ရှင်ယာကုပ်ဩဝါဒစာ-၅
Judson Bible Revision © Bible Society of Myanmar, 2019.
ရှင်ယာကုပ်ဩဝါဒစာ -၅ အနက်ဖွင့်
၉။ ချမ်းသာခြင်းနှင့်အနာဂတ်သံဝေဂ (၅:၁–၆)
ပေါက်ပေါက်ရှာရှာ ဤအခန်းတွင် ကြွယ်ဝချမ်းသာခြင်း၏ အပြစ်ကို စွဲချက်တင်ထားသည်။ ပိဿလေးနှင့်ပစ်ပေါက်၊ ခေါင်းကိုတူနှင့်ထုနှက်သကဲ့သို့ စကားလုံးအတုံးလိုက် အတစ်လိုက်သုံး ထားသည်။ ပစ်ပစ်ခါခါ ဝေဖန်ထားသဖြင့် ဤကျမ်းချက်မျိုးကိုတရားဟောခဲ့ကြသည်။
ဤအခန်းတွင် ရှင်ယာကုပ်သည် လူမှုရေးပရောဖက် ဖြစ်နေသည်။ လူ့ချမ်းသာသူ ဌေးသူကြွယ်များက ငွေကြေးဓနများကိုလူမှုဒုက္ခများ ဖြေရှင်းရာတွင်ထဲ့ဝင်မသုံးချင်ကြသည့်အကြောင်းကို ညွှန်ပြမည်တမ်းထားသည်။ အလုပ်သမားများကို မတရားခိုင်းစားသော ခေါင်းပုံဖြတ်သမားများကို ရှုတ်ချသည်။ သူတို့၏ငွေကြေးများ အတ္တသာယာမှုနှင့် ဇိမ်ခံဖို့ဖြုန်းတီးကြခြင်းကို အပြစ်တင်ထားသည်။ ကုန်ကုန်ပြောရလျှင် ထိုသူများသည် ဖြောင့်မတ်ခြင်းကို ဖိနှိပ်သူများအဖြစ် စွဲချက်တင်ထားသည်။
၅:၁ ပထမအနေဖြင့် လူချမ်းသာများသည် ကပ်စေးနဲကြသောကြောင့် ဆင်းရဲဒုက္ခ ဝေဒနာဖြင့် ငိုကြွေး ကြရမည် ဟုသတိပေး လှုံ့ဆော်ထားသည်။ ထို့နောက်တွင်မှ အရှက်ကြီးရှက်လျှင် ဘုရားသခင်၏ ရှုတ်ချခြင်းခံရမည်။ ထိုအချိန်တွင် ဘုရားသခင်၏ အစေခံ မပီသခဲ့ကြောင်း မြင်လာကြရမည်။ ဆုံးရှုံး လက်လွှတ်လိုက်ရသော အခွင့်အရေးများအတွက် တစာစာငိုကြွေးကြမည်။ မိမိ၏အတ္တနှင့်ရမ္မတဏှာကို ပြန်မြင်ယောင်မည်။ မသင့်မလျှော် လုပ်ကိုင်ခိုင်းစားမှုကို ပြန်လည်သိရှိလာမည်။ ဘုရားသခင် ထက်လောကအရာများ၌ သာယာခဲ့ပုံကို ပြန်မြင်လာမည်။ ထိုသို့ဖြင့်ပြုမှားမိခဲ့သော အတ္တအမှုအတွက် မျက်ရည်ပူကျမည်။ ဤကျမ်းစာက ကြွယ်ဝချမ်းသာသူများ၏ အပြစ်(၄)မျိုး သွန်သင်ထားပါသည်။ ပထမအချက်သည် လောကအရာကို စုဆောင်းခြင်းဖြစ်သည်။
၅:၂ “သင်၏ဥစ္စာပစ္စည်းသည် ပုပ်စပ်လျှက်ရှိ၏“ဟုဆိုထားသည် “သင်စုဆောင်းထားသောအဝတ် အစားများကို ခြ ပိုးဟတ်စားမည်၊ သင့်ရွှေနှင့်ငွေများသည် အရောင်မှိန်သွားခြင်းသည် မတရားစု ဆောင်းသောကြောင့်ဖြစ်၍ ပျက်စီးသွားကြမည်”။ (JBP)
ကြွယ်ဝချမ်းသာခြင်းသည် အပြစ်ဖြစ်သည်ဟုကျမ်းစာကမပြောပါ။ တစ်စုံတစ်ဦးသည် အမွေဆက်ခံ၍ ကြွယ်ဝချမ်းသာခြင်းသည် အပြစ်ကျူးလွန်ခြင်းမဟုတ်။ ကျမ်းစာကသွန်သင်သည်မှာ လောစည်းစိမ်ချမ်းသာ ခင်တွယ် စုဆောင်းခြင်းသည်သာလျှင် မှားယွင်းသည်ဟုဆိုသည်။ သခင်ယေရှု ကိုယ်တော်တိုင်က လောကစည်းစိမ် စုဆောင်းခြင်း မပြုဖို့ တားမြစ်ထားပါသည်။ “သံချေးပိုးရွ ဖျက်ဆီး၍ သူခိုးထွင်းဖေါက်ခိုးယူရာ မြေကြီးပေါ်မှာ ဘဏ္ဍာကို မဆည်းပူကြနှင့်။ သံချေးပိုးရွဖျက်ဆီး၍ သူခိုးမထွင်းဖေါက်မခိုးယူရာ၊ ကောင်းကင်ဘုံ၌ ဘဏ္ဍာကို ဆည်းပူးကြလော့။ အကြောင်းမူကား အကြင်အရပ်၌ သင်တို့၏ဘဏ္ဍာသည်ရှိ၏။ ထိုအရပ်သို့သင်တို့ စိတ်နှလုံးရောက်တတ်၏” (မ ၆:၁၉-၂၁)
ကြွယ်ဝချမ်းသာခြင်းကိုအသွင်(၄)မျိုးဖြင့်ကျမ်းစာကဖော်ပြထားသည်။ ဘဏ္ဍာ၊ အဝတ်တန်ဆာ၊ ရွှေနှင့်ငွေတို့ဖြစ်သည်။ ကျမ်းစာရေးသားပြုစုသည့်ကာလတွင် ကြွယ်ဝချမ်းသာခြင်း ကို လူ၊ဆီ၊ အထည်အလိပ်၊ ရွှေ၊ ငွေနှင့်အခြားခြံထွက်သီးနှံများဖြင့် တိုင်းတာသည်။ သင်တို့၏ ကြွယ်ဝချမ်းသာမှုများပျက်စီးမည်ဟု ကျမ်းစာကဆိုထားပါသည်။ ဂျုံများပိုးရွစာ၍ ဆီသည်လည်း ပုပ်စပ်မည်ဟုဆိုလိုသည်။ ထို့ကြောင့် ထိုအရာများစုဆောင်းခြင်းသည် ပျက်စီးသောအရာများ စုဆောင်းခြင်းဖြစ်သည်ဟုဆိုလိုသည်။ ဆာလောင်ငတ်မွတ်သည့်အခါတွင် တကြိမ်တခါသာ စားသုံးခွင့်ရမည်။ သင့်အဝတ်တန်ဆာများ ခြပိုးစားမည်ဆိုခြင်းမှာ အဝတ်တန်ဆာများသည် တလောကလုံး ဝတ်စား၍မရသဖြင့်ခြပိုးစားမည် ဟုဆိုလိုသည်။ ထို့ကြောင့်ဝတ်ကောင်းစားလှများ တထည်ပြီးတထည်ဝတ်စားဆင်ယင်ခြင်းကို ကျမ်းစာကရှုတ်ချခြင်းဖြစ်သည်။
