ယေရမိမြည်တမ်းစကား - ၃

ဘုရားသခင်၏တည်မြဲသောချစ်ခြင်း
1ငါသည် ဘုရားသခင်၏အမျက်တော်ကြိမ်လုံးအောက်၌ ဆင်းရဲခြင်းကို ခံရသောသူဖြစ်၏။ 2ငါ့ကိုသွေးဆောင်၍ အလင်းသို့မပို့၊ မှောင်မိုက်ထဲသို့ ပို့ဆောင်တော်မူ၏။ 3အကယ်စင်စစ် ငါ့ကိုတစ်နေ့လုံး အထပ်ထပ် ဒဏ်ခတ်တော်မူ၏။ 4ငါ့အရေနှင့် အသားကို ဆွေးရိစေ၍ ငါ့အရိုးတို့ကိုလည်း ချိုးတော်မူ၏။ 5ငါ့တစ်ဖက်၌ တပ်တည်၍ ခါးသောအရာ၊ ပင်ပန်းစရာအကြောင်းတို့နှင့် ပိုင်းတော်မူ၏။ 6သေလွန်သောသူတို့ကို ပြုတတ်သကဲ့သို့၊ ငါ့ကို မိုက်သောအရပ်၌ ထားတော်မူ၏။ 7ငါမထွက်နိုင်အောင်ဝင်းခတ်၍၊ လေးသော သံကြိုးနှင့် ချည်နှောင်တော်မူ၏။ 8ထိုမျှမက ငါသည်ကြွေးကြော်အော်ဟစ်၍ ဆုတောင်းသော်လည်း ငြင်းပယ်တော်မူ၏။ 9ငါသွားရာလမ်းကိုကျောက်ထရံနှင့် ပိတ်၍၊ ကောက်သောလမ်းဖြင့် သွားစေတော်မူ၏။ 10ငါ့ကို ချောင်းမြောင်းသောဝက်ဝံကဲ့သို့လည်းကောင်း၊ မထင်ရှားသော အရပ်၌နေသော ခြင်္သေ့ကဲ့သို့လည်းကောင်း ဖြစ်တော်မူ၏။ 11ငါ့ကို လမ်းလွဲစေပြီးလျှင် အပိုင်းပိုင်းဖြတ်၍ ဖျက်ဆီးတော်မူ၏။ 12လေးတော်ကိုတင်၍ ပြစ်စရာစက်အရာ၌ ငါ့ကို ထားတော်မူ၏။ 13မြားတော်တို့ကိုလည်း၊ ငါ့ကျောက်ကပ်ကို ခွင်းစေတော်မူ၏။ 14ငါသည်ငါ၏လူတို့တွင် ကဲ့ရဲ့စရာအကြောင်းနှင့် တစ်နေ့လုံး သီချင်းဆိုစရာအကြောင်းဖြစ်ပါသည်တကား။ 15ခါးသောဆေးနှင့် ငါ့ကိုဖြည့်၍၊ ဒေါနနှင့် ယစ်မူးစေတော်မူ၏။ 16ကျောက်စရစ်ကိုကျွေး၍ ငါ့သွားတို့ကို ချိုးတော်မူ၏။ မီးဖိုပြာနှင့် ဖုံးတော်မူ၏။ 17ငါ၏ဝိညာဉ်ကို ချမ်းသာနှင့်ဝေးစွာရွှေ့တော်မူသောကြောင့်၊ ငါသည် မင်္ဂလာအကြောင်းကို မေ့လျော့၏။ 18သို့ဖြစ်၍၊ ငါသည် ထာဝရဘုရားရှေ့တော်၌ အစွမ်းသတ္တိနှင့် မျှော်လင့်စရာအကြောင်း ပျက်လေပြီဟု ဆိုရ၏။
19အကျွန်ုပ်ခံရသော ဆင်းရဲငြိုငြင်ခြင်းကိုလည်းကောင်း၊ ဒေါနနှင့် သည်းခြေအရည်ကိုလည်းကောင်း အောက်မေ့တော်မူပါ။ 20ဧကန်အမှန် အောက်မေ့တော်မူလိမ့်မည်။ 21ထိုသို့ အကျွန်ုပ်၏စိတ်နှလုံးသည် ဆင်ခြင်၍သတိရသောအခါ မျှော်လင့်စရာအခွင့်ရှိပါ၏။ 22ထာဝရဘုရားသည်သနားတော်မူ၍ ကရုဏာတော်သည် မကုန်သောကြောင့် ငါတို့သည် ဆုံးရှုံးခြင်းသို့ မရောက်ဘဲနေကြ၏။ 23နံနက်တိုင်း ကရုဏာတော်အသစ်ကို ခံရကြ၏။ သစ္စာတော်သည် ကြီးမြတ်ပါ၏။ 24ငါ့ဝိညာဉ်၏သဘောဟူမူကား၊ ထာဝရဘုရားသည် ငါ၏အဖို့ဖြစ်တော်မူ၏။ ထိုကြောင့်၊ ကိုယ်တော်ကို ငါမျှော်လင့်ပါ၏။ 25ကိုယ်တော်ကို မျှော်လင့်သောသူနှင့် ကိုယ်တော်ကို ရှာသောသူ၏စိတ်ဝိညာဉ်အား ထာဝရဘုရားသည် ကျေးဇူးပြုတော်မူ၏။ 26ကယ်တင်တော်မူမည်ဟု မျှော်လင့်လျက်၊ ငြိမ်ဝပ်စွာစောင့်၍နေကောင်း၏။ 27လူသည် အသက်ပျိုစဉ်အခါ ထမ်းပိုးကိုထမ်းကောင်း၏။ 28ထမ်းပိုးကို တင်တော်မူသောကြောင့် တစ်ယောက်တည်းထိုင်၍ ငြိမ်ဝပ်စွာနေစေ။ 29မျှော်လင့်စရာအခွင့် ရှိကောင်းရှိလိမ့်မည်ဟု ထင်လျက်၊ မိမိနှုတ်ကို မြေမှုန့်၌ကပ်စေ။ 30ရိုက်သောသူအား မိမိပါးကိုပေး၍၊ ကဲ့ရဲ့ပြစ်တင်ခြင်းနှင့် ပြည့်ဝစေ။ 31အကြောင်းမူကား၊ ထာဝရဘုရားသည် အစဉ် စွန့်ပစ်တော်မမူတတ်။ 32ဝမ်းနည်းစေတော်မူသော်လည်း၊ ကရုဏာတော်များပြားသည်နှင့်အညီ သနားတော်မူလိမ့်မည်။ 33ဆင်းရဲစေချင်သော စိတ်နှင့် လူသားတို့ကိုညှဉ်းဆဲ၍ ဝမ်းနည်းစေတော်မူသည် မဟုတ်။ 34ချုပ်ထားသော ပြည်သားအပေါင်းတို့ကိုခြေနှင့် နင်းကြိတ်ခြင်းအမှု၊ 35လူခံထိုက်သောတရားကို အမြင့်ဆုံးသောဘုရားမျက်မှောက်၌ ဖျက်ခြင်းအမှု၊ 36သူတစ်ပါးကို မတရားသဖြင့် ရှုံးစေခြင်းအမှုတို့ကို ထာဝရဘုရား နှစ်သက်တော်မမူ။ 37ထာဝရဘုရား မှာထားတော်မမူဘဲ၊ အဘယ်သူသည်ပြော၍ တစ်စုံတစ်ခုကို ဖြစ်စေနိုင်သနည်း။ 38အမြင့်ဆုံးသောဘုရား၏ နှုတ်တော်ထွက်ရှိသည်အတိုင်း မင်္ဂလာနှင့် အမင်္ဂလာဖြစ်တတ်သည် မဟုတ်လော။ 39အသက်ရှင်သောလူသတ္တဝါသည် အဘယ်ကြောင့် မြည်တမ်းရမည်နည်း။ မိမိဒုစရိုက်အပြစ်ကြောင့် မြည်တမ်းရမည်လော။ 40ငါတို့သည် ကိုယ်လိုက်သောလမ်းတို့ကို စစ်ကြောစုံစမ်း၍၊ ထာဝရဘုရားထံတော်သို့ ပြန်သွားကြကုန်အံ့။ 41ကောင်းကင်ဘုံ၌ ရှိတော်မူသော ဘုရားသခင့်ထံတော်သို့ နှလုံးနှင့် လက်တို့ကို ချီကြွကြကုန်အံ့။
42အကျွန်ုပ်တို့သည် ပြစ်မှား ပုန်ကန်မိပါပြီ။ ကိုယ်တော်သည် အပြစ်လွှတ်တော်မမူပါ။ 43အမျက်တော်ထွက်၍ မျက်နှာလွှဲတော်မူ၏။ တစ်ဖန် အကျွန်ုပ်တို့ကိုလိုက်၍ ကရုဏာမရှိဘဲ ကွပ်မျက်တော်မူ၏။ 44အကျွန်ုပ်တို့ ပတ္ထနာစကားသည် အထံတော်သို့ မပေါက်နိုင်အောင်၊ မိုးတိမ်ဖြင့် ကိုယ်ကို ကွယ်ကာတော်မူ၏။ 45အကျွန်ုပ်တို့ကို လူမျိုးတို့တွင် လှည်းပစ်သောတန်မြက်ချေး အမှိုက်ကဲ့သို့လည်းကောင်း၊ ရွံစရာအရာကဲ့သို့လည်းကောင်း ဖြစ်စေတော်မူ၏။ 46ရန်သူအပေါင်းတို့သည် အကျွန်ုပ်တို့တစ်ဖက်၌ နှုတ်ကိုဖွင့်ကြပါ၏။ 47အကျွန်ုပ်တို့သည် ကြောက်လန့်ဖွယ်သောအရာထဲသို့လည်းကောင်း၊ တွင်းထဲသို့လည်းကောင်း၊ သုတ်သင်ပယ်ရှင်း ဖျက်ဆီးခြင်းထဲသို့လည်းကောင်း ရောက်ကြပါပြီ။
