ဓမ္မရာဇဝင်စတုတ္ထစောင် - ၁၆

ယုဒဘုရင်အာခတ်
(၆ရာ၊ ၂၈:၁-၂၇)
1ရေမလိသားပေကာ နန်းစံဆယ်ခုနစ်နှစ်တွင် ယုဒရှင်ဘုရင်ယောသံသား အာခတ်သည် အသက်နှစ်ဆယ်ရှိသော်နန်းထိုင်၍၊ 2ယေရုရှလင်မြို့၌ ဆယ်ခြောက်နှစ် စိုးစံလေ၏။ ထိုမင်းသည် အဘဒါဝိဒ်ကဲ့သို့မကျင့်၊ ထာဝရဘုရားရှေ့တော်၌ တရားသောအမှုကို မပြု၊ 3ဣသရေလရှင်ဘုရင်တို့ လိုက်သောလမ်းသို့ လိုက်၍၊ ထာဝရဘုရားသည် ဣသရေလအမျိုးသားတို့ရှေ့မှ၊ နှင်ထုတ်တော်မူသော တစ်ပါးအမျိုးသားတို့၏ ရွံရှာဖွယ်ထုံးစံအတိုင်း၊ မိမိသားကို မီးဖြင့်ပူဇော်၏။ 4မြင့်သောအရပ်၊ တောင်ပေါ်၊ သစ်ပင်အောက်တို့၌ ပူဇော်၍ နံ့သာပေါင်းကိုမီးရှို့တတ်၏။
5ထိုအခါ ရှုရိရှင်ဘုရင်ရေဇိန်နှင့် ဣသရေလရှင်ဘုရင် ရေမလိသားပေကာသည် ယေရုရှလင်မြို့သို့ စစ်ချီ၍ အာခတ်မင်းကို ဝိုင်းထားသော်လည်း မနိုင်ရ။ 6သို့ရာတွင်၊ ရှုရိရှင်ဘုရင်ရေဇိန်သည် ဧလတ်မြို့ကို ရှုရိနိုင်ငံသို့သွင်းပြန်၍၊ ယုဒလူတို့ကို နှင်ထုတ်သဖြင့်၊ ရှုရိလူတို့သည် လာ၍ ယနေ့တိုင်အောင် ဧလတ်မြို့၌ နေကြ၏။
7ထိုကြောင့် အာခတ်သည် အာရှုရိရှင်ဘုရင် တိဂလတ်ပိလေသာထံသို့ သံတမန်ကိုစေလွှတ်၍၊ ကျွန်ုပ်သည် ကိုယ်တော်သား၊ ကိုယ်တော်ကျွန်ဖြစ်ပါ၏။ လာပါ။ ကျွန်ုပ်ကိုရန်ဘက်ပြုသော ရှုရိရှင်ဘုရင်နှင့် ဣသရေလရှင်ဘုရင်လက်မှ ကယ်ယူပါဟု တောင်းပန်၏။ 8တစ်ဖန် ဗိမာန်တော်၌လည်းကောင်း၊ နန်းတော်ဘဏ္ဍာတိုက်၌လည်းကောင်း ရှိသောရွှေငွေကိုယူ၍ အာရှုရိရှင်ဘုရင်ထံသို့ လက်ဆောင်ပေးလိုက်လေ၏။ 9အာရှုရိရှင်ဘုရင်သည် နားထောင်၍ ဒမာသက်မြို့သို့စစ်ချီ၍ တိုက်ယူပြီးလျှင်၊ ပြည်သားတို့ကို ကိရမြို့သို့ သိမ်းသွား၏။ ရေဇိန်မင်းကိုလည်းသတ်၏။
