သင်ခန်းစာ (၂၃)
ကြီးထွားရင့်ကျက်နည်း
ခလေးများကြီးထွားဖို့ရန်အတွက် အောက်ပါအချက်များရှိဖို့ လိုအပ်သည်။ ကျန်းမာခြင်း၊ အစာစားသောက်ခြင်း၊ ကိုယ်လက်လှုပ်ရှားခြင်း၊ အနားယူခြင်းနှင့် အချိန်များလိုအပ်သည်။ ထိုအရာများပြည့်စုံပါက ကြီးထွားခြင်းသည် အလိုလို ဖြစ်သည်။
အစားအစာ
ခလေးများကြီးထွားရန် ပထမဦးဆုံး နို့စို့ရသည်။ မိခင်နို့သည် ခလေးများအတွက် အကောင်းဆုံးဖြစ်သည်။ ထိုနည်းတူ ဝိညာဉ်ပိုင်း၌လည်း ဝိညာဉ်နို့သောက်ဖို့လိုသည်။ ကျမ်းစာက၊ “ထို့ကြောင့်သင်တို့သည် သခင်ဘုရား၏ ကျေးဇူးတော်ကိုမြည်းစမ်းကြသည်ဖြစ်၍အမျိုးမျိုးသောမနာလိုခြင်း၊ လှည့်ဖျားခြင်း၊ လျှို့၀ှက်ခြင်း၊ ငြူစူခြင်း၊ ကဲ့ရဲ့ခြင်းရှိသမျှကိုပယ်ရှား၍၊ ကယ်တင်ခြင်းအလိုငှါ၊ နှုတ်ကပတ်တော်တရား၏နို့စစ်အားဖြင့်ကြီးပွားမည်အ ကြောင်းဘွားစသောသူငယ်ကဲ့သို့၊ ထိုတရားနို့ကိုအလွန် လိုချင်သောစိတ်ရှိကြလော့။” ဟူ၍ဆိုသည် (၁ပေ ၂း၁-၃)။ ခလေးနို့မစို့လျှင် မကြီးထွားနိုင်သကဲ့သို့ ဝိညာဉ်လူလည်း နှုတ်ကပတ်တော်နို့စစ်ကိုမစို့လျှင် မကြီးထွားနိုင်ချေ။ နှုတ်ကပတ်တော်သည် ဝိညာဉ်နို့ဖြစ်သောကြောင့် ဖတ်ရှုလေ့လာရမည်။ အချိို့သောသူများသည်၊ ကြီးနာခြင်းအားဖြင့်သာလျှင် နှုတ်ကပတ်တော်ကို ခံယူကြသည်။ ကိုယ်တိုင်ဖတ်ရှုလေ့ခြင်းမရှိ၊ ထိုသို့သောသူသည် မကြီးထွားနိုင်။ နှုတ်ကပတ်တော်မဖတ်ဘဲ ကြီးထွားနိုင်သော ဖြတ်လမ်းမရှိ။ ထို့ကြောင့် ကြီးထွားလိုလျှင် နှုတ်ကပတ်တော်ကို ဖတ်ရှုလေ့လာရမည်။
ဆုတောင်းရမည်
ကိုယ့်အစွမ်းအစအားဖြင့် ဘုရားသားမဖြစ်နိုင်သကဲ့သို့၊ ကိုယ့်အစွမ်းအစအားဖြင့် ခရစ်ယာန်အသက်တာ အသက်မရှင်နိုင်ပါ။ ခရစ်ယာန်အသက်တာကို ဘုရားသခင်၏တန်ခိုးအားဖြင့်သာ ရှင်နိုင်သည်။ သခင်ယေရှုက၊ “ငါနှင့်ကွာလျှင်သင်တို့သည်အဘယ်အမှုကိုမျှမတတ်နိုင်ကြ။” ဟုဆိုခဲ့သည် (ယောဟန် ၁၅:၅)။ ထို့ကြောင့် ကြီးထွားရင့်ကျက်ရန် ဆုတောင်းဖို့လိုသည်။ ဆုတောင်းခြင်းသည် လက်မြှောက်အရှုံးပေးခြင်း၊ ဘုရားသခင်ကို လုံး၀ဥသုန်အားကိုးခြင်း ဖြစ်သည်။ ဘုရားသခင်နှင့် အစဥ်မပြတ်ဆက်သွယ်ဖို့ လိုသည်။
မိဿဟာရဖွဲ့ခြင်း