48ငါ၏လူမျိုး သတို့သမီးပျက်စီးသောကြောင့်၊ 49ငါ့မျက်စိသည် မြစ်ရေဖြစ်၍ စီးလျက်ရှိ၏။ 50ထာဝရဘုရားသည် ကောင်းကင်ကငုံ့ကြည့်၍ ရှုမှတ်တော်မမူမီတိုင်အောင်၊ ငါ့မျက်ရည်သည်ကျ၍ အစဉ်မပြတ် ယိုစီးလျက်ရှိ၏။ 51ငါ၏မြို့သမီးအပေါင်းတို့အတွက်ကြောင့်၊ ငါ့မျက်စိသည် ငါ့နှလုံးကို ပူစေတတ်၏။
52အကြောင်းမရှိဘဲ ငါ့ကိုရန်ပြုသော သူတို့သည် ငှက်ကိုလိုက်၍ ရှာသကဲ့သို့ ငါ့ကို လိုက်၍ရှာကြ၏။ 53မြေတွင်း၌ ငါ့အသက်ကိုဖြတ်၍ ငါ့အပေါ်မှာ ကျောက်ကို တင်ထားကြ၏။ 54ငါ့ခေါင်းကို ရေလွှမ်းမိုးသည်ဖြစ်၍၊ ငါသည် ဆုံးရှုံးပြီဟု ဆိုရ၏။ 55အို ထာဝရဘုရား၊ နက်သောမြေတွင်းထဲက အကျွန်ုပ်သည် ကိုယ်တော်၏နာမကိုခေါ်ပါ၏။ 56အကျွန်ုပ်ခေါ်သံကို ကြားတော်မူသည်ဖြစ်၍၊ အကျွန်ုပ်ညည်းတွားအော်ဟစ်သောအခါ နားတော်ကို လွှဲတော်မမူပါနှင့်။ 57အကျွန်ုပ်သည် ကိုယ်တော်ကိုဟစ်ခေါ်သောအခါ၊ ကိုယ်တော်သည် ချဉ်းကပ်တော်မူ၍၊ မကြောက်နှင့်ဟု မိန့်တော်မူပြီ။ 58အို ထာဝရဘုရား၊ ကိုယ်တော်သည် အကျွန်ုပ်အသက်နှင့် ဆိုင်သောအမှုကိုစောင့်၍ ရွေးနုတ်တော်မူပြီ။ 59အို ထာဝရဘုရား၊ ကိုယ်တော်သည် အကျွန်ုပ်ခံရသောညှဉ်းဆဲခြင်းကို မြင်တော်မူပြီ။ အကျွန်ုပ်အဖို့ တရားစီရင်တော်မူပါ။ 60သူတို့သည် အကျွန်ုပ်ကို ရန်ငြိုးဖွဲ့သမျှနှင့် မကောင်းသောအကြံရှိသမျှကို ကိုယ်တော်မြင်တော်မူပြီ။ 61အို ထာဝရဘုရား၊ သူတို့ကဲ့ရဲ့သောအကြောင်းနှင့် မကောင်းသောအကြံရှိသမျှကိုလည်းကောင်း၊ 62အကျွန်ုပ်တစ်ဖက်၌ ထသောသူတို့၏အပြစ်တင်ခြင်း၊ အကျွန်ုပ်တစ်ဖက်၌ တစ်နေ့လုံး ကြံစည်ခြင်းကိုလည်းကောင်း ကိုယ်တော်ကြားတော်မူပြီ။ 63သူတို့ထိုင်ခြင်း၊ ထခြင်းကိုကြည့်ရှုတော်မူပါ။ အကျွန်ုပ်သည် သူတို့ သီချင်းဆိုစရာအကြောင်းဖြစ်ပါ၏။ 64အို ထာဝရဘုရား၊ သူတို့ကျင့်သော အကျင့်နှင့်အလျောက် အကျိုးအပြစ်ကို ဆပ်ပေးတော်မူပါ။ 65သူတို့စိတ်နှလုံးကိုခိုင်မာစေ၍ ကျိန်တော်မူပါ။ 66အမျက်တော်ထွက်၍ သူတို့ကို ညှဉ်းဆဲသဖြင့်၊ ထာဝရဘုရား၏ မိုးကောင်းကင်အောက်မှ သုတ်သင်ပယ်ရှင်းတော်မူပါ။