10အာခတ်မင်းကြီးသည် အာရှုရိရှင်ဘုရင်ကို ခရီးဦးကြိုပြုခြင်းငှာ ဒမာသက်မြို့သို့သွား၏။ ထိုမြို့မှာရှိသော ယဇ်ပလ္လင်ကိုမြင်လျှင်၊ ပလ္လင်ပုံ၊ အတိုင်းအရှည်၊ တန်ဆာရှိသမျှကိုရေး၍ ယဇ်ပုရောဟိတ်ဥရိယထံသို့ ပေးလိုက်၏။ 11ထိုသို့ ဒမာသက်မြို့မှ အာခတ်မင်းပေးလိုက်သမျှအတိုင်း၊ ယဇ်ပုရောဟိတ်ဥရိယသည် အာခတ်မင်း မရောက်မီ လုပ်နှင့်ပြီ။ 12ရှင်ဘုရင်သည် ဒမာသက်မြို့မှရောက်လာသောအခါ၊ ထိုယဇ်ပလ္လင်ကိုမြင်၍ ချဉ်းကပ်သဖြင့်၊ 13မီးရှို့ရာယဇ်နှင့် ဘောဇဉ်ပူဇော်သကာကိုမီးရှို့၏။ သွန်းလောင်းရာပူဇော်သကာကိုလည်း သွန်းလောင်း၏။ မိတ်သဟာယယဇ်အသွေးကိုလည်း ယဇ်ပလ္လင်ပေါ်မှာဖျန်းလေ၏။ 14ထာဝရဘုရားရှေ့တော်၌ရှိသော ကြေးဝါယဇ်ပလ္လင်ကို ဗိမာန်တော်ရှေ့၊ ယဇ်ပလ္လင်ကြီးနှင့် ဗိမာန်တော်စပ်ကြားအရပ်မှရွှေ့၍ ယဇ်ပလ္လင်ကြီး မြောက်ဘက်၌ ထား၏။ 15တစ်ဖန် ယဇ်ပုရောဟိတ်ဥရိယကို မှာထားသည်ကား၊ နံနက်မီးရှို့ရာယဇ်နှင့် ညဉ့်ဦးယံဘောဇဉ် ပူဇော်သကာ၊ ရှင်ဘုရင်မီးရှို့ရာယဇ်နှင့် ဘောဇဉ်ပူဇော်သကာ၊ ပြည်သူပြည်သားမီးရှို့ရာယဇ်နှင့် ဘောဇဉ်ပူဇော်သကာ၊ သွန်းလောင်းရာ ပူဇော်သကာတို့ကို ယဇ်ပလ္လင်ကြီးပေါ်မှာ မီးရှို့လော့။ မီးရှို့ရာယဇ် အစရှိသော ယဇ်မျိုးအသွေးကိုလည်း ထိုပလ္လင်ပေါ်မှာဖျန်းလော့။ ကြေးဝါယဇ်ပလ္လင်သည် ငါမေးမြန်းစရာဖို့ ရှိရမည်ဟု၊ 16အာခတ်မင်းကြီးမှာထားသမျှအတိုင်း ယဇ်ပုရောဟိတ်ဥရိယပြု၏။
17အာခတ်မင်းကြီးသည် ကြေးဝါခုံတန်ဆာတို့ကို ပယ်၍ အင်တုံကိုလည်းရွှေ့၏။ ကြေးဝါရေကန်ကိုလည်း ကြေးဝါနွားတို့အပေါ်က ချ၍ ကျောက်ခင်းပေါ်မှာ တင်ထား၏။ 18ဗိမာန်တော်၌ ဥပုသ်စောင့်စရာဖို့ ဆောက်သောမဏ္ဍပ်ကိုလည်းကောင်း၊ ရှင်ဘုရင်တက်ရာ စောင်းတန်းကိုလည်းကောင်း၊ အာရှုရိရှင်ဘုရင်ကြောင့်ပယ်၏။ 19အာခတ်ပြုမူသော အမှုအရာကြွင်းလေသမျှတို့သည် ယုဒရာဇဝင်၌ ရေးထားလျက်ရှိ၏။ 20အာခတ်သည် ဘိုးဘေးတို့နှင့်အိပ်ပျော်၍၊ သူတို့နှင့်အတူ ဒါဝိဒ်မြို့၌ သင်္ဂြိုဟ်ခြင်းကိုခံလေ၏။ သားတော်ဟေဇကိသည် ခမည်းတော်အရာ၌ နန်းထိုင်၏။

