ဟေရှာယအနာဂတ္တိကျမ်း - ၂၄

ကမ္ဘာမြေကြီးကိုဒဏ်ခတ်မည်
1ကြည့်ရှုလော့။ ထာဝရဘုရားသည် ပြည်တော်ကို လွတ်လပ်စေ၍ ပယ်ရှင်းမှောက်ထားသဖြင့်၊ ပြည်သားတို့ကို ကွဲပြားစေတော်မူ၏။ 2ထိုအခါ ယဇ်ပုရောဟိတ်သည် ဆင်းရဲသားကဲ့သို့လည်းကောင်း၊ သခင်သည် ကျွန်ကဲ့သို့လည်းကောင်း၊ သခင်မသည် ကျွန်မကဲ့သို့လည်းကောင်း၊ ရောင်းသောသူသည် ဝယ်သောသူကဲ့သို့လည်းကောင်း၊ ကြွေးရှင်သည် ကြွေးတင်သောသူကဲ့သို့လည်းကောင်း၊ အတိုးစားသောသူသည် အတိုးပေးသော သူကဲ့သို့လည်းကောင်း ဖြစ်ရလိမ့်မည်။ 3တစ်ပြည်လုံး လွတ်လပ်၍ ရှင်းရှင်းပျက်စီးရလိမ့်မည် ဟူသောအရာကို ထာဝရဘုရား မိန့်တော်မူ၏။ 4ပြည်တော်သည် ငြိုငြင်ညှိုးငယ်ခြင်းရှိ၏။ လောကသည် အားလျော့၍ ညှိုးငယ်ခြင်းရှိ၏။ ဘုန်းကြီးသော ပြည်သားတို့သည် အားလျော့ကြ၏။ 5ပြည်သားတို့သည် တရားတော်ကို လွန်ကျူးခြင်း၊ အမိန့်တော်ကိုပြောင်းလဲခြင်း၊ ထာဝရသစ္စာတော်ကို ဖျက်ခြင်းအကြောင်းကြောင့်၊ ပြည်တော်သည် ညစ်ညူးခြင်းရှိ၏။ 6ထိုကြောင့်၊ ကျိန်တော်မူသော အကျိန်သည် ပြည်တော်ကိုလွှမ်းမိုးပြီ။ ပြည်သားတို့အပေါ်မှာ အပြစ်ရောက်လေပြီ။ ထိုကြောင့် ပြည်သားတို့သည် ပူလောင်ကြသဖြင့်၊ ကျန်ကြွင်းသောသူတို့သည် နည်းကြ၏။ 7သစ်သောစပျစ်ရည်သည် ငြိုငြင်လေ၏။ စပျစ်နွယ်ပင်သည်လည်း အားလျော့လေ၏။ စိတ်ရွှင်လန်းသောသူအပေါင်းတို့သည် ညည်းတွားကြ၏။ 8သာယာသောပတ်သာအသံ ငြိမ်းပြီ။ ဝမ်းမြောက်သောသူ၏ အသံမရှိ။ သာယာသောစောင်းသံလည်း ငြိမ်းပြီ။ 9သီချင်းဆိုလျက် စပျစ်ရည်ကို မသောက်ရကြ။ သေရည်သေရက်ကို သောက်သောသူတို့သည် ပါးစပ်ခါးကြလိမ့်မည်။ 10လွတ်လပ်သောမြို့သည် ပြိုပျက်လေပြီ။ အဘယ်သူမျှ မဝင်စေခြင်းငှာ၊ အိမ်များကို ပိတ်ထားကြပြီ။ 11စပျစ်ရည်ပြတ်သောကြောင့် လမ်းခရီးတို့၌ မြည်တမ်းခြင်းရှိ၏။ ဝမ်းမြောက်ခြင်းလည်း အကြွင်းမဲ့ကွယ်ပြီ။ တစ်ပြည်လုံး၌ သာယာသောအသံငြိမ်းပြီ။ 12ဆိတ်ညံခြင်းသည် မြို့ထဲမှာကျန်ရစ်၏၊ မြို့တံခါးကိုလည်း ရိုက်ခတ်၍ ဖြိုဖျက်ကြပြီ။