ယေရမိမြည်တမ်းစကား - ၃ (အနက်ဖွင့်)

၄။ ပရောဖက်၏ ဝမ်းနည်းစကားနှင့် ကြွင်းကျန်သူများ အပြစ်ဝန်ခံခြင်း(အခန်း၃)

(ကဘုရားသခင်၏ တရားစီရင်ခြင်း (:၁၈)

          ပရောဖက်ယေရမိက သူနှင့် သူ့လူများအကြား နီးစပ်ပုံကို ပုံဖော်ထားသည်။ သူ၏ဆင်းရဲ ဝေဒနာခံစားချက်များသည် သူ့လူများ၏ ခံစားချက်ကို သရုပ်ဖော်ထားသည်။ ဘုရားသခင်၏ အမျက်ဒေါသသင့်ကြသဖြင့် ယုဒလူမျိုးများသည် မှောင်မိုက် ထဲ၌ရှိနေကြသည်။ လက်တော်သည် အလင်းသို့ မခေါ်ဆောင်။ အမှောင်သို့ ပို့ဆောင်၍ တနေ့လုံးအထပ်ထပ် ဒဏ်ခတ်သည်(အငယ်၁−၃)။ ယုဒတို့၏ အရိုးများကိုကျိုးစေတော်မူပြီ။ ဘဝခါးသီး၊ ပင်ပန်းစရာ အမင်္ဂလာများနှင့် သေချင်စော်နံဟောင်စေသည်(အငယ်၄−၆)။ လွတ်မြောက်ရာလမ်းမရှိသော အကျဉ်သားဘဝ ရောက်ချေပြီ။ ဆုတောင်းသံများကိုလည်း အဖြေစကားမကြား(အငယ်၇−၉) သားသတ်ရုံပို့ထားသော နွား၊ ချိန်ရွယ်ချင်းခံရသော ပစ်မှတ်(အငယ်၁၀−၁၂)၊ နက်ရှိုင်းစွာ ထိုးဖောက်ထိခိုက်သော ဒဏ်ရာဒဏ်ချက်၊ ခါးသောဆေး သိပ်ထားသည့် ဒဏ်ရာဒဏ်ချက် (အငယ်၁၃−၁၅)ခံစားရသည်။ သွားများလည်း ကျိုးကုန်ပြီ။ အဝတ်ပြာဖုံးဖြစ်ကုန်ပြီ(အငယ်၁၆)။ ဝိညာဉ်ချမ်းသာမျော်လင့်ချက်၊ လောကချမ်းသာ လာဘ်လာဘနှင့် ဘုရားသခင်ထံတော်ပါးမှ မျှော်လင့်စရာများလည်း ဝေးလွင့်ပပျောက်ကုန်ပြီ(အငယ်၁၇−၁၈)။

