၁ကော - ၂
၁ကော - ၂ (အနက်ဖွင့်)
၂:၁ တစ်ပါးအမျိုးသားများထဲသို့ ပေါလုရောက်ရှိလာခြင်းသည် လောကဉာဏ်ပညာ အသိပေးဖို့ မဟုတ်။ ဘုရားသခင်၏ ဘုန်းတန်ခိုး ထင်ရှားစေဖို့ ဖြစ်သည်။ ဒဿနိက အသိဉာဏ်အကြောင်း ဟောပြောဖို့မဟုတ်။ ဘုရားသခင်အား သက်သေခံဖို့ဖြစ်သည်။ လူရှေ့သူရှေ့တွင် အသိဉာဏ်ပညာများ ဟောပြောဖို့၊ ဆွေးနွေးဖို့ဝါသနာမပါ။ ကိုယ်လုံးပြဟောပြောခြင်း စိတ်မဝင်စား။ ဂုဏ်သတင်း၊ ဉာဏ်ပညာတော်ကြောင်း မဝါကြွားလို။ ဝိညာဉ်ရေးရာ ကြီးထွားရင့်ကျက်ခြင်းသာ အလိုရှိသည်။ သို့ကြောင့် တေးဂီတ၊ အနုပညာ လူ့စိတ်ဆွဲဆောင်မှုများသည် ဝိညာဉ်ရေးရာနှင့် မဆိုင်သော်လည်း ဘုရားသခင် ဘုန်းတော်ထင်ရှားဖို့ အသုံးပြုဆက်ကပ်ရသည်။
၂:၂ ပေါလု၏ ဧဝံဂေလိသတင်း အနှစ်သာရမှာ ယေရှုခရစ်တော်နှင့် လက်ဝါးကပ်တိုင်တွင် အသေခံတော်မူခြင်း ဖြစ်သည်။ ယေရှုခရစ်ဆိုသည်မှာ ပုဂ္ဂိုလ်ရေးရာဖြစ်၍ ကားတိုင်ဆိုသည်မှာ အမှုတော်ဖြစ်သည်။ သခင်ခရစ်တော်နှင့် အမှုတော်အကြောင်းသည် ဧဝံဂေလိသတင်းစကား ဖြစ်သည်။
၂:၃ ကောရိန္သုသားများသည် ပေါလုအား ဖိအားမပေးနိုင်သကဲ့သို့ ဆွဲဆောင်မှုလည်း မပေးနိုင်။ ကောရိန္သုတွင်ရှိနေစဉ် ပေါလုသည် အားနည်းသည်။ ကြောက်ရွံ့တုန်လှုပ်သည်။ ချောက်ခြားသည်။ ဘုရားသခင်အတွက် အိုးမြေသာဖြစ်သည်။ အားနည်းသိမ်ငယ်မှုကို ဘုရားသခင်က မည်ကဲ့သို့အသုံးပြုကြောင်း ပေါလု၏ ဘဝအသက်တာဖြင့် ပုံဥပမာ သက်သေပြခြင်း ဖြစ်သည်။
၂:၄ ပေါလု၏စကားသည် တရားသည်၊ လူ့အသိဉာဏ်အားဖြင့် ဆင်ခြင်လက်ခံနိုင်ဖွယ်ရာ ရှိချင်မှရှိမည်။ သို့သော်ဝိညာဉ်တော်တန်ခိုးအားဖြင့် ဟောပြောခြင်းဖြစ်သည်။ အချို့က ပေါလု၏ စကားသည် ရုပ်ဝတ္ထုကို အခြေခံသော လူ့အပြုအမူဆိုင်ရာ တရားဖြစ်သည်ဟု ဆိုကြသည်။ အချို့က ပေါလုစကားသည် တစ်ဦးတစ်ယောက်ခြင်းနှင့် ဆိုင်၍ တရားစကားသည် လူထုနှင့်ဆိုင်သည်ဟု ဆိုကြသည်။ ဤအတွေးအခေါ် အယူအဆရှိသူများထံသို့ ပေါလု၏ တရားစကားများသည် ထိုးဖောက်နိုင်ဖွယ်ရာမရှိ။ သို့သော်ဘုရားသခင်၏ ဝိညာဉ်တော်တန်ခိုးဖြင့် အပြစ်ကိုဖော်ထုတ်၍ အသက်တာပြောင်းလဲခြင်းသို့ ပို့ပေးနိုင်သည်။
