ဓမ္မရာဇဝင်စတုတ္ထစောင် - ၃

ဣသရေလပြည်နှင့်မောဘပြည်စစ်ဖြစ်ခြင်း
1ယုဒရှင်ဘုရင်ယောရှဖတ် နန်းစံဆယ်ရှစ်နှစ်တွင်၊ အာဟပ်သားယောရံသည် ရှမာရိမြို့၌မင်းပြု၍ ဣသရေလနိုင်ငံကို စိုးစံ၏။ 2ထိုမင်းသည် ထာဝရဘုရားရှေ့တော်၌ ဒုစရိုက်ကိုပြု၏။ သို့ရာတွင် မိဘကဲ့သို့ မပြု။ ခမည်းတော်လုပ်သော ဗာလရုပ်တုကို ပယ်ရှား၏။ 3သို့သော်လည်း ဣသရေလအမျိုးကိုပြစ်မှားစေသော နေဗတ်၏သားယေရောဗောင်ပြုသော ဒုစရိုက်အပြစ်ကိုမရှောင်၊ မှီဝဲ၏။
4မောဘမင်းကြီး မေရှာသည် သိုးထိန်းကြီးဖြစ်၍၊ ဣသရေလရှင်ဘုရင်အား သိုးသငယ်တစ်သိန်းနှင့် အမွေးပါသော သိုးထီးတစ်သိန်းကို ဆက်ရ၏။ 5အာဟပ်သေသောအခါ၊ မောဘမင်းကြီးသည် ဣသရေလရှင်ဘုရင်ကို ပုန်ကန်လေ၏။ 6ထိုအခါ ယောရံမင်းကြီးသည် ရှမာရိမြို့ထဲကထွက်၍ ဣသရေလ အမျိုးသားအပေါင်းတို့ကို စာရင်းယူ၏။ 7ယုဒရှင်ဘုရင် ယောရှဖတ်ထံသို့ လူကိုစေလွှတ်၍၊ မောဘမင်းကြီးသည် ငါ့ကိုပုန်ကန်ပြီ။ မောဘပြည်ကို စစ်တိုက်ခြင်းငှာ ငါနှင့်အတူ လိုက်မည်လောဟု မေးလျှင်၊ ယောရှဖတ်က ငါလိုက်မည်။ ငါသည် မင်းကြီးကဲ့သို့ ဖြစ်၏။ ငါ့လူတို့သည် မင်းကြီး၏ လူကဲ့သို့လည်းကောင်း၊ ငါ့မြင်းတို့သည် မင်းကြီး၏မြင်းကဲ့သို့လည်းကောင်း ဖြစ်ကြသည်ဟု ပြန်ပြော၏။ 8အဘယ်လမ်းဖြင့် စစ်ချီရမည်နည်းဟု မေးသော်၊ ဧဒုံတောလမ်းဖြင့် ချီရမည်ဟု ပြန်ပြော၏။ 9ထိုသို့ ဣသရေလရှင်ဘုရင်၊ ယုဒရှင်ဘုရင်၊ ဧဒုံရှင်ဘုရင်တို့သည် ဝိုင်း၍ ခုနစ်ရက်ခရီးသွားကြ၏။ ဗိုလ်ခြေများ သောက်စရာ၊ ပါသောတိရစ္ဆာန်များ သောက်စရာရေမရှိ။ 10ဣသရေလရှင်ဘုရင်က၊ ခက်လှပြီ။ ထာဝရဘုရားသည် ဤရှင်ဘုရင်သုံးပါးတို့ကို မောဘလူတို့လက်သို့အပ်ခြင်းငှာ စုဝေးစေတော်မူသည်တကားဟု ဆို၏။ 11ယောရှဖတ်ကလည်း၊ ထာဝရဘုရား၌ မေးလျှောက်မည်အကြောင်း၊ ထာဝရဘုရား၏ ပရောဖက်တစ်ယောက်မျှ မရှိသလောဟုမေးလျှင်၊ ဣသရေလရှင်ဘုရင်၏ ကျွန်တစ်ယောက်က၊ ဧလိယလက်ထောက် ရှာဖတ်သားဧလိရှဲရှိပါ၏ဟု လျှောက်သော်၊ 12ယောရှဖတ်က၊ ထာဝရဘုရား၏ နှုတ်ကပတ်တော်သည် သူ၌ရှိတော်မူသည်ဟု ဆိုလျက်၊ ရှင်ဘုရင်သုံးပါးတို့သည် ဧလိရှဲထံသို့သွားကြ၏။ 13ဧလိရှဲသည် ဣသရေလရှင်ဘုရင်အားလည်း၊ ငါသည်သင်နှင့် အဘယ်သို့ ဆိုင်သနည်း။ သင့်အဘ၏ပရောဖက်၊ သင့်အမိ၏ ပရောဖက်တို့ထံသို့ သွားလော့ဟု ဆိုလျှင်၊ ဣသရေလရှင်ဘုရင်က၊ မဆိုပါနှင့်။ ထာဝရဘုရားသည် ဤရှင်ဘုရင်သုံးပါးတို့ကို မောဘလူတို့လက်သို့အပ်ခြင်းငှာ စုဝေးစေတော်မူသည်တကားဟု ဆိုသော်၊ 14ဧလိရှဲက၊ ငါကိုးကွယ်သော ကောင်းကင်ဗိုလ်ခြေအရှင် ထာဝရဘုရားအသက်ရှင်တော်မူသည် အတိုင်း၊ အကယ်၍ ယုဒရှင်ဘုရင်ယောရှဖတ်၏မျက်နှာကို ငါမထောက်လျှင်၊ သင့်ကို ငါမကြည့်မမြင်လို။ 15စောင်းသမားကိုခေါ်ခဲ့ဟု ဆို၍ စောင်းသမားသည်တီးသောအခါ၊ ထာဝရဘုရား၏လက်တော်သည် ဧလိရှဲအပေါ်သို့ ရောက်၍၊ 16ထာဝရဘုရားမိန့်တော်မူသည်ကား၊ ဤချိုင့်ပတ်လည်၌ ဆည်ပေါင်းတို့ကို လုပ်ကြလော့။ 17အကြောင်းမူကား၊ သင်တို့နှင့်တိရစ္ဆာန်တို့သည် သောက်စရာဖို့ လေမလာ၊ မိုးမရွာဘဲ ဤချိုင့်သည် ရေနှင့်ပြည့်လိမ့်မည်။ 18ထိုအမှုသည် ထာဝရဘုရားရှေ့တော်၌ သာမညအမှုဖြစ်သေး၏။ မောဘလူတို့ကိုလည်း သင်တို့လက်သို့ အပ်တော်မူမည်။ 19သင်တို့သည် ခိုင်ခံ့ထူးဆန်းသော မြို့ရှိသမျှတို့ကို လုပ်ကြံကြလိမ့်မည်။ အသုံးဝင်သောသစ်ပင်ရှိသမျှတို့ကို ခုတ်လှဲကြလိမ့်မည်။ ရေတွင်းရှိသမျှတို့ကို မြေဖို့ကြလိမ့်မည်။ ကောင်းသောမြေကွက်ရှိသမျှတို့ကို ကျောက်ခဲနှင့် ဖျက်ကြလိမ့်မည်ဟု မိန့်တော်မူ၏။ 20နံနက်အချိန် ဘောဇဉ်ပူဇော်သကာကို ပူဇော်သောအခါ၊ ရေသည်ဧဒုံလမ်းဖြင့်လာ၍ တစ်ပြည်လုံးကို လွှမ်းလေ၏။
21ရှင်ဘုရင်တို့သည် စစ်ချီ၍လာကြောင်းကို မောဘပြည်သားအပေါင်းတို့သည် ကြားသောအခါ၊ လက်နက်ဆောင်သောသူ အကြီးအငယ်ရှိသမျှတို့ကို စုဝေးစေ၍၊ ပြည်စွန်းနားမှာတပ်ချကြ၏။ 22နံနက်စောစောထသောအခါ၊ ရေပေါ်မှာနေရောင်ထင်၍၊ ပြည်တစ်ဖက်၌ ရေသည် အသွေးကဲ့သို့နီသည်ကို မောဘပြည်သားတို့သည်မြင်ကြလျှင်၊ 23အသွေးဖြစ်၏။ စင်စစ်ရှင်ဘုရင်တို့သည် တစ်ယောက်ကိုတစ်ယောက်လုပ်ကြံ၍ သေကြပြီ။ သို့ဖြစ်၍ မောဘပြည်သားတို့၊ လုယူကြလော့ဟုဆိုကြ၏။ 24ဣသရေလတပ်သို့ ရောက်သောအခါ၊ ဣသရေလလူတို့သည် ထ၍ မောဘပြည်သားတို့ကို လိုက်သဖြင့် သူတို့သည်ပြေးကြ၏။ ဣသရေလလူတို့သည် မောဘပြည်ထဲသို့တိုင်အောင် လိုက်၍ လုပ်ကြံကြ၏။ 25မြို့တို့ကိုဖြိုဖျက်ကြ၏။ ကောင်းသောမြေကွက်ရှိသမျှတို့အပေါ်မှာ လူအပေါင်းတို့သည် ကျောက်ခဲပစ်ချ၍ ဖုံးလွှမ်းကြ၏။ ရေတွင်းရှိသမျှတို့ကိုလည်း မြေဖို့၍၊ အသုံးဝင်သောသစ်ပင်ရှိသမျှတို့ကို ခုတ်လှဲကြ၏။ ကိရဟရက်မြို့၌သာ မြို့ရိုးကိုချန်ထားရာတွင်၊ လောက်လွှဲသမားတို့သည် ဝိုင်း၍ပစ်ကြ၏။ 26မောဘမင်းကြီးသည် အတိုက်မခံနိုင်သည်ကိုသိသောအခါ၊ ဓားကိုင်သောသူခုနစ်ရာကိုခေါ်၍ ဧဒုံရှင်ဘုရင်၏တပ်ကိုဖျက်မည်ဟု အားထုတ်သော်လည်း မဖျက်နိုင်။ 27နောက်မှမိမိကိုယ်စား နန်းထိုင်ထိုက်သောသားဦးကိုယူ၍ မြို့ရိုးပေါ်မှာ မီးရှို့ရာယဇ်ပြုလေ၏။ ဣသရေလအမျိုးသားတို့သည် သူတစ်ပါးအမျက်ထွက်ခြင်းကို ခံရသောကြောင့်၊ ထိုပြည်ကိုထား၍ ကိုယ်ပြည်သို့ ပြန်သွားကြ၏။

