ဓမ္မရာဇဝင်စတုတ္ထစောင် - ၁
ဓမ္မရာဇဝင်စတုတ္ထစောင် - ၁ (အနက်ဖွင့်)
၁။ နိုင်ငံတော်နှစ်ပိုင်းကွဲခြင်း (၃ ရာအဆက်) (အခန်း ၁–၇)
(က) ဣသရေလဘုရင် အာခဇိနှင့် ပရောဖက် ဧလိယ (အခန်း ၁)
၁:၁ မောဘပြည် ကို ဒါဝိဒ်မင်းက သိမ်းပိုက်ခဲ့သည် (၂ရာ ၈:၂)။ ရှောလမုန်မင်းလွန်၍ နိုင်ငံတော်အား နှစ်ခြမ်းကွဲပြားကြသောအခါ မောဘပြည်သည် ခေါင်းထောင်လာပြန်သည်။ မောဘပြည်သည် ဣသရေလတို့ လက်အောက်တွင်ရှိသည်။ မြောက်ပိုင်းဘုရင် အာဟပ်မင်းမရှိတော့သောအခါ လွတ်လပ်ရေးရရှိ ဖို့ ပုန်ကုန်ကြသည်။
၁:၂ အာခဇိမင်းသည် ရှမာရိနန်းတော် ခေါင်မိုးပေါ်မှ ပြုတ်ကျသောကြောင့် အသည်းအသန် ဒဏ်ရာရသည်။ ဘုရားသခင်ထံ အနာကင်းငြိမ်းဖို့ ဆုမတောင်းဘဲ၊ ပြန်လည်ကျမ်းမာလာမည့် အခွင့်အရေးရှိမရှိ ဧဗြုန်ဘုရားဗာလဇေဗုပ်သို့ ဗေဒင်သွားမေးခိုင်းသည်။ ထိုအကြောင်းကို John C. Lohitecom က ဤသို့ဆိုသည်။
ထိုဘုရား၏နာမည်ကို ရှရိလူများက “အသက်၏ဘုရား” ဟုခေါ်သည်။ ယုဒဘာသာဖြင့် ဗာလဇေဗုပ် (ယဇ်ကောင်များ၏ ဘုရား ဟု အနက်ရသည်) ဟုခေါ်သည်။ ခရစ်တော်ဘုရားလက်ထက်တွင် ထိုသို့နတ်ဗေဒင် မေးမြန်းခြင်းကို စာတန်အလုပ်ဟု သတ်မှတ်ပေးသည်။၁
ရှင်ဘုရင်၏နာမသည် ယေဟောဝါက ကျမ်းမာစေဟု အနက်ရသော်လည်း လက်တွေ့တွင်မူ ဗာလဘုရားဘက်သို့ ရောက်ရှိသည်။
၁:၃–၈ ရှင်ဘုရင်လွှတ်လိုက်သောသူများသည် ဘုရားသခင်စေလွှတ်လိုက်သော ကိုယ်၌ အမွှေးထူပြီး သားရေခါးပတ်ပတ်ထားသည့် ဧလိယ နှင့် လမ်းခုလတ်တွင် တွေ့ဆုံသည်။ ဣသရေလပြည်တွင် ဘုရားသခင်မရှိသောကြောင့် ဗာလဘုရား ရုပ်တုကို သွားမေးရသလား၊ ခြေပန်းအာညောင်းခံ၍ သွားရောက်မေးမြန်းမနေနှင့်။ သင်တို့ ဘုရင်သေမှာဘဲ” ဟု ပြောခိုင်းလိုက်သည်။