၂:၅ အသက်ရှင်သော ဘုရားသခင်ကို သိရှိဖို့အာရုံမစူးစိုက်ဘဲ ပေါလု၏ ပုဂ္ဂိုလ်ရေးကို စိတ်ဝင်စားခြင်းသည် အလွန်ကြောက်မက်ဖွယ်ကောင်းသည်။ ပေါလု၏အစွမ်းအစဖြင့် လူများကို ကယ်တင်ခြင်း ပေးနိုင်သည်မဟုတ်။ ဘုရားသခင်ကို ယုံကြည်ခြင်းဖြင့်သာ ရရှိနိုင်သည်။ လူ့အသိဉာဏ်ပညာထက် ဘုရားသခင်ကိုသာ ကိုးစားရသည်။ ဘုရားသခင်၏နှုတ်ကပတ်တော် ဒေသနာတော် ဟောပြောသူတိုင်း ထားရှိရသည့်အန္တိမ ရည်မှန်းချက်ဖြစ်ပေသည်။
၂:၆ ဧဝံဂေလိတရားတွင် ဉာဏ်ပညာ၏အရင်းအမြစ်သည် ဘုရားသခင်ဖြစ်သည်။ (ငယ် ၆၊၇)တွင် အသက်တာ ရင့်ကျက်သူများသည် တရားဓမ္မအကြောင်းပြောဆိုသူများသည် အသက်တာ ရင့်ကျက်လာကြသည်။ သို့သော် ထိုပြောဆိုသောစကားသည် ခေတ်လောက၏ ဉာဏ်ပညာ အကြောင်းမဟုတ်။ လောက အသိဉာဏ်ပညာသည် တဒင်္ဂသာခံသော သင်္ခါရတရားဖြစ်သည်။ ခေတ်နှင့်အညီ ပြောင်းလဲတတ်သော နိယာမတရားဖြစ်သည်။
၂:၇ ဘုရားသခင်၏ ဉာဏ်ပညာတော်သည်နက်နဲ၏ ဓမ္မသစ်တရား၏နက်နဲမှု ကို ရှေးယခင် တွင်ထုတ်ဖော်ပြသခြင်းမရှိခဲ့။ ယခုကာလတွင်မူ တပည့်တော်များ ပရောဖက်များနှင့် ကနဦး အသင်းတော်များဖြင့် ထုတ်ဖော်ပြသသည်။ ဘုရားသခင်စီရင်တော်မူသောပညာနက်နဲသော အရာ၌ ဝှက်ထားသောဘုရားသခင်၏ပညာကို ငါတို့အားပြသ၏။ ဧဝံဂေလိတရား၏လျှို့ဝှက်ချက်တွင် ယုဒလူမျိုးနှင့် တစ်ပါးအမျိုးသားများ ခရစ်တော်၌တလုံးတဝတည်းဖြစ်ခြင်းသည်လည်း ပါဝင်သည်။ ယုံကြည်သူများ ခရစ်တော်ဘုရားလာရောက်ခေါ်ဆောင်မည့်အကြောင်း၊ ထိုကာလတွင် အသက်ရှင် နေသူများ ရုတ်ခြည်းပြောင်းလဲကြရမည့်အကြောင်းလည်း ပါဝင်သည်။
၂:၈ လောကီမင်းဆိုသည်မှာ ကောင်းကင်နိုင်ငံအကြောင်းကို သဘောမပေါက်သူ၊ လူ့လောက ဇာတိရမ္မက် တပ်မက်မှု ဖြစ်သည်။ ထိုသူများသည် ဘုရားသခင်၏သားတော်ကိုလည်း ဿပေစ္ဆေကံ ထိုက်စေကြသည်။ အကယ်၍ ဘုရားသခင်၏ သမ္မတရားကို သိရှိခဲ့ကြလျှင် သားတော်ကိုလည်း ကွပ်မျက်ကြမည် မဟုတ်။
