက်မဲသောစကားမထွက်။ လူကြီးသူမ၏ နှုတ်ဖျားမှ ကောင်းသောစကား ထွက်သော်လည်း လူမိုက်များသည် မဖွယ်မရာ စကားပြောဆိုရန် ဝန်မလေးကြ။ ဘုရားသခင်၏ သားသမီးများသည် ယဉ်ကျေးသိမ်မွေ့သူများ ဖြစ်၍ အပြောအဆို ပိုမိုဆင်ခြင်ရသည်။ အဆင့်အတန်းမြင့်သည့်အတိုင်း မွန်မြတ်သောစကား ပြောဆိုရသည်။ နှုတ်ထွက်စကားသည် မိမိအဆင့်အတန်း ပြသရာဖြစ်သည်။

၁၇:  လက်ဆောင်သည်လူ့စိတ်နှလုံးကို သာယာနူးညံ့စေတတ်သည်။ လက်ဆောင်သည် နေရာတိုင်းတွင် မျက်နှာရသည်။ အောင်မြင်ပြည့်စုံစေသည်။ တံခါးဖွင့်ပေးသည်။ အခွင့်အလန်း ရှာဖွေပေးသည်။ ဘေးအန္တရာယ် ခလုတ်ကန်သင်းများ ဖယ်ရှားပေးသည်။

၁၇: သူတပါးအားနည်းချက်ကို မထောက်ကြ။ မေ့ပျောက်သူသည် ချစ်ခြင်းမေတ္တာရှေ့ထားသူများ ဖြစ်၍ လူချစ်လူခင် ပေါများသည်။ သူတပါးပြစ်မှားသောအပြစ်ကို ဗွေမယူခြင်းသည် မိတ်ကောင်းဆွေမွန် ပီသရာရောက်သည်။

Adam က”ချစ်ခြင်းမေတ္တာ သင်ယူဆောက်တည်လျှင် သူတပါးက မိမိအပေါ်ပြုမှားသော အပြစ်များကို အမှတ်မထားဖို့ ဖုံးကွယ်ပေးဖို့ လိုသည်”ဟု ဆိုသည်။

တခါက အမျိုးသမီးတဦးက သူ့အဖော်အား”ဟိုကောင်မ၊ မင်းကိုပြောထားတာ အမှတ်မရှိဘူးလား”ဟုဆိုသည်။

“မမှတ်မိဘူး၊ ငါ့ကို မကောင်းကြောင်း ပြောစကားတွေ နားဝင်ခြင်း အကျင့်မရှိ”ဟု ပြန်ပြောသည်။

George Washington သည် အသားမဲသောကြောင့် တက္ကသိုလ်ဝင်ခွင့် မရခဲ့။ လူကြီးဖြစ်လာသောအခါ သတင်းထောက်တဦးက ထိုတက္ကသိုလ်နာမည် ပြောပြနိုင်မည်လားဟု သွားမေးသည်။ “ကျွန်တော် မမှတ်မိဘူးဗျာ။ ချစ်ခြင်းမေတ္တာက ဖုံးဖိသွားကုန်ပြီ”ဟု ဆိုသည်။

၁၇:၁၀ လူမိုက်အား အကြိမ်တထောင် ရိုက်နှက်ဆုံးမခြင်းထက် အသိဉာဏ်ပါးနပ်သူအား စကားတခွန်းဖြင့် ဆုံးမခြင်းက ပိုမိုရောက်သည်။ လူအများစုသည် တင်းကြပ်သော စည်းကမ်းကာလနားအောက်တွင် မနေလိုကြ။ သို့သော်လည်း သူတပါး သွန်သင်လမ်းပြခြင်းကို နာခံလိုစိတ်မရှိကြပြန်။ ထိုသူများအား နားလည်သဘောပေါက်အောင် သွန်သင်ရန် လွန်စွာခက်ခဲသည်။