၅:၃ ရွှေငွေလည်းအချေးတက်၍ ပျက်ကုန်ပြီ။ ထိုအချက်သည်သင်တို့ဘက်၌ သက်သေဖြစ်၍ မီးကဲ့သို့သင်တို့အသားကိုစားလိပ်မည်။ ရွှေနှင့်ငွေသည် ခြပိုးမစားနိုင်သော်လည်း အရောင်မှိန်တတ်သည်။ အရောင်ပြယ်ခြင်းကို ပျက်စီးချိုးယွင်းသည်ဟုဆိုလိုသည်။ မိမိငွေကြေးများကို စုဆောင်းနေမည့်အစား၊ ငတ်မွတ်ခေါင်းပါးသူများကို ကျွေးမွေး၊ အဝတ်အစား ဆင်းရဲသူများကို ပေကမ်း၊ ဖျားနာသူများကိုဆေးဝါးကူညီ၊ ဧဝံဂေလိဆရာများကို ထောက်ပံ့ရသည်။ လူချမ်းသာများ ချမ်းသာသထက်ချမ်းသာအောင် စုဆောင်းခြင်းကို ပြစ်တင်ခြင်းဖြစ်သည။ ထိုသို့ စုဆောင်ခြင်းသည် မည်သူ့အတွက်မှ အကျိုးမရှိပါ။
တရိရိပြိုပျက်ပျက်စီးခြင်း ဆိုသည်မှာ လူချမ်းသာများပျက်စီးမည့်ပုံဖြစ်သည်။ ထိုခေတ်အခါက သူဌေးသူကြွယ်များအတွက် မှန်ကန်ခဲ့လျှင်ယနေ့ယုံကြည်သူများအတွက်လည်း မြေကြီးလက်ခတ် မလွဲပါ။အကယ်၍ မိမိကြွယ်ဝချမ်းသာမှုကို ဧဝံဂေလိအမှုတွင်မပါဝင်ဘဲ ကပ်စေးနဲနေလျှင် အဘယ်မျှ လောက်ရှုတ်ချစရာကောင်းသနည်း စုဆောင်းကပ်စေးနဲထားသောအရာများက ကယ်တင်ခြင်းပေး နိုင်ပါသလား။ “ကြွယ်ဝချမ်းသာမှုက သင့်အသွေးအသားကိုမီးကဲ့သို့ တရိရိပြိုပျက်စားသွားမည်” ဆိုခြင်းမှာထိုကြွယ်ဝချမ်းသာမှုသည် တရိရိ၊တစပြီး တစပြိုပျက်ပျက်စီးသွား၍ တနေ့သောအခါ ကြီးစွာသောတရားသံဝေဂရစေမည်ဟုဆိုလိုပါသည်။ အတ္တ၊ ရက်စက်မှုများဖြင့် စုဆောင်းထားသော စည်းစိမ်းဥစ္စာကိုပြန်ကြည့်သောအခါ (အဖိုးတန်ကျောက်မျက်ရတနာ၊ အဝတ်တန်ဆာ၊ ဇိမ်ခံပစ္စည်းနှင့် စျေးကြီးကြီး ကားများ) မီးလောင်ထားသကဲ့သို့ အစွန်းအကွက်၊ အဖုအပိန့်များဖြင့် ရုပ်ပျက်ဆင်းပျက် ဖြစ်နေသည်ကိုတွေ့ရမည်။
၅:၄ နောက်တစ်ချက်အဖြစ် ခိုင်းစားသောအလုပ်သမားများအား တန်ရာတန်ကြေးမပေးခြင်း ဖြစ်သည်။ လယ်ကွက်ထဲတွင် ရိတ်ခိုင်းထားသော ကောက်ရိတ်သူများအား ရသည့်ရထိုက်သည်များ ကိုပေးချေရသည်။ ကောက်ရိတ်သမားများသည် ဆင်ခြေတက်ချင်ကြသော်လည်း သူ့တို့ဘက်တွင် ရပ်တည်ပေးမည့်သူမရှိကြ။ အောင်မြင်စွာထူမပေးမည့်သူ တစ်ယောက်မှ မရှိ။ သို့သော်လည်း သူတို့အော်သံ၊ ငိုသံကိုကောင်းကင်ဘုံရှင် ဘုရားသခင်သိကြားသည်။ လောကရက်စက်မှုသရဖူ အပေါင်းအား နှိမ်နှင်းရန် ထောင်သောင်းချီ၍ ကောင်းကင်စစ်သားများ စေလွှတ်နိုင်သည်။ တန်ခုးတော် အနန္တနှင့်ပြည့်စုံတော်မူသော ဘုရားသခင်က ထိုမြေနိမ့်ခံများကို ကူညီရပ်တည်ပေးသည်။ ထို့ကြောင့် လောကစည်းစိမ်ဥစ္စာကို စုဆောင်းကပ်စေးနဲသူများကိုသာမက၊ တရားမျှတစွာ စီးပွားမရှာစားသူ များကိုလည်းကျမ်းစာကရှုတ်ချသည်။ ထိုကဲ့သို့ ဝင်ငွေခွန်မမှန်မကန်ဖော်ပြ၍ ဝင်ငွေခွန်တိမ်းရှောင် ခြင်း၊ လိမ်ညာကြော်ငြာခြင်းနှင့်စျေးနှုန်း မသမာခြင်းများကိုလည်း ကျမ်းစာကအပြစ်တင်ရှုတ်ချ ထားပါသည်။
၅:၅ မလိုလားအပ်ဘဲ ဇိမ်ခံခြင်းကိုလည်း ကျမ်းစာကအပြစ်တင်ထားပါသည်။ အဖိုးတန် လက်ဝတ်ရတနာများ၊ မတန်တဆအဝတ်အစားများ၊ အပျော်အပါး အစားအသောက်များနှင့် နန်းတော်ကဲ့သို့သော ဂေဟာကြီးများ စသည်များသည် အများပြည်သူ ဆင်းရဲငတ်မွတ်နေချိန်တွင် အဘယ်မျှလောက်ဖြုန်တီးရာ ရောက်သနည်း။ ယနေ့ခေတ်ကာလတွင်လည်း အသင်းတော်နှင့် ယုံကြည်သူများသည် မည်မျှအသုံးစွဲကြီး လက်ဖွာကြပါသနည်။ အစာငတ်မွတ်ခေါင်းပါး၍ နေ့စဉ်နှင့်အမျှ ထောင်ပေါင်းသောင်းချီမက သေဆုံးနေကြသော ကမ္ဘာတွင် ကျွန်ုပ်တို့ နေထိုင်ရပါသည်။ ကမ္ဘာသူကမ္ဘာသားတဝက်ကျော်ကျော်သည် ယေရှုခရစ်တော်နာမည် မကြားဘူးကြပါ။ ထိုကြားထဲဝါင်ပြိုင်ပွဲဝင်ကား၊ ဇိမ်ခံကားနှင့် ဇိမ်ခံဘုတ်များဖြင့် ဇိမ်ခံနိုင်ကြပါ သလား။ ဘုရားသခင်ပေးသောငွေကြေးကို ဟိုတည်ကြီးများ၊ အဆင့်မြင့်စားသောက်ဆိုင်နှင့် မိမိစည်းစိမ်ခံစားဖို့ သုံးဖြုန်းရက်ပါသလား။ လောကမှာမရှိမဖြစ်လိုအပ်နေသော ကယ်တင်ရှင်၏ သတင်းကောင်းအား လိုက်လံဟောပြောကြားနာစေခြင်းတွင် မပါဝင်၊ တပါးသူအား ဧဝံဂေလိသတင်း ကောင်းကြားသိစေရန် မကြိုးစားခြင်းသည် မှားယွင်းသော လုပ်ရပ်ဖြစ်သည်ဟု ကျမ်းစာကအတိ အလင်းဆိုပါသည်။