၂:၉ အခန်းငယ် ၉ မှ ၁၆သည် ဝိညာဉ်တော်ဖွင့်ပြခြင်းဖြင့် ရေးသားသော ကျမ်းချက် ဖြစ်သည်။ သန့်ရှင်းသောဝိညာဉ်တော် ပြသသည့် သမ္မာစကားများဖြစ်သည်။ ဝိညာဉ်တော်ပြသချက် ဖြစ်ကြောင်း မည်သို့ နားလည် ခံယူနိုင်ကြမည်နည်း။
အငယ် ၉ သည် (ဟေရှာ ၆၄:၄)ကို ကိုးကားခြင်းဖြစ်သည်။ ဘုရားသခင်ကိုချစ်သော သားသမီးများအတွက် အချိန်မတန်မီကာလတွင် သိုဝှက်ထားသည့်စကားတော်ဖြစ်သည်။ အဓိက အချက်မှာ မျက်စိ၊ နား၊ စိတ်နှလုံးများဖြင့် ကြားသိခံယူရုံမျှနှင့် မလုံလောက်။ ဘုရားသခင်၏ ဝိညာဉ်တော် ပါရှိဖို့လိုသေးသည်။
ဤကျမ်းပိုဒ်သည် ကောင်းကင်နိုင်ငံတော်တွင် ခံစားကြရမည့် ဘုန်းအသရေများအကြောင်း ဖြစ်သည်။ ဓမ္မသစ်ကျမ်းတွင် ပေါလု၏ ပထမဆုံးကျမ်းချက်ဖြစ်သည်။ ထိုနေရာသို့ ရောက်ရှိနိုင်ဖို့ရန် ယုတ္တိဗေဒနည်းဖြင့်၎င်း၊ သိပ္ပံနည်းဖြင့်၎င်း ဆန်းစစ်ဖြစ်နိုင်ဖွယ်ရာမရှိပါ။ လူ့အတွေးအခေါ် ဉာဏ်ပညာများသည် ဧဝံဂေလိတရားထဲတွင် ဝင်ရောက်ခြေမချနိုင်ပါ။ လူ့အတွေးအခေါ် ဉာဏ်ပညာသည် ဘုရားသခင်၏ သမ္မာတရားကို အလျဉ်းမတွေ့ရှိနိုင်။
၂:၁၀ အခန်းငယ် ၉ သည် ကောင်းကင်နိုင်ငံကိုဖွင့်လှစ်ပြသခြင်းမဟုတ်သေးပါ။ တနည်းအားဖြင့် ဓမ္မဟောင်းပရောဖက်ပြုချက်များကို ဓမ္မသစ်ကျမ်းတွင်ထပ်မံထင်ဟပ်စေခြင်း ဖြစ်သည်။ ဤကျမ်းပိုဒ်မှ ကျွန်ုပ်တို့ဆိုသည်မှာ ဓမ္မသစ်ကျမ်းကို ရေးသားစီရင်သူများဖြစ်သည်။ ဘုရားသခင်၏ ဝိညာဉ်တော်အလင်း ပေးခြင်းဖြစ်သည်။ ဘုရားသခင်၏နက်နဲသောလျှို့ဝှက်ချက် များကို သိမြင်နိုင်စွမ်း၊ ဉာဏ်ပညာပေးခြင်း ဖြစ်သည်။ တစ်နည်းအားဖြင့် ဘုရားသခင်၏ ဝိညာဉ်တော်သည် ဘုရားသခင်၏ သမ္မာတရားကို သိရှိနားလည်သူ ဖြစ်သောကြောင့် အခြားသူများကို ပြသဖြစ်သည်။
၂:၁၁ လူတစ်ယောက်၏ အကြောင်းအရာ အသေးစိတ်ကို ကာယကံရှင်သာလျှင် သိရှိသည်။ အခြားသူတစ်စုံတစ်ဦးကမှ မသိနိုင်။ ထိုကဲ့သို့ပင် ဘုရားသခင်၏အကြောင်းအရာများကိုလည်း ဘုရားသခင်၏ ဦးဆောင်မှု၌ သုံးပါးတစ်ဆူဖြစ်တော်မူသော သန့်ရှင်းသောဝိညာဉ်တော်က သိရှိပါသည်။ အရာခပ်သိမ်းကို သိရှိသူသည် ဘုရားသခင်၏ ဝိညာဉ်တော် တစ်ပါးတည်းသာ ရှိသည်။
