ဓမ္မရာဇဝင်စတုတ္ထစောင် - ၇

1ဧလိရှဲက၊ ထာဝရဘုရား၏စကားတော်ကို နားထောင်ကြလော့။ ထာဝရဘုရားမိန့်တော်မူသည်ကား၊ နက်ဖြန်နေ့ ယခုအချိန်ရောက်လျှင်၊ ဂျုံမုန့်ညက်တစ်စိတ်ကို ငွေတစ်ကျပ်၊ မုယောဆန်တစ်ခွဲကို တစ်ကျပ်နှင့် ရှမာရိမြို့တံခါးဝ၌ ရောင်းရလိမ့်မည်ဟု ဆင့်ဆို၏။ 2ရှင်ဘုရင်မှီခြင်းကိုခံရသောအမတ်က၊ ထာဝရဘုရားသည် မိုးကောင်းကင်၌ ပြတင်းပေါက်တို့ကို ဖွင့်လှစ်တော်မူလျှင်၊ ထိုသို့ဖြစ်နိုင်ကောင်းသည်ဟု ဘုရားသခင်၏လူအားဆိုသော်၊ ဘုရားသခင်၏လူက၊ သင်သည် ကိုယ်မျက်စိနှင့် မြင်ရသော်လည်း မစားရဟု ပြန်ပြော၏။
ရှုရိတပ်မတော်ထွက်ခွာသွားခြင်း
3ထိုအခါ မြို့တံခါးဝ၌ထိုင်လျက်ရှိသော လူနူလေးယောက်တို့က၊ ငါတို့သည် သေသည်တိုင်အောင် အဘယ်ကြောင့် ဤအရပ်၌ ထိုင်ရမည်နည်း။ 4မြို့ထဲသို့ဝင်လျှင် အစာခေါင်းပါးသောကြောင့် သေရမည်။ ဤအရပ်၌ ထိုင်လျက်နေလျှင်လည်း သေရမည်။ သို့ဖြစ်၍ ရှုရိတပ်သို့ ဝင်စားကြကုန်အံ့။ သူတို့သည် အသက်ရှင်စေလျှင် ရှင်ရမည်။ သတ်လျှင်သေရမည်ဟု တိုင်ပင်ပြီးလျှင်၊ 5မိုးမလင်းမီထ၍ ရှုရိတပ်သို့သွားကြ၏။ တပ်ဦးသို့ ရောက်သောအခါ အဘယ်သူကိုမျှ မတွေ့ကြ။ 6အကြောင်းမူကား၊ ရှုရိလူတို့သည် ရထားစီးသူရဲ၊ မြင်းစီးသူရဲ၊ များစွာသော ဗိုလ်ခြေအသံကို ကြားစေခြင်းငှာ၊ ထာဝရဘုရားပြုတော်မူသဖြင့် သူတို့က ဣသရေလရှင်ဘုရင်သည် ငါတို့ကိုတိုက်စေခြင်းငှာ၊ ဟိတ္တိမင်းများ၊ အဲဂုတ္တုမင်းများတို့ကို ငှားပြီဟု တစ်ယောက်ကိုတစ်ယောက် ဆိုလျက်၊ 7မိုးမလင်းမီထ၍ သူတို့တဲ၊ မြင်း၊ မြည်းအစရှိသော တစ်တပ်လုံးကို စွန့်ပစ်၍ ကိုယ်အသက်လွတ်အောင် ပြေးကြ၏။ 8လူနူတို့သည် တပ်ဦးသို့ရောက်သောအခါ၊ တဲတစ်ခုထဲသို့ဝင်၍ စားသောက်ပြီးမှ၊ ရွှေငွေ အဝတ်တန်ဆာများကို ယူသွားပြီးလျှင် ဝှက်ထားကြ၏။ နောက်တစ်ဖန် အခြားသောတဲသို့ဝင်၍၊ ဥစ္စာများကို ယူသွားပြီးလျှင် ဝှက်ထားကြ၏။ 9သို့ရာတွင်၊ ငါတို့သည် ကောင်းမွန်စွာမပြုပါတကား။ ယခုနေ့သည် ကောင်းသောသတင်းကို ကြားပြောရသောနေ့ဖြစ်လျက်၊ ငါတို့သည် မကြားမပြောဘဲ နေပါပြီတကား။ မိုးလင်းသည်တိုင်အောင် မပြောဘဲနေလျှင် အမှုတစ်စုံတစ်ခု ရောက်လိမ့်မည်။ သို့ဖြစ်၍ နန်းတော်၌ သတင်းကြားပြောအံ့သောငှာ ငါတို့သည်သွားကြကုန်အံ့ဟု တိုင်ပင်ပြီးမှ၊ 10မြို့သို့သွား၍ တံခါးပြင်၌ ဟစ်ခေါ်လျက်၊ ငါတို့သည် ရှုရိတပ်သို့ရောက်၍ အဘယ်သူကိုမျှမတွေ့။ လူသံကိုမကြား။ မြင်း၊ မြည်းတို့ကို ချည်နှောင်လျက်၊ တဲများလည်း တတ်တိုင်းရှိသည်ကိုတွေ့ပါ၏ဟု ကြားပြောသည်အတိုင်း၊ 11တံခါးစောင့်တို့သည် တစ်ယောက်ကိုတစ်ယောက် ဟစ်၍၊ ထိုသတင်းသည် နန်းတော်ထဲသို့ ရောက်လေ၏။ 12မိုးမလင်းမီ ရှင်ဘုရင်သည်ထ၍၊ ရှုရိလူတို့သည် ငါတို့၌ အဘယ်သို့ပြုလိုသည်ကို ငါပြောမည်။ သူတို့က မြို့ပြင်သို့ထွက်သော မြို့သားတို့ကို အရှင်ဖမ်းပြီးမှ၊ မြို့ထဲသို့ဝင်မည်အကြံရှိ၍၊ ငါတို့ငတ်မွတ်ကြောင်းကို သိသောကြောင့်၊ မိမိတို့တပ်ပြင်သို့ထွက်၍ တော၌ပုန်းရှောင်လျက် နေကြသည်ဟုဆိုလျှင်၊ 13ကျွန်တစ်ယောက်က၊ မြို့၌ ကျန်ကြွင်းသော မြင်းငါးစီးကို ပေးတော်မူပါ။ ထိုမြင်းမူကား ပျက်စီးခြင်းသို့ရောက်သော ဣသရေလ အမျိုးအလုံးအရင်းကဲ့သို့ ဖြစ်ပါ၏။ ထိုမြင်းတို့ကို စီးလျက်သွား၍ ကြည့်ရှုရသောအခွင့်ကို ပေးတော်မူပါဟု လျှောက်ပြီးမှ၊ 14ရထားမြင်းနှစ်စီးကိုယူပြီးလျှင် သွား၍ကြည့်ရှုလော့ဟု ရှင်ဘုရင်သည် ရှုရိဗိုလ်ခြေနောက်သို့ စေလွှတ်သည်အတိုင်း၊ 15ယော်ဒန်မြစ်တိုင်အောင် လိုက်ကြ၏။ ရှုရိလူတို့သည် အလျင်အမြန်၊ ပြေးရာတွင်၊ ပစ်ခဲ့သော အဝတ်တန်ဆာတို့သည် လမ်း၌ပြည့်လျက်ရှိကြ၏။ စေလွှတ်သူတို့သည် ပြန်လာ၍ နားတော်လျှောက်ကြ၏။ 16ထိုအခါ မြို့သားတို့သည်ထွက်၍ ရှုရိတဲတို့ကို လုယူကြ၏။ ထာဝရဘုရား၏စကားတော်အတိုင်း၊ ဂျုံမုန့်ညက်တစ်စိတ်ကို ငွေတစ်ကျပ်၊ မုယောဆန်တစ်ခွဲကို တစ်ကျပ်နှင့် ရောင်းကြ၏။ 17ရှင်ဘုရင်မှီခြင်းကိုခံရသော အမတ်သည်၊ အမိန့်တော်တိုင်း တံခါးတော်ကိုစောင့်သည်တွင်၊ ထွက်ဝင်သောသူတို့နင်းမိ၍ ဘုရားသခင်၏လူသည် ရှင်ဘုရင်ရောက်လာသောအခါ ပြောဆိုနှင့်သည်အတိုင်း၊ ထိုအမတ်သေလေ၏။ 18ဘုရားသခင်၏လူက၊ နက်ဖြန်နေ့ ယခုအချိန်ရောက်လျှင်၊ ဂျုံမုန့်ညက်တစ်စိတ်ကို ငွေတစ်ကျပ်၊ မုယောဆန်တစ်ခွဲကို တစ်ကျပ်နှင့် ရှမာရိမြို့တံခါးဝ၌ ရောင်းရလိမ့်မည်ဟု ရှင်ဘုရင်အားဆင့်ဆိုသည်အတိုင်း ဖြစ်၏။ 19အမတ်ကလည်း၊ ထာဝရဘုရားသည် မိုးကောင်းကင်၌ ပြတင်းပေါက်တို့ကို ဖွင့်လှစ်တော်မူလျှင်၊ ထိုသို့ဖြစ်နိုင်ကောင်းသည်ဟု ဘုရားသခင်၏လူအားဆို၍၊ ဘုရားသခင်၏လူက သင်သည်ကိုယ်မျက်စိနှင့် မြင်ရသော်လည်း မစားရဟု ပြန်ပြောသည်အတိုင်း၊ 20ထိုအမတ်၌ဖြစ်၏။ မြို့တံခါးဝမှာ မြို့သားတို့နင်းခြင်းကို ခံရ၍သေလေ၏။

