ဓမ္မရာဇဝင်စတုတ္ထစောင် - ၂၄
ဓမ္မရာဇဝင်စတုတ္ထစောင် - ၂၄ (အနက်ဖွင့်)
၂၄:၁–၄ ဘီစီ၆၀၅ခုနှစ်တွင် ကာခေမိတ်တိုက်ပွဲ၌ ဗာဗုလုန်မင်းက အဲဂုတ္တုဘုရင်အား စစ်နိုင်၍ ယုဒပြည်သည်လည်း အလိုအလျောက် ဗာဗုလုန်လက်အောက်သို့ ကျရောက်သွားသည်။
ယောယကိမ်မင်းသည် ပရောဖက်ဥရိယအား ကွပ်မျက်သည့်(ယေ ၂၆:၃၃) အပြင်ယုဒနှင့် ဣသရေလလူများသို့ ပရောဖက်ယေရမိရေးသားသော ဘုရားသခင်၏ နှုတ်ကပတ်တော်များကိုလည်း မီးရှို့ပစ်သည် (ယေ ၃၆: ၂၃)။ ယေရမိနှင့် ဗာရုတ်ပရောဖက်များကို ဖမ်းဆီး၍ စာရွက်များ ဖျက်ဆီးရန်ကြိုးပမ်းခဲ့သော်လည်း မအောင်မြင် (ယေ ၃၆:၂၆)။ ယောယကိမ် မင်းနန်းစံ တတိယနှစ်တွင် ယေရုရှလင်သို့ နေဗုပ် ခနေဇာဘုရင် ရောက်ရှိလာသည် (ငယ် ၁)။ ပရောဖက်ဒံယေလအပါအဝင် ဗိမာန်တော် အသုံးအဆောင် တချို့ ဗာဗုလုန်သို့ သယ်သွားသည် (၆ရာ၊ ၃၆:၇။ ဒံ၊ ၁:၁-၂)။ ပထမတွင် ယောကကိမ်မင်းကိုလည်း ဗာဗုလုန်သို့ ဖမ်းဆီးခေါ်ဆောင်သွားမည့် စိတ်ကူးသော်လည်း လက်တွေ့တွင် ခေါ်မသွား။ ထို့ကြောင့်လည်း ယောယကိမ်မင်းက နောက် (၃)နှစ်ကြာတွင် ပြန်လည်ပုန်ကန်သည် (၂၄:၁)။ ထိုအခြေအနေကို Whitcombu ဤသို့ မှတ်ချက်ပြု ရေးသားသည်။
၆ရာ ၃၆:၆ တွင် ပထမ၌ ဗာဗုလုန်သို့ ခေါ်ဆောင်ဖို့ ယောယကိမ်မင်းအား သံကြိုးဖြင့် တုပ်နှောင်ပြီးဖြစ်သော်လည်း အရေးကြီးသည့် အရေးပေါ်ကိစ္စပေါ်လာသဖြင့် စိတ်ကူးပြောင်းသွားသည်။ နေဗုပ်ခနေဇာ၏ ဖခင် နာဗောပေါလဿ Nabopolassar ဗာဗုလုန်တွင် သြဂုတ်လ (၁၅) ရက်နေ့၌ ကွယ်လွန်သွားကြောင်း သတင်းရရှိသည်။ ထို့ကြောင့် နန်းတွင်းအရေးအခင်းရှိနိုင်သည်။ သို့ဖြင့် ယောယကိမ်မင်းအား သစ္စာဆိုခိုင်းပြီး ထားပစ်ခဲ့ခြင်း ဖြစ်သည်။ နေဗုပ်ခနေဇာသည် ဖြတ်လမ်းဖြင့် အာရေဗျကန္တာရကိုဖြတ်၍ ဗာဗုလုန်သို့ သုတ်ခြေ တင်သည်။
မနာရှေပြုခဲ့သော အပြစ်ဒုစရိုက်များကြောင့် ဘုရားသခင်က ယုဒပြည်သို့ (၄)ကြိမ်တိုင်တိုင် ကျူးကျော်စစ်ဝင်ရောက်စေသည်။
၂၄:၅–၇ ဘုရားသခင်က ယောယကိမ်၏ အသုဘအား မြင်းလားကျက်စားရာအရပ်၌ သေစေသည်။ ဆိုလိုသည်မှာ မြို့ပြင်အရပ်၌ သေ၍ တိရိစ္ဆာန်များ၏ အစာဖြစ်စေသည် (ယေ ၂၂:၁၉)။ သေပုံသေနည်း အသေးစိတ်ကို မရေးထားပါ။