၂:၁၂ ကျွန်ုပ်တို့ ဟူသောစကားရပ်သည် ဓမ္မသစ်ကျမ်းစီရင်ရေးသားသူများကို ရည်ညွှန်းသော်လည်း စင်စစ်တွင်မူ ထိုမျှမကပါ။ ဓမ္မဟောင်း၊ ဓမ္မသစ်ကျမ်းစီရင်ရေးသားသူ အားလုံးပါဝင်သည်။ သန့်ရှင်းသော ဝိညာဉ်တော်ခံယူရရှိသော တမန်တတော်များသည် ပရောဖက် များသည် ဘုရားသခင်၏ သမ္မာတရားကို လျှို့ဝှက်သိမ်းဆည်းခြင်းမပြုပါ။ အခြားသူများကိုလည်း ဝေငှဟောပြောကြရသည်။
ထိုအကြောင်းအရာကို ပေါလုက “ငါတို့သည် လောကီဝိညာဉ်ကို မခံရကြ။ ဘုရားသခင် ပေးတော်မူသောအရာတို့ကို သိခြင်းအလို့ငှာ ဘုရားသခင်ထံမှ ကြွလာသောဝိညာဉ်ကိုခံရကြပြီ” ဟုဆိုသည်။ တမန်တော်များရရှိသောဝိညာဉ်များသည် ဘုရားသခင်ထံတော်မှ ရရှိခြင်းဖြစ်သည်နှင့် အညီဓမ္မသစ်ကျမ်းမှ ပေါလု၏သတင်းစကားများသည်လည်း ဝိညာဉ်တော်စကားတော်များ ဖြစ်သည်။
၂:၁၃ သမ္မာကျမ်းစာ စီရင်ရေးသားသူများသည် မိမိတို့အသိဉာဏ်မပါ။ ဝိညာဉ်တော် သက်သက်ဖြစ်သည်ဟု ပေါလုက ဝန်ခံထားသည်။ သမ္မာကျမ်းစာသည် ဝိညာဉ်တော်ဖြင့် ရေးသား ချက်များဖြစ်ကြောင်း ဤကျမ်းပိုဒ်ကသက်သေထူပါသည်။ လူအသိဉာဏ်ပညာဖြင့် ရွေးချယ်ထား သော စကားလုံး တစ်လုံးမှ မပါရှိပါ။ သန့်ရှင်းသော ဝိညာဉ်တော်သွန်သင်ချက်များသာ ဖြစ်သည်။ ကျမ်းစာပါ စကားလုံးတိုင်း ဘုရားသခင်၏ နှုတ်ကပတ်တော် ဖြစ်သည်ဟု ခံယူသူများသည် အမှန်တကယ်သုခ ချမ်းသာရကြသည်။
ဤနေရာတွင် အချို့က မေးခွန်းထုတ်ကြသည် ဘုရားသခင်၏ ထိုကျမ်းစာစီရင်ရေးသား သူများအား ထိုသူများ၏ ကလောင်တန် လေသံကို ခွင့်ပြုသည်မဟုတ်ဘူးလား ဟု မေးကြသည်။ ပေါလု၏ စာရေးသားဟန်သည် လုကာနှင့်များစွာကွာခြားသည်။ ထိုသို့ကွာခြားလျှင် ကျမ်းစာ အားလုံးသည် ဝိညာဉ်တော်လက်ရာ ဖြစ်သည်ဟု မည်သို့နားလည်နိုင်မည်နည်း။ တနည်းအားဖြင့် ဘုရားသခင်၏ ပြောပြချက်အများကို မိမိတို့ပင် ကိုယ်ဟန်ဖြင့် ရေးသားခြင်းမဟုတ်ဘူးလားဟု တွေးစရာရှိသည်။
