သင်ခန်းစာ (၇)
စာတန်သားသမီးများ
သင်ခန်းစာ (၆)၌ မိန်းမအမျိုးအနွယ်သည် သခင်ယေရှုဖြစ်၍မြွေအမျိုးအနွယ်သည် လူသားများဖြစ်ကြောင်းသိရှိရပြီ။ ယခုဆက်၍ စာတန်သားသမီး များအကြောင်းလေ့လာကြပါစို့။
ဘုရားသားသမီး
ဘုရားသခင်က အာဒံနှင့်ဧ၀ဖန်ဆင်းစ၌ အပြစ်ကင်းစင်လျက်ရှိသောကြောင့် ဘုရားသားသမီးများဟုခေါ်ကြသည်။ လုကာ ၃:၃ရ ၌ “အာဒံအဘဘုရားသခင်ပေတည်း၊”ဟုပါရှိသည်။ ဘုရားသခင်၏ သားသမီးများဖြစ်သောကြောင့် ဘုရားသခင်နှင့်မိဿဟာယဖွဲ့နိုင်ခဲ့ကြသည်။ ဘုရားသခင်၏ အမွေစားအမွေခံများလည်းဖြစ်ကြသည်။
စာတန်သားသမီးများအဖြစ်သို့
စာတန်သည် မြွေအထဲမှနေ၍ အာဒံနှင့်ဧ၀ကို လှည့်ဖြားလိုက်သည်။ စာတန်ကလူသည် ဘုရားစကားနားမထောင်ဘဲ သူ၏စကားနားထောင်ရန်သွေးဆောင်လိုက်သည်။ အာဒံနှင့်ဧဝတို့ လင်မယားသည် ဘုရားစကားကိုပယ်ကာ စာတန်၏ စကားကိုနားထောင်လိုက်ကြသည်။ ဘုရားသခင်မှာထားသည်မှာ၊ “ကောင်းမကောင်းကို သိကျွမ်းရာအပင်မှတပါး၊ ထိုဥယျာဥ်၌ ရှိသမျှသော အပင်တို့၏ အသီးကို သင်သည် စားရသော အခွင့်ရှိ၏။ ထိုအပင်၏ အသီးကို ကား မစားရ။ စားသောနေ့တွင်ဧကန်အမှန်သေရမည်။” ဟူ၍ဖြစ်သည် (က ၂:၁၆-၁ရ)။ သို့သော်စာတန်ကလည်းဤသို့တန်ပြန်ဆိုထားသည်၊ “သင်တို့သည် ဧကန်အမှန်သေရမည်မဟုတ်။ အကြောင်းမူကား ထိုအသီးကို စားသော နေ့၌ သင်တို့သည် မျက်စိပွင့်လင်းလျက် ကောင်းမကောင်းကို သိ၍ ဘုရားသခင်ကဲ့သို့ဖြစ်ကြလတံ့သည်ကို ဘုရားသခင် သိတော်မူသည် ဟု မိန်းမအား ဆို၏။” (က ၃:၄-၅)။ အာဒံနှင့်ဧ၀သည် ဘုရားသခင်၏စကားကိုပယ်၍ စာတန်၏စကားကို ထောက်ခံသောကြောင့် ဘုရားသခင်နှင့် အဆက်ပြတ်သွားခဲ့ကြသည် (က ၃း၂၃-၂၄)ကောင်းမကောင်းသိကျွမ်းရာအပင်၏အသီးကို စားသောနေ့တွင် ကိုယ်ခန္ဓာမသေသော်လည်း ဝိညာဉ်ပိုင်းသေသွားသည်။ သူတို့သည် ဘုရားသခင်၏ပုံသဏ္ဍာန်ေတာ်နှင့်အညီ ဖန်ဆင်းခြင်း ခံခဲ့ရသော်လည်း စာတန်ရုပ်ပေါက်လာသည်။ ဘုရားသခင်၏ကျိန်ခြင်းကိုလည်း ခံရသည်။ ဘုရားသခင်၏သားသမီးအဖြစ်မှ စာတန်၏သားသမီးအဖြစ်သို့ ရောက်သွားခဲ့သည်။
အဘစာတန်