၁၇:၁၁  မတရားသောသူသည် ပုန်ကန်ခြားနားဖို့ရန်သာ ကြံစည်တတ်သည်။ တရားဥပဒေနှင့်အညီ လုပ်ဆောင်လိုစိတ်မရှိ။ မိမိနည်း မိမိဟန်ဖြင့်သာ လုပ်ဆောင်လိုသည်။ ထို့ကြောင့် ထိုမတရားသူများသည် အုပ်စိုးသူမင်း၏ ဖမ်းဆီးအရေးယူခြင်း ခံရသည်။ သို့မဟုတ် ဘုရားသခင်က သေမင်းတမန် စေလွှတ်ပေးသည်ဟု နားလည်ရသည်။

၁၇:၁၂ သားပျောက်သော ဝံမသည် အမျက်ဒေါသထွက်လျက် တွေ့ရာလူကို ရန်တွေ့ကိုက်စားသည်။ သို့သော် ထိုဝံမသည် မိုက်စိတ်ထနေသော လူမိုက်မမီသေး။ လူမိုက်သည် မိုက်မဲစိတ် ခေါင်းထဲဝင်လာလျှင် အတောမသတ်နိုင်။ ဆင့်ကာဆင့်ကာ မိုက်တွင်းနက်တော့သည်။

၁၇:၁၃  ကျေးဇူးတရားမသိ။ ကျေးဇူးဆပ်ရမှန်း နားမလည်။ အလိုက်ကမ်းဆိုး မသိသူသည် ကျေးဇူးစူးသည်။ သူ့အိမ်မိသားစုလုံး ဥပါဒ်သင့်ကြသည်။ ဒါဝိဒ်သည် သူ၏စစ်သူကြီး ဥရိယအား လိမ်လည်လှည့်ဖြားမှုဖြင့် တူသောအကျိုး ခံစားရမည့်အကြောင်း ဘုရားရှင်က မိန့်ဆိုခဲ့သည် (၂ရာ ၁၂:၉-၁၀)။

၁၇:၁၄ ရေစီးကြောင်းတွင် အပေါက်ငယ်ဖောက်လျှင် ရေတိုက်စားမှုကြောင့် ပိုမို အပေါက်ကျယ်သွားမည်။ ရန်ဖြစ်စကားများလျှင် ထိုနိယာမအတိုင်း ဖြစ်သည်။ အသေးအဖွဲ့အမှုကို သေးငယ်စဉ် မဖြေရှင်းလျှင် ပြဿနာကြီး ဖြစ်တတ်သည်။ ထို့ကြောင့် ပေါက်ဆိန်ဖြင့် ထွင်းမည့်အခြေအနေဆိုး မရောက်ခင် အပ်ဖြင့်ထွင်းသည့် အခြေအနေတွင် ရပ်စဲလိုက်ပါ။ တနည်းအားဖြင့် အမျက်ဒေါသမှ ရန်ပွဲအဖြစ်သို့ ကြီးထွားနိုင်သည်။

၁၇:၁၅ လွဲမှားသော အပြစ်စီရင် ဆုံးဖြတ်ခြင်းကို ဘုရားသခင်မုန်းသည်။ အပြစ်ရှိသူအား အပြစ်ဒဏ်မှ ကင်းလွတ်စေခြင်းကို စက်ဆုပ်ရွဲရှာသကဲ့သို့ အပြစ်မရှိသူအား အပြစ်စီရင်ခြင်းကိုလည်း မုန်းတီးသည်။ ယနေ့ခေတ်ကာလတွင် တရားရုံးများ၌ ထိုအဖြစ်အပျက်မှား မကြာခဏကြုံတွေ့ရသည်။ ငွေများငွေနိုင်လုပ်ကြသည်။ သို့သော် ဘုရားသခင်ရှေ့တွင်မူ ထိုမတရားမှုမျိုးမရှိ။ ထို့ကြောင့် “တရားသဖြင့် တရားတော်နှင့်အညီ နေပါ။ တရားသဖြင့် စီရင်ပါ”ဟု စိတ်နှလုံးထဲတွင် ပဲ့တင်ထပ်အောင် ရွတ်ဆိုပါ။