ဓမ္မရာဇဝင်စတုတ္ထစောင် - ၃ (အနက်ဖွင့်)

(ဣသရေလဘုရင် ယောရံ (Jehoram, Joram) (အခန်း )

အာဟပ်မင်း၏သား  ယောရံသည် ဘီစီ ၈၅၂-၈၄၁ ထိ ဣသရေလဘုရင်အဖြစ် နှစ်ပေါင်း (၁၂)နှစ် နန်းစံသည် (၄ရာ ၃:၁-၉:၂၉)။

:  အာဟပ်မင်း၏သား ယောရံ ဣသရေလဘုရင်အဖြစ် နန်းတက်ချိန်တွင် ယုဒပြည်တွင်လည်း ယောရှဖတ်မင်း၏သားတော် ယောရံ နန်းစံနေသည်။ ဣသရေလဘုရင်အဖြစ် ယောရံနန်းတက်ချိန်သည် ယောရှဖတ်၏သား ယောရံသည် အသက်(၁၈)နှစ် အရွယ်ဖြင့် နန်းစံ ဒုတိယနှစ် ဖြစ်သည် (၄ရာ ၁:၁၇)။

ယောရံ (Jehoram ဟု၎င်းခေါ်သည်) သည် ဖခင်နည်းတူ မင်းဆိုးမင်းမိုက်မဟုတ်။ ဖခင် အာဟပ် မြင်းပြုလုပ်ခဲ့သော ဗာလဘုရားရုပ်တုများကို ဖယ်ရှားသည်။ ဖခင်နည်းတူ မဆိုးသော်လည်း ဘုရားသခင်ရှေ့ တွင်မူ မိုက်မဲနေဆဲ။ နေဗတ်၏ သားယေရောဗောင် မင်းကဲ့သို့ ရွှေနွားရုပ်ပြုလုပ်၍ ပြည်သူများကို ကိုးကွယ်စေသည်။

