သင်ခန်းစာ (၁၈)

ခရစ်တော်ကြောင့်ခံစားရသောအရာများ

ငါတို့သည် ခရစ်တော်နှင့်အတူ ရှင်ပြန်ထမြောက် လာ သောအခါ အောက်ပါ အကျိုးများကို ခံစားရကြသည်။

ဒုတိယအကြိမ်မွေးဘွားပြီ

              သခင်ယေရှုက၊ “ဒုတိယ မွေးဘွားခြင်းကို မခံသော သူ မည်သည် ကား ဘုရားသခင်၏ နိုင်ငံတော်ကို မမြင်ရဟုဆိုသည်။” (ယောဟန် ၃:၃)။ သို့ဖြစ်လျှင် မည်ကဲ့သို့ ဒုတိယအကြိမ် မွေးဘွားရမည်နည်း။ သခင်ယေရှုက၊ “ရေနှင့် ၀ိညာဥ်တော် အားဖြင့် မွေးဘွားရမည်။” ဟုဆိုသည် (ယောဟန် ၃း၅)။ ရေဟုဆိုသောကြောင့် အချို့သောသူများက ရေနှစ်ခြင်းအားဖြင့် ဒုတိယအကြိမ် မွေးဖွားပြီဟု ယူဆကြသည်။ သို့သော် ရေနှစ်ခြင်းအားဖြင့် ဒုတိယအကြိမ် မမွေးဖွားနိုင်ပါ။ မွေးဖွားနိုင်လျှင် ခရစ်တော် ဤလောကသို့ ကြွလာစရာမလို၊ ဒုတိယမွေးဖွားခြင်းအကြောင်း သိဖို့ရန်အတွက် ပထမမွေးဖွားခြင်းအကြောင်း သိဖို့လိုအပါသည်။ ပထမမွေးဖွားခြင်းသည် မိခင်ဝမ်းထဲမှ မွေးဖွားခြင်း ဖြစ်သည်။ ပထမမွေးဖွားသောအခါ အာဒံအမျိုး၊ အာဒံမိသားစုထဲမှ မွေးဖွားခြင်း ဖြစ်သည်။ ပထမမွေးဖွားသောအခါ အာဒံအမျိုး၊ အာဒံမိသားစုထဲ၌ မွေးဖွားသည်။ အာဒံအမျိုးသည် လူဟောင်းဖြစ်၍ အပြစ်သား ဖြစ်သည်။ ထိုပထမမွေးဖွားခြင်းဖြင့် ကောင်းကင်သို့ မဝင်နိုင်ပါ။ ဒုတိယ ပြန်မမွေးလျှင် ဘုရားသခင်၏ နိုင်ငံတော်ကို မဝင်ရသည်သာမက မြင်လည်းမမြင်ရပါ။ ဒုတိယမွေးဖွားဖို့ရန် ရေနှစ်ခြင်း၊ အကျင့်ပြောင်းလဲခြင်း၊ ဘုရားတရားကြိုးစားခြင်း၊ ပညတ်တော်လိုက်လျှောက်ခြင်းဖြင့် မရပါ။ ဘုရားသခင်သည် လူဟောင်း အာဒံအမျိုးကို ခရစ်တော်နှင့်အတူ ဘက်ဝါးကပ်တိုင်၌ ရိုက်သတ်လိုက်သည်။ ထို့နောက် သင်္ချိုင်းထဲ၌ မြှပ်နှံ၍ ရှင်ပြန်ထမြောက်စေသည်။ ထိုသို့ ထမြောက်လာသောအခါ လူဟောင်းမဟုတ်တော့ဘဲ လူသစ်ဖြင့် ထမြောက်စေသည်။ ထိုသို့ လူသစ်ဖြစ်ဖို့ရန် လူမတတ်နိုင်ပါ။ ဘုရားသခင်၏ တန်ခိုးအားဖြင့်သာ ဖြစ်သည် (၂ကော ၅း၁၈)။ ထိုသို့ လူသစ်အဖြစ်သို့ ရောက်ရှိခြင်းသည်သာလျှင် ဒုတိယမွေးဖွာခြင်း ဖြစ်သည်။

