ဓမ္မရာဇဝင်စတုတ္ထစောင် - ၁၇
ဓမ္မရာဇဝင်စတုတ္ထစောင် - ၁၇ (အနက်ဖွင့်)
(မ) ဣသရေလဘုရင် ဟောရှေ (၁၇:၁–၆)
ဧလိ၏သား ဟောရှေ သည် ဘီစီ ၇၃၂/၃၁-၇၂၃/၂၂ ထိ (၉)နှစ် တိုင်တိုင် ဣသရေလ ဘုရင် အဖြစ် နန်းစံခဲ့သည်။
၁၇:၁–၂ ဣသရေလတို့၏ ဒသမမြောက်နှင့် နောက်ဆုံးနန်းဆက် အကြောင်း ဖြစ်သည်။ ဟောရှေသည် ပေကာ ကိုလုပ်ကြံ၍ (၁၅:၃၀) အာဏာ သိမ်းပိုက်သည်။ သူသည် ဘိုးဘေးများလောက် မဆိုးညစ်သော်လည်း တိုင်းသူပြည်သားတို့မှာ ဘုရားသခင်နှင့် အဝေးကြီး ဝေးကွာသွားကြပြီ။ အလာကောင်း သော်လည်း အခါနှောင်းလေပြီ။
၁၇:၃–၆ အာရှုရိဘုရင် ရှာလမနေဇာက လာရောက်ခြိမ်းခြောက်သောကြောင့် အခွန်အတုပ်ပေးဆောင်နေရသည်။ အခွန်အတုပ် သက်သာစေရန် ပုန်ကန်တော်လှန်ဖို့ အဲဂုတ္တုမင်းနှင့် ပေါင်းဖက် ကြံစဉ်သည်။ ထိုသတင်းအား ရှုရိမင်းထံသို့ ပေါက်ကြားသွားသဖြင့် ဟောရှေမင်းနှင့် အပေါင်းပါများအား ဖမ်းဆီး၍ ရှမာရိ၌ (၃) နှစ် ထောင်ချသည်။ ဟောရှေ၏ဘဝနိဂုံးချုပ်ပုံ အသေးစိတ်မသိရပါ။ အာရှုရိထောင်တွင် အကျဉ်းခံခြင်းဖြင့် ဘဝဇာတ်သိမ်းမှေးမှိန် ပျောက်ကွယ်သွားသည်။ ဣသရေလပြည် နောက်ဆုံးပျက်သုဉ်းခြင်းသည် ဘီစီ ၇၃၂/၇၂၂ နှစ် ဖြစ်သည်။
(ယ) မြောက်ပိုင်းနိုင်ငံ ပြိုလဲခြင်း (၁၇:၇–၄၁)
၁၇:၇–၂၃ ဤကျမ်းပိုဒ်တွင် ဣသရေလ နိုင်ငံအပေါ်၌ ဘုရားသခင်၏ အလိုတော်မကျပုံနှင့် တိုင်းတပါးလက်အောက်သို့ ဖမ်းဆီးခေါ်ဆောင်ခြင်း ခံရပုံများ တွေ့ရသည်။ ထာဝရဘုရားထက် အခြားဘုရားငယ် များကို ကြောက်ရွံ့ကြသည်။ တောင်ကုန်းပေါ်တွင် ရုပ်တုတည် ကြသည်။ အုတ်ပုံဘုရား ကိုးကွယ်ကြသည်။ သစ်သားရုပ်တု၍ ဘုရားအဖြစ် ပူဇော်ကြသည်။ တွေ့မြင်ရာတောင်ကုန်း၊ တောင်ပူစာဟူသမျှတွင် လက်ညှိုးထိုးမလွတ်အောင် ဘုရားတုများ ပြုလုပ်ကိုးကွယ်ကြသည်။ ဘုရားသခင်၏ ပရောဖက်များ ပြောစကားကို လက်မခံကြသဖြင့် ဘုရားသခင်၏ စကားတော်များကို ငြင်းပယ်ရာရောက်သည်။ ဘုရားသခင် ၏ ပညတ်တော်များ ကို ကျောခိုင်းပြီး လူလုပ်စည်းမျဉ်းစည်းကမ်းများ လိုက်နာကြသည်။ ဒုစရိုက်နောက် သို့ လိုက်၍ သားသမီးများကိုလည်း ယဇ်ပူဇော်ကြသည်။