၁၇:၁၆ လူတလုံးသူတလုံး ဖြစ်ချင်စိတ်မရှိသူများသည် ပညာသင်ယူစိတ်မရှိကြ။ ပညာတတ်ဖြစ်ချင်သူသည် ပထမဦးစွာ သင်ယူနာခံလိုစိတ် ရှိရသည်။ “တက်သိလိုစိတ်ရှိရမည်”ဟု Moffott  က ဆိုသည်။

ဒုတိယအဓိပ္ပါယ်မှာ လူမိုက်သည် ပညာသင်ယူဖို့ ငွေကုန်ကြေးကျ မခံချင်။ ပညာ၏ အရည်အချင်း အစွမ်းအစတန်ခိုးကို နားမလည်သောကြောင့် ဦးစားပေးရမှန်းမသိ။ “ပညာ၏တန်ဖိုးနားမလည်သော လူမိုက်က ငွေကုန်ကြေးကျမခံ။ ထိုပညာကို ဘယ်နေရာမှာ သုံးစားရမှန်း တွေးဆ၍မမှီ (Berkeley) ပညာကို မုန့်များကဲ့သို့ ဈေးတွင် ဝယ်ယူနိုင်သည်ဟု ထင်မှတ်သည်။ မတတ်ခြင်းထက် မသိခြင်းက ပိုခက်ပါသည်။

၁၇:၁၇ မိတ်ဆွေကောင်းသည် သူတပါးသူအား ထပ်တူထပ်မျှ ပြုစုတတ်၏။ ဖြစ်စေချင်၏။ မိတ်ကောင်းဆွေကောင်းသည် အကြပ်အတည်း၊ သေရေးရှင်ရေး၌ စကားပြောသည်။ D.L Moody က “မိတ်ဆွေကောင်းသည် တိုက်တက်နွယ်ပင်ကဲ့သို့ ဖြစ်သည်။ ကြီးပွားသည်ဖြစ်စေ၊ ဘဝပျက်သည်ဖြစ်စေ၊ အနီးဆုံးလူအဖြစ် ရပ်တည်သည်”၂၇ ဟု ဆိုသည်။

မွေးချင်းပေါက်ဖော်သည် ဆင်းရဲဒုက္ခ အတူတူရင်ဆိုင်ဖို့ မွေးဖွားခြင်းဖြစ်သည်။ ညီအစ်ကိုမောင်နှမ တော်စပ်ခြင်းသည် ဘုရားပေး အခွင့်အရေးထူး ဖြစ်သည်။ အခက်အခဲအကြပ်တည်းကာလ၌ အလိုအပ်ဆုံးသောသူ ဖြစ်သည်။

