ဆာလံကျမ်း - ၅၅

သစ္စာမဲ့ခံရသူ၏ဆုတောင်း
1အိုဘုရားသခင်၊ အကျွန်ုပ်ဆုတောင်းသောစကားကို နားထောင်တော်မူပါ။ အသနားတော်ခံသောအခါ ရှောင်၍နေတော်မမူပါနှင့်။ 2ကြည့်ရှုနားထောင်တော်မူပါ။ ရန်သူ၏စကားသံကြောင့်လည်းကောင်း၊ မတရားသောညှဉ်းဆဲခြင်းကြောင့်လည်းကောင်း၊ အကျွန်ုပ်သည် ညှိုးငယ်သောစိတ်နှင့် ညည်းတွားမြည်တမ်းလျက် နေရပါ၏။ 3သူတို့သည် အကျွန်ုပ်အပေါ်၌ အပြစ်ကိုသက်ရောက်စေ၍၊ ဒေါသစိတ်နှင့် မုန်းကြပါ၏။ 4အကျွန်ုပ်နှလုံးသည် ကိုယ်အထဲမှာ တုန်လှုပ်၍ သေဘေးကို ကြောက်အားကြီးပါ၏။ 5ကြောက်ရွံ့တုန်လှုပ်ခြင်းသို့ရောက်၍ အလွန်ထိတ်လန့်ခြင်း၌ မွန်းလျက်ရှိရပါ၏။ 6ငါသည် ချိုးငှက်ကဲ့သို့ အတောင်ကို ရပါစေသော။ ထိုသို့ရလျှင် အခြားသို့ပျံသွား၍၊ ငြိမ်ဝပ်လျက်နေလိမ့်မည်။ 7ဝေးစွာသွား၍ တောမှာနေရာကျလိမ့်မည်။ 8ပြင်းစွာသော မိုးသက်မုန်တိုင်းနှင့် လွတ်ခြင်းငှာ၊ အလျင်အမြန်ပြေးလိမ့်မည်ဟု အကျွန်ုပ်စိတ်ရှိပါ၏။
9အိုထာဝရဘုရား၊ သူတို့စကားကို ပပျောက်အောင် ကွဲပြားစေတော်မူပါ။ မြို့တော်တွင် အနိုင်အထက်ပြုခြင်းနှင့် လုယူခြင်းကို အကျွန်ုပ်မြင်ပါပြီ။ 10မြို့ရိုးပေါ်မှာ နေ့ညမပြတ် သူတို့သည်လည်ကြပါ၏။ မြို့ထဲမှာ ဆိုးညစ်သောအမှုနှင့် နှောင့်ယှက်ခြင်းအမှုရှိကြပါ၏။ 11အဓမ္မတရားတို့သည် မြို့အလယ်၌ရှိ၍၊ ညှဉ်းဆဲခြင်းနှင့် လှည့်စားခြင်းသည် လမ်းတို့၌ နေရာကျကြပါ၏။ 12ငါ့ကိုကဲ့ရဲ့သောသူသည် ငါ့ရန်သူမဟုတ်။ ဟုတ်လျှင် သည်းခံနိုင်၏။ ငါ့ကိုရန်ဘက်ပြုသောသူသည် ငါ့ကိုမုန်းသောသူမဟုတ်။ ဟုတ်လျှင် ထိုသူကိုငါရှောင်နိုင်၏။ 13ထိုသို့ပြုသောသူသည် သင်ဖြစ်၏။ ငါနှင့် ဘက်သောသူ၊ ငါ့မိတ်ဆွေ၊ ငါအသိအကျွမ်းဖြစ်၏။ 14အချင်းချင်းသာယာသော ဆွေးနွေးတိုင်ပင်ခြင်းကို ပြုကြပြီ။ ဘုရားသခင်၏အိမ်တော်သို့ လူအစုအဝေးနှင့် အတူသွားကြပြီ။ 15သူတို့ကို သေမင်းဖမ်းဆီးပါစေ။ အသက်ရှင်လျက် မရဏနိုင်ငံသို့ ဆင်းသက်ကြပါစေ။ အကြောင်းမူကား၊ ဒုစရိုက်တို့သည် သူတို့နေရာတွင် သူတို့အထဲ၌ရှိကြ၏။
16ငါမူကား၊ ဘုရားသခင်ကိုပတ္ထနာပြု၍၊ ထာဝရဘုရားသည် ကယ်တင်တော်မူမည်။ 17ညဉ့်ဦးအချိန်၊ နံနက်အချိန်၊ မွန်းတည့်အချိန်တို့၌ ငါသည်ညည်းတွားမြည်တမ်း၍၊ ငါ၏အသံကို ကြားတော်မူမည်။ 18ငါ့ကို စစ်တိုက်ကြစဉ်တွင်၊ ငါ့အသက်ကို ရွေးနုတ်၍ ချမ်းသာပေးတော်မူမည်။ ငါ့ဘက်၌နေသောသူ အများရှိကြ၏။ 19ရှေးကာလမှစ၍ အမြဲစီရင်သော ဘုရားသခင်သည် နားထောင်၍ သူတို့ကို နှိမ့်ချတော်မူမည်။ သူတို့သည် ပြောင်းလဲခြင်းမရှိသောကြောင့် ဘုရားသခင်ကို မကြောက်မရွံ့ကြ။ 20ထိုသို့သောသူသည် မိတ်ဆွေဖြစ်သောသူကိုပြစ်မှား၍ သစ္စာပျက်တတ်၏။ 21သူ၏စကားသည် ထောပတ်ထက်ချောသော်လည်း၊ စစ်တိုက်မည်ဟု အကြံရှိ၏။ သူ၏စကားသည် ဆီထက်ပျော့သော်လည်း၊ ထုတ်သောဓားဖြစ်၏။
22ထမ်းရွက်ရသောဝန်ကို ထာဝရဘုရား၌ ချထားလော့။ သင့်ကိုမစတော်မူမည်။ ဖြောင့်မတ်သောသူကို အစဉ်အမြဲ လှုပ်ရှားစေတော်မမူရာ။ 23အိုဘုရားသခင်၊ အခြားသောသူတို့ကို ဖျက်ဆီးရာတွင်းထဲသို့ ချတော်မူမည်။ လူအသက်ကို သတ်သောသူနှင့် သစ္စာပျက်သောသူတို့သည် မိမိအသက်တာ တစ်ဝက်ခန့်မျှ မရှင်ရကြ။ အကျွန်ုပ်မူကား၊ ကိုယ်တော်၌ ခိုလှုံပါမည်။