(ဆ) ယေခေါနိဘုရင် (၂၄:၈–၁၆)
ယောယကိမ်မင်း၏သား ယေခေါနိ (Jehoichine (သို့) Jeconiah(သို့) Coniah ဟုလည်းခေါ်သည်) သည် ဘီစီ ၅၉၈-၅၈၇ တွင် (၃)လတာ ယုဒရှင်ဘုရင် အဖြစ်စိုးစံခဲ့သည် (၆ရာ ၃၆:၉-၁၀)။
၂၄:၈–၁၆ မင်းကျင့်တရားနှင့်မညီ မိုက်ကမ်းဆိုးယုတ်သောကြောင့် နန်းသက်မရှည်။ နေဗုပ်ခနေဇာမင်း၏ ဖမ်းဆီးခြင်းခံရသည်။ ယခုအခေါက်တွင် ပရောဖက်ယေဇကျေလလည်း ပါသွားသည်။ တော်ဝင်မိသားစုနှင့်အတူ လက်မှုပညာရှင် အနုပညာသည်များနှင့် စစ်သားခုနှစ်ထောင်ဖမ်းဆီးခြင်းခံရသည်။ ခေါင်းရွက်ဗျက်ထိုး လူတန်းစားကို သာ ချန်ထားပစ်ခဲ့သည်။ နန်းတော်နှင့် ဗိမာန်တော်ရှိ အဘိုးတန်ပစ္စည်းများကို ခွာယူသွားကြသည်။ ဖမ်းဆီးခံရသူ လူဦးရေပေါင်း တစ်သောင်း ရှိသည် ဟု အငယ် ၁၄တွင် မှတ်တမ်းတင်ထားသည်။ ယေ ၅၂:၂၈-၃၀ တွင် လူဦးရေပေါင်း လေးထောင်ခြောက်ရာဟု ဆိုသည်။ ဤကျမ်းစောင်ရှိ ကိန်းဂဏန်းအရေအတွက် သည် ယခုအသုတ်မကဘဲ၊ အလီလီ ဖမ်းဆီးခံရသူများ လည်းပါသည်။ ဗာဗုလုန်ဘုရင် ဧဝိလမေရောဒက်က ဖမ်းဆီးခံရသော ယေခေါနိမင်းအား လွတ်ငြိမ်းချမ်းသာ ခွင့်ပေးလိုက်သဖြင့် လွတ်လပ်သွားသည် (၂၅:၂၇-၃၀)။
ထိုကာလတွင် ပရောဖက် ယေဇကျေလ အမှုတော်ပြန်လည် ထမ်းဆောင်သည်။
ဇ။ ဇေဒကိ ဘုရင် (၂၄ :၁၇ –၂၅:၇)
ယေခေါနိ ဘုရင်၏ ဦးလေးဇေဒကိမင်းသည် ဘီစီ၅၉၇-၅၈၆ထိ (၁၁)နှစ်ကြာ ယုဒဘုရင်အဖြစ် နန်းစံခဲ့သည် (၆ရာ ၃၆း ၁၁-၂၁၊ ယေ ၅၂း ၁-၃၀)။
၂၄း ၁၇-၂၀ ဗာဗုလုန်ဘုရင်သည် ယေခေါနိ၏ ဘထွေးတော် မဿနိအား ဇေဒကိ အမည်သစ်ပေး၍ ယုဒ ရှင်ဘုရင်အဖြစ် ခန့်အပ်ခဲ့သည်။ ဇေဒကိမင်းသည် နေဗုပ်ခနေဇာဘုရင်၏ ရုပ်သေး ဘုရင်ခံယူသော်လည်း သစ္စာဖောက်ကာ အဲဂုတ္တုမင်း၏ အကူအညီယူ၍ ပုန်ကန်သည်။ ဇေဒကိမင်း၏ ဖောက်လွဲဖောက်ပြန်ပြုပုံနှင့် ဘုရားသခင်က အပြစ်စီရင်ပုံများ ကို ယေဇ ၁၇:၁၁-၂၁ တွင် အသေးစိတ်မှတ်တမ်းတင်ထားသည်။
ယခုအနက်ဖွင့်ကျမ်းကို သက်ဆိုင်ရာတို့၏ ခွင့်ပြုချက်ဖြင့် ဝေမျှပေးထားခြင်းဖြစ်ပါသည်။ မူရင်းကို သွားရောက်ကြည့်ရှုလေ့လာလိုပါက http://bbcmm.net/the-believers-bible-commentary တွင် လေ့လာနိုင်ပါသည်။
တစ်စုံတစ်ခုကို မှတ်ချက်ပြုရေးသားလိုပါက အောက်တွင်ရေးသားဖေါ်ပြနိုင်ပါတယ်။