သို့ကြောင့်မလိုအပ်ဘဲနှင့် ဇိမ်နှင့် ပိမ်နှင့်စိုးစံငြိမ့်ညောင်းနေသူများသည် မိမိနှလုံးသားအား လူသတ်သမားအဖြစ် ကျွေးမွေးပံ့ပိုးခြင်းဖြစ်သည်။ အမဲလိုက်ခွေးများ အမဲကိုက်သတ်နိုင်အောင် ဝလင်စွာကျွေးမွေးခြင်း၊ စစ်တိုက်ရန် စစ်သားများ ဝလင်စွာ စားသောက် လေ့ကျင့်စေသကဲ့သို့ ဖြစ်သည်။
၅:၆ နောက်ဆုံးအချက်မှာ ချမ်းသာသူများ၏ တရားမျှတမှုကိုထိန်းသိမ်းစောင့်ရှောက် ရမည့်အစား ရှုတ်ချ၍သတ်ပစ်ခြင်း ဖြစ်သည်။ အချို့က ဤတရားမျှတမှု သည်ယေရှုခရစ်တော် ဖြစ်သည်ဟု အဓိပ္ပါယ်ဖွင့်ဆိုကြသည်။ မည်သို့ပင်ဖြစ်စေ ထိုလူချမ်းသာက သူ၏ ချမ်းသာခြင်း လက်နက်ဖြင့်တရားမျှတမှုအား သတ်နေပါသည်။ ဤနေရာတွင် “ထိုတရားမျှတမှု“သည် အပြစ်မဲ့ လူသားများ ဟုမှတ်ယူလျှင် အကောင်းဆုံးဖြစ်မည်။ ကျမ်းစာကမူ လူချမ်းသာများ၏ အကျင့်စရိုက် ကို တင်းမာစွာဝေဖန် ထောက်ပြထားသည်။ ကြီးစွာသောစွပ်စွဲချက်၊ စကားနာနှင့် ချိမ်းခြောက်ခြင်း များဖြင့်ရှုတ်ချခဲ့ကြပြီ။ လူချမ်းသာများက ထိုသူများအား ကိုယ်ထိလက်လျောက် ကျူးလွန်သတ်ပစ် ခြင်းမဟုတ်သော်လည်း၊ မပေးကမ်းခြင်းဖြင့်သေစေရာရောက်ပါသည်။ မသိကျိုးနွံပြုခြင်း၊ မကူညီ ခြင်းထက်အလုပ်ဖြုတ်ခြင်းသည်လည်း ပို၍ရက်စက်ကြမ်းကြုတ်ပါသည်။
၁၀။ စိတ်ရှည်ရန် တိုက်တွန်းနှိုးဆော်ချက် (၅:၇–၁၂)
၅:၇ တဖန်ယုံကြည်သူများအား စိတ်ရှည်သည်းခံမည့်အကြောင်း သွန်သင်ထားပါသည်။ စိတ်ရှည်ခြင်းဟု ဆိုရာတွင် ဘုရားရှင်တော်ကြွလာမည့် အချိန်ကို သည်းခံ စောင့်မြှော်ကြရန် ဆိုလိုသည်။ ချီဆောင်ခြင်းကာလ သို့မဟုတ် ခရစ်တော် အုပ်စိုးခြင်းကို ရည်ရွယ်ခြင်းလည်း ဖြစ်နိုင်သည်။ ဓမ္မသစ် ကျမ်းတွင်မူ ထိုနှစ်ခုစလုံးအား မက်လုံး ပေးထားပါသည်။
လယ်သမား၏ စိတ်ရှည်ခြင်းဖြင့် ဥပမာ ပေးထားသည်။ မျိုးစေ့ကြဲသည့်နေ့မှာ ပြန်ရိတ်ရ သည်မဟုတ်။ ယခုရေတွင်းတူး ယခုရေကြည်သောက်ချင်၍ မရနိုင်ပါ။ အချိန်ပေးစောင့်မျှော်ရသည်။ ပထမမိုးသည် အစေ့များကိုအပင်ပေါက်အောင် ပေါက်ဖွားစေပြီး၊ ဒုတိယမိုးသည် အသီးအပွင်းများ သီးလာအောင် အပင်ကိုကြီးထွားစေပါသည်။ အချို့သူများက ဤမိုးဦး နှင့် မိုးနှောင်းကို အသင်းတော်ကာလအစမှာ ကတိပြုထားသော ပင်တေကုတ္တေနှင့်ဘုရားရှင်တော်၏ပြန်လည်ကြွလာ ခြင့် ဟုဖွင့်ဆိုကြသည်။ သို့သောဓမ္မသစ် တစ်ခုလုံးကို ခြုံပြောရလျှင် စိတ်ရှည်သည်းခံကြရန် သွန်သင်ထားပါသည်။ သို့သော်ဘုရားသခင်အားရှာဖွေရန် တိုက်တွန်းချက်ဖြစ်သည်။ ဘုရားရှင်တော် ကြွလာခြင်းကို မည့်သည့်ပုံစံဖြင့် ကြိုဆိုခြင်းကပိုကောင်းပါသနည်း။
၅:၈ လောက အမှားအယွင်းများသည်လည်း ဘုရားသခင် ရောက်လာသောအခါ အကောင်း ဖြစ်သွားမည်။ သို့ကြောင့် ကိုယ်တော်ဘုရား ကြွလာခြင်းကို လယ်ရှင်ကဲ့သို့ စိတ်ရှည်ရှည်ထား၍ စောင့်မျှော်ရမည်။ စိတ်နှလုံးအား ဘုရားသခင်ကြွလာခြင်းသို့ အကြွင်းမဲ့ မြှုပ်နှံထားရမည်။
၅:၉ စစ်ကြောစီရင်ခြင်း ရောက်သည့်ကာလတွင် ညီအစ်ကိုအချင်းချင်း မငြူစူဖို့ သွန်သင်ထားပါသည်။ ဆင်းရဲဒုက္ခရောက်သောအခါ လူ့သဘာဝသည် အချစ်ဆုံးလူကိုပင် ငြိုငြင် တတ်ကြသည်။ ချစ်ခြင်းမေတ္တာကိုလည်း ဒေါသဖြစ်ပွားစေတတ်သည်။ ထို့ကြောင့် “ညီအစ်ကိုတို့ စစ်ကြောစီရင်ခြင်းနှင့် ကင်းလွတ်မည့်အကြောင်း၊ အချင်းချင်းငြင်းခုံ အပြစ်တင်ခြင်းမပြကြနှင့်” ဟုကျမ်းစာက သွန်သင်ထားပါသည်။ ဤကျမ်းစကားသည် ဘုရားသခင်၏ အမှုတော်ကိုအတူတကွ ထမ်းဆောင်ကြသော ညီအစ်ကိုများအား သတိပေးခြင်း ဖြစ်သည်။ အချင်းချင်းနာကြည်းချင်း၊ စိတ်ပျက်ခြင်း မရှိရ။ တရားစီရင်သူသည် တံခါးနားမှာရှိတော်မူ၏ ဟုဆိုထားပါသည်။ ဘုရားရှင်သည် ကျွန်ုပ်တို့၏အတွေး၊ အကြံကိုသိထားပါသည် ခရစ်တော်ဘုရား၏ တရားပလ္လင်ရှေ့တော်သို့ ရောက်ရန် အမှုကင်းစင်မည့်အကြောင်းဖြစ်သည်။
၅:၁၀ ဓမ္မဟောင်း ပရောဖတ်များ၏ ဆင်းရဲဒုက္ခတွေ့ခြင်းနှင့် စိတ်ရှည်သည်းခံခြင်းကို ပုံဥပမာပေးခြင်း ဖြစ်သည်။ ဆင်းရဲဒုက္ခသည် စိတ်ရှည်သည်းခံခြင်းကို မွေးဖွားတတ်သည်။ “ဒုက္ခဆင်း ရဲခြင်းသည် သည်းခံခြင်းကိုပြုစုတတ်၏” (ရော ၅:၃)။ ဓမ္မသစ် စိတ်ရှည်သည်းခံခြင်းသည် ဇွဲနှင့်မြဲမြဲ ခိုင်ခံခြင်းကို ဆိုလိုပါသည်။ အဘယ်ကြောင့်ဆိုသော် ထိုသူများသည် ဘုရားသခင်အားယုံကြည်ကြောင်း ဝန်ခံကြေညာသောကြောင့်၊ မညှာမတာ စုံစမ်းစစ်ကြောခြင်း ဖြစ်သည်။ “မမြင်နိုင်သည့်အရာ ကိုတွေ့မြင်ကြသည့်တိုင်အောင် ဇွဲရှိ၏” (ဟေဗြဲ ၁၁:၂၇၊ ၃၂-၄၀)။