ခလေးများကြီးထွားဘို့ရန်၊ ဆော့ကစားခြင်းလည်း လိုအပ်သည်။ ထို့နည်းတူ ယုံကြည်သူများလည်း၊ အခြားသူများနှင့် ထိတွေ့မှု၊ မိဿဟာယဖွဲ့ဖို့ လိုအပ်သည်။ ယုံကြည်သူများနှင့်တွေ့လျှင် အချင်းချင်း တိုက်တွန်းခြင်း၊ သက်သေခံခြင်း၊ ကျေးဇူးတော်ချီးမွမ်းခြင်း၊ ဆုံးမသွန်သင်ခြင်းများပြုလုပ်ခြင်းအားဖြင့်၊ ၀ိညာဥ်ရေးရာ၌ ကြီးထွားရင့်ကျက်နိုင်သည်။ ထို့ကြောင့်၊ “အချင်းချင်းစည်းဝေးခြင်း အမှုကို မရှောင်မလွှဲကြနှင့်။ အချင်းချင်းတို့ကိုတိုက်တွန်းနိုးဆော်ကြလော့။ ကာလအချိန်ရောက်လုနီးသည်ကိုထောက်သဖြင့်သာ၍ ကြိုးစားကြလော့။” ဟုဆိုထားသည် (ဟေဗြဲ ၁၀:၂၅)။
အနားယူခြင်း
ခလေးများကြီးထွားရန် အိပ်စက်အနားယူဘို့လိုသည်။ ခလေးငယ်လေလေ ပို၍အအိပ်များလေလေ ဖြစ်သည်။ ၀ိညာဥ်ရေးရာ၌လည်း အနားယူဘို့ လိုအပ်သည်။ မည်ကဲ့သို့အနားယူမည်နည်း။ အနားယူခြင်းသည် အလုပ်မလုပ်ခြင်း၊ သူတပါးကိုအားကိုးခြင်း ဖြစ်သည်။ ဘုရားသခင်ကို အားကိုးခြင်းအားဖြင့် အနားယူနိုင်သည်။ သခင်ယေရှုက၊ “၀န်လေး၍ပင်ပန်းသောသူအပေါင်းတို့ငါ့ထံသို့လာကြ လော့။ ငါသည်နားရသောအခွင့်ကိုပေးမည်။” ဟု လက်ကမ်းကြိုနေသည် (မဿဲ ၁၁း၂၈)။ လူတိုင်း၌ ဝန်ထုတ်ဝန်ပိုးများ ရှိကြသည်။ ထိုအရာများကို သခင်ခရစ်တော်က ထမ်းပေးချင်သည်။ ထို့ကြောင့် သူ့ကို မိမိ၏ဝန်ထုတ်များအပ်နှံဖို့ လိုအပ်သည်။ ဝန်ထုတ်ဝန်ပိုးများရှိနေလျှင် ဝိညာဉ်ရေးရာ၌ မကြီးထွားမရင့်ကျက်နိုင်ပါ။ လောက၌ရှိကြသေးသောကြောင့်၊ ဆင်းရဲဒုက္ခများ ရှိရဦးမည်ဖြစ်သည်။ ထို့ကြောင့် သခင်ယေရှုက၊ “သင်တို့သည်ဤလောက၌ဆင်းရဲဒုက္ခကိုခံကြလိမ့်မည်။ သို့သော်လည်းမစိုးရိမ်ကြနှင့်၊ ငါသည်လောကကိုအောင်ပြီ။” ဟုမိန့်တော်မူ၏ (ယောဟန် ၁၆:၃၃)။ ခရစ်တော်၌ များများအနားယူခြင်းဖြင့် ၀ိညာဥ်ပိုင်း၌ပို၍ ကြီးထွားနိုင်သည်။ ဆက်လက်၍၊ “အဘယ်သူသည် စိုးရိမ်ခြင်းအားဖြင့်မိမိအသက်တာကို တတောင်ခန့်မျှ တိုးပွါးစေနိုင်သနည်း။” ဟု ဆိုသည် (မဿဲ ၆:၂ရ)။ စိုးရိမ်ပူပန်ခြင်းဖြင့် ဝိညာဉ်ပိုင်းနေမကောင်းဖြစ်စေသည်။ ထို့ကြောင့် “ထာ၀ရဘုရားကို စိတ်နှလုံးအကြွင်းမဲ့ကိုးစားလော့။ ကိုယ့်ဥာဏ်ကို အမှီမပြုနှင့်။ သွားလေရာရာ၌ထာ၀ရဘုရားကိုမျက်မှောက်ပြုလော့။ သို့ပြုလျှင်သင်၏လမ်းခရီးတို့ကို ပဲ့ပြင်တော်မူမည်။ ငါသည်ပညာရှိသည်ဟုကိုယ်ကိုမထင်နှင့်။ ထာ၀ရဘုရားကိုကြောက်ရွံ့၍ဒုစရိုက်ကို ရှောင်လော့။ သို့ပြုလျှင်သင်၏အကြောတို့သည်အားသန်၍အရိုးတို့သည်ခြင်ဆီနှင့်ပြည့်စုံကြလိမ့်မည်။” (သုတ္တံ ၃:၅-၈)။
