ဓမ္မရာဇဝင်စတုတ္ထစောင် - ၂၂

ယုဒဘုရင်ယောရှိ
(၆ရာ၊ ၃၄:၁-၂)
1ယောရှိသည် အသက်ရှစ်နှစ်ရှိသော် နန်းထိုင်၍ ယေရုရှလင်မြို့၌ သုံးဆယ်တစ်နှစ် စိုးစံလေ၏။ မယ်တော်ကား၊ ဗောဇကတ်မြို့သား အဒါယ၏သမီး ယေဒိဒအမည်ရှိ၏။ 2ထိုမင်းသည် ထာဝရဘုရားရှေ့တော်၌ တရားသောအမှုကိုပြု၍ လက်ယာဘက်လက်ဝဲဘက်သို့မလွှဲ၊ အဘဒါဝိဒ်လိုက်သမျှသောလမ်းသို့ လိုက်လေ၏။
ပညတ္တိကျမ်းစာစောင်ကိုတွေ့ရှိခြင်း
(၆ရာ၊ ၃၄:၈-၂၈)
3ယောရှိမင်းကြီး နန်းစံဆယ်ရှစ်နှစ်တွင်၊ မေရှုလံသားဖြစ်သော အာဇလိ၏သား စာရေးတော်ရှာဖန်ကိုခေါ်၍ သင်သည် ယဇ်ပုရောဟိတ်မင်းဟိလခိထံသို့ သွားလော့။ 4ဗိမာန်တော်သို့ဆောင်ခဲ့၍ လူများလက်မှ တံခါးစောင့်ခံယူသော ငွေကို ယဇ်ပုရောဟိတ်မင်းရေတွက်သဖြင့်၊ 5ဗိမာန်တော်အုပ်၊ အမှုတော်စောင့်တို့၌အပ်၍၊ ဗိမာန်တော်ပြိုပျက်ရာကို ပြုပြင်ခြင်းငှာ လုပ်ဆောင်သောသူ၊ 6လက်သမားနှင့် ပန်းရန်သမားလုပ်သည်အတွက်၊ ဗိမာန်တော်ပြုပြင်စရာကျောက်နှင့် သစ်သားကိုဝယ်သည်အတွက် ဝေပေးရမည်အကြောင်းမှာထား၍ ဗိမာန်တော်သို့ စေလွှတ်တော်မူ၏။ 7သို့ရာတွင် ထိုငွေကို လက်ခံသောသူတို့သည် သစ္စာစောင့်သောသူဖြစ်သောကြောင့် စာရင်းမပေးရကြ။
8ယဇ်ပုရောဟိတ်မင်း ဟိလခိကလည်း၊ ပညတ္တိကျမ်းစာစောင်ကို ဗိမာန်တော်၌ ငါတွေ့ပြီဟု စာရေးတော်ရှာဖန်အား ဆိုလျက်၊ ကျမ်းစာကိုအပ်၍ စာရေးတော်ဖတ်၏။ 9တစ်ဖန် စာရေးတော်ရှာဖန်သည် ရှင်ဘုရင်ထံသို့သွား၍၊ ကိုယ်တော်ကျွန်တို့သည် ဗိမာန်တော်၌ တွေ့သောငွေကို မှုတ်ပြီးမှ၊ ဗိမာန်တော်အုပ်၊ အမှုတော်စောင့်တို့၌ အပ်ပါပြီဟူ၍လည်းကောင်း၊ 10ယဇ်ပုရောဟိတ်ဟိလခိသည် ကျွန်တော်၌ စာစောင်ကို အပ်ပါပြီဟူ၍လည်းကောင်း ကြားလျှောက်လျက်၊ ရှင်ဘုရင်ရှေ့တော်၌ ဖတ်ရွတ်လေ၏။ 11ရှင်ဘုရင်သည် ပညတ္တိကျမ်းစကားကိုကြားလျှင်၊ မိမိအဝတ်ကို ဆုတ်၍၊ 12ယဇ်ပုရောဟိတ်ဟိလခိ၊ ရှာဖန်သားအဟိကံ၊ မိက္ခာသားအာခဗော်၊ စာရေးတော်ရှာဖန်၊ မိမိကျွန်အသဟိကိုခေါ်၍၊ 13ယခုတွေ့သော ကျမ်းစကားကြောင့် ငါ့အတွက်၊ လူများအတွက်၊ ယုဒအမျိုးသားအပေါင်းတို့အတွက် ထာဝရဘုရား၌ မေးလျှောက်ကြပါ။ ငါတို့အဖို့ ဤကျမ်းစာ၌ ရေးထားသမျှသောစကားတို့ကို ဘိုးဘေးတို့သည် နားမထောင်မကျင့်ဘဲ နေသောကြောင့်၊ ထာဝရဘုရားသည် ငါတို့၌ ပြင်းစွာအမျက်ထွက်တော်မူလိမ့်မည်ဟု မိန့်တော်မူ၏။ 14ထိုကာလတွင်၊ ဟရဟတ်သားဖြစ်သော တိကဝ၏သား၊ အချုပ်ဝန်ရှလ္လုံ၏မယား၊ ပရောဖက်မဟုလဒသည် ယေရုရှလင်ပြင်မြို့၌နေသည် ဖြစ်၍၊ ယဇ်ပုရောဟိတ် ဟိလခိ၊ အဟိကံ၊ အာခဗော်၊ ရှာဖန်၊ အသဟိတို့သည် ထိုမိန်းမထံသို့သွား၍ ပြောဆိုကြ၏။ 15မိန်းမကလည်း၊ ငါ့ထံသို့စေလွှတ်သောသူထံသို့ သင်တို့ပြန်၍ဆင့်ဆိုရသော ဣသရေလအမျိုး၏ ဘုရားသခင်ထာဝရဘုရား၏ အမိန့်တော်ဟူမူကား၊ 16ယုဒရှင်ဘုရင်ဖတ်သော ကျမ်းစကားလာသမျှအတိုင်း ငါသည် ဤအရပ်၌လည်းကောင်း၊ ဤအရပ်သားတို့၌လည်းကောင်း၊ ဘေးရောက်စေမည်။ 17အကြောင်းမူကား၊ သူတို့သည် ငါ့ကိုစွန့်ကြပြီ။ မိမိလုပ်သောအရာတို့ဖြင့် ငါ့အမျက်ကိုနှိုးဆော်ခြင်းငှာ အခြားတစ်ပါးသောဘုရားတို့ရှေ့မှာ နံ့သာပေါင်းကို မီးရှို့ကြပြီ။ ထိုကြောင့် ဤအရပ်၌ ငါ့အမျက်မီးသည် မငြိမ်းဘဲလောင်ရလိမ့်မည်ဟု မိန့်တော်မူ၏။ 18ထာဝရဘုရားကို မေးလျှောက်စေခြင်းငှာ သင်တို့ကိုစေလွှတ်သော ယုဒရှင်ဘုရင်ကြားသော ကျမ်းစကားကိုရည်ဆောင်၍၊ ဣသရေလအမျိုး၏ ဘုရားသခင်ထာဝရဘုရား မိန့်တော်မူကြောင်းကို ထိုရှင်ဘုရင်အား တစ်ဖန် ပြန်လျှောက်ရမည်ကား၊ 19ဤအရပ်သားတို့သည် ဖျက်ဆီးရာနှင့် ကျိန်ဆဲရာဖြစ်ရကြလိမ့်မည်ဟု ဤအရပ်ကိုလည်းကောင်း၊ ဤအရပ်သားတို့ကိုလည်းကောင်း၊ ငါခြိမ်းခြောက်သောစကားကို သင်သည် ကြားသောအခါ၊ နူးညံ့သောစိတ်ရှိ၍ ထာဝရဘုရားရှေ့တော်၌ ကိုယ်ကိုနှိမ့်ချခြင်း၊ ကိုယ်အဝတ်ကိုဆုတ်ခြင်း၊ ငါ့ရှေ့မှာ ငိုကြွေးခြင်းကိုပြုသောကြောင့် သင့်စကားကို ငါနားထောင်၏။ 20ငါသည်သင့်ကို ဘိုးဘေးစုဝေးရာသို့ပို့ဆောင်၍၊ သင်သည် ငြိမ်ဝပ်စွာသင်္ချိုင်းသို့ရောက်ရလိမ့်မည်။ ဤအရပ်၌ ငါရောက်စေအံ့သောဘေးကို သင့်ကိုယ်တိုင်မတွေ့မမြင်ရဟု မိန့်တော်မူကြောင်းကို ဆင့်ဆိုသည်အတိုင်း သူတို့သည် ရှင်ဘုရင်အား ပြန်လျှောက်ကြ၏။