၅:၁၁ ဟေရှာယ၊ ယေရမိနှင့် ဒံယေလတို့၏ ဘဝတစ်ခုလုံးယုံကြည်စွာ ဆက်ကပ်အပ်နှံမှုများသည် လေးစားလောက်ပေသည်။ ကောင်းချီးပေးထိုက်ပါပေသည်။ မှားယွင်းနေသော လူ့ဘောင်လောကကြီးထဲမှာ ဖြောင့်မတ်မှန်ကန်သူများ ဖြစ်ကြောင်း အသိအမှတ်ပြုပါသည်။ ပြင်းစွာသောဆင်းရဲဒုက္ခ နှင့်စုံစမ်းစစ်ကြောခြင်း ကြုံတွေ့သောအခါ ဇွဲရှိရှိသည်းခံကြပုံကို သတိရကြပါ။ အကယ်၍ ထိုသူများကို ကောင်းကြီးမင်္ဂလားပေးချင်းလျှင် သူတို့ကဲ့သို့ဇွဲရှိခြင်းနည်းလမ်းဖြင့် ကောင်းကြီးပေးနိုင်ပါသည်။
ယောဘသည်အထင်ကရ ပေါ်လွင်ထင်ရှားသော မြဲမြံသူ ဖြစ်သည်။ လောကထဲတွင်လူသားများ ယောဘကဲ့သို့ အချိန်တိုအတွင်းတွင် ခါးသီးသောစုံစမ်းစစ်ကြောခံရသူ ရှိချင်ရှိမည်။ သို့သော် ယောဘသည် ဘုရားရှင်အား တစ်ခွန်းတစ်ပါဒမျှ အပြစ်မတင်၊ အထံတော်ပါးမှမခွာ။ နောက်ဆုံးတွင် သူ၏ဇွဲအတွက် ဆုလက်ဆောင်ပြန်ရသည်။ ဘုရားရှင်တော်ကိုယ်တော်တိုင် ကိုယ်ထင်ပြပြီး ပြုခဲ့သမျှအတွက် အလွန်သနား စုံမက်ခဲ့ သည်။
အကယ်၍ ဘုရားသခင်၏ အဆုံးသတ်ကို နားမလည်နိုင်လျှင် အဆိုးနှင့် နိဂုံးချုပ်သွားမည်။ အားဟပ်သည် မကောင်းသောသူများ၏ ကောင်းစားခြင်းကို မြင်သောအခါ မနာလို ငြူစူ၏ (ဆာ ၇၃:၃-၁၇)။ ပိုမိုစဉ်းစားလေလေ၊ပိုမိုချောက်ခြားလေပြီ။ နောက်ဆုံးတွင်မူ ဘုရားသခင်၏အသန့်ရှင်း ဆုံးနေရာသို့ ရောက်သွားသောအခွ ထိုတရားကို နားလည်ခွင့်ရသည်။ သူ၏မနာလိုငြူစူမှုများကို ဖယ်ရှားနိုင်သည်။ ဒါဝိဒ်လည်းထိုအဖြစ်အပျက်မျိုးကြုံတွေ့ခဲ့သည်။ ဆာ ၁၇:၁၅တွင် ယုံကြည်သူများ ကြုံတွေ့နိုင်ပုံကို ဖော်ပြထားသည်။ ယောဘအသက်တာတွင်မူ ဘုရားသခင်အား အဆုံးသက်ထိ စိတ် ရှည်သည်းခံသောကြောင့် နှစ်ဆသော ဆုလက်ဆောင်များ ပြန်ရသည် (ယော ၄၂:၁၀-၁၅)။
၅:၁၂ စုံစမ်းစစ်ကြောခြင်း ကြုံတွေ့သောအခါ ကျိန်ဆိုခြင်း မပြုဘဲ၊ စိတ်ရှည်သည်းခံရန် သွန်သင်ထားပါသည်။ ကျိန်ဆဲခြင်း၊ ဘုရားကို မထီမဲ့မြင်ပြုခြင်းသည် အထူးရှင်းပြစရာလိုမည် မထင်။ တရားရုံးများတွင်လည်း ဘုရားကို ကျိန်ဆိုခြင်း မပြုရပါ။ ဆင်ခြင်တုံတရား ကင်းမဲ့စွာ ဘုရားနာမတော်အား ဖောဖောသီသီ ကျိန်ဆိုခြင်းကို ကျမ်းစာကတားမြစ်ထားပါသည်။ ယုံကြည်သူ ခရစ်ယာန်များသည် မြေကြီးဖြစ်စေ၊ ကောင်းကင်ဖြစ်စေ ကျိန်ဆိုခြင်းမပြုရ။ ဟုတ်လျှင် “ဟုတ်သည်“ ဟုဝန်ခံ၍၊ မဟုတ်လျှင် “မဟုတ်“ကြောင်းသာ ပြောရသည်။
မလိုလားသော “ကောင်းကင်နှင့် ယှဉ်၍ ကျိန်ဆိုခြင်း” မပြုရန်ဤကျမ်းပိုဒ်က တားမြစ်ထား ပါသည်။ “ဘုရားသခင်ကို ငါ့တရားသူကြီး” “By Love” “Gosh” “Golly” အစရှိသဖြင့် ဘုရားသခင်ကို နောက်တောက်တောက်ပြောင်တောင်တောင် ဗန်းစကားများဖြင့် နောက်ပြောင်ခြင်း မပြုရပါ။
အပြစ်ကြီးမည် (ဘဝင်မြင့်ခြင်း NK JV Mar-gin 13) ပညတ်တော်ဆယ်ပါးမှ တတိယအချက်ကို ကိုးကားခြင်း ဖြစ်သည်။ “သင်၏ ဘုရားသခင် ထာဝရဘုရား၏နာမတော်ကို မုသာနှင့်ဆိုင်၍မြွက်ဆိုနှင့်။ အကြောင်းမူကား နာမတော်ကို မုသာနှင့်ဆိုင်၍ မြွတ်ဆိုသောသူကို အပြစ်မရှိဟု ထာဝရဘုရားမှတ်တော်မမူ” (ထွ ၂၀:၇)။
၁၁။ ဆုတောင်းခြင်းဖြင့်အနာရောဂါကင်းငြိမ်းခြင်း (၅:၁၃–၂၀)
ကျမ်းစာ၏နိဂုံးချုပ် ရည်ရွယ်ချက်သည် ဆုတောင်ခြင်း ဖြစ်သည်။ ဆုတောင်းခြင်းဟူသော ဝေါဟာရကို (၇)ကြိမ်တိုင်တိုင် သုံးထားသည်။
၅:၁၃ ဘဝတစ်ဆစ်ချိုးကွေ့တိုင်းမှာ ဘုရားသခင်ထံဆုတောင်းဆက်ကပ်ရသည်။ ဆင်းရဲဒုက္ခ ရောက်သောအခါ ကူညီမစဖို့ ဆုတောင်းရသည်။ ပျော်ရွှင်ချမ်းသာ ရသောအခါ ချီးမွမ်းကိုးကွယ်ရသည်။ ကြုံတွေ့ရသောအရာအလိုက် စိတ်နှလုံးပြောင်းလဲပုံသာ ကွာခြားသည်။