:  အာဟပ်မင်းလက်ထက်တွင် မောဘဘုရင်သည် အခွန်အကောက် ပေးဆောင်ရသည်။ အာဟပ်မင်းမရှိတော့သောအခါတွင်မူ မောဘမင်းကြီးမေရှာသည် အခွန်အခမပေးလို။ ပုန်ကန်ခြားနားသည်။ (ဣသရေလတို့က မောဘဘုရင်အုပ်စိုးပုံ၊ မောဘတို့ ပုန်ကန်တော်လှန်၍ အောင်မြင်ပုံ ရေးထားသော ကျောက်တိုင်ကြီးကို ၁၈၆၈ ခုနှစ်တွင် ဂျာမန်သာသနာပြုဆရာကြီးက တွေ့ရှိသည်)။

ယောရံမင်းသည် အခွန်အကောက် နည်းပါးသွားသောကြောင့် မောဘပြည်ကို လက်မလွှတ်လို။ လက်ဝါးကြီးအုပ်ချင်သည်။ ထို့ကြောင့် ယုဒဘုရင် ယောရှဖတ်မင်းအား စစ်ရေးအကူအညီတောင်းသည်။ ယောရှဖတ်ကလည်း ဆင်ခြင်တုံတရားနည်းပါးစွာ လက်ခံလိုက်သည် (၃ရာ ၂၂ တွင် ယောရှဖတ်ကိုယ်တိုင် သေပြေးရှင်ပြေး ထွက်ပြေးခဲ့ရသည်)။ ပင်လယ်သေ အနောက်ဖက်ကမ်းမှ ချဉ်းကပ်၍ ဧဒုံပြည်အရှေ့ဘက်မှ မောဘပြည်သို့ စစ်ချီကြသည်။ ထိုကာလတွင် ဧဒုံမင်းသည် ယောရှဖတ်နှင့် ပုလဲနံပသင့်နေသဖြင့် ဝင်ရောက်ကူညီသည်။

:၁၀၁၂  ဘုရင်သုံးပါးဦးဆောင်၍ စစ်မက်ဗိုလ်ပါအလုံးအရင်းဖြင့် မောဘပြည်သို့ စစ်ချီကြသည်။ လမ်းခရီးတွင် သောက်စရာမရှိရေခမ်း နေသဖြင့် အံ့သြတွေဝေကြ၏ ယောရံက ဘုရားသခင်ကို အပြစ်တင်သည်။ ယောရှဖတ်က ဘုရားသခင်၏ ပရောဖက်တပါးပါး မေးမြန်းဖို့ အကြံပြုသည်။ ဧလိယ၏ တပည့်သားရင်း ဧလိရှဲ ရှိကြောင်းကြားသိသောအခါ ဘုရင်သုံးပါးစလုံး သွားရောက်မေးမြန်း ကြသည်။

၃:၁၃၁၉  ပထမတွင် ရုပ်တုဆင်းတု ကိုးကွယ်သော ဘုရင်များနှင့် စကားမပြောလိုကြောင်း ဧလိရှဲက ငြင်းဆန်သည်။ ရုပ်တုအားကိုးကွယ်သော ပရောဖက်များသို့ သွားမေးခိုင်းသည်။ ယောရံကမူ ရုပ်တုကိုးကွယ်ခြင်းကြောင့် မိုးခေါင်ရေခမ်းခြင်းမဟုတ်။ ဘုရားသခင်ကို ပြစ်မှားသောကြောင့် ဖြစ်သည်ဟု ထင်မြင်ပုံရသည်။ ယောရှဖတ်၏ မျက်နှာကို ထောက်၍ ဧလိရှဲက သဘောတူလိုက်သည်။ ဧလိရှဲက စောင်းသမားကို အရင်ခေါ်ခိုင်းသည်။ စောင်းတီးသောအခါ ဘုရားသခင်၏ ဝိညာဉ်တော်သည် ဧလိရှဲထံသို့ ကိန်းဝပ်သည်။ သို့နှင့် ဧလိရှဲက ဘုရင်သုံးပါးအား ဦးစွာ ဆည်မြောင်း၊ ရေကန်တူးခိုင်း သည်။ မိုးမရွာလေမလာသော်လည်း ရေပြည့်လာမည်။ သို့ဖြင့် တပည့်တော်များနှင့် စစ်ချီရာတွင် ပါရှိသော တိရိစ္ဆာန်များ ရေသောက်နိုင်ကြမည်။ အားအင်ပြည့်ဝပြီး မောဘတို့ကို ဆက်လက် တိုက်ခိုက်နိုင်မည်ဟု ဆိုသည်။