ဓမ္မရာဇဝင်စတုတ္ထစောင် - ၂၂ (အနက်ဖွင့်)

(ယောရှိဘုရင် (၂၂:၂၃:၃၀)

အာမုန်ဘုရင်၏ သားတော် ယောရှိမင်း သည် ဘီစီ ၆၄၁-၆၀၉ ထိ နှစ်ပေါင်း (၃၁နှစ်တိုင်အောင် ယုဒဘုရင် အဖြစ် နန်းစံခဲ့သည် (၆ရာ ၃၄-၃၅)။

၁။ ဗိမာန်တော်ပြုပြင်ခြင်း (၂၂:)

၂၂:                   ယောရှိမင်းလက်ထက် တွင် ပရောဖက်ဇေဖနိ (ဇေ ၁:၁) နှင့် ပရောဖက် ယေရမီ (ယေ ၂၅:) ပေါ်ထွန်းကြသည်။ ပရောဖက် ဟဗက္ကုက်လည်း အဖျားမှီလိုက်သည်။ ယောရှိမင်းသည် ယုဒနိုင်ငံပြန်လည် ပြုပြင်သော နောက်ဆုံးဘုရင်ဖြစ်သည်။ ရုပ်တုဘုရား ကိုးကွယ်ခြင်းကို ဆန့်ကျင်ပြီး ယဇ်ပရောဟိတ်များအား ထာဝရဘုရားသခင်ထံသို့ ချဉ်းကပ်ကြဖို့ တိုက်တွန်းသည်။ နန်းစံ (၁၈)နှစ် ကာလအတွင်း၊ အသက်တော် (၂၆)နှစ်တွင် ဗိမာန်တော် ပြုပြင်မွမ်းမံခြင်း စတင်လုပ်ဆောင်သည်။ ဗိမာန်တော် ပြင်ဆင်ရေးရန်ပုံငွေများကို အလုပ်သမားနှင့် ပစ္စည်း ပစ္စယဝယ်ယူဖို့ အကုန်ပေးလိုက်သည်။ အထွေအထူး စီစစ်ကြပ်မတ်စီစစ်ခြင်းမပြု။ အဘယ်ကြောင့်ဆိုသော် လက်သမားနှင့် ပန်းရံသမားများသည် စာရင်းစစ်ဆေးစရာမလိုအောင် ဖြောင့်မတ်စိတ်ချရသည်။

၂။ ပညတ်တော်ကျမ်း ပြန်တွေ့ခြင်း (၂၂:၂၀)

၂၂:၂၀       ဗိမာန်တော်မွမ်းမံပြင်ဆင်နေစဉ် ယဇ်ပုရောဟိတ်ကြီး ဟိလခိက ကူးယူထားသော ပညတ်တော်ကျမ်းစာအုပ် (Pentateuch သို့မဟုတ် တရားဟောရာ ကျမ်းဖြစ်နိုင်သည်) ဗိမာန်တော်ထဲမှ ပြန်လည်တွေ့ရှိသည်။ သို့ဖြင့် ယောရှိမင်းကြီး ရှေ့တော်သို့ ယူဆောင်၍ ရွတ်ဖတ် ပြသည်။