ဆာလံကျမ်း - ၅၅ (အနက်ဖွင့်)

ဆာ ၅၅ သင့်ဝန်ထုတ်ကိုချထားလော့

          အဟိသောဖိလသည်ဒါဝိတ်၏လူယုံတော်သစ္စာရှင်ထဲတွင် တပါးဖြစ်ခဲ့သည်။ နောက်တွင်မူ အဗရှလုံလက်ထဲသို့ပါသွားသည်။ ဤဆာလံကျမ်းတွင် ဒါဝိတ်စိတ်ဓာတ်ကျဆင်းနာကျင်ပုံ ရေးစပ်ထားသည်။ ထို့ကဲ့သို့ပင်ယုဒရှကာယုတ်က သခင်ယေရှုကို သစ္စာဖောက်သောအခါ အဘယ်မျှနာကျင် နေမည်ကို မျှဝေခံစားနိုင်သည်။ ဤဆာလံကျမ်းဆုတောင်းစကားသည် ရောက်လာမည့် အန္တီခရစ်လက်အောက်၌ ရွေးနှုတ်ခံလူနည်းစုတို့၏ ဝေဒနာအတိတ်စိမ်းဖြစ်သည်။

၅၅: သောကထွေပြားများပြားသော်လည်းဘုရားသခင်ကို အားကိုးရမည့်အကြောင်းမ မေ့။ ဘုရားသခင်ထံသို့ဆုတောင်းရကောင်းမှန်းသိသည်။ ဆုတောင်းနိုင်သေးသည်။ အကောင်းမြင် ဝါဒဖြင့်ပြောလျှင် နားညောင်းတော်မူပါဟုဆိုသည်။ အငြင်းဝါကျဖြင့်ဆိုလျှင် ကိုယ်တော်ဘုရားရှောင် ပုန်းမနေပါနှင့်ဟု အနက်ရသည်။ ပရိတ်သတ်များအား “ဒီမှ” ဟုသတိပေး “နားထောင်ကြပါ” ဟုဆိုသည်။