ကြုံဆုံလေသမျှတွင် ဘုရားသခင်သည်သာလျှင် အဓိက ဦးထိပ်ထားရသည်။ Ruther Ford ပြောသကဲ့သို့ “ဘီးကျွဲမြီးသဘော မထားရပါ။ ထိုသို့မဟုတ်လျှင် မိမိကိုယ်မိမိ အပူအပင်ဒုက္ခသည် ကံဆိုးသူမောင်ရှင်အဖြစ် သတ်မှတ်ရာ ရောက်သကဲ့သို့ ကုသိုလ်ကံကို ကိုးကွယ်ရာလည်းရောက် သည်။ ဘုရားရှင်ကိုယ်တော်တိုင်ကို မမြင်ရသော်လည်း လက်ရာများကို မြင်နိုင်သည် မဟုတ်လော” ဟု ခံယူရသည်။
ထိုအချက်သည် ဤကျမ်းပိုဒ်၏ အဓိကအက္ခရာနှင့် ဓမ္မသစ်ကျမ်း၏ အနှစ်သာရဖြစ်ပါသည်။ ယုံကြည်သူအချင်းချင်း မျက်နှာချင်း ဆိုင်ခြင်းဖြင့် အနာရောဂါ ကင်းငြိမ်းစေရာလည်း ဖြစ်သည်။
ကျမ်းပိုဒ်များကိုအသေးစိပ်မလေ့လာမှီ၊ ကျမ်းစာက သင်ပေးသောအနာရောဂါကင်းငြိမ်း ခြင်းအကြောင်း လေ့လာကြည့်ရအောင်။
ဘုရားသခင်ပေးသော အနာရောဂါကင်းငြိမ်းခြင်း
၁။ အနာရောဂါသည် အပြစ်၏ ရလာဒ်ဖြစ်သည်ဟု ခရစ်ယာန်များက ယေဘုယျအားဖြင့် လက်ခံထားကြပါသည်။ အကယ်၍ အပြစ်မရှိခဲ့လျှင် အနာရောဂါလည်း ဝင်ရောက်လာမည်မဟုတ်။
၂။ တစ်ခါတရံအနာရောဂါသည် အပြစ်၏ အဖြေအဖြစ်ချက်ချင်း ရောက်လာတတ်သည်။ ကောရိန္သု အသင်းတော် အသင်းသားများသည် အပြစ်ဝန်ချတောင်းပန်ခြင်းမရှိဘဲ ပွဲတော်ဆက်ဆံကြ သောကြောင့် အနာရောဂါသက်ရောက်ကြောင်း ၁ကော ၁၁:၃၀ တွင်တွေ့ရသည်။
၃။ အနာရောဂါတိုင်းသည် အပြစ်ကြောင့်ရောက်လာသည်မဟုတ်။ ယောဘသည်ဖြောင့်မတ် မှန်ကန်သူဖြစ်သော်လည်း အနာရောဂါရခဲ့သည်။ (ယောဘ ၁:၁၈)။ မွေးရာပါမျက်စိကန်းသူသည် သူ့အပြစ်ကြောင့် မျက်စိကန်းရခြင်းမဟုတ်။ (ယော ၉:၂၊၃)။ ဧပဖရိုဒေးသည်လည် အမှုတော်အတွက် မရပ်မနားတအားနင်းကန်လုပ်ဆောင်သောကြောင့် ပန်းဖျားဖျားသည် (ဖိ ၃:၂၀)။ ဂါယုသည်ဝိညာဉ် ခွန်အား ကျန်းမားသကဲ့သို့ ခန္ဓာကိုယ်မကျန်းမာပါ (၃ယော ၂)။
၄။ တစ်ခါတရံစာတန်ထံမှလည်း ရောက်လာတတ်သည်။ ယောဘ၏ ခန္ဓာကိုယ်တစ်ခုလုံးအား မီးလောင်ဖုကဲ့သို့ဖုပိမ့်စေသည်။ (ယော ၂:၁)။ ခါးမဆန့်နိုင်အောင် ၁၈နှစ်လုံးလုံးနတ်ဆိုးစွဲသော အမျိုးသမီးအကြောင်းကို လု ၁၃:၁၀-၁၇တွင်တွေ့ရသည်။ ပေါလုသည် ခန္ဓာကိုယ်အားနဲခြင်းရှိသည်။ “အသားထဲကဆူး ဟုဆို၍ စာတန်၏ လက်ချက်ဖြစ်သည်။” (၂ ကော ၁၂:၇)။
၅။ ဘုရားသခင်သည် အနာရောဂါကင်းငြိမ်းစေနိုင်သူ ဖြစ်သည်။ အနာရောဂါဟူသမျှကို တန်ခိုးတော်ဖြင့် ပျောက်ကင်းစေနိုင်သည်။ ဘုရားသခင်၏ နာမတော်သည် Jagovah Ropheka ဖြစ်သည်ဟု ဓမ္မဟောင်းကျမ်းတွင် ဆိုထားပါသည်။”အနာရောဂါအားလုံးကင်းငြိမ်းစေသူဘုရားဟု နားလည်မှတ်ယူနိုင်သည်။ သမ္မာကျမ်းစာတွင် အနာရောဂါသည် အဓိပ္ပါယ်တစ်မျိုးရှိသည်။ တခါတရံ လူ့ခန္ဓာကိုယ်အတွင်သို့ အစွမ်းတန်ခိုးမှုတ်သွင်းခြင့်ဖြင့် ကျန်းမာစေသည်။ ထိုတန်ခိုးကို ဆရာဝန်များက ကြုံတွေ့တတ်ပါသည်။ တခါတရံဆေးဝါးထက် ပိုမိုအာနိသင်စွမ်းသည်။ ရှင်ပေါလုက တိမေသေ တိုက်တွန်းချက်ကို နားထောင်ကြည့်ပါ။ “မကြာမကြာ ခံစားရသောရောဂါကြောင့် ယခုမှစ၍ ရေကိုသာ မသောက်ဘဲ၊ စပျစ်ရည်အနည်းငယ်ကိုသုံးလော့” (၁တိ ၅:၂၃)။ တခါတရံ ကြောက်ရွံ့တုန်လှုပ်ခြင်း၊ နာကျည်းခြင်း၊ မိမိကိုယ်ကို အားမလိုအားမရအပြစ်တင်ခြင်း၊ အပြစ်မှားယွင်းခြင်းနှင့် မှားယွင်းခြင်းမှ ကွယ်ကာပပျောက်စေသည်။ တခါတရံခွဲစိပ်ဆရာဝန်ကြီးများ သမားတော်ကြီးများကို သုံး၍ ရောဂါပျောက်ကင်းစေသည်။ ယေရှုက လူနာများက ဆေးဆရာအလို ရှိသည် (မ ၉:၁၂)ဟု ဆိုထားပါသည်။ ပေါလုကလည်း ယေရှုစကားကဲ့သို့ပင် “ငါချစ်သောဆေး သမားများ” (ကော ၄:၁၄)ဟုဆိုထားပါသည်။ ဘုရားသခင်အမှုတော်အတွက် ဆရာဝန်များကိုလည်း လိုအပ်လျှင်အသုံးပြုပါသည်။ ပြင်သစ်အကျော်ဒေးယျ ဆရာဝန်ပီရက်က “ခွဲစိပ်ကုသရန်မှာ ဒေါက်တာများတာဝန်၊ရောဂါပျောက်ကင်းရန်မှာ ဘုရားသခင်၏အမှု” ဟုဆိုဘူးပါသည်။
၆။ ဘုရားသခင်သည် အနာရောဂါအမျိုးမျိုးကို အံ့ဩဖွယ်ရာ ပျောက်ကင်းစေပါသည်။ ခရစ်ဝင်ကျမ်းများတွင် အမျိုးမျိုးတွေ့ရပါသည်။ ထိုကျမ်းချက်များကို စွဲကိုင်၍ အနာရောဂါခပ်သိမ်းကို ဘုရားသခင်က ကင်းငြိမ်းစေမည်ဟု ကုသခြင်းမပြုဘဲ၊ တလွဲအဓိပ္ပါယ် မကောက်ရပါ။ ယနေ့ခေတ် ကာလတွင်လည်း ထိုကဲ့သို့ ပျောက်ကင်းမည့်အကြောင်း သမ္မာကျမ်းစာသွန်သင်ချက် မရှိပါ။