(သခင်ဘုရား၏ကရုဏာတော် (:၁၉၃၉)

          ခါးသီးစွာခံစားရသော ဆင်းရဲဒုက္ခ ဝေဒနာများကို ပြန်လည်သတိရလျက် စိတ်နှလုံး အကြွင်းမဲ့ဖြင့် ယေရမိသည် ဘုရားသခင်ထံသို့ ဆုတောင်းသည်။ ပရောဖက်ကြီးသည် ကရုဏာတော်ခံစားဖို့ရန် မျက်စိစုံမှိတ်၍ ဘုရားသခင်ထံ ဆုတောင်းသည် (အငယ်၁၉−၂၀)။ မျှော်လင့်ချက်သည် လူ့ဘဝကို ရှင်သန်နိုးကြား စေသည့်အတိုင်း ဘုရားသခင်ထံတော်ပါးမှ ကရုဏာတော် ခံစားရမည်အကြောင်း မျှော်လင့်ချက်ဖြင့် နံနက်တိုင်းသည် နေ့ရက်သစ်ဖြစ်လာသည်။ ယုံကြည်ခြင်းသည်လည်း ပိုမိုကြီးမြတ်လာသည်(အငယ်၂၁−၂၄)။ ဤနေရာတွင် သင်ခန်းစာကောင်း တစ်ခုပေးထားသည်။ ကိုယ်တော်တပါးမှ မျော်လင့်ချက်ထားသူများသည် ငြိမ်၀ပ်စိတ်ရှည်စွာ စောင့်မျှော်ရသည်(အငယ် ၂၅−၂၇)။ဘုရားသခင်သည် ပြုတော်မူခဲ့သော ကောင်းကြီးမင်္ဂလာများကို ပြန်လည်ရေတွက်ရှုမှတ် ရသည်(၂၅−၂၇)။ ဘုရားသခင်၏ ထမ်းပိုး ထမ်းရခြင်းကို ဂုဏ်ယူတတ်ရမည်။ လူ့အရေးအရာများကို မေ့ပစ်ရမည်(အငယ်၂၈−၃၀)။ ဘုရားသခင်က ယုဒများငြင်းပယ်ခြင်းသည် အပြီးသတ်မဟုတ်သကဲ့သို့ မရပ်မနားအစဉ်ထာဝရလည်းမဟုတ်ပါ။ ကရုဏာတော်က နောက်ကအမြဲ လိုက်လံနေပါသည်(အငယ်၃၁−၃၃)။ ဘုရားသခင်သည် ဖိစီးနှိပ်စက်ခြင်း၊ မတော်မတရားခြင်းနှင့် မမှန်မကန်လုပ်ဆောင်ခြင်းကို မနှစ်သက်(အငယ်၃၄−၃၆)။ အချုပ်အချာအာဏာပိုင်ရှင်၊ နှုတ်ကပတ်တော်အတိုင်းဖြစ်စေသူ၊ အရာခပ်သိမ်းကို အလိုတော်အတိုင်း ထိန်းချုပ်သူ၊ ဆင်ခြင်ပေးစရာမရှိအောင် တရားစီရင်သူဖြစ်သည်(အငယ်၃၇−၃၉)။

(ဝိညာဉ်သစ် နှိုးထကြရန် ဖိတ်ခေါ်ခြင်း(:၄၀၄၂

ကောင်းကြီးမင်္ဂလာခံစားရန် နည်းလမ်းမှာ မိမိကိုယ်ကို ပြန်လည်စစ်ဆေး သုံးသပ်ပြီးနောက် ဘုရားသခင်ထံတော်သို့ ပြန်လည်ချဉ်းကပ်ခြင်းဖြစ်သည်။ အပြစ်ဝန်ချတောင်းပန်ခြင်းမရှိလျှင် အပြစ်ခွင့်လွှတ်ခြင်းလည်း မရှိနိုင်။