ဣသရေလ လူမျိုးများ အနေဖြင့် မိမိတို့သည် ဘုရားသခင်၏သား ဖြစ်သည်ဟုယူဆကြသည်။ ထို့ကြောင့် သခင်ယေရှုနှင့် အခြေအတင် ပြောဆို ရာတွင် သခင်ယေရှုက၊ “သင်တို့သည် သင်တို့ အဘ တည်း ဟူသော မာရ်နတ်မှ ဆင်းသက်ကြ၏။ သင်တို့ အဘအလိုသို့လည်း လိုက်တတ်ကြ၏။ မာရ်နတ်သည် ရှေ့ဦးစွာ မှစ၍ လူအသက်ကို သတ်သောသူ ဖြစ်၏။ သူ၌ သစ္စာ တရား ( သမ္မာတရား) မရှိသောကြောင့် သစ္စာ တရား၌ မတည်မနေ။ သူသည် မုသာစကားကို ပြော သောအခါ မိမိ ပကတိအတိုင်း ပြော၏။ မုသာစကား၌ ကျင်လည်သောသူ ဖြစ်၏။ မုသာ၏အဘလည်းဖြစ်၏။”ဟုဆိုသည် (ယော ၈:၄၄)။ ဘုရားသခင် ရွေး ကောက်ထားသော ဣသရေလ လူမျိုးများ ပင်လျှင် စာတန် မာရ်နတ်၏သား ဖြစ်လျှင် တပါးအမျိုးသား ဖြစ်သော ကျွန်ပ်တို့၌ ပြောစရာ မလို၊ စာတန် မာရ်နတ်၏ သားများဖြစ် ကြသည်။ တမန်တော် ယောဟန်ကလည်း၊ “လောကီသား အပေါင်းတို့သည် မာရ်နတ်၏ လက်၌ ရှိကြသည်ကို ငါတို့ သိကြ၏။”ဟုဆိုသည် (၁ ယော ၅:၁၉)။
ဘုရားသားအဖြစ်မမွေးကြ
လူတိုင်း မိမိမွေးနေ့ကို အလွန်နှစ်သက် ကြသည်။ မွေးနေ့မင်္ဂလာဟူ၍ မွေးနေ့ပွဲများပြုလုပ်တတ်ကြသည်။ သို့သော်လူသည် ဘုရားသခင်၏ သားသမီးများအနေဖြင့်မမွေးဘဲ စာတန်သားသမီးအဖြစ်မွေးဘွား ကြသည်။ ထို့ကြောင့် မွေးနေ့မင်္ဂလာ မဟုတ်ဘဲ မွေးနေ့အမင်္ဂလာ ဖြစ်သည်။ ကျမ်းစာ၌၊ “ထိုသူကို လက်ခံသမျှသောသူတည်းဟူသောကိုယ်တော်ကို ယုံကြည်သောသူတို့အား ဘုရားသခင်၏သားဖြစ်ရသောအခွင့်ကိုပေးတော်မူ၏။” ဟုဆို သည် (ယော ၁:၁၂)။ ထိုသူတည်း ဟူသော ခရစ်တော်ကို ယုံကြည် လက်ခံမှသာ ဘုရားသားဖြစ်ခွင့်ရမှာဖြစ်သည်။ မည်သူမျှ ခရစ်တော်ကို ယုံကြည်ပြီးသားနှင့် မွေးဖွားကြသည်မဟုတ်။ သို့ဖြစ်လျှင် ခရစ်တော်ကို မယုံကြည် မလက်ခံမှီတွင် မည်သူ၏ သားသမီး ဖြစ်ကြသနည်း။ စာတန်၏ သားသမီးများဖြစ်ကြသည်။ မိတ်ဆွေ၊ သင်သည် စာတန်၏သားသမီးဖြစ်ကြောင်းလက်ခံနိုင်ပါသလား။
ပထွေးစာတန်