ဤကျမ်းပိုဒ်ကို ဖတ်ရှုလျှင် သခင်ယေရှုအား အလွယ်တကူ တွေ့မြင်နိုင်မည်ဟု ယူဆပါသည်။

ကိုယ်တော်ကဲ့သို့ တနာရီမပြတ်၊ အနီးကပ်နေမည့်သူမရှိ။

မရှိ၊ မည်သူမှမရှိ၊ မရှိရေးခြာမရှိ။

ကိုယ်တော်၏ ချစ်ခြင်းမေတ္တာလွှမ်းခြုံလျှင် မှောက်မိုက်ညဉ့်ယံမရှိ။

မရှိ။ မရှိရေးခြာမရှိပါ။

Johnson Batman

 ၁၇:၁၈ ဤသုတ္တံကျမ်းသည် အထက်တနေရာတွင် ဆိုခဲ့သော သုတ္တံစကားကို ထပ်ဖြည့်သည်။ အသိတဦး၏ ကြွေးမြီအား အာမခံပေးခြင်းသည် ချစ်ခြင်းမေတ္တာ အစစ်အမှန်မဟုတ်။ ဉာဏ်တိမ်ခြင်း၊ မှောက်မဲခြင်း ဖြစ်သည်။ သူတပါးအား အနာဂတ်အတွက် အာမခံပေးခြင်းသည် မိုက်မဲသောစွန့်စားမှု ဖြစ်သည်။ အဘယ်ကြောင့် မိုက်မဲသောစွန့်စားမှု လုပ်ရမည်နည်း။

  ၁၇:၁၉  သူတပါးကို လွန်ကျူးပြစ်မှားလျှင် ရန်တွေ့ရတတ်သည်။ အသွားရှိလျှင် အပြန်ရှိသည်။ အပြန်အလှန် နိယာမတရား ဖြစ်သည်။ အပြောကြီးသူသည် ဆင်းရဲဒုက္ခ ကြုံတွေ့ရတတ်သည်။ (၁) အပြောကြီးလေထွားသူ၊ (၂) မိမိပိုင်ဆိုင်မှုကို ဝါကြွားသူ၊ (၃) ရှိသည်ထက်ကြွယ်ဝဟန်ဆောင်သူ၊ အသုံးအဖြုန်းကြီးသူများသည် ပျက်စီးခြင်းရွာသို့ လျှောက်သွားသူများ ဖြစ်သည်။

၁၇:၂၀ လိမ်လည်လှည့်စားသူသည် အောင်မြင်ခြင်းမရရှိနိုင်။ ဆိုးညစ်သောအကြံသည်လည်း စည်းစိမ်ဥစ္စာမချမ်းသာနိုင်။ မကောင်းဆိုးဝါးများကို ဖိတ်ခေါ်သူများ ဖြစ်ကြသောကြောင့် ပျှော်ရွှင်ခြင်း မရနိုင်ကြ။

၁၇:၂၁ မိုက်မဲသောသား၏ အပြုအမူကြောင့် မိဘများ စိတ်ဆင်းရဲရသည်။ ဝမ်းနည်းကြေကွဲရသည်။ မိုက်သောသားသမီးများသည် ဖခင်၏စိတ်ဒုက္ခများ ဖြစ်သည်။

၁၇:၂၂ စိတ်သဘောထား ချမ်းမြေ့ခြင်းက ရုပ်ခန္ဓာကျန်းမာခြင်း အကျိုးပြုပုံကို တဖန် ရှင်းပြထားသည်။ နေမကောင်း မကျန်းမာသည့်အခါ ဖြစ်စေ၊ တစုံတခု ချို့ယွင်းအားနည်းသွားသည့်အခါ ဖြစ်စေ၊ ပြန်လည်နလံထူထောင်ဖို့ စိတ်ရွှင်လန်းခြင်း၊ ယုံကြည်ခံယူချက်အပေါ်တွင် မူတည်သည်။ စိတ်နှလုံး ရွှင်လန်းချမ့်မြေ့ခြင်းသည် ကျန်းမာရေး၏ အဓိကအကြောင်းရင်း ဖြစ်သည်။ စိတ်ပျက်အားငယ်နေလျှင် ခန္ဓာကိုယ်လည်း အိုမင်းရင့်ရော် ပျက်စီးသည်။ စိတ်ထောင်းကိုယ်ကြေသည်။

