ဓမ္မရာဇဝင်စတုတ္ထစောင် - ၂၁

ယုဒဘုရင်မနာရှေ
(၆ရာ၊ ၃၃:၁-၂၀)
1မနာရှေသည် အသက်တစ်ဆယ်နှစ်နှစ်ရှိသော် နန်းထိုင်၍ ယေရုရှလင်မြို့၌ ငါးဆယ်ငါးနှစ် စိုးစံလေ၏။ မယ်တော်ကား၊ ဟဇ္ဇိဘအမည်ရှိ၏။ 2ထိုမင်းသည် ဣသရေလအမျိုးသားရှေ့မှ ထာဝရဘုရားနှင်ထုတ်တော်မူသော တစ်ပါးအမျိုးသား ရွံရှာဖွယ်ထုံးစံအတိုင်း၊ ထာဝရဘုရားရှေ့တော်၌ ဒုစရိုက်ကိုပြု၏။ 3ခမည်းတော်ဟေဇကိ ဖျက်ဆီးသောကုန်းတို့ကို ပြုပြင်၍၊ ဣသရေလရှင်ဘုရင်အာဟပ်ပြုသကဲ့သို့ ဗာလအဖို့ ယဇ်ပလ္လင်တို့ကိုတည်၏။ အာရှရပင်ကိုလည်း ပြုစု၏။ မိုးကောင်းကင်တန်ဆာများကိုလည်း ဝတ်ပြုကိုးကွယ်၏။ 4ယေရုရှလင်မြို့၌ ငါ့နာမကိုငါတည်စေမည်ဟု ထာဝရဘုရားမိန့်တော်မူသောမြို့၊ ဗိမာန်တော်၌ ယဇ်ပလ္လင်တည်းဟူသော၊ 5ဗိမာန်တော်တံတိုင်းနှစ်ရပ်တွင် မိုးကောင်းကင်တန်ဆာများအဖို့ ယဇ်ပလ္လင်တို့ကို တည်၏။ 6မိမိသားကို မီးဖြင့်ပူဇော်၏။ ကာလဗေဒင်ကို ကြည့်တတ်၏။ ပြုစားသောအတတ်ကိုသုံးဆောင်၍ စုန်းနှင့် နတ်ဝင်တို့ကိုလည်း အခွင့်ပေး၏။ ထာဝရဘုရား၏အမျက်တော်ကို နှိုးဆော်ခြင်းငှာ ရှေ့တော်၌ များစွာသောဒုစရိုက်ကိုပြု၏။ 7ဤဗိမာန်၌လည်းကောင်း၊ ဣသရေလခရိုင်များတို့တွင် ငါရွေးကောက်သော ယေရုရှလင်မြို့၌လည်းကောင်း၊ ငါ့နာမကို အစဉ်အမြဲ ငါတည်စေမည်ဟု ထာဝရဘုရားသည် ဒါဝိဒ်နှင့် သားတော်ရှောလမုန်အား မိန့်တော်မူရာ၌၊ ရည်ဆောင်သော ဗိမာန်တော်ထဲမှာ မိမိပြုစုသော အာရှရပင်နှင့်တူအောင် လုပ်သောရုပ်တုကို တင်ထား၏။ 8ငါမှာထားသမျှအတိုင်း ငါ့ကျွန်မောရှေမှာထားသမျှသောတရားအတိုင်း ဣသရေလအမျိုးသားတို့သည် ကျင့်ခြင်းငှာ စောင့်ရှောက်လျှင်၊ သူတို့ဘိုးဘေးတို့အား ငါပေးသောပြည်မှ သူတို့ကို နောက်တစ်ဖန်ငါမရွှေ့မပြောင်းစေဟု မိန့်တော်မူသော်လည်း၊ 9သူတို့သည် နားမထောင်၊ ဣသရေလအမျိုးသားတို့ရှေ့မှာ ထာဝရဘုရားဖျက်ဆီးတော်မူသော လူမျိုးတို့ပြုသည်ထက် သာ၍ ဒုစရိုက်ကိုပြုစေခြင်းငှာ မနာရှေသည် သွေးဆောင်လေ၏။
10ထိုကြောင့် ထာဝရဘုရားသည် မိမိကျွန်ပရောဖက်တို့ဖြင့် မိန့်တော်မူသည်ကား၊ 11ယုဒရှင်ဘုရင်မနာရှေသည် သူ့ရှေ့မှာဖြစ်ဖူးသော အာမောရိလူတို့ပြုသမျှထက် သာ၍ရွံရှာဖွယ်သော ဤဒုစရိုက်တို့ကို ပြုသောကြောင့်လည်းကောင်း၊ မိမိရုပ်တုဆင်းတုအားဖြင့် ယုဒအမျိုးကို ပြစ်မှားစေသောကြောင့်လည်းကောင်း၊ 12ဣသရေလအမျိုး၏ ဘုရားသခင်ထာဝရဘုရား