၅၅:၂ခ ထို့နောက်သူ့ခံစားချက်များကို တစ်ခုပြီးတစ်ခုရင်ဖွင့်သည်။

ဂဏှာမငြိမ်။ မတရားညှဉ်းဆဲကြသဖြင့် ညှိုးငယ်နေရသည်။

ရန်သူများ၏ ဖိစီးသံကနှိပ်စက်နေသည်။

မတရားသူများက နှိပ်ကွက်ကြသည်။

ဘေးဒုက္ခ ပုံအောက်သို့သဂြိုဟ်ကြသည်။

မနားတမ်းဒလစပ်တိုက်ခိုက်ကြသည်။

နှလုံးကြွေပြုန်းလုလုနာကျင်သည်။

ကံကြမ္မာဆိုးတိမ်မှိုင်းညိုအုပ်စိုးနေသည်။

ထိန်းမနိုင်သိမ်းမနိုင် တုန်လှုပ်နေသည်။

          အလွန်ထိတ်လန့်ကြောက်ရွံ့ပါ၏။

၅၅: ပထမဆုံးလျှောက်လဲချက်မှာ ထိုဆင်းရဲဒုက္ခတောမှ ဝေးရာသို့ပျံသန်းလိုပါ၏။ တောင်းပန်သာရှိလျှင် လွတ်ရာကျွတ်ရာကန္တာရတောသို့ပျံသန်းမည်။ ထိုဒုက္ခနွံတောထဲမှရုန်းထွက် ရန်အချိန်ဖြုန်း၍ရုန်းကန်မနေချင်။ ယခုချက်ခြင်းထွက်ခွာသွားချင်သည်။

၅၅: ယခုမူကားဘေးပတ်လည်တွင် ဒုက္ခမီးပုံတောက်လောင်နေပါသည်။ လောင်ကျွမ်းလု မတတ်မီးဟတ်နေရသောကြောင့် ဘုရားသခင်အားအော်မြည်တမ်းတနေရသည်။ ရန်သူများအကြံ မမြောက်အောင်ဖျက်ဆီးတော်မူပါ။ အချင်းချင်းစကားနားမလည်အောင် လုပ်ပေးတော်မူပါ။ ထိုကျမ်းစကားသည် ၂ရာ၁၅:၃၁ပါအဟိသောဖိလ၏အကြံပေးချက်အား အသုံးမဝင်အချည်းနှီးဖြစ် ပါစေဟူသောစကားပြေဆုတောင်းချက်ဖြစ်သည်။

၅၅:၉ခ၁၁ ယေရှဲ၏သားဒါဝိဒ်သည်ယေရုရှလင်မြို့အားလှမ်းကြည့်သောအခါ အနိုင်အထက် ပြုခြင်း၊လုယူခြင်း အစရှိသည့်ဉပဒေမဲ့လုပ်ဆောင်မှုများတွေ့နေရသည် ။မြို့ရိုးပေါ်မှာလည်း နေ့နေ့ညဉ့်ညဉ့် မကောင်းသောစကားဝိုင်းဖွဲ့နေကြပါသည်။ တချိန်ကငြိမ်သက်ချမ်းမြေ့သောမြို့တော် သည်ယခုအခါလိမ်လည်လှည့်ဖျားမှုဖြင့် ဒုစရိုက်သောင်းကျန်းနေပါသည်။ မြို့ပြစျေးလယ်ခေါင်တွင် လည်းမတရားနှိပ်စက်မှုနှင့်လိမ်လည်မှုရောပြွမ်းနေသည်။ လောကပါလတရားများပျောက်ဆုံးနေ ပါသည်။

၅၅:၁၂၁၅ အထူးသဖြင့် ဒါဝိဒ်၏ရင်ထဲတွင်လူယုံတော်၏သစ္စာဖောက်မှုဗလောင်ဆူနေ သည်။ သူ့ကိုမကောင်းကြံစည်သူသည် ရန်သူဖြစ်လျှင်ခံသာပါသည်။ ကလဲ့စားချေလိုသည်ဆိုလျှင် လည်း ခံနိုင်ပါသည်။ ယခုမူထို့သို့သောရန်သူမဟုတ်။ ဒါဝိဒ်ပေးသောထမင်းကိုစား၊ ဒါဝိဒ်ပေးသော ရကိုသောက်သုံးခဲ့သည့်လူယုံတော်က သစ္စာဖောက်၍ဒါဝိဒ်နောက်ကျောကို ဓားထိုးလေပြီ။ ဒါဝိဒ်ကမူ နန်းတော်ထဲတွင်အတူတူစိုးစံ၍ ယဇ်ပလ္လင်တွင်အတူတူသွားခဲ့သူဟုဆိုသည်။ မသေခင်ပုပ်စောနံ သည်။ ထိုသစ္စာဖောက်ကိုအရှင်လတ်လတ် မရဏာနိုင်ငံသို့ရောက်စေဟု ဒါဝိဒ်ဆိုသည်။ အဘယ်သို့ ဆိုသော်မရဏာနိုင်ငံသည် မတော်မတရားသူများအတွက်ဖြစ်သည်။ “Sheolသည်မတော်မတရားသူ များ၏ဘူမိနက်သန်စိတ်တည်ရာအရပ်”(Gelineau)။