သားတော်နိုင်ငံသို့ရောက်ပြီ

          ယခင်လူဟောင်းဘ၀တွင် အမှောင်နယ်မြေ၌ နေရသည်။ ထိုအမှောင်နယ်ထဲမှ မထွက်တတ်သော်လည်း ဘုရားသခင်သည် ခရစ်တော်အားဖြင့် ငါတို့ကို ဆွဲနှုတ်လိုက်သည်။ ကျမ်းစာ၌၊ “မှောင်မိုက်တန်ခိုးမှလည်း ငါတို့ကို နှုတ်၍ ချစ်တော်မူသော သားတော်၏ နိုင်ငံထဲသို့သွင်းတော်မူ၏။” ဟုဆိုသည် (ကောလောသဲ ၁:၁၃)။ ထို့ကြောင့် မိတ်ဆွေသည် မှောင်မိုက်တန်ခိုး၌ မရှိတော့ချေ။ ခရစ်တော်၏ နိုင်ငံသို့ရောက်ပြီ။ တဖန်၊ “ယေရှုခရစ်အားဖြင့် ငါတို့ကိုထမြောက်စေ၍ ကောင်းကင်အရပ်၌ နေရာပေးတော်မူပြီ။” ဟုဆိုသည် (ဧဖက် ၂:၆)။ ထို့ကြောင့်မိတ်ဆွေသည် ယာယီတဲ ဖြစ်သော မိတ်ဆွေ၏ မြေအိမ် (ကိုယ်ခန္ဓာ) ပျက်လျှင် ကောင်းကင်ဘုံ၌ လူ့လက်ဖြင့်မလုပ်ဘဲ ဘုရားသခင် ပြင်ဆင်တော်မူသော နိစ္စထာ၀ရနေအိမ်ရှိပြီ (၂ ကော ၅:၁)။ မိတ်ဆွေသည် ကောင်းကင်၌ နေရာမဲ့ ဖြစ်မည် မဟုတ်သောကြောင့် ဤလောကကို မစွဲလန်းသင့်ပါ။ ဤလောက၌ ကောင်းကင် ကိုယ်စားလှယ် အဖြစ်နေသင့်သည်။

ထာ၀ရအသက်ရပြီ

             မိတ်ဆွေသည်၊ “ကယ်တင်ခြင်း အကြောင်းနှင့်ယှဥ်သော ဧ၀ံဂေလိတရားတည်းဟူသော သမ္မာတရားကို ကြားနာ၍ ထိုခရစ်တော်ကို ယုံကြည်ပြီးမှ ကတိတော်နှင့် ယှဥ်သောသန့်ရှင်းသော ၀ိညာဥ်တော်၏ တံဆိပ်ခပ်ခြင်းကို ခံရပြီ။” (ဧဖက် ၁:၁၃)။ သန့်ရှင်းသော ၀ိညာဥ်တော်၏ တံဆိပ်ခပ်ခြင်းကို ခံရလျှင် ခရစ်တော်ကိုရရှိပြီ။ ခရစ်တော်ကို ရရှိသောကြောင့် ထာ၀ရအသက် ကိုလည်းရရှိပြီ။ ထိုသို့ရရှိကြောင်းကို မိတ်ဆွေကိုယ်တိုင် နားလည်ဘို့လိုသည် (၁ ယောဟန်  ၅:၁၁-၁၃)။

ဘုရားသားဖြစ်ပြီ

              မိတ်ဆွေသည် ပဌမမွေးဘွားသောအခါ စာတန်သား ဖြစ်ခဲ့သည် (ယောဟန် ၈:၄၄)။ သို့သော်ယေရှုခရစ်ကို လက်ခံချိန်မှစ၍ ဘုရားသား ဖြစ်ရသောအခွင့်ကိုရပြီ (ယောဟန် ၁:၁၂)။ ထို့ကြောင့်၊ “ငါတို့သည် ဘုရားသားဖြစ်ရကြသည်ဟု ဝိညာဉ်တော်သည် ငါတို့ဝိညာဉ်နှင့်အတူ သက်သေခံတော်မူ၏။” (ရောမ ၈:၁၆)။ သားဖြစ်သောကြောင့် အမွေစား အမွေခံများလည်း ဖြစ်ကြပြီ (ရောမ  ၈:၁ရ)။