ဓမ္မရာဇဝင်စတုတ္ထစောင် - ၇ (အနက်ဖွင့်)

:  ဧလိရှဲက ရှင်ဘုရင်အား ကတိတော်စကား ပြောပြသည်။ နောက်တနေ့ ယခုကဲ့သို့သော အချိန်တွင် ရှမာရိမြို့တံခါးဝ၌ မုယောဆန်နှင့် ဂျုံမှုန့်ညက်များ စျေးနှုန်းချိုသာစွာ ရောင်းဝယ်နေကြ ကြောင်း တွေ့ရမည်ဟု ဆိုသည်။ ရှင်ဘုရင်နှင့် အတူပါလာသော အမတ်ကြီးက “ကောင်းကင်တံခါးဖွင့်မှ ထိုပရောဖက်ပြုချက် မှန်ကန်မည်” ဟုသရော်လိုက်သည်။ ဧလိရှဲက ထိုသူအား “မြင်သာမြင်ရမည် စားရမည်မဟုတ်” ဟု ဆိုသည်။ ဆရာကြီး Moody ကမူ “ယုံကြည်ခြင်းရှိလျှင် ဘဝမေးခွန်းများကို ကားစင်တင်နိုင်သည်” ဟု ဆိုသည်။ မည်သို့ဖြစ်နိုင်မည်နည်း။ (သခင်ယေရှု၏ တပည့်တော်များက လူပေါင်းလေးထောင် ကျွေးမွေးပုံကို သတိရပါ မာ ၈:၄)။

: ထိုနေ့ညတွင် မြို့တံခါးတွင် တောင်းစားလေ့ရှိသော နူနာရောဂါသည် လေးယောက်သည် အကြံတခု ရရှိကြသည်။ နေမထူး၊ ထိုင်မထူးမို့ ရှုရိတပ်ဖွဲ့ထဲသို့ ညအချိန်ဝင်၍ အစာရှာရန် အရဲစွန့်ကြသည်။ သူတို့၏ ခြေသံကို ဘုရားသခင်က ကျယ်လောင်စေသောကြောင့် ရှုရိစစ်တပ် ဣသရေလတပ် ထွက်တိုက်သည်ဟု ထင်မှတ်ထွက်ပြေးကြသည်။ ဣသရေလတို့က ငှါးရမ်းသော ဟိတ္တိနှင့် အဲဂုတ္တုစစ် တပ်များ စစ်ကူရောက်ရှိသည်ဟု ထင်ယောင်မှားကြသည်။ ထိုအကြောင်းကို Matthew Henry က ဤသို့ဆိုသည်။

ရှုရိလူများသည် ဒေါသန်မြို့တွင် တခါ စာသူငယ်ခဲမှန်ဘူးကြသဖြင့် ကျီးလန့်စာ စားသူများဖြစ်သည် (:၁၈ ကိုကြည့်) သစ်သီးကြွေကျသံကို ကမ္ဘာပျက်သည်ဟု အိပ်ပျော်နေသော ယုန်သူငယ်လန့်ဖြန့် ထပြေးခြင်းမျိုး ဖြစ်နိုင်သကဲ့သို့ ဖြစ်သည်။ မည်သို့ပင်ဖြစ်စေကာမူ ဘုရားသခင်က နားကြားလွဲအောင် ပြုလုပ်ခြင်းဖြစ်သည်။