ဓမ္မရာဇဝင်စတုတ္ထစောင် - ၁၆ (အနက်ဖွင့်)

(ယုဒဘုရင် အာခတ်(အခန်း ၁၆)

ယောသံ၏သား အာခတ်သည် ဘီစီ ၇၃၅-၇၁၆/၁၅ ထိ နှစ်ပေါင်း (၂၀)မျှ ယုဒဘုရင် အဖြစ် ထီးနန်းစံ ခဲ့သည် ( ၆ရာ ၂၈)။

၁၆:  အာခတ်မင်းသည် နှစ်ပေါင်း (၁၂)ခန့် ခမည်းတော် ယောသံမင်းနှင့် တွဲဖက်ဘုရင် အဖြစ် နန်းစံခဲ့သည်။ အာခတ်ဟူသော  အမည်သည် ယောယဟတ်အမည်၏ အတိုကောက်ဖြစ်သည်။ အာရှုရိ စာပေများတွင် ယောယဟတ်ဟူသော နာမည်ဖြင့် ထင်ရှားသည်။ (ယဟော=ယော) ဟူသည့် စကားလုံးသည် ‘ယေဟောဝါ’ ဟူသော နာမည်၏ ရှေ့ဖျားစကားလုံး ယူခြင်းဖြစ်သည်။ အာခတ်ဟူသော နာမည်သည် နာမည်ကောင်း မဟုတ်သောကြောင့် သန့်ရှင်းသော ဝိညာဉ်တော်က မေ့လျှော့စေခြင်း ဖြစ်ပေမည်။ ဣသရေလဘုရင်များ လမ်းစဉ်အတိုင်း ရုပ်တုဘုရား နောက်သို့လိုက်သည်။ ဘုရားသခင်ရွံရှာ တော်မူသော အကျင့်ကို လိုက်လျှက် မိမိသားကို မီးရှို့ပူဇော်သည်။ မောလုတ် ဘုရားတု ကိုးကွယ်သူများ အကျင့်ဖြစ်သည်။ တခါတရံ သားများကို မီးရှို့ပူဇော် အလေ့အကျင့် ရှိခဲ့သည် (ယေ ၇:၃၁၊ ယေဇ ၁၅:၂၁)။

၁၆: ယုဒနန်းသက်ရှည်ဖို့ အာရှုရိမင်းနှင့် ပေါင်းဖက် သောအခါ (ဟေရှာ ၇:၆) ဣသရေလတို့သည် ရှုရိသားများနှင့် မဟာမိတ်ပြု၍ ယေရုရှလင်ကို တိုက်ခိုက်လာကြသည်။ ထိုကာလတွင် ရှုရိမင်းသည် ဧလတ်ဒေသကို သိမ်းပိုက်ထားသည်။ အာခတ်မင်းသည် ရှုရိရန်ကို စိုးရိမ်သဖြင့် နန်းတော်နှင့် ဗိမာန်တော်ရှိ ရွှေ၊ ငွေ၊ ကြေးအိုးဟူ သမျှကို ယူ၍ အာရှုရိမင်းအား တံစိုးလက်ဆောင် ပေးကာ မဟာမိတ်ပြုသည်။ တိကလတ်ပိလေသာက ဒမာသက်ကို သိမ်းပိုက်၍ ရှုရိမင်းကို အောင်နိုင်သည်။ သို့ဖြင့် ဟေရှာယ၏ ပရောဖက်ပြုချက် ပြည့်စုံလာသည်။ သို့သော်လည်း ဘုရားသခင်က အာရှုရိတို့အား ကျိန်စာသင့် စေသည် (ဟေရှာ ၁၇-၂၅)။