:၂၀၂၅  နောက်တနေ့ မိုးလင်းသောအခါ ဧဒုံပြည်ဘက်မှ စီးဆင်းလာသော ရေများဖြင့် ရေကန်ဆည်များ ရေပြည့်လျှံသည်။ မောဘပြည်တွင်မူ စမ်းရေ၊ ချောင်းရေများ သွေးရောင် ဖုံးလွှမ်းသည်။ သူတို့အား တိုက်ခိုက်ရန် စစ်ချီလာသော ဣသရေလ၊ ယုဒနှင့် ဧဒုံလူများ အချင်းချင်းမသင့်မြတ်သတ်ဖြတ် ကြသဖြင့် သွေးချောင်းစီးသည်ဟု ထင်ကြသည်။ သို့ကြောင့် ဣသရေလစစ်သားများကို ချက်ချင်းလိုက်ခုတ် ကြသည်။ ဣသရေလစစ်တပ်က တန်ပြန်ထိုးစစ်ဆင် တိုက်ခိုက်ရာ မောဘပြည်ထဲထိ အောင်မြင်သည်။ ရေတွင်းများကို ကျောက်တုံးများဖြင့် ဖို့ပစ်သည်။ စားရသော သစ်ပင်ဟူသမျှ နှုတ်ပစ်သည်။ လယ်ကွင်းပြင်များအား ကျောက်တုံးကျောက်ခဲများဖြင့် ဖို့ပစ်၍ မြေလှန်ပစ်ခဲ့သည်။

:၂၆၂၇   မောဘဘုရင်သည် မိတ်ဆွေကောင်း ဧဒုံမင်းက ဣသရေလတို့နှင့် ပေါင်းဖက်၍ လာရောက်တိုက်ခိုက်သောအခါ အလွန်မင်း စိတ်ဆိုးပြီး အထူးကွန်မန်ဒိုတပ်ဖွဲ့ (၇၀၀)ဖွဲ့စည်း၍ ဧဒုံတပ်ကို တိုက်ခိုက်သည်။ သို့သော် မအောင်မြင်။ စစ်မျက်နှာတိုင်းတွင် အရှုံးကြီးရှုံးရသဖြင့် သူ့အား နန်းဆက်ခံမည်း သားဦးကို မြို့ရိုးပေါ်တွင် မီးရှို့ပူဇော်သက္ကာ ပြုလုပ်သည်။ ထိုသို့ပြုလုပ်ခြင်းသည် သူ့ရန်သူများ ချောက်ခြားဖို့ ဖြစ်သည့်အပြင် စတန့်ထွင်ခြင်းလည်း ဖြစ်သည်။ ဣသရေလလူများအတွက်မူ လူကို ယဇ်ကောင် ပြုလုပ် မီးရှို့ခြင်းသည် ညစ်စုတ်သော အယူအဆ ဖြစ်သည်။ ထိုစုတ်ပဲ့ယုတ်ညံ့ခြင်းနှင့်  မပတ်သက်လိုသဖြင့် ထိုပြည်ကိုထားပစ်ခဲ့ပြီး ပြန်လာကြသည်။ ထိုအကြောင်းကို Harold Stigers က ဤသို့ဆိုသည်။

မေးစရာတခုရှိသည်မှာ ဤအမှုအရာကို အလေးအနက်ထားလျှင် ရုပ်တုဆင်းတုဘုရား ကိုးကွယ်ခြင်းကို အဘယ်ကြောင့် မရွံရှာကြသနည်း။ ဣသရေလပြည်နှင့် ယုဒပြည်တွင် ရုပ်တုဘုရားတုဆက်လက်ကိုးကွယ် နေကြသည်မဟုတ်လား။

ယခုအနက်ဖွင့်ကျမ်းကို သက်ဆိုင်ရာတို့၏ ခွင့်ပြုချက်ဖြင့် ဝေမျှပေးထားခြင်းဖြစ်ပါသည်။ မူရင်းကို သွားရောက်ကြည့်ရှုလေ့လာလိုပါက  http://bbcmm.net/the-believers-bible-commentary  တွင် လေ့လာနိုင်ပါသည်။

တစ်စုံတစ်ခုကို မှတ်ချက်ပြုရေးသားလိုပါက အောက်တွင်ရေးသားဖေါ်ပြနိုင်ပါတယ်။