ဆာလံကျမ်း - ၆

ဒုက္ခရောက်စဉ်ကူမရန်ဆုတောင်း
1အိုထာဝရဘုရား၊ အမျက်တော်ထွက်၍ အကျွန်ုပ်ကိုအပြစ်တင်တော်မမူပါနှင့်။ ပြင်းစွာအမျက်ထွက်၍ ဆုံးမတော်မမူပါနှင့်။ 2အိုထာဝရဘုရား၊ အကျွန်ုပ်သည် ခွန်အားနည်းလှပါ၏။ ကယ်မသနားတော်မူပါ။ အိုထာဝရဘုရား၊ အကျွန်ုပ်အရိုးတို့သည် တုန်လှုပ်ကြပါ၏။ ကျန်းမာပကတိရှိစေတော်မူပါ။ 3အကျွန်ုပ်စိတ်ဝိညာဉ်သည် အလွန်တုန်လှုပ်ပါ၏။ အိုထာဝရဘုရား၊ ကိုယ်တော်သည် အဘယ်မျှကာလပတ်လုံး နေတော်မူမည်နည်း။ 4အိုထာဝရဘုရား၊ တစ်ဖန်ကြွလာ၍ အကျွန်ုပ်စိတ်ဝိညာဉ်ကို ကယ်ယူတော်မူပါ။ ကရုဏာတော်နှင့်အညီ အကျွန်ုပ်ကို ကယ်တင်တော်မူပါ။ 5အကြောင်းမူကား၊ သေလျက်နေစဉ်တွင် ကိုယ်တော်ကို အောက်မေ့ခြင်းမရှိပါ။ မရဏာနိုင်ငံတွင် ကျေးဇူးတော်ကို အဘယ်သူချီးမွမ်းပါမည်နည်း။ 6အကျွန်ုပ်သည် ညည်းတွား၍ ပင်ပန်းလှပါ၏။ အကျွန်ုပ်ခုတင်ကို ကိုယ်မျက်ရည်၌ တစ်ညလုံးမျှော၍၊ အိပ်ရာကိုလည်း မွန်းစေပါ၏။ 7ဝမ်းနည်းခြင်းအားဖြင့် မျက်စိပျက်၍၊ ရန်သူများကြောင့် ပြာမှုန်လျက်ရှိပါ၏။
8မတရားသဖြင့် ပြုသောသူအပေါင်းတို့၊ ငါ့ထံမှ ဖယ်သွားကြ။ ငါငိုကြွေးသံကို ထာဝရဘုရား ကြားတော်မူ၏။ 9ငါတောင်းပန်ခြင်းကို ထာဝရဘုရားကြားတော်မူ၏။ ငါပြုသောပတ္ထနာစကားကို ထာဝရဘုရား နာယူတော်မူ၏။ 10ငါ့ရန်သူအပေါင်းတို့သည် ရှက်ကြောက်၍ ဆုံးရှုံးခြင်း ရှိကြလိမ့်မည်။ ချက်ချင်းပြန်သွား၍ ရှက်ကြောက်ခြင်းသို့ ရောက်ကြလိမ့်မည်။

ဆာလံကျမ်း - ၆ (အနက်ဖွင့်)

ဆာ ၆၊ နှစ်ထပ်ကွမ်း ဘေးဒုက္ခ

ဒါဝိဒ်သည် သေလုမျောပါး အသဲအသန်ဖျားနာသည်။ အခြားတဘက်တွင်လည်း ရန်သူများကဖိစီးနေကြသည်။ သူသည်နောက်ဆုံးအချိန်ရောက်နေပြီ။မျှောင်လင့်ချက်ကမ်းကုန်ပြီဟု ထင်သည်။

၆း၁ ဒါဝိဒ်က ယခုကဲ့သို့ အသဲအသန်ဖျားနာခြင်းသည် ကြီးလေးသောအပြစ်ပြုမှားသောကြောင့်ဘုရားသခင်က ရိုက်နှက်ဆုံးမခြင်းဖြစ်သည်ဟု ခံယူသည်။ ယနေ့ယုံကြည်သူများသည်လည်း ဆင်းရဲဒုက္ခရောက်လျှင် ထိုအတွေးမျိုးမကြာခဏဝင်တတ်သည်။တခါတလေမှန်တတ်သည်။ အချို့နာမကျန်းမှုများသည် ဘဝအသက်တာတွင် ပြုမှားသောအပြစ်ကို မဝန်ခံသောကြောင့်ဖြစ်ပါသည် (၁ကော ၁၁း၃၀)။ သို့သော်အမြဲတန်းမဟုတ်ပါ။ ဘုရားသခင်၏ဘုန်းတန်ခိုးနှင့်ကျက်သရေထင်ရှားစေရန် အနာရောဂါသက်ရောက်စေခြင်းလည်းရှိသည် (ယေ ၉း၃၊ ၁၁း၄)၊ ဝိညာဉ်အသီးအပွင့်ဖြစ်ထွန်းစေရန်လည်းဖြစ်နိုင်သည် (ရော ၅း၃)၊အပြစ်ထဲသို့ မကျရောက်အောင်ကာဆီးခြင်းလည်းဖြစ်နိုင်သည် (ဖိ ၂း၃၀)။ အသက်ကြီး၍ ပျက်စီးခြင်းလည်းဖြစ်နိုင်သည် (ဒေ ၁၂း၃-၆)။