မွေးသဖခင် မဟုတ်သောသူကို ပထွေးဟု ခေါ် ကြသည်။ စာတန်သည် လူတိုင်း၏ဖခင်ဖြစ်သည်။ သို့သော်စာတန်သည်လူများကို ဖန်ဆင်းမွေးထုတ်ပေး သူမဟုတ်။ လူကိုဘုရားသခင်ကဖန်ဆင်းခဲ့သည်။ သို့သော်ဖခင်စစ် မဟုတ်သော စာတန်ကို ဖခင်ဟုခေါ်ရသောကြောင့် စာတန်သည်လူသားများ၏ပထွေး ဖြစ် သည်။ မိတ်ဆွေ၏ပထွေးကို သိရှိပြီ။ ပထွေးသည်များသောအားဖြင့်မယားပါ သားသမီးများအပေါ်ကောင်းရိုးထုံးစံမရှိပါ။ ထို့နည်းတူစာတန်သည်လည်းလူ သားများအပေါ်မကောင်းချေ။ ပထွေးကိုကြောက်သကဲ့သို့ စာတန်ကိုကြောက်ရသည်။ ပထွေးသည်နှိပ်စက်တတ်သကဲ့သိုစာတန်သည်နှိပ်စက်တတ်သည်။
စာတန်သားများ၏လက္ခဏာ
လူသား များသည် စာတန်၏ သားသမီး များဖြစ်သောကြောင့် အောက်ပါ စာတန်၏ လက္ခဏာများရှိကြသည်-
(၁) လူအသက်ကိုသတ်ခြင်း၊
စာတန်သည် ရှေးဦးသွာမှစ၍ လူ့အသက်ကိုသတ်သောသူဖြစ်သည်ဟု သခင်ယေရှုကမိန့်သည် (ယော ၈း၄၄)။ စာတန်သည် အာဒံနှင့်ဧ၀တို့၏ဝိညာဉ်ပိုင်းဆိုင်ရာအသက်ကို သတ်သည်သာမက ကာဣနအထဲမှ အာဗေလကိုလည်း သတ်လိုက်သည် (က ၄း၈)။ ထိုနည်းတူ လူသားများလည်း အချင်းချင်း၏ဝိညာဉ်ပိုင်းနှင့်ကိုယ်ခန္ဓာပိုင်းအသက်များကို သတ်နေကြသည်။
(၂) ဘုရားသခင်ကိုရန်ဘက်ပြုခြင်း၊
စာတန်သည် အစ၌ ကောင်းကင်တမန် ဖြစ်သည်။ သို့သော် ဘုရားသခင်ကိုတော်လှန်၍ သူ့ကိုယ်သူ ဘုရားသခင်ဖြစ်ချင်သောကြောင့် ဘုရားသခင်၏ တရားစီရင်ခြင်းကို ခံရသည်။ ဘုရားသခင်၏ရန်သူဟု အဓိပ္ပါယ်ရသော စာတန်ဟူသော နာမည်ကို ရရှိလာသည် (ယေဇ ၂၈း၁၂-၁၇။ ဟေရှာ ၁၄း၁၂-၁၅)။ ထိုနည်းတူ လူသားများသည် ဘုရားသခင်နှင့်ရန်ဖြစ်လျက်ရှိသည်။ ဘုရားသခင်နှင့် အမြင်ခြင်းမတူ၊ အလိုဆန္ဓခြင်းလည်း အမြဲဆန့်ကျင်ဘက် ဖြစ်သည်။ ထို့ကြောင့် သခင်ယေရှုခရစ်သည် ရန်ငြိမ်းစေဖို့ရန် လက်ဝါးကပ်တိုင်၌ အသေခံခဲ့သည် (၂ကော ၅း၁၈)။
(၃) သစ္စာတရား (သို့) သမ္မာတရားမရှိ၊
စာတန်၌သစ္စာတရား ( သမ္မာတရား) မရှိ (ယော ၈:၄၄)။ သမ္မာတရားသည် ဘုရားသခင်၌ သာရှိသည်။ ထို့နည်းတူ လူသားများ၌ သမ္မာတရားမရှိကြ။ သမ္မာတရားနှင့် ပတ်သက်လာလျှင်အနေကြသည်။ နားမလည်ကြ၊ ထိုမျှသာမကအလိုလည်းမရှိကြ။
(၄) မုသာတရား၌ကျင်လည်၊