၁၆:၁၀၁၆  အာခတ်မင်းသည် ဒမာသက်သို့ တိကလတ်ပိလေသာထံ သွားလည်စဉ် လမ်းတွင် ယဇ်ပလ္လင်တခုတွေ့မြင်ရာ သဘောကျသဖြင့် သူတပါး ယဇ်ပလ္လင်ပုံတူကူး ဆောက်လုပ်ခိုင်းသည်။ အာခတ်မင်းသည် ကြေးယဇ်ပလ္လင်ကို ဖယ်ရှား၍ ယဇ်ပလ္လင် သစ်ကြီးပေါ်တွင် ပူဇော်သက္ကာတင်၍ ယဇ်ပူဇော်သည်။ ဘုရားသခင်နှင့် ပက်သက်သော ယဇ်ပူဇော်မှုများ အားလုံး၌ ယဇ်ပလ္လင်သစ်ကြီးကို သုံးသည်။ အငယ် ၁၅ အရ ကြေးယဇ်ပလ္လင်ကို “ငါလိုချင်သည့် အခါမှသာလျှင် သုံးမည်”၁၈ ဟု အဓိပ္ပါယ် ယူနိုင်သည်။ ဖော်လံဖါး ယဇ်ပုရောဟိတ် ဥရိယက မင်းကြီးအား အကြံပေး လမ်းညွှန်မှု မပြုသည့် ပြင် ပုတ်သင်ညိုကဲ့သို့ ခေါင်းငြိမ့်နေသည်။ ထိုပုရောဟိတ်ကြီးမှာ ဟေရှာယ ၈:၂ က ညွှန်းသော ဥရိယ ဖြစ်သည်။ သူ၏ တုံဏှိဘာဝေ အမှုကြောင့် နောင်ကာလကြာလာသောအခါ အာခတ်မင်း၏ ယဇ်ပလ္လင်က ကြေးယဇ်နေရာ အစားယူလာသည်။

၁၆:၁၇၂၀  အာခတ်မင်းသည် အာရှုရိ ဘုရင် စိတ်တိုင်းကျအောင် ဗိမာန်တော် အပြင်အဆင်များကို အကုန်လုံး ပြောင်းလဲပစ်သည်။ ဘုရားသခင်ဗိမာန်တော် ရှိကြေးထည်ပစ္စည်းများ အကုန်ရွှေ့ပြောင်း ပစ်သည်။ အချို့က ထိုကြေးများကို အာရှုရိဘုရင်သို့ ပေးဆက်သည်ဟု ယူဆကြသည်။ ၆ရာ ၂၈:၂၄ တွင် အာခတ်မင်း အဆုံးတွင် ဗိမာန်တော်လည်း ပိတ်သိမ်းရသည် ဟု ဆိုသည်။ အာခတ်မင်းသည် ဘုရင့်သင်္ချိုင်းတွင် သင်္ဂြိုဟ်ခြင်း မခံရ (၆ရာ ၂၈:၂၇)ဘဲ ဘိုးဘေးများ လျောင်းရာ ဒါဝိဒ်မြို့တော်၌ သင်္ဂြိုဟ်ခံရသည်။

ယခုအနက်ဖွင့်ကျမ်းကို သက်ဆိုင်ရာတို့၏ ခွင့်ပြုချက်ဖြင့် ဝေမျှပေးထားခြင်းဖြစ်ပါသည်။ မူရင်းကို သွားရောက်ကြည့်ရှုလေ့လာလိုပါက  http://bbcmm.net/the-believers-bible-commentary  တွင် လေ့လာနိုင်ပါသည်။

တစ်စုံတစ်ခုကို မှတ်ချက်ပြုရေးသားလိုပါက အောက်တွင်ရေးသားဖေါ်ပြနိုင်ပါတယ်။