:၁၆  ရှုရိလူများ ကိုယ်လွတ်ရုန်း ထွက်ပြေးကြသောအခါ ကျန်ရှိသော အစားအစာ၊ အဝတ်အစားနှင့် ရွှေငွေများကို လူနူ ()ယောက်တို့ စိတ်ကြိုက်ယူကြသည်။ ဣသရေလဘုရင်ထံ သတင်းပို့ကြသည်။ ရှုရိများသည် တကယ်ထွက်ပြေးခြင်း မဟုတ်ဘဲ၊ ဣသရေလတပ်များအား ထောင်ချောက်ဆင်ခြင်းလားဟု မသင်္ကာသဖြင့် ဣသရေလဘုရင်က ကင်းထောက်လှည့်စေရာ ရှုရိလူများတကယ် ထွက်ပြေးကြမှန်း သိရှိသွားသည်။ ငတ်ပြတ်နေသော မြို့သူမြို့သားများသည် မြို့ပြင်ထွက်၍ ရှုရိတို့တဲများရှိ ပစ္စည်းများကို လုယူခွဲဝေ သိမ်းဆည်းကြသည်။ ထိုသို့ဖြင့် ငတ်မွတ်ဆင်းရဲခြင်း ဘေးဒဏ်ကျော်လွှားကြသည်။

:၁၇၂၀  မနက်ဖြန်တွင် မြို့တခါးဝ၌ ဆီ၊ဆန်မျာ စျေးနှုန်းချိုသာစွာ ရောင်းချကြောင်း တွေ့ရမည်ဟု ဧလိရှဲက ဘုရင်အား လျှောက်လဲစဉ် ဘုရင့်အနားမှ သရော်စကားပြောခဲ့သော အမတ်မင်းသည် မြို့တံခါးဝ၌ လူဝင်လူထွက်ကြီးကြပ်စဉ် လူအုပ်က တိုက်မိ၍ တက်နင်းကြသောကြောင့် သေသွားသည်။ အငတ်ဘေးမှ လွတ်၍ ဆီတဝင်းဝင်း၊ အရည်တရွှဲရွှဲရှိနေသော ဝက်သားတုံးကို မြင်လိုက်ရသော်လည်း မစားသောက်လိုက်ရ၊ တံထွေးမြိုချခြင်းဖြင့် ကျေနပ်ခဲ့ရသည်။ အပိုဒ်ငယ် ၁၈-၂၀ သည် မယုံကြည်ခြင်း၏ အကျိုးခံစားခြင်းကို ပုံဖေါ်ထားသည်။ မယုံကြည်ခြင်းသည် ကောင်းကြီးမင်္ဂလာကို ဆုံးရှုံးစေရုံသာမက သေခြင်းလက်ဆောင် ပေးသည်။

အပိုဒ်ငယ် ၉ တွင် ပါရှိသည့် “ငါတို့သည် ကောင်းစွာမပြုပါတကား။ ယခုနေ့သည် ကောင်းသော သတင်းကို ကြားပြောရသောနေ့ ဖြစ်လျှက် မကြားမပြောဘဲနေပါတကား” ဟူသော အနူတို့၏ စကားသည် မှတ်သားနာယူဖွယ်ကောင်းသည်။ ယနေ့၌ ကယ်တင်ခြင်းရရှိသော ယုံကြည်သူများကိုလည်း စိမ်ခေါ်သည်။ သင့်တနေ့တာကို ဧဝံဂေလိ စကားတခွန်းမပြောလဲ အချည်းနှီးကုန်လွန်စေပါသလား။

ယခုအနက်ဖွင့်ကျမ်းကို သက်ဆိုင်ရာတို့၏ ခွင့်ပြုချက်ဖြင့် ဝေမျှပေးထားခြင်းဖြစ်ပါသည်။ မူရင်းကို သွားရောက်ကြည့်ရှုလေ့လာလိုပါက  http://bbcmm.net/the-believers-bible-commentary  တွင် လေ့လာနိုင်ပါသည်။

တစ်စုံတစ်ခုကို မှတ်ချက်ပြုရေးသားလိုပါက အောက်တွင်ရေးသားဖေါ်ပြနိုင်ပါတယ်။