ဓမ္မရာဇဝင်စတုတ္ထစောင် - ၁၉
ဓမ္မရာဇဝင်စတုတ္ထစောင် - ၁၉ (အနက်ဖွင့်)
၁၉:၁–၇ ရာဗရှာခ၏ စော်ကားသံကြားသောအခါ ဟေဇကိမင်းသည် နာကျင်သည်။ ပရောဖက်ဟေရှာယ ထံသို့ ခြေမြန်တော် စေလွှတ်၍ ယုဒလူတို့၏ ခွန်အားလိုအပ်ပုံကို ပြောခိုင်းသည်။ ပရောဖက်ဟေရှာယသည် ဟေဇကိမင်းအား စိုးရိမ်အားငယ်ခြင်း မရှိဖို့၊ ထိုအာရှုရိဗိုလ်ချုပ်အား စိတ်ပြောင်းလဲစေပြီး အိမ်ပြန်ခိုင်းမည့် အကြောင်း မိမိရပ်ရွာပြန်ရောက်လျှင် အသတ်ခံရမည့် အကြောင်း စကားပြန်လိုက်သည်။
၁၉:၈–၁၃ လာခိရှသို့ ရာဗရှာခ ပြန်ရောက်သောအခါ သနာခရိပ်မင်းသည် စိတ်ပြောင်း၍ လိဗနမြို့ကို တိုက်ခိုက်ချေမှုန်းနေကြောင်း သိရသည်။
အဲသယောပိဘုရင် တိရက္ကသည် အာရှုရိပြည်အား တိုက်ခိုက်ရန် ချီတက်လာသည်ဟု သတင်းရသောကြောင့် ယေရုရှလင်အား ကဗျာကယာ အညံ့ခံခိုင်းခြင်း ဖြစ်သည်။ အချို့ကျမ်းစာ ပညာရှင်များက အပိုဒ်ငယ် (၇) သည် ကောဠာဟဠ သတင်းစကားဖြစ်ကြောင်း အပိုဒ်ငယ် (၉)က သက်သေပြသည် ဟု ဆိုသည်။ အချို့ကမူ ဗာဗုလုန်သူပုန် သောင်းကျန်းထကြွသော ကြောင့် အစီအစဉ် ပြောင်းခြင်း ဖြစ်မည်ဟု ဆိုကြသည်။
၁၉:၁၄–၂၀ ဟေဇကိမင်းသည် ဗိမာန်တော်သို့ ဝင်၍ ဘုရားသခင်ရှေ့မှာ အသနားခံ လျှောက်လဲသည်။ ယေဟောဝါဘုရားသခင်မှ တပါးအားကိုးစရာ မရှိကြောင်း လေးနက်စွာ တင်ပြသည်။ ဟေဇကိမင်း၏ ဆုတောင်းချက်ကို ထာဝရဘုရား က ပရောဖက် ဟေရှာယမှ တဆင့်အဖြေပေးသည်။
၁၉:၂၁–၂၈ အပိုဒ်ငယ် ၂၁ မှ ၂၈ သည် သနာခရိပ်နှင့် ပတ်သက်သည်။ အငယ် ၂၉-၃၄ သည် ဟေဇကိမင်းအတွက် လိပ်မူထားသည်။ ဟေရှာယ ပရောဖက်စကားသည် အာရှုရိမင်းကို ရှုတ်ချသည်။ ဇိအုန်သမီးကညာ သည် ယေရုရှလင်ကို ပုံဆောင်၏ ဟားတိုက်ပြောင်လှောင်သူမှာ အာရှုရိမင်း ဖြစ်သည်။ အာရှုရိမင်း သနာခရိပ်သည် သန့်ရှင်းသော ဘုရားနာမတော်ကို မိုက်မဲစွာ ပြက်ယယ်ပြုလျှက် ယုဒပြည်ကို ကျူးကျော်လာသည်။ ယေရုရှလင်အုပ်စိုးသူမင်း (အာရဇ်ပင်နှင့် ထင်းရှုးပင်) အကြား၌ ယေဟောဝါဘုရား ရပ်တည်စိုးစံတော်မူမည်။ သနာခရိပ်သည် တိုင်းခြားအဲဂုတ္တုပြည် စစ်အောင်ခြင်းကိုလည်း ဝါကြွားထောင်လွှားသည်။ ဘုရားသခင် မပြုနိုင်သော အမှုအရာများကို သူပြုနိုင်သည်ဟု ဘဝင်လေဟပ်နေသည်။ ဘုရားသခင်က သနာခရိပ်၏ စိတ်နှလုံးကို သိရှိထားသောကြောင့် တရားတော်နှင့် အညီ စီရင်သည်။
၁၉:၂၉–၃၄ အာရှုရိများက ယေရုရှလင်မြို့ကို တိုက်ခိုက်အောင်မြင် နိုင်မည်မဟုတ်ကြောင်း ဘုရားသခင်က အမှတ်လက္ခဏာ ပြသသည်။ ပထမ (၂)နှစ်တွင် ယုဒလူများသည် ထွန်ယက်စိုက်ပျိုးစရာ မလို။ အာရှုရိလူများက ဝိုင်းရံထားသောကြောင့် မလုပ်စားနိုင်ကြသော်လည်း ထမင်းနပ်မှန် ကြသည်။ တတိယနှစ်တွင် ပုံမှန်အတိုင်း လုပ်ကိုင်စားသောက်ကြရသည်။ ယေရုရှလင်သားတို့ ကျီးလန့်စားစာ မဖြစ်သကဲ့သို့၊ အာရှုရိလူများ၏ မြှားတစင်း၊ ခဲတလုံးမှ မြို့ထဲသို့ မကျရဟု ဆိုသည်။
၅။ သနာခရိပ် ကျဆုံးခြင်း (၁၉:၃၅–၃၇)
၁၉:၃၅–၃၇ ထိုနေ့ညတွင် ထာဝရဘုရား၏ ကောင်းကင်တမန်သည် အာရှုရိတပ်စခန်းတွင် ပေါ်ထွန်း၍ စစ်သားပေါင်းတစ်သိန်း ရှစ်သောင်း ငါးထောင်သည် နံနက်မိုးလင်းသည့်အခါ အလောင်းကောင်များ ဖြစ်နေကြသည်။
သနာခရိပ်သည် စိတ်ပျက်လျှက် နိနေဝေမြို့ တော်သို့ တပ်ခေါက်သည်။ နောက်နှစ်ပေါင်း (၂၀)ကြာ ဘီစီ ၆၈၁ ခုနှစ်၌ ထိုမြို့၌ အသတ်ခံရသည်။ (ဟေဇကိ မင်းထက်အသက် (၅)နှစ် ပိုရှည်သည်)။ သားအကြီး နှစ်ယောက်က လုပ်ကြံကြသောကြောင့် သနာခရိပ်မင်း သေဆုံး၍ တတိယသား ဧသရဟဒ္ဒုန်က မင်းအဖြစ် ဆက်ခံသည်။ အပိုဒ်ငယ် (၇) မှ ဟေရှာယ၏ ပရောဖက်ပြုချက်လည်း ပြည့်စုံမှန်ကန်လာသည်။
ယခုအနက်ဖွင့်ကျမ်းကို သက်ဆိုင်ရာတို့၏ ခွင့်ပြုချက်ဖြင့် ဝေမျှပေးထားခြင်းဖြစ်ပါသည်။ မူရင်းကို သွားရောက်ကြည့်ရှုလေ့လာလိုပါက http://bbcmm.net/the-believers-bible-commentary တွင် လေ့လာနိုင်ပါသည်။
တစ်စုံတစ်ခုကို မှတ်ချက်ပြုရေးသားလိုပါက အောက်တွင်ရေးသားဖေါ်ပြနိုင်ပါတယ်။