ဧဇရမှတ်စာ - ၁

ကုရုမင်းအမိန့်ထုတ်ခြင်း
1ယေရမိဆင့်ဆိုသော ထာဝရဘုရား၏ အမိန့်တော်ကို ပြည့်စုံစေခြင်းငှာ၊ ပေရသိရှင်ဘုရင် ကုရုနန်းစံ ပထမနှစ်တွင်၊ ထာဝရဘုရား နှိုးဆော်တော်မူသောအားဖြင့်၊ ထိုရှင်ဘုရင်သည် အမိန့်တော်စာကို ထုတ်ပြီးလျှင်၊ ပေရသိနိုင်ငံအရပ်ရပ်တို့၌ ကြော်ငြာစေ၍၊ 2ပေရသိရှင်ဘုရင် ကုရုမင်း မိန့်တော်မူသည်ကား၊ ကောင်းကင်ဘုံ၏အရှင် ဘုရားသခင် ထာဝရဘုရားသည်၊ မြေကြီးပေါ်မှာ တိုင်းနိုင်ငံရှိသမျှတို့ကို ငါ့အား ပေးတော်မူသည်ဖြစ်၍၊ ယုဒပြည် ယေရုရှလင်မြို့၌ အိမ်တော်ကို ငါတည်ဆောက်ရမည်အကြောင်း မှာထားတော်မူပြီ။ 3သင်တို့တွင် အဘယ်သူသည် ဘုရားသခင်၏လူ ဖြစ်သနည်း။ ထိုသူနှင့်အတူ ဘုရားသခင် ရှိတော်မူပါစေသော။ ယုဒပြည် ယေရုရှလင်မြို့သို့သွား၍ ဣသရေလအမျိုး၏ ဘုရားသခင် ထာဝရဘုရား၏ အိမ်တော်ကို တည်ဆောက်စေ။ ယေရုရှလင်မြို့၌ ရှိတော်မူသောဘုရားသည် ဘုရားသခင်ဖြစ်တော်မူ၏။ 4ဘုရားသခင်၏လူတည်းခိုရာ အရပ်ရပ်၌နေသော သူတို့သည်၊ ယေရုရှလင်မြို့မှာ ရှိတော်မူသော ဘုရားသခင်၏ အိမ်တော်အဖို့ အလိုလိုလှူသော အလှူမှတစ်ပါး၊ ရွှေ၊ ငွေ၊ ဥစ္စာ၊ တိရစ္ဆာန်နှင့် မစစေဟု မိန့်တော်မူ၏။
5ထိုအခါ ယုဒအဆွေအမျိုးနှင့် ဗင်္ယာမိန်အဆွေအမျိုး သူကြီးများ၊ ယဇ်ပုရောဟိတ်၊ လေဝိသားများနှင့်တကွ၊ ဘုရားသခင် နှိုးဆော်တော်မူသောသူ အပေါင်းတို့သည်၊ ယေရုရှလင်မြို့၌ ရှိတော်မူသော ထာဝရဘုရား၏အိမ်တော်ကို တည်ဆောက်ခြင်းငှာ ထကြ၏။ 6အိမ်နီးချင်းရှိသမျှတို့သည်၊ အလိုလိုလှူသော အလှူမှတစ်ပါး၊ ငွေတန်ဆာနှင့် ရွှေအစရှိသော ဥစ္စာများ၊ တိရစ္ဆာန်များ၊ အဖိုးထိုက်သောအရာတို့နှင့် မစကြ၏။ 7ထိုမှတစ်ပါး၊ ယေရုရှလင်မြို့မှ နေဗုခဒ်နေဇာသိမ်းသွား၍၊ မိမိဘုရားတို့ဗိမာန်၌ သွင်းထားသော ဗိမာန်တော်တန်ဆာတို့ကို၊ 8ပေရသိရှင်ဘုရင် ကုရုသည် ရွှေတိုက်စိုး မိသရေဒတ်လက်ဖြင့် ထုတ်၍၊ ယုဒမင်း ရှေရှဗာဇာ၌ ရေတွက်လျက် အပ်တော်မူ၏။ 9ဗိမာန်တော်တန်ဆာစာရင်း ဟူမူကား၊ ရွှေဖလားသုံးဆယ်၊ ငွေဖလားတစ်ထောင်၊ ဓားနှစ်ဆယ်ကိုးစင်း၊ 10ရွှေအိုးသုံးဆယ်၊ ခြားနားသောငွေအိုး လေးရာတစ်ဆယ်၊ အခြားသောတန်ဆာ တစ်ထောင်၊ 11ရွှေတန်ဆာ၊ ငွေတန်ဆာ အရေအတွက်ပေါင်းကား၊ ငါးထောင်လေးရာတည်း။ ထိုတန်ဆာများကို ရှေရှဗာဇာသည် ယူ၍၊ အချုပ်ခံရသော လူစုထဲက၊ ဗာဗုလုန်မြို့မှ ယေရုရှလင်မြို့သို့ ခေါ်သွားသော သူတို့နှင့်အတူ ဆောင်ခဲ့၏။