၂၂:၁၁၁၃     ယောရှိမင်းသည် ဘုရားသခင် စကားတော်များကို ကြားသိသောအခါ ဘိုးဘေးများ၏ မှားယွင်းချွတ်ချော်မှုများ၊ ရှေးလူများ၏လမ်းလွဲမှုများအတွက် ဝမ်းနည်းသဖြင့် ဝတ်လုံတော်ကို ဆုတ်ဖြဲလိုက်သည်။ ထိုကြောင့် ယုဒလူကြီးမင်း ငါးယောက်ကိုဆင်ခေါ်၍ ဘုရားသခင်၏ အမျက်ဒေါသကို မေးမြန်းစေတော်မူသည်။

၂၂:၁၄၂၀      ထိုကာလ၌ ယေရုရှလင်မြို့ပင်၌ အချုပ်ဝန် ရှလ္လုံ၏မယား ပရောဖက်မ ဟုလဒ ရှိသည်။ ထိုလူကြီးမင်းများသည် ပရောဖက်ယေရမိထံသို၎င်း၊ ပရောဖက်ယေရမိ၏ ဒေါ်လေးတော်စပ်သူ (အငယ် ၁၄နှင့်ယေ ၃၂:၂၇ ကို ယှဉ်ဖတ်ပါ) ပရောဖက်မ ဟုလဒက ယောရှိမင်း၏ စိုးရိမ်မှုကို အတည်ပြုပေးသည်။ ယုဒလူမျိုးများသည် လမ်းလွဲသွားနေကြသောကြောင့် မကြာမီ အရေးယူခြင်းခံရမည်။ သို့သော်လည်း ယောရှိမင်းလက်ထက်တွင် မဟုတ်။ ယောရှိမင်း၏ အောက်ကျို့နှိမ့်ချမှုကြောင့် ယောရှိမင်းလွန်မှ ကျရောက်မည်ဟုဆိုသည်။

ယောရှိမင်းသည် နောင်တွင်တိုက်ပွဲ၌ ကျဆုံး (၂၃:၂၉) သော်လည်း ဤအရေးယူချက်နှင့် အကျုံးမဝင်။ အပိုဒ်ငယ် ၂၀တွင် “သင့်ကို ဘိုးဘေးစုဝေးရာ သို့ပို့ဆောင်၍ သင်သည်ငြိမ်ဝပ်စွာ သင်္ချိုင်းသို့ ရောက်ရလိမ့်မည်” ဟုကျမ်းစကား သက်သေရှိသည်။ သို့သော် ဤကျမ်းစကားသည် ဗာဗုလုန်ကို ဖျက်စီးခြင်းမှ လွတ်မြောက်ခြင်းကို ဆိုလိုသကဲ့သို့ ဘုရားသခင်ထံသို့ ငြိမ်သက်စွာ သေမည့်အကြောင်းလည်းဖြစ်နိုင်သည်။ (သာမန်လူများ သေသကဲ့သို့ မဟုတ်မည်မှာ သေချာသည်)။

ယခုအနက်ဖွင့်ကျမ်းကို သက်ဆိုင်ရာတို့၏ ခွင့်ပြုချက်ဖြင့် ဝေမျှပေးထားခြင်းဖြစ်ပါသည်။ မူရင်းကို သွားရောက်ကြည့်ရှုလေ့လာလိုပါက  http://bbcmm.net/the-believers-bible-commentary  တွင် လေ့လာနိုင်ပါသည်။

တစ်စုံတစ်ခုကို မှတ်ချက်ပြုရေးသားလိုပါက အောက်တွင်ရေးသားဖေါ်ပြနိုင်ပါတယ်။