ကျန်းမာဖို့လိုသည်
ခလေးများကြီးထွားဖို့ရန် ကျန်းမာဖို့လိုသည်။ မည်မျှပင်စားသော်လည်း မကျန်းမာပါက ကြီးထွားနိုင်မည် မဟုတ်။ ထိုနည်းတူ ဝိညာဉ်ပိုင်း၌လည်း ကျန်းမာဖို့လိုသည်။ ဝိညာဉ်ပိုင်းနေမကောင်းစေသောအရာသည် အပြစ်ဖြစ်သည်။ ယုံကြည်သူတစ်ယောက် အပြစ်ကျူးလွန်သောအခါ ကြီးထွားမှုကို ရပ်တန့်စေသည်။ ဆာလံဆရာက၊ “ငါသည်အပြစ်ကိုမဖေါ်ပြဘဲနေစဥ်အခါ၊ တနေ့လုံးညည်းတွားသောအား ဖြင့်၊ ငါ့အရိုးတို့သည်ဆွေးမြေ့ခြင်းသို့ရောက်ရကြ၏။ နေ့ညမပြတ်ကိုယ် တော်၏လက်သည် အကျွန်ုပ် အပေါ်မှာလေး၍အကျွန်ုပ်၏ချွေးရည်သည်၊ နွေကာလ၌ခြောက်သွေ့ခြင်းကဲ့သို့ဖြစ်၏။”ဟု ဆိုသည် (ဆာလံ ၃၂း၃-၄)။ နေမကောင်းသောသူကို ကရုစိုက်ရသည်။ ဆေးသောက်ရသည်။ ကုသပေးရသည်။ သို့မှသာလျှင် ကျန်းမာ၍ကြီးထွားနိုင်ပေမည်။ ထို့နည်းတူ ဝိညာဉ်ပိုင်းကျန်းမာဖို့ရန်၊ အပြစ်များကို ဘုရားသခင်ထံ ဝန်ချတောင်းပန်ရမည်။ ကျမ်းစာက၊”တဖန်အကျွန်ပ်သည်ကိုယ်အပြစ်ကိုရှေ့တော်၌၀န်ချပါ၏။ ပြုမိသောဒုစရိုက်ကို၀ှက်၍မထားပါ။ ငါလွန်ကျူးသောအရာကိုထာ၀ရဘုရားအားဖေါ်ပြတောင်းပန် မည်ဟုပြောဆိုသောအခါ၊ ကိုယ်တော်သည်အကျွန်ပ်ပြစ်မှားခြင်းအပြစ်ကိုလွှတ်တော်မူ၏။” (ဆာလံ ၃၂:၅)။ လူသည်အပြစ်မရှိလျှင်ရောဂါမရှိ။ ရောဂါမရှိလျှင်ကျန်းမာ၍ ကြီးထွားဘို့ရန်သာရှိတော့သည်။
အချိန်စောင့်ဘို့လိုသည်
ခလေးကြီးထွားရန် အချိန်စောင့်ဖို့ လိုသည်။ မည်မျှပင် ကရုစိုက်ကျွေးမွေးပြုစုသော်လည်း နေ့ချင်းညခြင်း မကြီးထွားနိုင်ချေ။ ထို့နည်းတူ ဝိညာဉ်ပိုင်း၌လည်း အချိန်စောင့်ဖို့လိုသည်။ ဟေဗြဲကျမ်းစာရေးသောသူက ဤသိုရေးသည်၊ “သင်တို့သည်ကာလကြာသောကြောင့် ဆရာအဖြစ်သို့ရောက်သင့်သော်လည်းကြေခဲသော အစာကိုမသုံးဆောင်။ နို့ကိုသာသုံးဆောင်ရသောသူဖြစ်ကြ၏။” (ဟေဗြဲ ၅:၁၂)။ ဤနေရာ၌ကာလအချိန် ကြာသောအခါ၊ ကြီးထွားရင့်ကျက်သောဆရာအဖြစ်သို့ ရောက်သင့်ကြောင်း သိရသည်။ ထို့ကြောင့် ယုံကြည်သူများသည် ကြီးထွားရင့်ကျက်ဖို့ အချိန်စောင့်ဖို့လိုသည်။
ရင့်ကျက်ခြင်း