၇။ အနာရောဂါတိုင်း ကင်းငြိမ်းရန်ဘုရားသခင်ကအလိုတော်မရှိကြောင်း ရှင်းလင်းစွာနား လည်ရမည်။ ရှင်ပေါလုသည် ဖျားနားနေသော တရောဖိမ်အားမိလက်မြို့တွင် ချန်ထားခဲ့သည် (၂တိ ၄:၂၀)။ ရှင်ပေါလု၏ ခန္ဓာကိုယ်ထဲမှ ဆူးကိုလည်းမနှုတ်ပေး (၂ကော ၁၂:၇-၁၀)။ အကယ်၍ ဘုရားသခင်ကလူတိုင်းအား အနာရောဂါကင်းငြိမ်းစေချင်လျှင် အိုခြင်း၊နာခြင်း၊ သေခြင်းလည်း ရှိတော့မည်မဟုတ်။
၈။ ဘုရားသခင်ပေးထားသော ကတိတော်များထဲမှာ အနာရောဂါကင်းငြိမ်းခြင်း မပါရှိပါ။ သို့ကြောင့် အနာရောဂါ ကင်းငြိမ်းခြင်းသည် ဆုတောင်းရမည့်အချက် ဖြစ်သည်။ ဖိ ၂:၂၇တွင် အနာရောဂါ ကင်းငြိမ်းခြင်းသည် ဘုရားသခင်ထံတော်သို့ အသနားခံစရာဖြစ်၍ ရပိုင်ခွင့်အဖြစ် မမျှော်လင့်ရ ဟုသွန်သင်ထားပါသည်။
၉။ အကယ်၍ အပြစ်ဖြေ ပူဇော်သက္ကပြုခြင်းဖြင့် အနာရောဂါ ကင်းငြိမ်းသည်မှန်လျှင် ကောင်းကြီးမင်္ဂလာများသည် ထပ်မံပေးစရာမလိုတော့ပါ။ ဥပမာ ခရစ်တော်အားဖြင့် ကယ်တင်ရရှိ သည်မှန်သော်လည်း ယုံကြည်သူများအတွက်ခရစ်တော်မကြွလာမချင်း ခံစားရသည်မဟုတ်သော (ရော ၈:၂၃)။ ထိုအချိန်ကာလ ရောက်သောအခါ အနာရောဂါကင်းငြိမ်းလျှက် ကျန်းမာပျော်ရွှင် ကြရမည်။
၁၀။ ယုံကြည်ခြင်း ပျက်စီးသောကြောင့်အနာရောဂါခံစားရသည်မဟုတ်ပါ။ ထိုစကားမှန်လျှင် ဤလောကမှာ လူကျန်တော့မည်မဟုတ်ပါ။ ပေါလု၊တရောဖိမ်နှင့် ဂါယုတို့သည် နေမကောင်းကြသော်လည်း သူတို့ယုံကြည်ခြင်းသည် ယိမ်းယိုင်လျှော့နည်းခြင်းမရှိကြပါ။
၅:၁၄–၁၅ အခန်း ၅ သည်ဘုရားသခင်က လူသားများအား အနာကင်းငြိမ်းစေခြင်းအကြောင်း ဖော်ပြထားသည်။
“နာသောသူရှိလျှင် သင်းအုပ်တို့ကို ခေါ်၍ ထိုသူတို့သည် ဘုရားသခင်၏ နာမတော်ကို အမှီပြုလျက်၊ လူနာကိုဆီလူး၍ သူ့အပေါ်မှာ ဆုတောင်းကြစေ။ ထိုသို့ပြုလျှင် ယုံကြည်ခြင်း၏ ပဋ္ဌနာသည် လူနာကို ကယ်ဆယ်၍ သခင်ဘုရားသည် သူ့ကိုထမြောက်စေတော်မူသည်။ သူသည်အပြစ်ပြုမိ လျှင်လည်း လွှတ်တော်မူမည်။“
ဤကျမ်းစာတစ်ပုဒ်တည်း သွန်သင်ချက်ကိုယူ၍ ခရစ်ယာန်များသည် အနာရောဂါကင်းငြိမ်းရ သည်ဟု ခံသူသည် အနာရောဟူသမျှကို စာရင်းရေးမှတ်၍ ဆုတောင်းစရာအကြောင်းသာ ရှိပါသည်။ သို့သော် အခြားကျမ်းပိုဒ်များကို လေ့လာသောအခါ အနာရောဂါရတိုင်း ဘုရားသခင်က မကင်းငြိမ်းစေကြောင်း နားလည်ရမည်။ ထို့ကြောင့် ရှင်ယာကုပ်သြဝါဒစာတွင်သွန်သင်ထားသည့် အနာရောဂါ ကင်းငြိမ်းခြင်းသည် အနာရောဂါဟူသမျှ ကင်းငြိမ်းခြင်း မဟုတ်ဟု ကောက်ချက်ချရမည်။ သို့သော် အနာရောဂါအတွက် ငြိမ်သက်ခြင်း၊ စိတ်အေးခြင်းရသည်မှာ အမှန်ပင်။ ဤသင်ခန်းစာ၏ အဓိကအချက် မှာ “အပြစ်ပြုမိလျှင်လည်းထိုအပြစ်ကို လွှတ်တော်မူမည်” ဟူသော ကျမ်းချက်ဖြစ်သည်။ အနာရောဂါ ကင်းငြိမ်းခြင်းသည် အပြစ်လွှတ်ခြင်းနှင့် ဆက်စပ်ပတ်သက်သည်။
လူတစ်ယောက်သည် အပြစ်များကို ကျူးလွန်လျှင်ဒေသန္တရ အသင်းတော်တွင် သက်သေခံရမည် ချက်ချင်းဆိုသကဲ့သို့ ဖျားနာသွားလျှင်လည်း သူ့အပြစ်ကြောင့် ဖျားနာသည်ဟု ထင်မှတ်နိုင်သည်။ ဘုရားသခင်ကထိုသူအား ပဲ့ပြင်ဆုံးမပြီး မိဿဟာယဖွဲ့ခွင့်ပြန်ပြုသည်။ နောင်တရပြီး ဘုရားထံတွင် ဝန်ချတောင်းပန်ရသည်။ သို့သော်သူ၏ အပြစ်သက်သေခံခြင်းသည် ပရိသတ်ဗိုလ်ပုံအလယ်တွင် သင်းအုပ်များက ဆုတောင်းပေးခြင်းဖြင့် စုံလင်စေရသည်။ ယေရှုနာမတော်မြတ်၌ ခေါင်းဆီလိမ်း၍ ဆုတောင်းပေးရသည်။ ထိုအဖျားအနားမျိုးသည် ဘုရားသခင်ကတိတော်ပြုထားသည့် “အနာရောဂါ သည် အပြစ်မှလာသည်” ဆိုသော ပဋိညာဉ်အတိုင်းဖြစ်သည်။ အပြစ်ဝန်ချတောင်းပန်ပြီးလျှင် ဘုရားသခင်က အနာရောဂါကင်းငြိမ်းစေမည် အမှန်ပင်။
မိမိအပြစ်ကျူးလွန်မိကြောင်းနှင့်၊ မည်ကဲ့သိုနောင်တရ အပြစ်ဝန်ချတောင်းပန်နိုင်မည်နည်း ဟုအချို့က ပြောတတ်ကြသည်။ အခန်းငယ် ၁၅ တွင် “သူ့အပြစ်ကို လွှတ်တော်မူပြီ” ဟုအဖြေ ပေးထားပါသည်။ အပြစ်များကိုလွှတ်တော်မူပြီဟု ဆိုထားသော်လည် အပြစ်ဝန်ချတောင်းပန်းခြင်း အားဖြင့်သာ လွှတ်ပါသည် (၁ယော ၁:၉)