၁:၉–၁၂ အာခဇိမင်းကစစ်သားငါးဆယ်အား ထိုဧလိယကို ချက်ချင်းသွားခေါ်ခိုင်းသည်။ တပ်မှူးလုပ်သူက ဧလိယအား ရှင်ဘုရင်ကခေါ်ခိုင်းသဖြင့် တောင်ကုန်းပေါ်မှ မြန်မြန်ဆင်းလာခဲ့ဟု အမိန့်ပေးလိုက်သည်။ ဧလိယကလည်း ငါသည် ဘုရားသခင်၏ လူမှန်လျှင် ကောင်းကင်ပေါ်ကမီးကျ၍ သင်တို့ကိုလောင်စေဟု ဆိုလိုက်ရာ ဆုတောင်းသည့်အတိုင်း တပ်မှူးနှင့်တကွ တပည့်ငါးဆယ်သည် မီးလောင်သေဆုံးကြသည်။ နောက်တဖန် စစ်သားငါးဆယ်အုပ် ရောက်လာပြန်၍ ဧလိယအား ဆင့်ခေါ်ပြန် သည်။ ဧလိယကလည်း ဘုရားသခင်ထံ ဆုတောင်းလိုက်ရာ မီးလောင်ပြာကျကုန်ပြန်သည်။ ကောင်းကင်မှ ကျသောမီးသည် ဗာလပရောဖက်များရှေ့မှောက်တွင် တွေ့ရှိခဲ့ကြပြီဖြစ်သည် (၁ရာ ၁၈)။ ယခုတဖန် ဘုရားသခင်၏လူ ဧလိယကို ဒုက္ခပေးမည့် စစ်သားများကိုလည်း ကောင်းကင်မှကျသော မီးက ပြာကျစေပြန်သည်။ တပ်မှူးနှင့် စစ်သား နှစ်သုတ်သေဆုံးရခြင်း အကြောင်းကို မရှင်းပြထားသော်လည်း အာခဇိမင်း အမိန့်အတိုင်း ဧလိယအသက် အန္တရယ် ဒုက္ခပေးမည့်သူများဖြစ်သည်ဟု ယူဆရသည်။
၁:၁၃–၁၆ တတိယတပ်မှူးသည် ရှေ့ဖြစ်စဉ်များကို တွေ့ရှိနားလည်ဟန် တူသည်။ တပ်မှူးဟုဆိုပြီး စစ်မိန့်သံဖြင့် မဆိုဘဲ၊ ဘုရားသခင်၏ ကောင်းကင်တမန် (ခရစ်တော်အား လူ့ဇာတိမခံမီဘဝ) သင်ပြသည့် အတိုင်း အောက်ကျို့စွာလျှောက်လဲ သည်။ ဧလိယလည်း ကြောက်ရွံ့တုန်လှုပ်ခြင်းမရှိဘဲ တပ်မှူးနှင့်အတူ လိုက်သွား၍ ရှင်ဘုရင်အား သွားရောက်တွေ့ဆုံသည်။ ဘုရားသခင်ကို အားကိုးခြင်းမရှိဘဲ၊ ဗာလဇေဗုပ်ကို အားကိုးသောကြောင့် ပြန်လည်ကျမ်းမာလာတော့မည် မဟုတ်ဟု အာခဇိမင်းကို ရဲဝံ့စွာပြောပြသည်။
၁:၁၇–၁၈ အာခဇိမင်းတွင် သားမရှိသောကြောင့် သူကွယ်လွန်သည့်အခါ ညီတော်ယောရံ (Jehoram သို့မဟုတ် Joram ဟူလည်းခေါ်သည်) က နန်းမွေဆက်ခံသည်။ ထိုကာလတွင် ယုဒပြည်၌ ယောရှဖတ် နန်းစံသည် (၃:၁)။ ယောရှဖတ်၏ သားကိုလည်း ယောရံ (Jehoram)ဟု ခေါ်သည်။
ယခုအနက်ဖွင့်ကျမ်းကို သက်ဆိုင်ရာတို့၏ ခွင့်ပြုချက်ဖြင့် ဝေမျှပေးထားခြင်းဖြစ်ပါသည်။ မူရင်းကို သွားရောက်ကြည့်ရှုလေ့လာလိုပါက http://bbcmm.net/the-believers-bible-commentary တွင် လေ့လာနိုင်ပါသည်။
တစ်စုံတစ်ခုကို မှတ်ချက်ပြုရေးသားလိုပါက အောက်တွင်ရေးသားဖေါ်ပြနိုင်ပါတယ်။