ဝိညာဉ်ရေးရာကို ဝိညာဉ်ရေားရာအသိဖြင့်သာ နားလည်ခံယူနိုင်သည်။ (၁) ဝိညာဉ်တော် အသိဆိုသည်မှာ ဝိညာဉ်တော်ဖြင့် စကားလုံးကို ရွေးချယ်ခြင်းဖြစ်နိုင်သည်။ (၂)ဝိညာဉ်တော်ဖြင့် ဆက်စပ်ခြင်းဖြစ်နိုင်သည်။ (၃)ဝိညာဉ်တော်ဖြင့် တစ်မျိုးဖွင့်ဆိုနားလည်ခြင်းလည်း ဖြစ်နိုင်သည်။ သို့ရာတွင် စာရေးသူသည် ပထမအချက်အား အကောင်းဆုံးဖြစ်သည်ဟု ပေါလုက ဝန်ခံထားသည်။
တစ်ခါတရံ ဤကျမ်းပိုဒ်နှင့်ပတ်သက်၍ ထောက်စရာရှိသည်။ ပေါလုစကားတွင် ရေးသားချက် ဟုမပါရှိပါ။ ဟောပြောချက် ဟုသာပါရှိသည်။ သို့သော်ကတ်သီးကတ်သတ်ပြောစရာလိုမည်မထင်။ ရေးသားချက်များသည် ဟောပြောချက်များကို ရေးသားခြင်းဖြစ်သည်။ (ယော ၁၂:၃၈၊ ၄၁၊ တ ၂၈:၂၅၊ ၂ပေ၁:၂၁ တို့ကို ဖတ်ကြည့်ပါ)။
၂:၁၄ ဝိညာဉ်တော်ဖြင့် ဖွင့်ပြခြင်းဆိုသည်မှာ ဝိညာဉ်တော်ခံယူသူများသာလျှင် နားလည်နိုင်သည်။ လောကသားများသည် ဝိညာဉ်တော်ကို သိရှိနားလည်သူများမဟုတ်သောကြောင့် ဘုရားသခင်၏ ဝိညာဉ်တော်ဖွင့်ပြခြင်းဟူသောစကားသည် မိုက်မဲသောစကားဖြစ်သွားသည်။ ထို ကြောင်းကို Vance Havner က ဤသို့ဆိုထားသည်။
ပညာရှိခရစ်ယာန်များသည် နလဗိန်းတုံး လောကသားများအား အသစ်တဖန် မွေးဖွားခြင်း ရှင်းပြရန် အချိန်မဖြုန်းကြပါ။ ထိုသို့ပြုလျှင် ဝက်ရှေ့တွင် ပုလဲချထားခြင်း ကျွဲပါးစောင်းတီးခြင်းသာ ဖြစ်သည်။ မျက်စိမမြင်သူများအား နေဝင်ဆည်းဆာအလှပြခြင်း၊ နားကန်းသူအား အနုမြူဗုံး အကြောင်း ရှင်းပြခြင်းမျိုး ဖြစ်သည်။ ဇာတိသမားသည် ဝိညာဉ်ရေးရာကို လုံးဝနားမလည်နိုင်။ ဝိညာဉ်တော် မပါရှိလျှင် ငါးမျှားချိန်တွင် ငါးစာမပါဘဲ၊ ငါးမျှားခြင်းနှင့်တူသည်။ တစုံတစ်ဦးက ကယ်တင်ခြင်းအကြောင်း ဟောပြောလျှင်လည်း ဒဏ္ဍာရီပုံပြင်သဖွယ် ထင်မှတ်တတ်ကြသည်။ ထိုသူများအား ဟောပြောရန်မှာ ဒိသာပါမောက္ခကြီးများပင်လျှင် မတတ်စွမ်းနိုင်။ အတုံးအကန်းများ ဖြစ်သောကြောင့်တည်း။၆