အဖျားအနာရောဂါကျတိုင်း ပြန်လည်စီစစ် လျှင်မိမိအပြစ်များဝန်ခံခြင်းမပြုကြ။ မိမိအပြစ်များ ကိုဝန်ခံပြီးလျှင် မိမိဖျားနာခြင်းအပေါ်ဘုရားရှင်၏ရည်ရွယ်ချက်နားလည်နိုင်ဘို့ ဆုတောင်းရသည်။ ထို့နောက်မှ ဆေးဆရာထံချဉ်းကပ်၍ ဆေးဝါးမှီဝဲရသည်။ပထမဦးစားပေးသည့် ထိုဆေးဝါးများမဟုတ် အနာရောဂါဖြစ်စေ၊ အသဲအသန်အဖျားအနာဖြစ်စေ၊ အနာရောဂါကင်းငြိမ်းခြင်းသည် ဘုရားရှင်ထံမှလာပါသည်။ မိမိသဘောဖြင့် အနာရောဂါကျန်းမာဖို့ ရွေးချယ်ခွင့်မရှိ။ကျေးဇူးတော်ဖြင့် ဆင်းရဲဒုက္ခအနာ ရောဂါခံရသည်။ကျေးဇူးတော်က သေလွန်အောင်ပြုလုပ်သည် မဟုတ်။

၆း၂-၃ ဆာလံဆရာက သူ့အနာရောဂါပျောက်ကင်းဖို့ ခံစားချက်များကို တခုခြင်းဖြင့် အန် သည်။အချည်းနှီးအသက်ရှင်နေရသည်။ အရိုးထည်များနာကျင်သည်။ အသိတရား၊ တနံ့နံ့နာကျင်သည်။ သို့သော်ဆုတောင်းချက်များကို ဘုရားရှင်က အနှေးနှင့်အမြန်အဖြေပေးမည်ဟု ယုံကြည်သည်။ အဘယ်မျှကာလပတ်လုံး ထိုဝေဒနာကို တမြေ့မြေ့ခံစားနေရမည်နည်း။

၆း၄ ဒါဝိဒ်က ထိုသေရတော့မည့်အဖျား အနာမှကယ်ထုတ်ပေးပါရန် ဘုရားသခင်ထံသို့ အသနားခံတောင်းလျှောက်သည်။ ယေဟောဝါဘုရား သခင်၏ဂရုဏာတော်ကို စိတ်ရှည်သီးခံမည်။

၆း၅ တမျိုးတဖုံအသနားခံပြန်သည်။ အကယ်၍ဒါဝိဒ်သေလွန်သွားလျှင် ဘုရားရှင်ရှေ့တော်မှောက်သို့ရောက်လာနိုင်တော့မည်မဟုတ်။ ပြန်လည်ကျန်းမာလျှင်မူကား အသက်ရှင်နေသရွေ့ကာလပတ်လုံး ဘုရားရှင်ကို အောက်မေ့သတိရလျှက် ချီးမွမ်းကိုးကွယ်နေမည်။အကယ်၍ သေသွားလျှင်မူကား ဘုရားရှင်ကိုမေ့ပျောက်သွားမည်။ အသိစိတ်ဓါတ်မရှိသော ခန္ဓာကိုယ်ဘုရားရှင်ကို ကျေးဇူးစကားဆို နိုင်မည်မဟုတ်။

အကြောင်းပြချက်များသည် ရုပ်ခန္ဓာကိုယ်နှင့်ပတ်သက်သည်။ အလောင်းကောင်က ချီးမွမ်းခြင်းမပြုနိုင်။ အသိစိတ်ဓါတ်နှင့် ဝိညာဉ်သည် အသိတရားတွင်ကန့်သတ်ချက်ရှိသည်။ ရှေးဟောင်းသန့်ရှင်းသူများသည် သေလွန်ခဲ့ကြပြီးဖြစ်၍ ကန့်သတ်ချက်ရှိသည်။သို့သော်ယုံကြည်သူ သေလွန်သည့်အခါမြေကြီးပေါ်ရှိရုပ်ခန္ဓာထက်သာလွန်သော ခန္ဓာကိုယ်ဖြင့် ခရစ်တော်နှင့် အတူနေကြရမည်(ဖိ ၁း၂၃)။ ခရစ်တော်၏ကျေးဇူးတော်ပေတည်း။ သူ့ဝိညာဉ်သည် ခန္ဓာကိုယ်နှင့်ဝေးကွာလျှက်သခင့်အိမ်တော်တွင် ရှိနေမည် (၂ကော ၅း၈)။ယုံကြည်သူသည် ကွယ်လွန်သည့် အခါ သူ့ဝိညာဉ်သည်သောင်မတင်ရေမကျ ကြားခုလပ်တွင်အိပ်စက်အနားယူ သည်မဟုတ်။ ကိုယ်တော် ဘုရားထံတော်သို့ရောက်ရှိ၍ ချီးမွမ်းကိုးကွယ်နေရသည်။

