ဓမ္မရာဇဝင်စတုတ္ထစောင် - ၂၀

ဟေဇကိမင်းဖျားနာခြင်းနှင့် ပြန်လည် ကျန်းမာခြင်း
(ဟေရှာ၊ ၃၈:၁-၈၊ ၂၁-၂၂။ ၆ရာ၊ ၃၂:၂၄-၂၆)
1ထိုကာလအခါ ဟေဇကိမင်းသည်သေနာစွဲသဖြင့်၊ အာမုတ်သား ပရောဖက်ဟေရှာယသည် လာ၍ ထာဝရဘုရား မိန့်တော်မူသည်ကား၊ ကိုယ်အိမ်အမှုကိုစီရင်လော့။ သင်သည် အသက်မရှင်၊ သေရမည်ဟု အမိန့်တော်ကို ပြန်လေ၏။ 2ဟေဇကိမင်းသည်လည်း ထရံသို့မျက်နှာလှည့်၍၊ 3အိုထာဝရဘုရား၊ အကျွန်ုပ်သည် ရှေ့တော်၌သစ္စာစောင့်လျက်၊ စုံလင်သောစိတ်နှလုံးနှင့်ကျင့်၍ နှစ်သက်တော်မူသည်အတိုင်း ပြုကြောင်းကို အောက်မေ့တော်မူပါ။ အကျွန်ုပ်တောင်းပန်ပါ၏ဟု အလွန်ငိုကြွေးလျက် ထာဝရဘုရားကို ဆုတောင်းလေ၏။ 4ဟေရှာယသည် နန်းတော်အလယ်တံတိုင်းသို့ မရောက်မီ ထာဝရဘုရား၏နှုတ်ကပတ်တော်ရောက်၍၊ 5သင်သည် ငါ့လူတို့၏ ဗိုလ်ချုပ်ဟေဇကိမင်းထံသို့ တစ်ဖန်သွားပြီးလျှင်၊ သင့်အဘဒါဝိဒ်၏ ဘုရားသခင်ထာဝရဘုရား မိန့်တော်မူသည်ကား၊ သင်၏ပတ္ထနာစကားကို ငါကြားပြီ။ သင်၏မျက်ရည်ကိုလည်း ငါမြင်ပြီ။ သင်၏အနာကို ငါပျောက်စေသဖြင့်၊ သင်သည် သုံးရက်လွန်လျှင် ဗိမာန်တော်သို့တက်ရလိမ့်မည်။ 6သင့်အသက်၌ တစ်ဆယ်ငါးနှစ်ကို ငါဆက်၍ပေးမည်။ သင်နှင့်ဤမြို့ကို အာရှုရိရှင်ဘုရင်လက်မှ ငါကယ်လွှတ်မည်။ ငါ့မျက်နှာကိုလည်းကောင်း၊ ငါ့ကျွန်ဒါဝိဒ်၏မျက်နှာကိုလည်းကောင်းထောက်၍ ဤမြို့ကို ကွယ်ကာစောင့်မမည်အရာကို ပြောလော့ဟု မိန့်တော်မူ၏။ 7ဟေရှာယကလည်း၊ သင်္ဘောသဖန်းသီး အလုံးအထွေးကိုယူခဲ့လော့ဟုဆိုသည်အတိုင်း ယူခဲ့၍ အနာကိုအုံပြီးမှ မင်းကြီးသက်သာလေ၏။
8ဟေဇကိမင်းကလည်း၊ ထာဝရဘုရားသည် ငါ့အနာကိုပျောက်စေ၍ သုံးရက်လွန်လျှင် ငါသည် ဗိမာန်တော်သို့ တက်လိမ့်မည်ဆိုသော်၊ အဘယ်လက္ခဏာသက်သေရှိသနည်းဟု မေးလျှင်၊ 9ဟေရှာယက၊ ထာဝရဘုရားအမိန့်တော်ရှိသည်အတိုင်း ပြုတော်မူမည်ဟု ထာဝရဘုရားသည် သင့်အားပေးတော်မူသော လက္ခဏာသက်သေဟူမူကား၊ အရိပ်သည် ဆယ်ချက်တိုးရမည်လော။ ဆယ်ချက်ဆုတ်ရမည်လောဟု မေးသော်၊ 10ဟေဇကိက၊ အရိပ်သည် ဆယ်ချက်တိုးလွယ်၏။ ထိုသို့အလို မရှိ။ ဆယ်ချက်ဆုတ်ပါစေဟု ပြန်ပြော၏။ 11ပရောဖက်ဟေရှာယသည်လည်း၊ ထာဝရဘုရားအား ဆုတောင်းသောအခါ၊ အာခတ်၏ နေတိုင်းနာရီပေါ်မှာ ဆယ်ချက်ရွေ့ပြီးသောအရိပ်ကို ဆယ်ချက်ပြန်စေတော်မူ၏။