မိန့်တော်မူသည်ကား၊ သတင်းကြားသောသူတိုင်း နားနှစ်ဖက်ခါးစေခြင်းငှာ ငါသည် ယေရုရှလင်မြို့၊ ယုဒပြည်၌ ဘေးရောက်စေမည်။ 13ယေရုရှလင်မြို့အပေါ်မှာ ရှမာရိမျဉ်းကြိုးနှင့် အာဟပ်အမျိုး၏ချိန်ကြိုးကို ငါတန်းချမည်။ ပန်းကန်ကိုသုတ်၍ သုတ်ပြီးမှမှောက်ထားသကဲ့သို့ ယေရုရှလင်မြို့ကို ငါပြုမည်။ 14ကျန်ကြွင်းသော ငါ့အမွေလူတို့ကို ငါစွန့်၍ ရန်သူလက်သို့အပ်သဖြင့်၊ သူတို့သည် ရန်သူအပေါင်းတို့၏ လုယက်နှိပ်စက်ရာ ဖြစ်ကြလိမ့်မည်။ 15အကြောင်းမူကား ဘိုးဘေးတို့သည် အဲဂုတ္တုပြည်က ထွက်သောနေ့မှစ၍ ယနေ့တိုင်အောင် အစဉ်အဆက်တို့သည် ငါ့ရှေ့မှာ ဒုစရိုက်ကိုပြု၍ ငါ့အမျက်ကိုနှိုးဆော်ကြပြီဟု မိန့်တော်မူ၏။
16မနာရှေသည် ထာဝရဘုရားရှေ့တော်၌ ဒုစရိုက်ကိုပြု၍ ယုဒအမျိုးကိုပြစ်မှားစေသော အပြစ်မှတစ်ပါး အပြစ်မရှိသော သူအများတို့ကိုသတ်၍ ယေရုရှလင်မြို့တစ်ဖက်မှ တစ်ဖက်တိုင်အောင် သူတို့အသွေးနှင့် ပြည့်စေခြင်းငှာပြု၏။ 17မနာရှေပြုမူသော အမှုအရာကြွင်းလေသမျှတို့နှင့် ပြစ်မှားသော အပြစ်တို့သည် ယုဒရာဇဝင်၌ ရေးထားလျက်ရှိ၏။ 18မနာရှေသည် ဘိုးဘေးတို့နှင့် အိပ်ပျော်၍၊ ဩဇဥယျာဉ်တည်းဟူသော မိမိအိမ်နှင့်ဆိုင်သော ဥယျာဉ်၌ သင်္ဂြိုဟ်ခြင်းကို ခံလေ၏။ သားတော်အာမုန်သည် ခမည်းတော်အရာ၌ နန်းထိုင်၏။
ယုဒဘုရင်အာမုန်
(၆ရာ၊ ၃၃:၂၁-၂၅)
19အာမုန်သည် အသက်နှစ်ဆယ်နှစ်နှစ်ရှိသော် နန်းထိုင်၍ ယေရုရှလင်မြို့၌ နှစ်နှစ်စိုးစံလေ၏။ မယ်တော်ကား ယုပ္ဘါမြို့သူ ဟာရုပ်သမီး မေရှုလမက်အမည်ရှိ၏။ 20ထိုမင်းသည် ခမည်းတော်မနာရှေပြုသကဲ့သို့ ထာဝရဘုရားရှေ့တော်၌ ဒုစရိုက်ကိုပြု၏။ 21ခမည်းတော်လိုက်သမျှသောလမ်းသို့ လိုက်၏။ ခမည်းတော်ဝတ်ပြုသော ရုပ်တုဆင်းတုတို့ကို ဝတ်ပြုကိုးကွယ်၏။ 22ဘိုးဘေးတို့၏ ဘုရားသခင်ထာဝရဘုရားကိုစွန့်၍ ထာဝရဘုရား၏ လမ်းတော်ကို လွှဲရှောင်၏။ 23မိမိကျွန်တို့သည် သင်းဖွဲ့၍ ရှင်ဘုရင်ကို နန်းတော်၌ လုပ်ကြံကြ၏။ 24အာမုန်မင်းကြီးတစ်ဖက်၌ သင်းဖွဲ့သောသူအပေါင်းတို့ကို ပြည်သူပြည်သားတို့သည် ကွပ်မျက်၍ သားတော်ယောရှိကို ခမည်းတော်အရာ၌ နန်းတင်ကြ၏။ 25အာမုန်ပြုမူသော အမှုအရာကြွင်းလေသမျှတို့သည် ယုဒရာဇဝင်၌ ရေးထားလျက်ရှိ၏။ 26ဩဇဥယျာဉ်တွင် မိမိသင်္ချိုင်းတွင်း၌ သင်္ဂြိုဟ်ခြင်းကိုခံ၍၊ သားတော်ယောရှိသည် ခမည်းတော်အရာ၌ နန်းထိုင်၏။