ဤကျမ်းချက်နှင့်ပတ်သက်၍   Berkeley ကျမ်းမူမှ ရှင်းပြချက်ကို ပြန်လည်ဖော်ပြပါသည်။

စိတ်ပါလက်ပါ ဟားတိုက်ရီမောခြင်းသည် အကောင်းဆုံးသော ခန္ဓာကိုယ်လေ့ကျင့်ခန်း ဖြစ်သည်ဟု ယနေ့ဆေးပညာရှင်များက ဆိုကြသည်။ အားရပါးရရယ်မောလျှင် ခန္ဓာကိုယ်နှင့်တကွ သွေးကြောများ ပိုမိုလှုပ်ရှားသည်။ နှလုံးထဲသို့ အောက်စီဂျင်ဓါတ် ပိုမိုဝင်ရောက်သည်။ တချိန်တည်းတွင် နှလုံးမှတဆင့် ခန္ဓာကိုယ်ထဲရှိ အခြားအစိတ်အပိုင်းများကိုလည်း ပိုမိုလှုပ်ရှားစေသည်။ သွေးလွှတ်ကြောများသည်လည်း ပိုမိုသွက်လက်စွာ လှုပ်ရှားကြသည်။ အသဲ အစာအိမ်၊ ကျောက်ကပ် အစရှိသော ခန္ဓာကိုယ်အတွင်းရှိ၊ အင်္ဂါအစိတ်အပိုင်းများ အလုပ်လုပ်ကြသည်။ ရှေးဂရိပညာရှင်ကြီး အရစ္စတိုကယ်ကလည်း သိမ့်သိမ့်တုန်ရီမောကြဖို့ လွန်ခဲ့သောနှစ်ပေါင်းနှစ်ထောင်ကတည်းက တိုက်တွန်းထားသည်။ “ရီမောခြင်းသည် ခန္ဓာကိုယ်ကျန်းမာရေးအတွက် အဖိုးတန်လေ့ကျင့်ခန်း ဖြစ်သည်။၂၈

သို့သော် ရယ်မောတိုင်းသည် ကျန်းမာရေးကို အထောက်အကူ မဖြစ်စေဘူးဟု စိတ်ပညာရှင်ကြီး ပရောဖက်ဆာ Howard Pollis က ထောက်ပြသည်။ ရီမောခြင်းနှင့် ပြုံးပြခြင်းသည် မတူညီပါ။ သူတပါးအား မနာလိုစိတ်၊ သရော်စိတ်၊ ပြက်ရယ်ပြုခြင်း၊ ပြောင်လှောင်ခြင်းများသည် ကျန်းမာရေးအထောက်အကူ မဖြစ်စေပါ။ သူတပါးကို ထိခိုက်နာကျင်စေခြင်း မရှိသော ပျှော်ရွှင်ရယ်မောခြင်းသာလျှင် ကျန်းမာရေးကို အထောက်အကူပြုသည်။

တွေးမှုင်ငေးကြောင်သော စိတ်သဘောထားသည် မိမိအရိုးကို ခြောက်သွေ့စေသည်။ ထိုအကြောင်းကို  Blake Clark   က ဤသို့ရှင်းပြသည်။

စိတ်လှုပ်ရှားခြင်းက လူ့ကျန်းမာရေးကို ထိခိုက်စေသည်။ ဆံပင်ကျွတ်စေသည်။ ခေါင်းကိုက်စေသည်။ အကြောအချင်တင်းမာစေသည်။ မျက်စိနှင့် နှာခေါင်းမှ အရည်ထွက်စေ၍ ပန်းနာရင်ကျပ် ဖြစ်စေနိုင်သည်။ အင်ပျဉ်ထစေနိုင်သည်။ အရေပြားပေါ်တွင် အစက်အပြောက်များ ဖြစ်ပေါ်စေပြီး သွားနဲ့စေသည်။ အရိုးအဆစ်များထိ ပလိပ်ရောဂါကဲ့သို့ ကူးစက်စေနိုင်သည်။ အိမ်ထောင်ရှင်မများကိုလည်း လင်ယောက်ျားနှင့် ဆက်ဆံရေး ထိခိုက်စေသည်။ စိတ်လှုပ်ရှားခြင်းက လူ့အသက်ကို သတ်ပါသည်။၂၉