ဗာဗုလုန်ပြည်မှစေတမန်များ
(ဟေရှာ၊ ၃၉:၁-၈)
12ထိုကာလအခါ ဗာလဒန်သားဗာဗုလုန်မင်းကြီး မေရောဒဗာလဒန်သည်၊ ဟေဇကိမင်းနာ၍ အနာပျောက်သည်ကို ကြားသောကြောင့်၊ မေတ္တာစာနှင့် လက်ဆောင်ပါလျက် တမန်တို့ကို စေလွှတ်လေ၏။ 13ဟေဇကိမင်းသည် သူတို့ရောက်သောကြောင့် ဝမ်းမြောက်၍ ရွှေတိုက်မှစသော ရွှေ၊ ငွေ၊ နံ့သာမျိုး၊ အဖိုးထိုက်သော နံ့သာဆီ၊ လက်နက်တိုက်နှင့် ဘဏ္ဍာတော်အလုံးစုံတို့ကို ပြလေ၏။ နန်းတော်မှစ၍ နိုင်ငံတော်အရပ်ရပ်၌ မပြသောအရာ တစ်စုံတစ်ခုမျှမရှိ။
14ထိုအခါ ပရောဖက်ဟေရှာယသည် ဟေဇကိမင်းကြီးထံတော်သို့ သွား၍၊ ထိုလူတို့သည် အဘယ်သို့ ပြောကြပါသနည်း။ အဘယ်ပြည်မှ အထံတော်သို့လာကြပါသနည်းဟု မေးလျှောက်သော်၊ ဟေဇကိမင်းက၊ ဝေးသောအရပ် ဗာဗုလုန်ပြည်မှ ရောက်လာကြသည်ဟု ပြန်ပြော၏။ 15နန်းတော်၌ အဘယ်အရာကို မြင်ကြပြီနည်းဟု မေးပြန်လျှင်၊ ဟေဇကိမင်းက၊ နန်းတော်၌ရှိသမျှကို မြင်ရကြပြီ။ ဘဏ္ဍာတော်တွင် ငါမပြသောအရာ တစ်စုံတစ်ခုမျှမရှိဟု ပြန်ပြော၏။ 16ထိုအခါ ဟေရှာယက၊ ကောင်းကင်ဗိုလ်ခြေအရှင် ထာဝရဘုရား၏နှုတ်ကပတ်တော်ကို နားထောင်လော့။ 17နန်းတော်၌ ရှိသမျှကိုလည်းကောင်း၊ ယနေ့တိုင်အောင် ဘိုးဘေးတို့သည် ဆည်းပူးသမျှကိုလည်းကောင်း၊ ဗာဗုလုန်မြို့သို့ ယူသွားရသောကာလသည် ရောက်လိမ့်မည်။ တစ်စုံတစ်ခုမျှ မကျန်ကြွင်းရဟု ထာဝရဘုရား မိန့်တော်မူ၏။ 18သင်နှင့်နွယ်၍ရသော သင်၏သားမြေးတို့ကိုလည်း ယူသွား၍၊ သူတို့သည် ဗာဗုလုန်ရှင်ဘုရင်၏ နန်းတော်၌ လူပျိုတော်လုပ်ရကြလိမ့်မည်ဟု ဟေဇကိမင်းအား ပြောဆိုလေ၏။ 19ဟေဇကိမင်းကလည်း၊ သင်ပြန်ရသော ထာဝရဘုရား၏နှုတ်ကပတ်တော် ကောင်းပါ၏ဟူ၍လည်းကောင်း၊ အကယ်၍ ငါ့လက်ထက်၌ ငြိမ်သက်ခြင်းနှင့် သစ္စာစောင့်ခြင်းရှိလျှင် ကောင်းပါသည် မဟုတ်လောဟူ၍လည်းကောင်း၊ ဟေရှာယအား ဆိုလေ၏။
ဟေဇကိမင်းနန်းသက်ကုန်ဆုံးခြင်း
(၆ ရာ၊ ၃၂:၃၂-၃၃)
20ဟေဇကိပြုမူသောအမှုအရာကြွင်းလေသမျှတို့နှင့် တန်ခိုးကြီးခြင်း၊ ရေကန်နှင့် ရေပြွန်ကိုလုပ်၍ မြို့ထဲသို့ရေကို ဆောင်ခြင်းအရာတို့သည် ယုဒရာဇဝင်၌ရေးထားလျက်ရှိ၏။ 21ဟေဇကိသည် ဘိုးဘေးတို့နှင့် အိပ်ပျော်၍ သားတော်မနာရှေသည် ခမည်းတော်အရာ၌ နန်းထိုင်၏။