“အပြစ်ကျူးလွန်ဘူးဟုဆိုလျှင်” မည်သို့လုပ်ရမည်နည်းဟု အချို့က လျှာရှည်တတ်ကြသည်။ “ဟုဆိုလျှင်” ဆိုသောစကားအရ ကျူးလွန်ခြင်းကို ဖုံးကွယ်ထားကြောင်း သိရသည်။ သို့သော်ကျမ်းစာ ကသွန်သင်သော အပြစ်ဝန်ချခြင်းတွင် ကျူးလွန်ပြစ်မှားခြင်းနှင့် ယုံကြည်မှုကျဆင်းအားနည်းခြင်း လည်းပါဝင်သည်။ “အချင်းချင်းတစ်ယောက်နှင့် တစ်ယောက် ကိုယ့်အပြစ်ကို ဖော်ပြဝန်ချတောင်းပန် ကြလော့။ ချမ်းသာရမည့်အကြောင်း အချင်းချင်းအဘို့ ဆုတောင်းကြလော့။” ဟု ဆိုထားပါသည်။ အပိုဒ်ငယ် ၁၇၊၁၈တွင်လည်း ဣသရေလများ၏ အပြစ်အပေါ် ဘုရားသခင်ဘက်သို့ လှည့်လာသည့် အကြောင်း (၃ရာ ၁၈:၃၉)နှင့် အငယ် ၁၉၊၂၀တွင် သမ္မာတရားနှင့်လွဲနေသူများကိုလည်း လမ်းကြောင်းတည့်မတ်ပေးကြောင်း တွေ့ရသည်။
ဤအခန်း ၅:၁၃၊၂၀ပါဘုရားသခင်၏ ကတိတော်များသည် အပြစ်ကြောင့် အနာရောဂါရသူများနှင့် သင်းအုပ်များထံတွင် ဝန်ချတောင်းပန်ရမည့် အကြောင်း သွန်သင်ချက်ဖြစ်သည်။ သင်းအုပ်၏ ဝတ္တရားမှာ ထိုသူအား ခေါင်းဆီလူး၍ ဆုတောင်းပေးရန် ဖြစ်ပါသည်။ အချို့က ဆီ ကို ဆေးဝါးတစ်မျိုးအဖြစ် အနက်ဖွင့်ဆိုကြသည်။ ရှင်ယာကုပ်ရေးသားသည့် အချိန်တွင် ဆေးဝါးတစ်မျိုးအဖြစ် အမှန်တကယ် ခံယူထားပါသည် (လု ၁၀:၃၄)။ တစ်နည်းပြောရလျှင် ဘာသာရေးထုံးတန်းစဉ်လာ အဖြစ်လည်း မှတ်ယူနိုင်ပါသည်။ ဤကျမ်းပိုဒ်မှာ ဘုရားသခင်၏နာမတော်မြတ်၌ ဟုသုံးနှုန်းထား ပါသည်။ တစ်မျိုးပြောရလျှင် ဆီလူရမည် ဟု အမိန့်တော်ရှိသောကြောင့် အမိန့်ကို နာခံလေးစားရမည်။ တမန်တော်များကလည်း ဆီလိမ်းခြင်းဖြင့် ထူးခြားသော တန်ခိုးအစွမ်းများ ပြခဲ့ကြောင်း (မာ ၆:၁၃) တွေ့ရသည်။ အနာရောဂါကင်းငြိမ်းခြင်း တန်ခိုးသည် ဆီထဲတွင် မရှိသော်လည်း သန့်ရှင်းသောဝိညာဉ်တော်၏ အနာရောဂါကင်းငြိမ်းခြင်းအမှု ဖြစ်သည် (၁ကော ၁၂:၉)။
အချို့က ဆီလူခြင်းသည် ဘာသာရေးထုံးတမ်းစဉ်လာ ဆန်သောကြောင့် ကျေးဇူးတော်ကာလ နှင့်မပတ်သက်ဟု ဆိုချင်ကြသည်။ မည်သို့ပင်ဖြစ်စေ မုန့်ဖဲ့ခြင်းနှင့် စပျစ်ရည်ဆက်ဆံခြင်းသည်လည်း ခရစ်တော်၏ အသွေးတော်နှင့် အသားတော်အား ပုံဆောင်ဆက်ဆံခြင်း မဟုတ်လော။ အမျိုးသမီးများ ဝတ်ပြုအစည်းအဝေးတွင် ခေါင်းမြီးခြုံခြင်းသည်လည်း အမျိုးသားများအား ဝန်ခံခြင်းမဟုတ်လော။ ထိုသို့ဖြစ်လျှင် ဆီလူခြင်းသည်ဘာသာရေး ထုံးတမ်းစဉ်လာဖြစ်သည်ဟု အဘယ်ကြောင့်ယိုးစွပ်ချင် ကြသနည်း။
ယုံကြည်သူ၏ ဆုတောင်းသံကို ဘုရားသခင်က တုံ့ပြန်အဖြေပေးပါသည်။ ဘုရားသခင်၏ နှုတ်ကပတ်တော်၌ တည်မှီသောကြောင့် ထိုသို့အဖြေပေးခြင်းဖြစ်သည်။ သင်းအုပ်များ၏ယုံကြည်ခြင်းသည် မည်မျှ ခိုင်မာကြောင်း၊ ဖျားနာသူ၏ ယုံကြည်ခြင်းသည် မည်မျှကျဆင်းကြောင်း စစ်ကြော စရာမဟုတ်ပါ။ သင်းအုပ်သည် အာရပါးရ ယုံကြည်စိတ်ချစွာ ဆုတောင်းနိုင်သည်။ အဘယ်ကြောင့် ဆိုသောချို့ယွင်းအားနဲချက် ရှိနိုင်သော်လည်း ဘုရားသခင်က ဖြည့်စွက်ပြည့်စုံစေသည်။
အခန်းငယ် ၁၄၊၁၅ သွန်သင်ချက်အရ အပြစ်ကြောင့် တိုက်ရိုက် အနာရောဂါရရှိနိုင်ကြောင်း နားလည်ရသည်။ သူ့ကိုယ်သူ အပြစ်ပြုမှားကြောင်း သိရှိလျှင်ဝတ်ပြုအစည်းအဝေး၌ သင်းအုပ်ထံ ဝန်ချတောင်းပန်ရသည်။ သင်းအုပ်ကလည်ဆီလူး၍ နာမတော်မြတ်၌ ဆုတောင်းပေးရသည်။ ကတိတော် ပြုထားတော်မူသည်အတိုင်း ထိုသူသည်ယုံကြည်ခြင်း အသစ်၌ အားသစ်ခွန်သစ်ဖြင့် ဘုရားရှင်အား ချီးမွမ်းနိုင်သည်။
၅:၁၆ (က) အချင်းချင်းတစ်ယောက်ကို တစ်ယောက် အပြစ်ဖော်ပြဝန်ချတောင်းပန်ကြလော့။ ချမ်းသာရမည့်အကြောင်းတည်း။ ဤကျမ်းပိုဒ်ကို အပေါ်ယံဖတ်ရှုလျှင်တိုးတိုးတိတ်တိတ် ကျူးလွန်ပြုမှားမိသော အပြစ်မှစ၍အားလုံးဖော်ပြ ဝန်ချတောင်းပန်ရမည်ဟု နားလည်ရမည်။ သို့သော် ထိုသို့မယူဆရပါ။ သူတပါးအပေါ်သို့ ပြစ်မှားကျူးလွန်မိသော အရာကို ထိုသို့သာဝန်ချ တောင်းပန်ရသည်။
အချင်းချင်းတို့အဘို့ ဆုတောင်းပေးကြမည်ဟုဆိုထားခြင်းမှာ တစ်ယောက်နှင့်တစ်ယောက် ငြူစူခြင်း၊ နာကျည်းခြင်းများဖြင့် ဖွဲ့နှောင်နေမည့်အစား အပြစ်ဝန်ချ၍အပြန်အလှန် ဆုတောင်းပေး ခြင်းဖြင့် လက်တွဲမဖြုတ်ကြရန် သွန်သင်ခြင်းဖြစ်သည်။