ဘုရားလက်ထဲ၌

              မိတ်ဆွေ၏အသက်သည် ဘုရားသခင်ထံ၌ရှိပြီ။ ကျမ်းစာ၌၊ “သင်တို့သည် သေသောသူဖြစ်၍ သင်တို့၏အသက်သည် ခရစ်တော်နှင့်အတူ ဘုရားသခင်၌ ၀ှက်ထားလျက်ရှိ၏။” ဟုဆိုသည် (ကောလောသဲ ၃:၃)။ ထို့ကြောင့် မိတ်ဆွေ၏ အသက်ကို စာတန်သည် မထိခိုက်နိုင်တော့ချေ။ ထို့အပြင် ခရစ်တော်က၊ “ငါ့သိုးတို့သည် ငါစကားသံကိုနားထောင်၍ ငါ့နောက်သို့လိုက်ကြ၏။ ထိုသိုးတို့ကိုငါသိ၏။ ထာ၀ရအသက်ကိုလည်း ငါပေး၏။ ထိုသိုးတို့သည်ပျက်စီးခြင်းနှင့် အစဥ်မပြတ်ကင်းလွတ်ကြလိမ့်မည်။ အဘယ်သူမျှထိုသိုးတို့ကို ငါ့လက်မှမနှုတ်မယူရာ။ ထိုသိုးတို့ကိုငါ့လက်၌ အပ်ပေးတော်မူသော ငါ့ခမည်းတော်သည် ခပ်သိမ်းသောသူတို့ထက် ကြီးမြတ်တော်မူသည်ဖြစ်၍ အဘယ်သူမျှ ထိုသိုးတို့ကို ငါ့ခမည်းတော်၏ လက်မှမနှုတ်မယူရာ။” ဟုဆိုသည် (ယောဟန် ၁၀:၂ရ-၂၉)။ ယခုမိတ်ဆွေသည် ခရစ်တော်၏သိုးဖြစ်သောကြောင့် ထာ၀ရအသက်ရှင်ပြီ။ ပျက်စီးခြင်းနှင့်လည်း အစဥ်ကင်းလွတ်သောသူဖြစ်သည်။ ပျက်စီးခြင်းဆိုသည်မှာ ငရဲသွားခြင်းကိုဆိုလိုသည်။ မိတ်ဆွေသည် ခမည်းတော်နှင့်ခရစ်တော်၏လက်ထဲ၌ ရှိသောကြောင့် စာတန်သည် မိတ်ဆွေကိုမထိခိုက်၊ မဆွဲနှုတ်နိုင်တော့ချေ။ သို့သော်အပြစ်ပြုလုပ်ဘို့ရန် သွေးဆောင်နိုင် သေးသောကြောင့် သတိထားရမည်။