ဓမ္မရာဇဝင်စတုတ္ထစောင် - ၂၀ (အနက်ဖွင့်)

၆။ ဟေဇကိမင်း ဖျားနာခြင်းနှင့် နလံပြန်ထခြင်း (၂၀:၁၁)

၂၀:  အခန်း(၂၀) သည် အခန်း (၂၈) ပါ အဖြစ်အပျက် အစပိုင်းကာလဖြစ်သည်။ သနာခရိပ်က ပထမအကြိမ် ကျူးကျော် စော်ကားပြီးကာလ (အငယ် ၆) ဖြစ်သည်ဟု တွက်ဆရသည်။ ဟေဇကိမင်း အသဲအသန် ဖျားနေ၍ သေခါနီးတွင် ပရောဖက် ဟေရှာယက အမွေခံမှာစရာရှိသည်များကို မှာခဲ့ပါ ဟု ဆိုသည်။ ဟေဇကိမင်းသည် ဝမ်းနည်းအားငယ်စွာဖြင့် အသက်ဆက်ရှင်ဖို့ ဘုရားသခင်ထံဆုတောင်းရာ နောက်ထပ် (၁၅)နှစ် သက်တမ်းထပ်တိုးခွင့် ရရှိသည်။ ထိုအချက်ကို Whitcomb က ဤသို့ ထောက်ခံသည်။