13ထိုသို့ ပြည်တော်အလယ်၊ ပြည်သားတို့တွင် ဖြစ်ရသော်လည်း သံလွင်ပင်ကိုလှုပ်၍ အသီးကို ရသကဲ့သို့လည်းကောင်း၊ စပျစ်သီးကို သိမ်းယူသောနောက်၊ အကြွင်းအကျန်ကို ကောက်ရသကဲ့သို့လည်းကောင်း ဖြစ်လိမ့်မည်။ 14ထိုသူတို့သည် ကြွေးကြော်၍ ရွှင်လန်းစွာ သီချင်းဆိုကြလိမ့်မည်။ ထာဝရဘုရားကို ချီးမွမ်းသောအသံနှင့် ပင်လယ်တစ်ဖက်မှ မြည်ကြလိမ့်မည်။ 15သို့ဖြစ်၍၊ အရှေ့မျက်နှာအရပ်တို့၌ ထာဝရဘုရားကိုလည်းကောင်း၊ ပင်လယ်တစ်ဖက် တစ်ကျွန်းတစ်နိုင်ငံအရပ်တို့၌၊ ဣသရေလအမျိုး၏ ဘုရားသခင်တည်းဟူသော၊ ထာဝရဘုရား၏ နာမတော်ကိုလည်းကောင်း ချီးမွမ်းကြလော့။ 16သန့်ရှင်းတော်မူသောသူသည် ဘုန်းကြီးတော်မူစေသတည်းဟု မြေကြီးစွန်းမှ သီချင်းဆိုသံကို ငါတို့သည်ကြားရ၏။ ငါမူကား၊ အလွန်ဆင်းရဲ၏။ အလွန်ဆင်းရဲ၏။ အမင်္ဂလာရှိ၏။ လုယက်သောသူတို့သည် လုယက်လျက်နေကြ၏။ လုယက်သောသူတို့သည် ကြမ်းတမ်းစွာ လုယက်ကြ၏။ 17အို ပြည်သား၊ သင်သည် ကြောက်လန့်ဖွယ်သောအရာ မြေတွင်း၊ ကျော့ကွင်းထဲသို့ ရောက်လေပြီ။ 18ကြောက်လန့်ဖွယ်သောအရာမှ ပြေးသောသူသည် မြေတွင်းထဲသို့ ကျလိမ့်မည်။ မြေတွင်းမှ လွတ်သောသူသည် ကျော့ကွင်း၌ ကျော့မိလိမ့်မည်။ ကောင်းကင်ပြွန်ဝပွင့်လျက်ရှိ၍၊ မြေကြီးအမြစ်လည်း လှုပ်ရှားလေ၏။ 19ပြည်တော်သည် တစ်ပြည်လုံး ပြုတ်လေပြီ။ ပြည်တော်သည် အကုန်အစင် ပြိုပျက်လေပြီ။ ပြည်တော်သည် အလွန်တုပ်လှုပ်လျက် ရှိလေ၏။ 20ပြည်တော်သည် ယစ်မူးသောသူကဲ့သို့ တလူးလည်လည်ရှိ၏။ ပုခက်ကဲ့သို့ လှုပ်ရှား၏။ မိမိအပြစ်သည် မိမိအပေါ်မှာလေးသဖြင့်၊ ပြည်တော်သည် လဲလိမ့်မည်။ နောက်တစ်ဖန်မထရ။
21ထိုကာလ၌ ထာဝရဘုရားသည်၊ မြင့်သောအရပ်၌ မြင့်သောအလုံးအရင်းကိုလည်းကောင်း၊ မြေပေါ်မှာမြေကြီး ရှင်ဘုရင်တို့ကိုလည်းကောင်း ကြည့်ရှုစစ်ကြောတော်မူလိမ့်မည်။ 22သူတို့သည် တွင်းထဲမှာ တစ်စုတည်းစုဝေး၍ ချည်နှောင်ခြင်း၊ ထောင်ထဲမှာ ချုပ်ထားခြင်းကိုခံလျက် နေရကြလိမ့်မည်။ များစွာသော နေ့ရက်ကာလလွန်ပြီးမှ၊ စစ်ကြောခြင်းကို ခံရကြလိမ့်မည်။ 23လသည်လည်း မျက်နှာပျက်လိမ့်မည်။ နေသည်လည်း အရှက်ကွဲလိမ့်မည်။ အကြောင်းမူကား၊ ကောင်းကင်ဗိုလ်ခြေအရှင် ထာဝရဘုရားသည်၊ ဇိအုန်တောင်ပေါ်မှာ ယေရုရှလင်မြို့၌ မင်းပြု၍၊ အသက်ကြီးသူတို့ရှေ့တွင် ဘုန်းကြီးတော်မူလတ္တံ့။