၅၅:၁၆၂၁ ဒါဝိဒ်၏ခံစားချက်အမှောင်ခန်းထဲတွင် ကျဉ်းကြပ်နေသော်လည်းသူ့ဆုတောင်း ချက်ကိုဘုရားသခင်ကအဖြေပေးမည်ဟု တထစ်ချယုံကြည်သည်။ နံနက်ယံ၊ နေ့လယ်ယံ၊ ညနေယံ အချိန်ကာလတလျှောက်စုဆောင်းပါသည်။ ရန်သူအင်အားများပြားသော်လည်း ရန်သူကိုအနိုင်ပိုင်း နိုင်မည်ဟုယုံကြည်ကြသည်။ မှန်ပါသည်။ ဘုရားသခင်ကဒါဝိဒ်၏ဆုတောင်းသံကြားတော်မူ၍ ရန်သူများကို ရှုံးစေပါသည်။ ဒါဝိဒ်အားအောင်ခြင်းသရဖူဆောင်းစေပါသည်။ ကိုယ်တော်ကိုယုံကြည် အားကိုးသူများသည်ဘယ်သောအခါ လျစ်လျှူမရှုသည့်အကြောင်းတည်း။ နောင်တမရဘဲဘုရား သခင်ကိုမကြောက်သူများသည်အဆုံးတွင် ပျက်စီးခြင်းတွင်းသို့ရောက်ရစမြဲ။ ထိုသူများ၏စကား သည် ထောပတ်ထက်ချောသော်လည်းရန်စကားဆိုတတ်၏။ ဆီထက်ပျော့သော်လည်း ဓါးသွားကဲ့သို့ ထက်၏။

၅၅:၂၂ ဤကျမ်းချက်သည် ဆာ ၅၅၏ရွှေကျမ်းပိုဒ်ဖြစ်သည်။

ထမ်းရွက်ရသောဝန်ကိုထာဝရဘုရား၌ ချထားလော့။

          သင့်ကိုမစတော်မူမည်။

          ဖြောင့်မတ်သောသူကို အစဉ်အမြဲလှုပ်ရှားစေတော်မူရာ

          ဆာလံဆရာကသူသည် ဒုက္ခပင်လယ်ဝေနေသော်လည်းထွက်ပြေးတိမ်းရှောင်မည်မဟုတ်။ ဘုရားသင်ထံတော်သို့ချထားမည်ဟု ခံယူသည်။ ထိုအကြောင်းနှင့်ပတ်သက်၍ ဘုန်းတော်ကြီး Horne က “အကျွန်ုပ်တို့၏ဝန်ထုပ်ဝန်ပိုးကြီးနှင့်ကြေကွဲဝမ်းနည်းမှုကြီးကို သယ်ဆောင်ပေးသွား သော်မဖြစ်စလောက်အထုပ်ငယ်ကလေးများကို သယ်ပေးဖို့ဝန်မလေး” ဟုဆိုသည်။

၅၅:၂၃ လူသတ်သမားများနှင့်မသမာလိမ်လည်လှည့်စားသူများသည် သက်ဆိုင်းမရှည်ကြ။ အချိန်မတိုင်မီသေဆုံးကြသည်။ အဟိသောဖိလ (၂ရာ၁၇:၁၄-၂၃)ယုဒရှင်ကာရုတ် (မ ၂၇:၅)။ ဘုရားသခင်ကိုမှီခိုသူများမူကား ဘေးဒုက္ခရောက်၍ဆုတောင်းသောအခါဘုရားရှင်ကကူညီမစသည်။

ယခုအနက်ဖွင့်ကျမ်းကို သက်ဆိုင်ရာတို့၏ ခွင့်ပြုချက်ဖြင့် ဝေမျှပေးထားခြင်းဖြစ်ပါသည်။ မူရင်းကို သွားရောက်ကြည့်ရှုလေ့လာလိုပါက  http://bbcmm.net/the-believers-bible-commentary  တွင် လေ့လာနိုင်ပါသည်။

တစ်စုံတစ်ခုကို မှတ်ချက်ပြုရေးသားလိုပါက အောက်တွင်ရေးသားဖေါ်ပြနိုင်ပါတယ်။