ဟဂ္ဂဲအနာဂတ္တိကျမ်း - ၁

အိမ်တော်ပြန်လည်ဆောက်ရန်အမိန့်ပေး ခြင်း
1ဒါရိမင်းကြီး နန်းစံနှစ်နှစ်၊ ဆဋ္ဌမလ တစ်ရက်နေ့တွင်၊ ပရောဖက်ဟဂ္ဂဲအားဖြင့် ယုဒမြို့ဝန်၊ ရှာလသေလသား ဇေရုဗဗေလနှင့် ယဇ်ပုရောဟိတ်မင်း ယောဇဒက်သားယောရှုဆီသို့ ထာဝရဘုရား၏ နှုတ်ကပတ်တော်ရောက်လာ၍၊ 2ကောင်းကင်ဗိုလ်ခြေအရှင် ထာဝရဘုရား မိန့်တော်မူသည်ကား၊ အချိန်မရောက်သေး၊ ထာဝရဘုရား၏အိမ်တော်ကို တည်ဆောက်ရသော အချိန်မရောက်သေးဟု၊ ဤလူများပြောဆိုကြသည်မှာ၊ 3ပရောဖက် ဟဂ္ဂဲအားဖြင့် ထာဝရဘုရား၏ နှုတ်ကပတ်တော်ရောက်လာသည်ကား၊ 4အချင်းလူတို့၊ သင်တို့သည် အမိုးနှစ်ထပ်နှင့် ပြည့်စုံသောအိမ်၌ နေချိန်ရှိလျက်ပင်၊ အိမ်တော်ပျက်လျက် နေရမည်လော။ 5ယခုမှာ ကောင်းကင်ဗိုလ်ခြေအရှင် ထာဝရဘုရား မိန့်တော်မူသည်ကား၊ ကိုယ်ကျင့်သော အကျင့်တို့ကိုဆင်ခြင်ကြလော့။ 6သင်တို့သည် များစွာသော မျိုးစေ့ကို ကြဲသော်လည်း အသီးအနှံနည်းပါးရ၏။ စားရသော်လည်း ဝစွာမစားရကြ။ သောက်သော်လည်း ဝစွာ မသောက်ရကြ။ အဝတ်ကိုဝတ်ရသော်လည်း နွေးစွာ မဝတ်ရကြ။ အလုပ်လုပ်၍ အခကိုခံရသော်လည်း မလုံသောအိတ်ထဲမှာ သိုထားရကြ၏။
7ကောင်းကင်ဗိုလ်ခြေအရှင် ထာဝရဘုရား မိန့်တော်မူသည်ကား၊ ကိုယ်အကျင့်တို့ကို ဆင်ခြင်ကြလော့။ 8တောင်ပေါ်သို့တက်သွား၍ သစ်သားကိုဆောင်ခဲ့ပြီးလျှင် အိမ်တော်ကို ဆောက်ကြလော့။ ငါသည်လည်းအားရ၍ ငါ၏ဘုန်းသည် ထင်ရှားလိမ့်မည်ဟု၊ ထာဝရဘုရား မိန့်တော်မူ၏။ 9သင်တို့သည် များစွာရမည်ဟု မျှော်လင့်သော်လည်း ရသောဥစ္စာခေါင်းပါးရ၏။ အိမ်သို့ ရောက်သောအခါ ငါမှုတ်လိုက်၏။ အဘယ်ကြောင့်နည်းဟု၊ ကောင်းကင်ဗိုလ်ခြေအရှင် ထာဝရဘုရား မေးတော်မူ၏။ ငါ့အိမ်သည် ပျက်လျက်ရှိသောကြောင့်လည်းကောင်း၊ သင်တို့သည် အသီးအသီး မိမိတို့အိမ်သို့ပြေးသောကြောင့်လည်းကောင်း ဖြစ်သတည်း။ 10ထိုကြောင့် သင်တို့အပေါ်မှာ မိုးခေါင်သဖြင့် နှင်းမကျရ။ မြေသည်လည်း အသီးအနှံကို မပေးရ။ 11မြေပေါ်၌လည်းကောင်း၊ တောင်ပေါ်၌လည်းကောင်း၊ ဆန်စပါး၊ ချိုသောစပျစ်ရည်၊ ဆီအပေါ်၌လည်းကောင်း၊ မြေထဲကထွက်သမျှ အပေါ်၌လည်းကောင်း၊ လူသတ္တဝါတိရစ္ဆာန် အပေါ်၌လည်းကောင်း၊ လုပ်ဆောင်သမျှအပေါ်၌လည်းကောင်း၊ သွေ့ခြောက်ခြင်းဘေးကို ငါမှာလိုက်လေပြီဟု မိန့်တော်မူ၏။
အမိန့်တော်ကိုလိုက်နာခြင်း
12ထိုအခါ ရှာလသေလသား ဇေရုဗဗေလနှင့် ယဇ်ပုရောဟိတ်မင်း ယောဇဒက်သား ယောရှုမှစ၍ ကျန်ကြွင်းသော သူအပေါင်းတို့သည် မိမိတို့ဘုရားသခင် ထာဝရဘုရား၏အမိန့်တော်ကိုလည်းကောင်း၊ မိမိတို့ ဘုရားသခင် ထာဝရဘုရားစေခိုင်းတော်မူသော ပရောဖက်ဟဂ္ဂဲ စကားကိုလည်းကောင်း နားထောင်သဖြင့်၊ ထာဝရဘုရားရှေ့တော်၌ ကြောက်ရွံ့ကြ၏။ 13ထိုအခါ ထာဝရဘုရားမှာထားတော်မူသည်အတိုင်း ထာဝရဘုရား၏တမန်ဟဂ္ဂဲက၊ ငါသည် သင်တို့နှင့် အတူရှိ၏ဟု၊ ထာဝရဘုရားမိန့်တော်မူကြောင်းကို လူများတို့အား ဆင့်ဆိုလေ၏။ 14ထာဝရဘုရားသည်လည်း၊ ယုဒမြို့ဝန်၊ ရှာလသေလသား ဇေရုဗဗေလနှင့် ယဇ်ပုရောဟိတ်မင်း ယောဇဒက်သား ယောရှုမှစ၍ ကျန်ကြွင်းသော သူအပေါင်းတို့ကို နှိုးဆော်တော်မူသောအားဖြင့်၊ 15ဒါရိမင်းကြီး နန်းစံနှစ်နှစ်၊ ဆဋ္ဌမလ နှစ်ဆယ်လေးရက်နေ့တွင်၊ သူတို့သည် လာ၍ မိမိတို့ဘုရားသခင်၊ ကောင်းကင်ဗိုလ်ခြေအရှင် ထာဝရဘုရား၏ အိမ်တော်၌ အလုပ်လုပ်ကြ၏။