ရုပ်ခန္ဓာကျန်းမာခြင်းသည် စိတ်ချမ်းသာခြင်း အပေါ်တွင် မှီခိုပါသည်။ အပြစ်ဝန်ချခြင်း၊ ဆုတောင်းပေးခြင်းနှင့် အနာရောဂါ ကင်းငြိမ်းခြင်းတို့သည် ဆက်စပ်နေကြောင်း ကျမ်းစာက သွန်သင်ထားပါသည်။ လူသည်ဝိညာဉ်၊စိတ်၊ ခန္ဓာသုံးခုဖြင့်ဖွဲ့စည်းထားပါသည်။ (၁သက် ၅:၂၃)။ ထိုသုံးခုအနက်တစ်ခုခု၏ အာနိသင်သည်သုံးခုစလုံးနှင့်သက်ဆိုင်ပါသည်။ ဓမ္မဟောင်းတွင်ယဇ်ပုယော ဟိတ်သည် ဆေးဆရာဖြစ်သည်။ နူနာရောဂါကိုစီရင်သူနှင့် စင်ကြယ်ကြောင်း စီရင်သူဖြစ်သည်။ တချိန်တည်းတွင် ယဇ်ပရောဟိတ်နှင့် ဆေးဆရာဖြစ်ရသည်။ ဝိညာဉ်နှင့်ခန္ဓာ ကိုယ်နစ်ခုစလုံး သက်ဆိုင်သူအဖြစ် ဘုရားရှင်က သတ်မှတ်ထားပါသည်။
စိတ်ပညာလေ့လာ သုတေသနပြုချက်အရ လူ့အရေးအရာပြဿနာများသည် လူ့ကျန်းမားရေး ကိုထိခိုက်စေသည်ဟု ဆိုထားပါသည်။ သို့သော်ယနေ့ဆေးသိပ္ပံပညာသည် အပြစ်ကိုကုသနိုင်စွမ်း မရှိပါ။ အပြစ်မှရွေးနှုတ်ခြင်းနှင့် အပြစ်ဒဏ်မှကင်းလွတ်ရန် ယေရှု၏ အသွေးတော်အားဖြင့်သာလျှင် ကုစားနိုင်သည်။ အနာရောဂါသည်အပြစ်ကြောင့် ဖြစ်ကြောင်းများသောအားဖြင့် ခံယူတတ်ကြသည်။ ထိုအပြစ်များမှာ လောဘ၊ သောက၊ ဒေါသ၊ ခွင့်မလွှတ်နိုင်ခြင်း၊ မခြိုးခြံခြင်း၊ အတ္တနှင့်မာနများ ဖြစ်သည်။ အပြစ်သည် အနာရောဂါယူဆောင်လာသကဲ့သို့ တခါတရံသေခြင်းကိုလည်းယူဆောင် လာပါသည်။ (၁ကော ၁၁:၃၀)။ အပြစ်ကျူးလွန်ပြုမှားမိကြောင်းသိရသည်နှင့်တပြိုင်နက် ချက်ချင်းဝန်ချတောင်းပန်ရသည်။ အပြစ်အားလုံးကို ဘုရားသခင်ထံ ဝန်ချတောင်းပန်ရသည်။ သူတပါးအား ထိခိုက်သောအပြစ်ဖြစ်လျှင် ကာယကံရှင်ကိုလည်း ဝန်ချတောင်းပန်ရသည်။ ထိုဝန်ချတောင်းပန်ခြင်းသည် ဝိညာဉ်ရေးရာချမ်းသာခြင်းနင့် ရုပ်ခန္ဓာကျန်းမာခြင်း၏ အချက်အချာ ဖြစ်သည်။
၅:၁၆(ခ)-၁၈ သူတော်ကောင်းဆုတောင်း၍ အရှိန်ကြီးသော ပဋ္ဌနသည်တန်ခိုးကြီးပါ၏။ ဧလိယသည် ငါတို့ကဲ့သို့သောလောကဓံတရား၌ကျင်လည်သူဖြစ်သော်လည်း မိုဃ်းမရွာမည့် အကြောင်းအထူးသဖြင့် ဆုတောင်းသောအခါသုံးနှစ်နှင့်ခြောက်လပတ်လုံး မြေပေါ်သိုမိုဃ်းမရွာ ဘဲနေ၏။ တဖန်ဆုတောင်းသောအခါ မိုဃ်းကောင်းကင်သည် မိုဃ်းရွာစေ၏။ မြေကြီးသည်လည်း မိမိအသီးကိုသီး၏။
ဤကျမ်းပိုဒ်ကို ဓမ္မဟောင်း ၃ရာ ၁၇:၁-၁၉:၁၀ တွင်ရေးထားသည်။ ဣသရေလပြည်တွင် အာဟပ်မင်း စိုးစံချိန်ဖြစ်သည်။ မိဖုရားဇေယဘီလသည် ဗာလဘုရားကိုးကွယ်သူဖြစ်၍ တိုင်းသူ ပြည်သားများကိုလည်း ကိုးကွယ်စေသည်။ “အာရှရပင်ကိုလည်း ပြုစု၍ မိမိရှေ့မှာဖြစ်ဘူးသော ဣသရေလရှင်ဘုရင် အပေါင်းတို့ထက် ဣသရေလမျိုး၏ ဘုရားသခင်ထာဝရဘုရား၏ အမျက်တော် ကိုနှိုးဆော်ခြင်းငှာ သာ၍ပြု၏” (၃ရာ၆:၃၃)။ ထိုအပြစ်ကြောင့်ချက်ချင်းအကျိုးသက်ရောက်၍၊ သုံးနှစ်နှင့် ခြောက်ပတ်လုံး မိုဃ်းခေါင်ခြင်းဖြစ်သည်။
ဧလိယသည် ဗာလ ပုရောဟိတ်များနှင့် ကာလမဲတောင်ပေါ်တွင် ဆုံဆည်း၍ ဧလိယပူဇော်သက္ကာ ပြုထားသော ယဇ်ကောင်၊ ယဇ်ပလ္လင်နှင့် ရေများပေါ်သို့ ဘုရားသခင်၏မီး ကျရောက် လောင်ကျွမ်းသော အခါမှသာလျှင် ပြည်သူပြည်သားများသည် အသိဉာဏ်ပွင့်လင်းကာ ဘုရားသခင် ထံတော်ပါးသို့ ပြန်လည် ရောက်ရှိလာကြသည်။ ဧလိယသည် ဘုရားသခင်အားတဖန် ချီးမွမ်းကိုးကွယ်ခြင်းဖြင့် ပွဲသိမ်းသွားသည်။ ထိုဧလိယ၏ ဆုတောင်းခြင်းသည် အပြစ်ရှိသူများ၏ ဆုတောင်းခြင်းများအား စိုးရိမ် ကြောက်ရွံ့ခြင်း မရှိရန် အားပေးအားမြှောက်ပြုခြင်း ဖြစ်သည်။ “သူတော်ကောင်း ဆုတောင်၍ အရှိန်မီး ကြီးသော ပဋ္ဌနာသည် အလွန်တန်ခိုးကြီးပါ၏“ အခြားတစ်ယောက်ကမူ ထိုကျမ်းပိုဒ်ကိုယူ၍ “နှလုံသားအတိဖြင့် ဆုတောင်
ယခုသမ္မာကျမ်းစာအနက်ဖွင့်စာများကို http://bbcmm.net/ မှ ရယူဖေါ်ပြထားတာဖြစ်ပြီး သက်ဆိုင်ရာတို့၏ခွင့်ပြုချက်ဖြင့် ဖေါ်ပြဝေမျှခြင်းဖြစ်ပါတယ်။
"Our Visitor
0
0
1
9
2
0
Users Today : 3
Users Yesterday : 2
Users This Year : 1024
Views Today : 10
Views This Month : 747
Views This Year : 3691"
Our Visitor