(ယေရုရှလင်မြို့အတွက် ယေရမိ၏ဝမ်းနည်းမျက်ရည် (:၄၃-၅၁)

          ဤကျမ်းပိုဒ်တွင် ပရောဖက်ယေရမိနှင့် သူ့လူများ၏ အတိတ်လွင်ပြင်ကို ပြန်လည် စားမြုံ့ပြန်သည်။ ထိုသူများ၏ ဆုတောင်းသံများဘုရားသခင် နားမညောင်းနိုင်ပုံ၊ သနားညှာတာခြင်း မရှိရက်စက်စွာ ဆက်ဆံခဲ့ပုံ၊ ကမ္ဘာမြေသားတို့၏ သားကောင် ဖြစ်စေခဲ့ပုံများကို ပြန် လည်အောက်မေ့စေသည် (အငယ်၃၄−၃၅)။ ရန်သူများ၏ လှောင်ပြောင်သရော်မထင်မဲ့မြင်ပြုမှု များကြောင့် ဘုရားသခင်လူများ ကြောက်လန့် အသဲထိတ်ကြပုံ၊ သိမ်ငယ်မျက်နှာပျက်ကြပုံကျီးလန့်စာစားကြပုံများကို ပြန်လည်စဉ်းစားတိုင်း ပရောဖက်ယေရမိ၏ မျက်ရည်များသည် အတားအဆီးမရှိ တောင်ကျ စမ်းရေပမာ တသွင်သွင် စီးဆင်းသည်။

(ရန်သူများလက်မှ ကယ်နှုတ်ရန် ပရောဖက်၏ ဆုတောင်းချက်(:၅၂၆၆)

          အပြစ်မဲ့ဒဏ် မြှားသင့်သကဲ့သို့ ပစ်ချခံရသည်။ တွင်းထဲသို့ အရှင်လတ်လတ် မြေဖို့ခံရပြီ။ ရေနစ်၍ ဘဝစုန်းစုန်းမြှုပ်ရတော့မည်ဟု ပရောဖက်ကြီးကဆိုသည်(ငယ်၅၂)။ အနက်ဆုံးသောတွင်းနက်ကြီးဆုံးမှ ယေရမိဆုတောင်းသံကို ဘုရားသခင်က အဖြေပေးသည်။ စိုးရိမ်ခြင်းမရှိနှင့် (ငယ်၅၅−၅၇)ဟုဆိုသည်။ သူတပါက ရက်စက်စွာ ဆက်ဆံခဲ့ကြပုံ၊ ရိုင်းစိုင်းစွာပြုမူကြပုံတို့ကို တရားမျှတစွာ စီရင်ပေးရန် တောင်းလျှောက်သည်။ တရားမျှတစွာ စီရင်ခြင်းသည် သူ့ရန်သူများအား အရေးယူအပြစ်ပေးရန် ဖြစ်သည်။ ဖျက်ဆီးပေးရန်ဖြစ်သည် (ငယ်၅၈−၆၆)။ စိတ်နှလုံးခိုင်မာခြင်း (ငယ်၆၅)ကို “မောရှေ၏ ကျမ်းကို ဖတ်ကြသောအခါ သူတို့စိတ်နှလုံးသည် ဖုံးအုပ်လျက်ရှိ၏”ဟု (၂ကော၃:၁၅)တွင် သုံးထားသည်။ စင်စစ်စိတ်နှလုံးခိုင်မာခြင်း ဆိုသည်မှာ စိတ်နှလုံးအသိတရားကင်းမဲ့ခြင်း၊ ဘုရားသခင်၏ ပျက်ဆီးခြင်းကို မယုံကြည်ခြင်း ဖြစ်သည်။

ယခုအနက်ဖွင့်ကျမ်းကို သက်ဆိုင်ရာတို့၏ ခွင့်ပြုချက်ဖြင့် ဝေမျှပေးထားခြင်းဖြစ်ပါသည်။ မူရင်းကို သွားရောက်ကြည့်ရှုလေ့လာလိုပါက  http://bbcmm.net/the-believers-bible-commentary  တွင် လေ့လာနိုင်ပါသည်။

တစ်စုံတစ်ခုကို မှတ်ချက်ပြုရေးသားလိုပါက အောက်တွင်ရေးသားဖေါ်ပြနိုင်ပါတယ်။