၂:၁၅ အခြားတစ်ဘက်တွင်မူ သန့်ရှင်းသောဝိညာဉ်တော် ခံယူရရှိသူများသည် မပြောင်းလဲ သူများနားမလည်နိုင်သည်ကိုလည်း ထိုးထွင်းသိမြင် ခွဲခြားနိုင်စွမ်းရှိသည်။ ထိုသူသည် လက်သမား၊ ပိုက်ဆက်သမား၊ တံငါသည်၊ ကျမ်းစာသင်တန်းသား ဖြစ်ချင်ဖြစ်နေမည်။ ဝိညာဉ်တော် ရရှိခံစားသူ သည် သမ္မာကျမ်းစာလာ အကြောင်းအချက်များကို ထိုးဖောက်သိမြင်နိုင်စွမ်းရှိသည်။ လောကသား များအတွက် ထိုသူသည်နားလည်ရခက်သော ပဟေဠိဖြစ်သည်။ တက္ကသိုလ်၊ အဆင့်မြင့်ပညာ တက်ရောက်သင်ကြားခြင်း မရှိဖူးသော်လည်း သမ္မာတရား၏ အတိမ်အနက်ကို နားလည်သူ ဖြစ်သည်။
၂:၁၆ ဟေရှာယကျမ်းကို ကိုးကား၍ “အဘယ်သူသည် ထာဝရဘုရားသခင်၏ စိတ်သဘောတော်ကို သိပါသနည်း” ဟု မေးခွန်းထုတ်ထားသည်။ လူသားများအပေါ် ထားရှိသည့်ဘုရားသခင်၏ သဘောတော်သည်မည်သူမှ အကုန်အစင်မသိနိုင်ပါ။ စေလွှတ်တော်မူသော သားတော်သာ သိရှိပါသည်။ သို့ကြောင့် ခရစ်တော်၏ အလိုတော်သည် ဘုရားသခင်၏ အလိုတော်ဖြစ်ပါသည်။
အငယ် ၉ မှ ၁၂ ကို ပြန်ကြည့်လျှင် ဘုရားသခင်၏ လျှို့ဝှက်နက်နဲသော ဉာဏ်တော်ဖြင့် တွေ့ရသည်။ ထိုသမ္မာတရားသည် သဘာဝလွန်တရား ဖြစ်ကြောင်း၊ ဘုရားသခင်၏ ဝိညာဉ်တော်ဖြင့် သိမြင်နိုင်သည်။
ဒုတိယအချက်အနေဖြင့် တန်ခိုးမှုတ်သွင်းခြင်းအကြောင်း ဖြစ်သည် (ငယ် ၁၃)။ သမ္မာတရား သည် ဝိညာဉ်တော်အားဖြင့် တမန်တော်များနှင့် ပရောဖက်များအား ဖွင့်ပြသည်။
နောက်ဆုံးအချက်အနေဖြင့် ထွန်းလင်းထင်ရှားစေသည် (ငယ် ၁၄၊ ၁၆)။ သမ္မာတရားသည် လျှို့ဝှက်နက်နဲ၍ မသိနားမလည်နိုင်အောင် သိုဝှက်ခြင်းမပြုပါ။ သန့်ရှင်းသော ဝိညာဉ်တော်ခံယူလျှင် သိရှိနားလည်နိုင်သည်။
ယခုအနက်ဖွင့်ကျမ်းကို သက်ဆိုင်ရာတို့၏ ခွင့်ပြုချက်ဖြင့် ဝေမျှပေးထားခြင်းဖြစ်ပါသည်။ မူရင်းကို သွားရောက်ကြည့်ရှုလေ့လာလိုပါက http://bbcmm.net/the-believers-bible-commentary တွင် လေ့လာနိုင်ပါသည်။
တစ်စုံတစ်ခုကို မှတ်ချက်ပြုရေးသားလိုပါက အောက်တွင်ရေးသားဖေါ်ပြနိုင်ပါတယ်။