ဘုရားသခင်က နောက်ထပ် (၁၅)နှစ် အသက်ရှင်ခွင့် ထပ်တိုးပေးလျှင် မည်ကဲ့သို့ အသုံးပြုရမည် နည်း။ ဟေဇကိမင်းသည် မည်ကဲ့သို့ အသုံးပြုသနည်း။ သမ္မာကျမ်းစာက  ထိုနေ့ရက် ကာလများကို သနာခရိပ်၏ နှိပ်စက်ခြင်း  ခံရဖို့ပြင်ဆင်ပေးသည်ဟု မဆိုလိုပါ။ ဘီစီ ၇၀၁ ခုနှစ်မှာ သနာခရိပ်၏ စော်ကားမော်ကား ပြုခြင်းခံရသည်ကို ကြည့်ပါ။ ထိုသို့ နှစ်တိုးပေးခြင်းမှာ ဟေဇကိမင်းတွင် အမွေဆက်ခံမည့် သားရတနာမရှိခြင်း အချက်တချက် ဖြစ်နိုင်သည် (၆ရာ ၂၁:ဟေဇကိမင်း၏ သားတော် မနာရှေသည် အသက် (၁၂)နှစ် အရွယ်တွင် နန်းစံသည်ကို သတိပြုတွက်ချက် နိုင်သည်။ မနာရှေသည် ခမည်းတော် ဟေဇကိမင်း မင်းနှင့် (၁၀)နှစ်ကြာ တွဲဖက်နန်းစံသည်။ သို့မဟုတ်လျှင် နန်းစံသက် (၁၅)နှစ် ဖြစ်သွားမည်။ ဗာဗုလုန်တို့၏ ဖမ်းဆီးမှုခံရခြင်းနှင့် ယုဒသမိုင်းယှဉ်ကြည့်လျှင် ထိုသို့နန်းသက် ထွက်လာပါသည်။

၂၀:၁၁       ဟေဇကိမင်းကျန်းမာလာ၍ ဗိမာန်တော်၌ ဘုရားရှိခိုးနိုင်မည့် အမှတ်လက္ခဏာမှာ အရိပ်ကို ဆယ်ချက်တိုးရမည် (ဟေဗြဲကျမ်းတွင်မူ ခြေလှမ်းဆယ်လှမ်း) ဟုဆိုသည်။ အာခတ်၏နေ့တိုင်း နာရီပေါ်တွင် ဆယ်ချက်နောက်ပြန်ရွှေ့စေသည် (အပိုဒ်ငယ် (၇)သည် အပိုဒ်ငယ် ၈-၁၁ နောက်တွင် သာရသည်)။

၂ရာ ၃၂:၃၁ တွင်မူ ထိုဖြစ်စဉ်သည် သဘာဝလွန်ဖြစ်ရပ်ဖြစ်သောကြောင့် ဗာဗုလုန်ပြည်ထိအောင် ပျံ့နှံ့သွားသည်ဟုဆိုသည်။ ဗာဗုလုန်သားများသည် သဘာဝထက် ဆန်းကြယ်သော မိုးကောင်းကင်ဖြစ်စဉ်များကို စွဲလန်းကိုးကွယ်သူများဖြစ်သည်။ ဟေဇကိမင်းအပေါ်တွင် ကျရောက်သော စကားတော်သည် ဟိုးလေးတကျော်ကျော် ဖြစ်ခဲ့သည်။

၇။ဟေဇကိမင်း၏ မိုက်မဲသောဝါကြွားမှု        (၂၀:၁၂၂၁)

၂၀:၁၂၁၈     ဟေဇကိမင်းပြန်လည် ကျန်းမာလာသောကြောင့် ဗာဗုလုန်ဘုရင် မေရောဒဗာလဒန် က နှုတ်ခွန်းဆက်ဂုဏ်ပြုသည်။ သူ၏ရည်ရွယ်ချက်မှာ အာရှုရိတို့အား ပူးပေါင်းတိုက်ခိုက်ဖို့ဖြစ်သည်။ ဟေဇကိမင်းသည် ဗာဗုလုန်ဘုရင်စေလွှတ်လိုက်သော သံတမန်များကို နွေးထွေးစွာဧည့်ခံ ပြီးနောက် မဆီမဆိုင် ဘုရင့်ဘဏ္ဍာတိုက်ထဲ ရှိသမျှကို ထုတ်ဖေါ်ပြသ ဝါကြွားလိုက်သည်။ (၆ရာ ၃၂:၃၁) တွင်မူ ဘုရားသခင်က ဟေဇကိမင်း၏ စိတ်သဘောရင်း စုံစမ်းခြင်းဖြစ်သည်ဟုဆိုသည်။ အဖြေမှာ ဝါကြွားမှုဖြစ်သည်။ ထိုကိစ္စကို ပရောဖက်ဟေရှောယက အပြစ်တင်သည်။ ယုဒပြည်ကို ဗာဗုလုန်များ ဖမ်းဆီးကျွန်ပြုမည်။ ဟေဇကိမင်း၏ သားတော်အချို့ကိုလည်း ဗာဗုလုန်နန်းတော်အတွင်းတွင် မိန်းမစိုးများ လုပ်ကြရမည်ဟု ပရောဖက်ပြလိုက်သည်။ ထိုကာလမရောက်မီကပင် ဟေဇကိမင်းက သူဥစ္စာဘဏ္ဍာများ သနာခရိပ်လာရောက်စော်ကားစဉ်က ပေးအပ်ခဲ့ပြီးလည်း ဖြစ်သည် (၁၈:၁၃-၁၆)