ရင့်ကျက်ခြင်းသည် ကြီးထွားခြင်း၏အသီးအပွင့် (သို့မဟုတ်) အဆက်ဖြစ်သည်။ ကိုယ်ခန္ဓာရင့်ကျက်ခြင်းသည် မျိုးဆက်ပြန့်ပွါးစေနိုင်သည်။ စိတ်ပိုင်းဆိုင်ရာ ကြီးထွားခြင်းသည်၊ အသိဉာဏ်ဗဟုသုတ ပွါးများခြင်းဖြင့် ရရှိနိုင်သည်။ ရင့်ကျက်ခြင်းဟူမူကား ရရှိထားသော အသိဉာဏ်ကို၊ အသုံးပြုခြင်းအားဖြင့် ရရှိနိုင်သည်။ ကျောင်းသားဖြစ်စဉ်တွင် ရင့်ကျက်ခြင်းမရှိသော်လည်း ကြီးထွားသည်။ ထိကျောင်းသားသည် ဆရာဖြစ်လာသောအခါ၊ ကြီးထွားခြင်းရပ်၍ ရင့်ကျက်လာသည်။ ကြီးထွားစဉ်တွင် ဆော့ကစားချင်၍ ဣန္ဒြေစောင့်ခြင်းမရှိ၊ သို့သော် ဆရာဖြစ်လာသောအခါ၊ ရင့်ကျက်ခြင်း၏ လက္ခဏာဖြစ်သော ဣန္ဒြေစောင့်ခြင်းသည် အလိုလိုဖြစ်လာသည်။ ထိုဆရာသည် ကျောင်းပြန်တက်ပါက ကြီးထွားပြန်၍၊ ခလေးစိတ်ပြန်ဝင်လာမည်ဖြစ်သည်။ တပည့်တော်များလည်း သခင်ယေရှုနှင့်နေစဉ်တွင် အလွန်ခလေးဆန်ကြသည်။ ယောဟန်နှင့်ယာကုပ်ညီအစ်ကိုတို့လည်း၊ လောကီရာထူးရရှိဖို့ သခင်ယေရှုထံ တောင်းခံကြသည်။ ကျန်သောတပည့်တော်များကလည်း၊ ခလေးစိတ်ရှိကြသောကြောင့် ထိုညီအစ်ကိုနှစ်ယောက်အပေါ်တွင် မနာလိုဖြစ်၍ စိတ်ဆိုးခဲ့ကြသည် (မဿဲ ၂၀း၂၀-၂၄)။ အဘယ်သူသည် အကြီးမြတ်ဆုံးဖြစ်ကြောင်းကိုလည်း သိချင်ကြသည် (မဿဲ ၁၈း၁)။ ထိုသို့ဖြစ်ရခြင်းသည် သင်တန်းသားဖြစ်ခြင်းကြောင့် ဖြစ်သည်။ သူတို့သခင်နှင့် ခွဲခွါပြီးသောအခါတွင်မူ ရင့်ကျက်လာကြသောကြောင့် ကလေးအကျင့်များ မတွေ့ရတော့ဘဲ၊ လူကြီးကဲ့သို့ ပြောဆိုကြသည်။ သတ္တိလည်း ရှိကြသည်။ လူအကြီးအကဲများကိုလည်း မကြောက်တော့ဘဲ ပြတ်ပြတ်သားသား ရင်ဆိုင်ရဲကြသည်။ ထို့ကြောင့် ဝိညာဉ်ရေးကာ၌လည်း၊ သူတပါးထံ၌ သင်ယူနေစဉ်တွင်၊ ကြီးထွားခြင်းရှိသော်လည်း၊ ရင့်ကျက်ခြင်းမရှိနိုင်ပါ။ ကြီးထွားလိုလျှင် သင်တန်းသားလုပ်၍၊ ရင့်ကျက်လိုလျှင် ဆရာလုပ်ရမည်။ တပြိုင်တည်းကြီးထွားရင့်ကျက်လိုလျှင်၊ သူတပါးထံ၌ တပည့်ခံ၍ အခြားသူများကိုလည်း သင်ပေးရမည်။ ကြီးထွားရင့်ကျက်သောသူသည်၊ လုပ်ငန်းအောင်မြင်နိုင်သည်။ ပြဿနာကိုလည်း ဖြေရှင်းနိုင်သည်။ သူတပါးကိုလည်း တည်ဆောက်နိုင်သည်။ ဘုရား၏ဘုန်းတော်လည်း ထင်ရှား၍၊ လူများကိုလည်း ဆွဲဆောင်နိုင်၊ ဦးဆောင်နိုင်သည်။
==================