၁၇:၂၃ ဆိုးသွမ်းသောသူများသည် အိမ်နောက်ဖေးပေါက်မှဝင်သော တံစိုးလက်ဆောင်များကို အသာတကြည် လက်ခံလေ့ရှိကြသည်။ ထိုတံစိုးလက်ဆောင်များက တရားသဖြင့် စီရင်ချက်များကို မျက်နှာလိုက်စေသည်။

၁၇:၂၄ ပညာသတိရှိသူများသည် ရည်မှန်းချက်ပန်းတိုင်ကို ဦးစွာလှမ်းကြည့်ကြသည်။ လူမိုက်များသည် ရည်ရွယ်ချက် တိတိကျကျ မရှိကြသည့်အတိုင်း ပြဿနာကြုံတွေ့လာသောအခါ အရပ်ရှစ်မျက်နှာသို့ ကျီးကန်းတောင်းမှောက် လိုက်ကြည့်ကြသည်။

၁၇:၂၅ မိဘများ၏ ကြေကွဲဝမ်းနည်းဖွယ် အကောင်းဆုံးတခုမှာ သားသမီးများကြောင့် ပူဆွေးဒုက္ခရောက်ခြင်းဖြစ်သည်။ မိခင်ကိုလည်း ဒူးနှင့်မျက်ရည်သုတ်စေကြသည်။

၁၇:၂၆ ဖြောင့်မတ်သူအား အပြစ်ဒဏ်ပေးခြင်း၊ အပြစ်မဲ့သူအား ဒဏ်ငွေပေးခြင်းသည် တရားစီရင်မှုအား မှောက်မှားခြင်း ဖြစ်သည်။ ထိုကဲ့သို့သော အဖြစ်အပျက်ဆိုးမျိုး နေရာတကာတွင် တွေ့မြင်နေရသည်မှာ ဝမ်းနည်းစရာ ဖြစ်သည်။

၁၇:၂၇ အသိဉာဏ်ပညာ ပြည့်ဝသူများသည် စကားများများမပြော ထိုးထွင်းဉာဏ်ရှိသူများသည် ဣန္ဒြေတည်ငြိမ်စွာ နေတတ်ကြသည်။ မဆင်မခြင် နှုတ်စွာသူများနှင့် စိတ်တိုသူများသည် မိမိတို့အကျင့်လက္ခဏာ ညစ်စုတ်မှုကို ပြသသူများ ဖြစ်သည်။

၁၇:၂၈ ပညာရှိဟန်ဆောင်လျှက် တည်ငြိမ်စွာနေသော်လည်း လူမိုက်သည် သူ့မျက်နှာတွင် မိုက်မဲမှု ပေါ်လွင်နေသည်။ “သူ့စကားတခွန်းဖြင့် လူ၏အတိုင်းအတာကို သိရှိနိုင်သည်” (Moffatt)။

James G.Sinclair က”သင်စကားပြောခြင်းဖြင့် လူအများက သင့်အား ဉာဏ်တိမ်သူဟု သိရှိရခြင်းထက် လူမိုက်ဖြစ်သော်လည်း စကားအထွေအထူးအထွေမပြောဘဲ၊ ပညာရှိကဲ့သို့ တည်ငြိမ်စွာနေခြင်းက ပိုကောင်းပါသည်”ဟု ဆိုသည်။

ယခုအနက်ဖွင့်ကျမ်းကို သက်ဆိုင်ရာတို့၏ ခွင့်ပြုချက်ဖြင့် ဝေမျှပေးထားခြင်းဖြစ်ပါသည်။ မူရင်းကို သွားရောက်ကြည့်ရှုလေ့လာလိုပါက  http://bbcmm.net/the-believers-bible-commentary  တွင် လေ့လာနိုင်ပါသည်။

တစ်စုံတစ်ခုကို မှတ်ချက်ပြုရေးသားလိုပါက အောက်တွင်ရေးသားဖေါ်ပြနိုင်ပါတယ်။