ဓမ္မရာဇဝင်စတုတ္ထစောင် - ၂၁ (အနက်ဖွင့်)

()မနာရှေဘုရင် (၂၁:၁၈)

ဟေဇကိ၏သား မနာရှေမင်းသည် ဘီစီ ၆၉၇/၉၆-၆၄၃/၄၂ထိ နှစ်ပေါင်း (၅၅)နှစ်တိုင်တိုင် ယုဒဘုရင်အဖြစ် အုပ်စိုးနန်းစံခဲ့သည်။ (၆ရာ ၃၃:၁-၂၀ ယှဉ်ဖတ်)။

၂၁:                  မနာရှေဘုရင်သည် ယုဒဘုရင်များထဲတွင် သက်တမ်းအရှည်ဆုံးနှင့် အဆိုးညစ်ဆုံးမင်း ဖြစ်သည်။ ဆိုးဝါးယုတ်ကမ်းချက် အချို့မှာ ပြည်သူများအား ဗာလဘုရား၊ အာရှရဘုရား အားအတင်းကိုးကွယ်ခိုင်းခြင်း၊ မိုးနတ်မင်းအား ကိုးကွယ်ရန် ယဇ်ပလ္လင်တည်ဆောက်ခြင်း၊ မိမိရင်သွေးများကို မီးရှို့ယဇ်ပူဇော်ခြင်း၊ ဓါတ်ရိုက်ဓါတ်ဆင် အောက်လမ်းမှော်ပညာသုံးခြင်း၊ ဝိညာဉ်ဆိုး နတ်ဆိုးများ နိမိတ်လက္ခဏာ မေးမြန်းခြင်း၊ အာရှရ သစ်သား (ဖိုမဆက်ဆံနေပုံရုပ်ထုထွင်း၍ ဘုရားသခင်ဗိမာန်တော် တွင် ထားရှိကာ ကိုးကွယ်စေခြင်း များတွေ့ရသည်။ထိုသို့ပြုလုပ်ခြင်းကြောင့် ပြည်သူများသည် ဘုရားသခင်ပြုသော ကတိတော်များကို (၃ရာ ၈:၂၉၊ ၉:၃) ပြန်လည်ကြားယောင်ကြသည်။

၂၁:၁၀၁၅     မနာရှေမင်း သည် ပြည်သူများအား အာမောရိလူများထက် အမိုက်ကမ်းကုန်အောင် ဦးဆောင်ခေါ်သွားသည်။ ထိုကြောင့် ဘုရားသခင်က ရှမာရိလူများနှင့် အာဟတ်မိသားစုများ အပြစ်ပေးခြင်းထက် ဆိုးဝါးစွာ အရေးယူမည် ဟုဆိုသည်။ အငယ် (၁၃) ရှိ မျဉ်းကြိုးနှင့် ချိန်သီးမှာ အရေးယူမည့် အတိုင်းအတာပမာဏကို ပြသည်။ ယေရုရှလင်မြို့ကို ဆေးပြီး မှောက်ထားသော ဟင်းပန်းကန်ကဲ့သို့ ပြောင်တလင်းခါစေမည်။ လူများကိုလည်း အရပ်ရပ်သို့ ထွက်ပြေးပျံ့နှံ့စေမည်ဟု ဆိုသည်။