၁၇:၂၄–၂၅ အာရှုရိဘုရင်က မြောက်ပိုင်း ဣသရေလ လူ (၁၀)မျိုးကို မေသောပေါတာမိ နှင့် မိဒျန်ပြည် အနှံ့ အပြားသို့ ဖမ်းဆီးခေါ်ဆောင်သွားသည်။ ဣသရေလမြေပေါ်တွင် သိမ်းပိုက်ခဲ့သော အခြားလူမျိုး (၅)မျိုးအား နေရာချထားပေးသည်။ ရှေးဦးဣသရေလတို့သည် ဘုရားသခင်၏ စကားတော်ကို နားထောင်ကြသောကြောင့် မောရှေနှင့် ယောရှုတို့၏ ဦးဆောင်မှုဖြင့် ဒေသခံလူများကို မောင်းထုတ်၍ ခါနာန်ပြည်တွင် ဝင်ရောက်နေထိုင် အခြေချခဲ့ကြသည်။ ယေဟောဝါဘုရား စကားတော် နာခံခြင်းမရှိသော အခါ ဘုရားရှင်က အာရှုရိမင်းကို အသုံးပြု၍ ဣသရေလတို့အား မိမိတို့နေရင်းဒေသမှ မောင်းထုတ်သည်။ ဣသရေလတို့သည် မိမိနေရာ ဒေသအမှန်တွင် ဧမာနွေလ ဘုရားနှင့် အတူတကွရှိနေကြသော်လည်း၊ ဘုရားရှင်ကို မကိုးကွယ်၊ မနာခံဘဲ ရုပ်တုဘုရားတုကို ကိုးကွယ်နေကြသည်။ ဘုရားသခင်၏ အမျက်ဒေါသသည် ဆာလောင်ငတ်မွတ်၍ အစာရှာဟိန်းဟောက် နေသော ခြင်္သေ့ကဲ့သို့ ဣသရေလလူတို့အလယ်တွင် ကျရောက်ကာ လူများကို ကိုက်စားသတ်ဖြတ်ရတော့မည်။
၁၇:၂၆–၂၈ ဣသရေလမြေပေါ်တွင် ပလိပ်ရောဂါ ကျရောက်ခြင်းသည် ဣသရေလတို့၏ ဘုရားသခင်အကြောင်းကို တိုင်းတပါးသားများက မသိနားမလည်သောကြောင့်ဟု ဟုဆိုကြသည်။ ထို့ကြောင့် အာရှုရိမင်းသည် ထိုဣသရေလ မြေမှ လူစိမ်းများအား ဣသရေလတို့ ဘုရားအကြောင်း သွန်သင်ပေးစေသည်။ စစ်မှန်သော ဣသရေလ ယဇ်ပုရောဟိတ် ဘုရားသခင်၏ ယဇ်ပုရောဟိတ်ဖြင့် မဟုတ်ဘဲ ရုပ်တုဘုရားကိုးကွယ် သော ယဇ်ပုရောဟိတ်ဖြစ်သည်။ ဗေသလသို့ သွား၍ ရွှေနွားရုပ်ကိုးကွယ်ပုံ (ထိုကာလတွင် ရွှေနွားရုပ် မရှိတော့သော်လည်း ဝိထုံးနည်း နာကျန်သေးသည်) ကို ယေရောဗောင် မင်း၏ လုပ်ရိုးလုပ်စဉ်အတိုင်း သင်ပေးသည်။ ယေဟောဝါဘုရားအကြောင်းသွန်သင်ခြင်း မရှိ။ ထိုလူစိမ်းသူစိမ်းများ သည် ဣသရေလ လူမျိုးများနှင့် အပြန်အလှန်အိမ်ထောင်ပြု ကြသောကြောင့် သွေးမစစ် ကပြားလူ အများအပြား ဖြစ်လာကြသည်။ Samaritan ဟု လူသိထင်ရှားလာပြီး သီးသန့် ဘာသာရေး အယူအဆနှင့် ထုံးတမ်းစဉ်လာ ရှိလာကြသည်။