ဟေရှာယအနာဂတ္တိကျမ်း - ၂၄ (အနက်ဖွင့်)

၁၃။ ကမ္ဘာအဝှန်း(အခန်း၂၄)

၂၄:၁-၃ဘုရားသခင်သည်ဣသရေလမြေကိုစတင်တရားစီရင်မည်ဟုဆို သော်လည်းတချိန်တည်းတပြိုင်တည်းတွင်အရှေ့အနောက်နှင့်ကောင်းကင်နိုင်ငံမှဆိုးညစ်သူများလည်းပါဝင်သည်။ “ကမ္ဘာမြေ”ဟူသောဝေါဟာရကို“တပြည်လုံး”ဟုသုံးထားသည်။ အပိုဒ်ငယ်၂တွင်ပါရှိသည့်ယဇ်ပုရောဟိတ်သည် အပိုဒ်ငယ်၁-၃တွင်ပါရှိသောဣသရေလမြေပေါ်မှလူများကိုဆိုလိုဟန်ရှိသည်။

“တပြည်လုံး”နှင့်“လူများ”ဟူသောစကားလုံးသုံးထားသည်ကိုသတိပြုပါ။ လူ တန်းစားအလွှာစုံနေရာဒေသအနှံ့အပြားတွင်ဘေးဆိုး၊ကပ်ဆိုးကျရောက်ပျက်စီးကြမည်။

၂၄:၄-၁၃ အပိုဒ်ငယ်တွင်ဖေါ်ပြသည့်“လောက”သည်တရားစီရင်ခြင်း ခံရမည့်နယ်မြေကျယ်ဝန်းပုံကိုဖေါ်ညွှန်းသည်။ ကမ္ဘာအဝှမ်းညစ်နွမ်းစုတ်ပဲ့မှု ကြောင့်ဘုရားသခင်ကလူများသို့ပြုထားသောထာဝရပဋိညာဉ်တရားပျက်စီး သည်။ ဤကတိတော်ကိုအချို့က နောဧသို့ပြုထားသောကတိတော်ဖြစ်သည် (က၉:၁၆)ဟုဆိုကြသည်။ သို့သော်သိရှိထားရန်အချက်မှာဘုရားသခင်၏ပဋိ ညာဉ်ကတိတော်သည်ပျက်ပြယ်ရိုးမရို။ ချို့ယွင်းချက်မရှိ။ အချို့ကမောရှေသို့ပြု ထားသောပဋိညာဉ်တရားဖြစ်သည်ဟုဆိုသည်။ ထိုစကားအရဆိုလျှင် မောရှေ သုံးပြုကတိတော်သည်ဣသရေလများအတွက်ဖြစ်သည်။ ထိုကတိတော်သည် ထာဝရကာလနှင့်ဆိုင်သောကတိတော်မဟုတ်။ The Bible Knowledge Commentary က“အထူးတလည်ထပ်မံခေါ်ပြစရာမလိုသောလူများက နှုတ်ကပတ်တော်နာခံရမည်ဟူသောပဋိညာဉ်၃၃”ဟုဆိုသည်။ ပြဿနာရှုပ်ထွေး နေသောမြို့တော်ဆိုသည်မှာယေရုရှလင်မြို့ဖြစ်သည်။ သို့သော်ယေရုရှလင်မြို့ပြအငွေ့အသက်လွှမ်းမိုးသောဆင် ခြေဖုံးဒေသများအားလုံးအကျုံးဝင်သည်။

၂၄:၁၄-၂၀ ရွေးနှုတ်ကယ်တင်ထားသောသူအကြွင်းအကျန်များသည် ကယ်တင်ခြင်းရရှိသည့်ကျေး ဇူးတော်ချီးမွမ်းသီချင်းဟစ်ကြွေးကြမည်။

ထို့နောက်ပရောဖက်ကြီးသည်ကြောက်လန့်ဖွယ်ရာဘေးဒဏ်ကြီးကာလကိုတွေးပြီးနာကျင်သည်။ ထိုကာလတွင်လိမ်ညာလှည့်ဖျားမှုအမျိုးမျိုးပေါ် ပေါက်လာမည်။ မည်သူမှလွတ်မြောက်မည်မဟုတ်။ ကမ္ဘာလောကကြီးသည် အရက်မူးသမားသဖွယ်ယိမ်းယိုင်နေမည်။ ကြိမ်လုံးဖြင့်ရိုက်မိလျှင်တချက် တည်းနှင့်လဲကျမည်။ ပြန်ထတော့မည်မဟုတ်။

၂၄:၂၁-၂၃ ထိုကာလ၌ဘုရားသခင်သည်မြင့်သောကောင်းကင်၌ရှိသူ များကိုလည်းတရားစီရင်မည်။ “ဤကျမ်းပိုဒ်သည် (ဗျာ၁၉:၁၉-၂၀၊၂၀:၁-၃) နှင့်ဆက်စပ်သည်။ မြေပေါ်ရှိမြေကြီးဘုရင်နှင့်ရုပ်သေးရုပ်အစိုးရများသည် လည်း ခရစ်တော်ဘုရားဒုတိယအကြိမ်ကြွလာသောအခါအပြစ်တရားစီရင် မည်။ ဘုရားသခင်၏ဘုန်းတန်ခိုးနှင့်ယှဉ်လျှင်နေနှင့်လ၏အလင်းများသည်ရှက် စရာမျှသာဖြစ်သွားမည်။

ယခုအနက်ဖွင့်ကျမ်းကို သက်ဆိုင်ရာတို့၏ ခွင့်ပြုချက်ဖြင့် ဝေမျှပေးထားခြင်းဖြစ်ပါသည်။ မူရင်းကို သွားရောက်ကြည့်ရှုလေ့လာလိုပါက  http://bbcmm.net/the-believers-bible-commentary  တွင် လေ့လာနိုင်ပါသည်။

တစ်စုံတစ်ခုကို မှတ်ချက်ပြုရေးသားလိုပါက အောက်တွင်ရေးသားဖေါ်ပြနိုင်ပါတယ်။