ဟဂ္ဂဲအနာဂတ္တိကျမ်း - ၁ (အနက်ဖွင့်)

၁။ ပထမပရောဖက်ပြုချက် – ဆဌမလ၏ပထမနေ့

(ကဗိမာန်တော်တည်ဆောက်ရေးကို လျစ်လျူပြုထားသောကြောင့် အပြစ်တင်ခြင်း။ (အခန်း )

မေဒိ-ပေရသိ (မေဒို-ပါရှန်း)ဘုရင် ဒါရိမင်းနန်းစံဒုတိယနှစ်တွင် ပရောဖက်ပြုခြင်းဖြစ်သည်။ ယုဒလူမျိုး များသည် အမိုးနှစ်ထပ်ရှိသောခေါင်မိုးအောက်၌ ဇိမ်ကျကျနေကြရသော်လည်း ဗိမာန်တော်ပြန်လည် တည်ဆောက် ဖို့ နှောင့်နှေးကြန့်ကြာနေကြသည်ကို ဘုရားရှင်တော်က ငြူစူသည်။

(မိုးခေါင်ငတ်မွတ်၍ ဗိမာန်တော်မဆောက်နိုင်ကြခြင်း (:၁၁)

ယုဒလူမျိုးတို့၏ မျက်မှောက်ဘဝကို ပြန်လည်သတိပေးသည်။ ဘုရားသခင့်အိမ်တော် တည်ဆောက်ခြင်း မရှိကြသောကြောင့် ငတ်မွတ်ခေါင်းပါးမှု ကြုံကြရသည်။ မိုးခေါင်သဖြင့် ဆင်းရဲမွဲတေကြသည်။ ထိုသို့ ငတ်မွတ် ခေါင်းပါးခြင်းမှ ကင်းဝေးရန် ဗိမာန်တော်ကို ပြန်လည်တည်ဆောက်ကြဖို့ ဘုရားသခင်က စေခိုင်းသည်။ ဘုရား သခင်၏အိမ်တော် တည်ဆောက်ရန် တုန့်နှေးနေသရွေ့ကာလပတ်လုံး မိုးခေါင်ရေရှား၍ ခြောက်ကပ်နေမည်။

(ဟဂ္ဂဲ၏ တိုက်တွန်းအားပေးခြင်း၊ လူထုနိုးကြားလာခြင်း (:၁၂၁၅)

          ယုဒခေါင်းဆောင် ဇေရုဗဗေလနှင့် ယဇ်ပုရောဟိတ်ကြီး ယောရှုတို့သည် ပရောဖက်ပြုချက်ကို ကြားသိပြီး နှစ်ဆယ့်သုံးရက်မြောက်နေ့တွင် ဘုရားရှင်၏နှုတ်ကပတ်တော်အတိုင်း ပြည်သူလူထုများအား စည်းရုံး၍ ဗိမာန် တော်ပြန်တည်ဆောက်ရန် ပြင်ဆင်အားထုတ်ကြသည်။

ယခုအနက်ဖွင့်ကျမ်းကို သက်ဆိုင်ရာတို့၏ ခွင့်ပြုချက်ဖြင့် ဝေမျှပေးထားခြင်းဖြစ်ပါသည်။ မူရင်းကို သွားရောက်ကြည့်ရှုလေ့လာလိုပါက  http://bbcmm.net/the-believers-bible-commentary  တွင် လေ့လာနိုင်ပါသည်။

တစ်စုံတစ်ခုကို မှတ်ချက်ပြုရေးသားလိုပါက အောက်တွင်ရေးသားဖေါ်ပြနိုင်ပါတယ်။