ဒါဝိဒ်၏ အံ့ဩဘွယ်ရာတောင်းလျှောက်သံမှာသူ၏ဆုတောင်းသံကို အလင်းအဖြစ်ခံယူခြင်းဖြစ်သည်။ ယုံကြည်သူများ၏ ဆုတောင်းသံများသည်အလင်းဖြစ်လျှင် ချီးမွမ်းခြင်းနှင့်ကိုးကွယ်ခြင်းများသည်အဘယ်မျှဆိုဘွယ်ရာရှိမည်နည်း။

၆း၆-၇ ဆာလံဆရာ၏ ဒုက္ခဝေဒနာအတိမ်အနက်ကို မှန်းဆကြည့်နိုင်သည်။ ငိုကြွေးပြီးသွားသည်။ တညဉ့်လုံးငိုထားသော မျက်ရည်အိုင်ထဲတွင်ခေါင်းအုံးများစိုရွှဲသည်။ ငိုရလွန်း၍ မျက်ခုံးမိုးမောက်ပိန်းပိတ်ကုန်သည်။ မျက်ရည်ငွေ့တွေ ဖုံးလွှမ်းနေသောကြောင့် ပီပီပြင်ပြင်မမြင်ရ။ ရန်သူ့ဖိအားခြိမ်းခြောက်မှုကလည်း ကြောက်ခမန်းလိလိ။ ရှေ့ဆက်အသက်ရှင်ဖို့မမြင်။ ဘေးဒုက္ခပေါင်းစုံကဝိုင်းရံထားသည်။

၆း၈-၁ဝ သို့သော် ဆုတောင်းခြင်းဖြင့် အရာရာပြောင်းလဲနိုင်မည်။ သန့်ရှင်းဝိညာဉ်တော်၏ ဆက်သွယ်ပေးမှုဖြင့် ဆာလံဆရာ၏ငိုသံ၊ ညည်းတွားသံ၊ ဆုတောင်းသံများကို ဘုရားရှင်ကကြားသိ၍ အဖြေပြန်ပေးထားပါသည်။ ရန်သူများ လွင့်ပျက်သုန်းကြမည့်အကြောင်း အာမခံချက်ပေးထားသည်။ သို့ဖြင့်ရန်သူများ၏ကောက်ရိုးမီခြိမ်းခြောက်မှုကို မကြောက်။ဘုရားရှင်က အရေးယူအပြစ်ဒဏ်ပေးသည့် အခါတမဟုတ်ခြင်းအရှက်ကွဲကြမည်။

သခင့် မျက်စိတမှိတ်လျှပ်တပြတ်တွင် ပြောင်းပြန်ဖြစ်သွားနိုင်ပြီးကိုယ်တော်ရှိလေရာမှာ အရာခပ်သိမ်းသေချာသည်။ဘယ်မျှဝန်ထုပ်ပိုးမဆို ဖယ်ရှားပေးနိုင်သည်။မောလျှနွမ်းသူ ဝလင်စွာစားသုံးအနားယူလိုပါ၊ဒူးထောက်စဉ်ခါ ပတ်ဝန်းကျင်ထက်နိမ့်သော်လည်း ထမြောက်သောခါ အရာခပ်သိမ်းထက်မြင့်မားနေပါလား။နေရောင်ခြည်အောက်မှာ၊ သတ္တိသွေးကြွယ်ပါ၏။ဒူးထောက်စဉ်ခါ အားနည်းပေမယ့်ထမြောက်သော တန်ခိုးအစွမ်းပြည့်ဝ၏။အဘယ်ကြောင့် လမ်းမှားသို့လိုက်တော့အံ့နည်း။အစဉ်သဖြင့် အားပြည့်သည်မဟုတ်ပေလင့်သတိမလစ် ဂရုတစိုက်ရှိဖို့လိုအပ်သားချို့ယွင်းအားနည်း၍ စိတ်ပျက်လက်ပျက်ရှိစဉ်ခိုက်စိုးရိမ်သောက ရတက်ပွေနေလည်းဆုတောင်းလိုက်စမ်းပါ။အထံတော်က ခွန်အားသတ္တိတွေ စီးဝင်လျှက်ပျော်ရွှင်အားတက်သွားမှာပါ။

Richard Chenevix Trench

ယခုအနက်ဖွင့်ကျမ်းကို သက်ဆိုင်ရာတို့၏ ခွင့်ပြုချက်ဖြင့် ဝေမျှပေးထားခြင်းဖြစ်ပါသည်။ မူရင်းကို သွားရောက်ကြည့်ရှုလေ့လာလိုပါက  http://bbcmm.net/the-believers-bible-commentary  တွင် လေ့လာနိုင်ပါသည်။

တစ်စုံတစ်ခုကို မှတ်ချက်ပြုရေးသားလိုပါက အောက်တွင်ရေးသားဖေါ်ပြနိုင်ပါတယ်။