ဧဇရမှတ်စာ - ၁ (အနက်ဖွင့်)

၁။ ယေရုရှလင်မြို့ ယေရုဗာဗေလလက်အောက်သို့ ပြည်တော်ပြန်ဝင်ကြခြင်း (အခန်း )

(ကကုရုမင်းအမိန့်  (:)

 : ပထမပိုင်း အခန်းငယ် (၃)ခုသည် ရာဇဝင်ချုပ်ကျမ်းစာတို့၏ အဆက်ဖြစ်သည်။ ယုဒလူများအား ပြည်တော်သို့ ပြန်ဝင်၍ ဗိမာန်တော်ပြန်လည် တည်ဆောက်စေရန် ဘုရားသခင်က ကုရုမင်းကို အသုံးပြုသည်။ ထို့အပြင် ယုဒပြည်အိမ်နီးနားချင်းများကိုလည်း ပါဝင်ကူညီကြရန် မိန့်ဆိုထားသည်။မမွေးဖွားမီ နှစ်ပေါင်းများစွာကပင်ကုရုမင်းအားဘုရားသခင်က ရှေးမဆွကပင် ကြိုတင်ခွဲခန့်စီစဉ်ထားပြီးဖြစ်သည် (ဟေရှာ ၄၄:၂၈-၄၅:၁၃)။ ကုရုမင်း၏အသက်တာသည် “ရှင်ဘုရင်စိတ်နှလုံးသည်ရေချောင်းကဲ့သို့ပင်ဖြစ်၍ ထာဝရဘုရား၏ လက်တော်၌ ရှိသဖြင့် အလိုတော်ရှိသည့်အတိုင်း လှည့်လည်စေတော်မူ၏” (သု ၂၁:၁) ကျမ်းချက်အတိုင်းဖြစ်သည်။

ကုရုမင်း၏အမိန့်ဖြင့် ယုဒတို့၏ အနှစ်(၇၀) ကျွန်ဘဝဇာတ်သိမ်းသည်။ထိုနှစ်ပေါင်း (၇၀)ကာလတာကို (၂)မျိုး ရေတွက်နိုင်သည်။ နေဗုခပ်နေဇာဘုရင်က ဘီစီ ၆၀၅ ခုနှစ်တွင် ပထမအကြိမ် ယေရုရှလင်တိုက်ခိုက်သိမ်းပိုက်၍ ဖမ်းဆီးခေါ်ဆောင်သွားခြင်းကာလမှ ဗိမာန်တော် အုတ်မြစ် ပန္နက်ပြန်ချသည့် ဘီစီ၅၃၅ထိဖြစ်သည်။ နောက်တခုမှာ ယေရုရှလင်မြို့ လုံးဝပျက်သုဉ်းသည့် ဘီစီ ၅၈၆မှစ၍ ဗိမာန်တော်လုံးဝပြီးစီးသည့် ဘီစီ ၅၁၆ထိဖြစ်သည်။

(ထောက်ပံကူညီကြခြင်း (:၁၁)

 :၁၁ အိမ်းနီးနားချင်း ယုဒလူများကလည်း တတ်စွမ်းသရွေ့ ပေးလှူကြသည်။ ယေရုရှလင်မှ နေဗုခပ်နေဇာမင်း လုယက်သိမ်းယူ သွားသောရွှေ၊ ငွေ အကျပ်လေးထောင်ကို ကုရုမင်းက ပြန်လည်ပေးအပ်သည်။ ငယ် ၈၌ပါရှိသော ရှေရှဗာဇာသည် ယေရုဗာဗေလမင်း၏ ပါရှားနာမည်ဖြစ်သည်။ ငယ်၉တွင်ပါရှိသည့် ဓါး(၂၉)စင်းကို သတိပြုပါ။ ဘုရားသခင်သည် ထိုအသေးအဖွဲ့ပစ္စည်းမှစ၍ ဂရုစိုက်လျှင် သူ့လူများကို အဘယ်မျှ အလေးထားမည်နည်း။

ယခုအနက်ဖွင့်ကျမ်းကို သက်ဆိုင်ရာတို့၏ ခွင့်ပြုချက်ဖြင့် ဝေမျှပေးထားခြင်းဖြစ်ပါသည်။ မူရင်းကို သွားရောက်ကြည့်ရှုလေ့လာလိုပါက  http://bbcmm.net/the-believers-bible-commentary  တွင် လေ့လာနိုင်ပါသည်။

တစ်စုံတစ်ခုကို မှတ်ချက်ပြုရေးသားလိုပါက အောက်တွင်ရေးသားဖေါ်ပြနိုင်ပါတယ်။