ဖြောင့်မတ်သူဖြစ်ပြီ

                   ပညတ်တရားအားဖြင့်မရနိုင်သော ဖြောင့်မတ်ခြင်းကို မိတ်ဆွေသည်ရရှိပြီဖြစ်သည်။ ဖြောင့်မတ်ခြင်းကို ဘုရားသခင်ကသာပေးပိုင်သည်။ ကျမ်းစာက၊ “ဖြောင့်မတ်ရာ၌တည်စေသောသူကားဘုရားသခင်ပေတည်း။” ဟုဆိုသည် (ရောမ ၈:၃၃)။ ဘုရားသခင်သည် ခရစ်တော်၏အသွေးအားဖြင့် မိတ်ဆွေကိုဖြောင့်မတ်စေပြီ။ ကျမ်းစာ၌၊ “ယခုတွင် အသွေးတော်အားဖြင့် ဖြောင့်မတ်ရာသို့ရောက်ပြီ။” ဟုဆိုသည် (ရောမ ၅:၉)။ ထိုဖြောင့်မတ်ခြင်းသည် လူ့အမြင်၌မဟုတ်။ ဘုရားအမြင်၌သာဖြစ်သည်။ ကျမ်းစာ၌၊ “ဘုရားသခင်သည် အပြစ်နှင့်ကင်းစင်သောသူကို ငါတို့အတွက်ကြောင့် အပြစ်ရှိသောသူဖြစ်စေတော်မူ၏။ အကြောင်းမူကား ငါတို့သည်ထိုသူအားဖြင့် ဘုရားသခင်ရှေ့တော်၌ ဖြောင့်မတ်သောသူဖြစ်မည့် အကြောင်းတည်း။“ဟုဆိုသည် (၂ ကော ၅:၂၁)။ ထို့ကြောင့် မိတ်ဆွေသည် ဘုရားအမြင်၌ ဖြောင့်မတ်ပြီ။ သို့ဖြစ်၍ ဖြောင့်မတ်သောသူကဲ့သို့ အသက်ရှင်ဘို့လိုလာသည်။

ဘုရားသခင်၏အပေါင်းအသင်းဖြစ်ပြီ

              ယခင်ဘ၀၌ မိတ်ဆွေသည် ဘုရားသခင်နှင့် မည်သို့မျှမဆိုင်ခဲ့ပါ။ ထိုမျှသာမက ဘုရားသခင် ၏ရန်သူဖြစ်ခဲ့သည်။ သို့သော်၊ “ယခုတွင် မှောင်မိုက်ထဲမှအံ့ဘွယ်သော အလင်းတော်သို့ ခေါ်သွင်းတော်မူသောသူ၏ ဂုဏ်ကျေးဇူးတော်များကို ဖေါ်ပြစေခြင်းငှါ ရွေးချယ်တော်မူသောအမျိုးဖြစ်ပြီ။ မင်းစည်းစိမ်ရှိသော ယဇ်ပုရောဟိတ်မျိုး၊ သန့်ရှင်းသောလူမျိုး၊ ပိုင်ထိုက်တော်မူသော အပေါင်းအသင်းဖြစ်ပြီ။ အထက်ကအပေါင်းအသင်းမဟုတ်။ ယခုတွင်ဘုရားသခင်၏ အပေါင်းအသင်းဖြစ်ပြီ။ ဂုဏ်ကျေးဇူးတော်ကို အထက်ကမခံရသော်လည်း ယခုတွင်ခံရပြီ။” (၁ ပေ ၂:၉-၁၀) မိတ်ဆွေသည် ယဇ်ပုရောဟိတ်မျိုး ဖြစ်သောကြောင့် မင်းစည်းစိမ်ခံစားခွင့်ရှိသည်သာမက ကိုယ်တိုင် ဆုတောင်းနိုင်သည်။ ဘုရားသခင်၏ အပေါင်းအသင်း ဖြစ်သောကြောင့် ဘုရားသခင်နှင့် အစဥ်မပြတ် မိဿဟာရဖွဲ့နိုင်သည်။ ကျေးဇူးတော်ခံစားသောသူလည်းဖြစ်ပြီ။

==================

ခရစ်တော်ကြောင့်ခံစားရသောအရာများ (သင်ခန်းစာမေးခွန်းများ)
အထက်ရှိ လေ့လာခဲ့သောသင်ခန်းစာထဲမှ အချက်အချို့ကို အောက်ပါတွင် မေးခွန်းများအဖြစ် ပြင်ဆင်ပေးထားပါသည်။ မေးခွန်းများအားလုံးကို ပါဝင်ဖြေဆိုခြင်းဖြင့် သင်သည် ယခုသင်ခန်းစာကို ပြီးပြည့်စုံစွာ သဘောပေါက်နားလည်ကြောင်းကို ဖေါ်ပြလိုက်ပါ။