၁၇:၂၉–၃၄က ဤကျမ်းပိုဒ်သည် ဣသရေလမြေပေါ်တွင် ရပ်ခြားသူများ အခြေချ နေထိုင်ပုံ အကြောင်း ဖြစ်သည်။ ထိုလူမျိုးများသည် မိမိတို့လူမျိုးအလိုက် ကိုယ်ပိုင်ဘုရား၊ ကိုယ်ပိုင် ယဇ်ပုရောဟိတ် အသီးသီးရှိ ကြသည်။ ယေဟောဝါဘုရားလည်း သိရှိလာကြသဖြင့် အုတ်ရောရော ကျောက် ရောရော နေကြသည်။ မသိသလို သိသလိုဖြစ်လာကြ၍ ရုပ်တုကိုးကွယ်သူများ ထက် ခေါင်းမာလာကြသည်။
၁၇:၃၄ခ–၄၀ “ထာဝရဘုရားကို ရိုသေရာမရောက်” ဟူသော စကားသည် ဣသရေလ မြေပေါ်၌ အခြေချနေထိုင်သူများကို ဆိုလိုသည်။ ဘုရားသခင်ကို ဆန့်ကျင်ပုန်ကန်ခြင်း မပြုသော်လည်း ရွှေနွားရုပ်ကို ကိုးကွယ်ကြသောကြောင့် ထာဝရဘုရားကို မရိုမသေ ပြုရာရောက်ပါသည်။
၁၇:၄၁ ဣသရေလမြေပေါ်တွင် အခြေချနေထိုင်သူများသည် ဣသရေလများထက် အပြစ်ဒုစရိုက် ပေါ့လျှော့သည်။ ဘုရားတရားအကြောင်း သိရှိလာကြသောအခါ ယဉ်ပါးလာကြသည်။ ဘုရားသခင်ကို ချစ်ကြောက်ရိုသေလာကြသည်။ သို့သော် ဣသရေလလူ ဆယ်မျိုးမူကား မျက်ကန်းတစ္ဆေမကြောက် သည့်ပုံစံ ဖြစ်သည် (ငယ် ၃၄)။
ထိုဣသရေလ လူဆယ်မျိုးသည် လက်လွှတ်ဆုံးရှုံးရသော မြေအား နောက်ထပ် ပြန်လည် မရရှိတော့ပါ။၂၀ ကမ္ဘာအနှံသို့ ကွဲလွင့်ပျံ့နှံ့ကုန်သည်။ အဲသရောပိရှိ ဖာလာရှာဂျူးများ (Falasha Jews of Ethiopia) လူမျိုး၊ အိန္ဒိယကို ချင်ဂျူးများ (Cochin Jews of India)။ တရုတ်ခိုင်ဖုန်းဖုဂျူးများ (Kaifeng-fu Jews of China) ဖြစ်သွားကြသည်။ သို့သော် ဇာတိ ဗီဇကို ဖျောက်ပစ်၍ မရနိုင်ပါ။ ထိုနေ့ရက်ကျရောက် သောအခါ ဣသရေလ မြေပေါ်သို့ ပြန်လည်ခြေချကြဦးမည်။
ပရောဖက် ဟောရှေ၏ ပရောဖက်ပြုချက်သည်လည်း ထိုနေရာတွင် ဆုံးခန်းတိုင်သွားသည်။ ရှမာရိလည်း ပြိုလဲ၍ ဣသရေလ လူများလည်း ဖမ်းဆီး ကျွန်ပြုခြင်း ခံကြရသည်။
ယခုအနက်ဖွင့်ကျမ်းကို သက်ဆိုင်ရာတို့၏ ခွင့်ပြုချက်ဖြင့် ဝေမျှပေးထားခြင်းဖြစ်ပါသည်။ မူရင်းကို သွားရောက်ကြည့်ရှုလေ့လာလိုပါက http://bbcmm.net/the-believers-bible-commentary တွင် လေ့လာနိုင်ပါသည်။
တစ်စုံတစ်ခုကို မှတ်ချက်ပြုရေးသားလိုပါက အောက်တွင်ရေးသားဖေါ်ပြနိုင်ပါတယ်။