၂၀:၁၉ ဟေဇကိမင်းကလည်း ဟေရှာယ၏ အပြစ်တင်စကားကိုခံလျှက် သူ့ဘဝတွင် ငြိမ်သက်ချမ်းမြေ့စွာ အသက်ရှင်ဖို့ ဆုတောင်းလိုက်သည်။ RSV ကျမ်းတွင်မူ “ငါ့အသက်တာ၌ အဘယ့်ကြောင့် ငြိမ်သက်ခြင်းမရှိနိုင်သနည်း” ဟုဆိုသည်။

၂၀:၂၀၂၁     ဟေဇကိမင်း၏ ထူးခြားသော လုပ်ဆောင်ချက်မှာ ယေရုရှလင်မြို့ အတွင်းသို့ လုံလောက်စွာ ရေရရှိအောင် ရေမြောင်းရေပြွန်ဖောက်သွယ်ခြင်း ရေတွင်းရေကန်ဆောက်လုပ်ခြင်း ဖြစ်သည်။ ထိုသို့ရေလုံလောက်စွာ စီစဉ်ခြင်းသည် ပြည်သူပြည်သားများ သောက်ရေသုံးရေ ဖူလုံစေသကဲ့သို့ ရန်သူများဝိုင်းရံသည့် အခါတွင်လည်း ရေပြဿနာမရှိဖို့ ရည်ရွယ်ထားသည်။ ဟေဇကိမင်း သွယ်တန်းဖောက်လုပ်ထားသော ရေမြောင်းရေပြွန်သည် ဂိဟုန်စမ်းရေထွက်မှ ရှိလောင်ကန်ထိဖြစ်သည်။

ဟေဇကိမင်းလုပ်ဆောင်ချက်မှတ်တမ်းကို ၁၈၈၀-ခုနှစ်တွင် ပြန်လည်ရှာဖွေတွေ့ရှိခဲ့သည်။ ယခုအခါ တူရကီ အမျိုးသားပြတိုက်တွင် ပြသထား၍ ရှေးအော့တိုမန်အင်ပါယာခေတ် Ottoman Empire က လက်အောက်ခံ ပါလက်စတိုင်းဒေသမှာ တွေ့ရှိခဲ့ခြင်းဖြစ်သည်။

ထိုကာလတွင် ပရောဖက် မိက္ခာ၏ အမှုတော်လုပ်ငန်းလည်း ပြီးဆုံးသွားသည်။

ယခုအနက်ဖွင့်ကျမ်းကို သက်ဆိုင်ရာတို့၏ ခွင့်ပြုချက်ဖြင့် ဝေမျှပေးထားခြင်းဖြစ်ပါသည်။ မူရင်းကို သွားရောက်ကြည့်ရှုလေ့လာလိုပါက  http://bbcmm.net/the-believers-bible-commentary  တွင် လေ့လာနိုင်ပါသည်။

တစ်စုံတစ်ခုကို မှတ်ချက်ပြုရေးသားလိုပါက အောက်တွင်ရေးသားဖေါ်ပြနိုင်ပါတယ်။