စာတန်သည် မုသာတရား၌ ကျင်လည်၍ မုသာ၏ အဘလည်းဖြစ်သည် (ယော ၈:၄၄)။ ထို့နည်းတူ လူသားများသည်လည်း မုသာ၌ ကျင်လည်၍မုသာကိုနှစ်သက်ကြသည်။ သမ္မာတရားကိုနားမလည်နိုင်သော်လည်း မုသာကိုမူသင်ပေးစရာမလိုဘဲ ပြောတတ်နားလည်တတ်ကြသည်။ မုသာအရာများကို စွဲလန်းခြင်းအားဖြင့် စာတန်၏သားသမီးမှန်းထင်ရှားသည်။ မိတ်ဆွေ မုသာပြောဘူးပါသလား၊ ပြောဘူးလျှင် စာတန်၏သားသမီးမှန်းထင်ရှားသည်။ ရီစရာဟာသများသည် မုသာများသာလျှင်ဖြစ်သည်။ ဟာသပြောလျှင်အလွန်အားရကြခြင်းသည်၊ မုသာ၏သားများဖြစ်ကြသောကြောင့်ဖြစ်သည်။
(၅) လောကကိုချစ်ခြင်း၊
ဤလောကကို ဘုရားသခင်က ဖန်ဆင်း၍ အာဒံလက်သို့ အပ်ခဲ့သည် (က ၁:၂၈)။ သို့သော်အာဒံသည် ဤလောကကို စာတန်လက်သို့ သူ့တပည့်ခံခြင်းဖြင့် အပ်လိုက်သည် (လု ၄:၆)။ ထို့ကြောင့်စာတန်သည်ဤလော ကကို အစိုးရသည် (ယော ၁၄:၃၀)။ လူသည် စာတန် အုပ်စိုးသော ဤလောကကို အလွန် စွဲလန်းတပ်မက်ကြသည်။ စာတန်သားသမီးများဖြစ်သောကြောင့် အဘဥစ္စာကို စွဲလန်းတပ်မက် ကြသည်။ (၆) ဒုစရိုက်ကိုပြုခြင်း၊ “မာရ်နတ်သည်ရှေ့ဦးစွာမှစ၍ဒုစရိုက်ကိုပြုသောသူဖြစ်သောကြောင့်၊ အကြင်သူသည် ဒုစရိုက်ကိုပြု၏။ ထိုသူသည်မာရ်နတ်နှင့်ဆိုင်၏၊” (၁ ယော ၃:၈)။ လောက၌ဒုစရိုက်မပြုဘူးသောသူမရှိ။ ထို့ကြောင့်လူသည် မာရ်နတ်နှင့်ဆိုင်သောသူဖြစ်ကြောင်းထင်ရှား၏။
စာတန်၏နိဂုံး
စာတန်မာရ်နတ်သည် ဘုရားသခင်၏ရန်သူဖြစ်သည်။ ထို့ကြောင့် ဘုရားသခင်သည် စာတန်အတွက်မီးငရဲအိုင်ကိုဖန်ဆင်းထားသည်။ ဘုရားသခင်ကစာတန်အား၊ “သင့်ကိုမီးရှို့ဘို့ သင့်အလယ်၌မီးကိုငါညှိမည်။”ဟုဆိုသည် (ယေဇ ၂၈:၁၈)။ တဖန်သခင်ယေရှုက၊ “မာရ်နတ်နှင့်သူ၏တမန်များအဘို့ ပြင်ဆင်သောထာ၀ရမီး။” ဟုဆိုသည် (မ ၂၅:၄၁)။ နောက်ဆုံးသောအချိန်၌၊ “မာရ်နတ်ကိုလည်းသားရဲနှင့် မိစ္ဆာပရောဖက်ရှိရာကန့်နှင့်ရောနှောသောမီးအိုင် ထဲသို့ ချပစ်လျှင် သူတို့သည် နေ့ညမပြတ် ကမ္ဘာအဆက်ဆက်ပြင်းစွာသော ဝေဒနာကိုခံရကြလတံ့” (ဗျာ ၂၀:၁၀)။ အထက်ပါ ကျမ်းပိုဒ်များအရ စာတန်၏ နိဂုံးသည်မီးငရဲအိုင်ဖြစ်သည်။ မိတ်ဆွေလည်း စာတန်နှင့်ဆိုင်သောကြောင့်မီးငရဲအိုင်ရောက်ဘို့ရန်ရှိသည်။ ထို့ကြောင့်မီးငရဲအိုင်မှလွတ်လမ်းကိုရှာဘို့လိုသည်။
==================