၂၁:၁၆၁၈     လူများအား ရုပ်တုဘုရားတု ကိုးကွယ်စေ၍ သေရွာလမ်းမှားပို့ရုံသာမက အပြစ်မရှိသူများကိုလည်း သတ်ဖြတ်သွေးချောင်းစီးစေသည်။ “Assumption of Isaiah” စာအုပ်တွင် မနာရှေ၏ ယုတ်ကမ်းပုံသည် နှစ်ယောက်မရှိကြောင်း ရေးထားသည်။ ဟေရှာယ၏အမြင်များလည်း ဖော်ပြထားသည် (ဟေဗြဲ ၁၁:၃၇ နှင့် ယှဉ်ဖတ်)။

၆ရာ ၃၃ တွင် အာရှုရိဘုရင် (Ashurba nipal) က မနာရှေအား ဗာဗုလုန်သို့ ဖမ်းဆီးခေါ်ဆောင်သွားကြောင်းရေးထားသည်။ ထိုကာလတွင် နောင်တရ၍ ဘုရားသခင်ထံသို့ ပြန်လာသည်။ ယေရုရှလင်သို့ ပြန်လာခွင့် ရသောအခါ ဘုရားသခင်၏ ကျေးဇူးတော်၊ ချစ်ခြင်းမေတ္တာတော်နှင့် ကရုဏာတော်များကို သိရှိနားလည် သဘောပေါက်ပေမည်။ အရင်ကဲ့သို့ မမိုက်ကမ်းဘဲ၊ လိမ္မာလာသည်။ သို့သော် သူ့ဘဝသက်တမ်းက အချိန်မလုံလောက်တော့ပါ။ ပြည်သူများနှင့် သူ့သားများသည် သူ့သခင်ဘဝလမ်းစဉ် နောက်ခြေကျွံကုန်ပြီ (၆ရာ ၃၃:၁၄-၂၃)။

(အာမုန်ဘုရင် (၂၁:၁၉၂၆)

၂၁:၁၉၂၆ မနာရှေ၏သား အာမုန်မင်း သည် ဘီစီ ၆၄၂-၆၃၉ ထိ ()နှစ် ယုဒဘုရင် အဖြစ်နန်းစံခဲ့သည် (၆ရာ ၃၃:၂၁-၂၅) ။

အာမုန်မင်းသည် ထာဝရဘုရားသခင်ကို ကျောခိုင်းလျှက် ရုပ်တုဘုရားတုကိုးကွယ်ခြင်း၌ တဘက်ကမ်းခတ် မိုက်တွင်းနက်သူဖြစ်သည်။ လက်အောက်အစေအပါးများနှင့် မသင့်မြတ်။ ထို့ကြောင့် နန်းစံနှစ် ()နှစ်တွင် တပည့်များလုပ်ကြံသတ်ဖြတ်ခြင်းခံရသည်။ ပြည်သူများကလည်းမကြည်ညိုကြ။ လုပ်ကြံခြင်းခံရပြီးသောအခါ သားတော်ယောရှိက ဘုရင့်အရိုက်အရာဆက်ခံသည်။ မနာရှေမင်း သော်၎င်း၊ အာမုန်မင်းသော်၎င်း ယုဒဘုရင်များ၏ သင်္ချိုင်းတွင် သင်္ဂြိုဟ်ခွင့် မရကြ။ မိမိတို့ ကိုယ်ပိုင်သင်္ချိုင်းတွင် သင်္ဂြိုလ်ကြရသည်။

ယခုအနက်ဖွင့်ကျမ်းကို သက်ဆိုင်ရာတို့၏ ခွင့်ပြုချက်ဖြင့် ဝေမျှပေးထားခြင်းဖြစ်ပါသည်။ မူရင်းကို သွားရောက်ကြည့်ရှုလေ့လာလိုပါက  http://bbcmm.net/the-believers-bible-commentary  တွင် လေ့လာနိုင်ပါသည်။

တစ်စုံတစ်ခုကို မှတ်ချက်ပြုရေးသားလိုပါက အောက်တွင်ရေးသားဖေါ်ပြနိုင်ပါတယ်။