ယောရှုမှတ်စာ - ၁၈
ယောရှုမှတ်စာ - ၁၈ အနက်ဖွင့်
၄။ အခြားလူများ (အခန်း ၁၈၊၁၉)
၁၈:၁ ဂိလဂါလမှ ရှိလော့သို့ စခန်းပြောင်းကြပြီ။ ထိုအရပ်ဒေသတွင် ယဇ်ပလ္လင်တည်ကြရာ ရှမွေလ လက်ထက်တိုင်အောင် တည်တံ့သည်။ နယ်မြေခွဲဝေကြပုံ ဆက်လက်လေ့လာကြည့်ကြပါစို့။
၁၈:၂–၁၀ ယုဒနှင့်ယောသပ်အမျိုးတို့သည် ခွဲတမ်းဝေစုရရှိသွားကြပြီ။ အမွေခွဲတမ်းမရသေးသော လူမျိုး(၇)မျိုး အနောက်ဘက်ကမ်းတွင် ရှိနေကြသည်။ သို့ကြောင့် ယောရှုသည် လူမျိုးတစ်မျိုးလျှင် လူသုံးဦးစီ ဆင့်ခေါ်၍ နယ်မြေအား လိုက်လံတိုင်းတာစေသည်။ ကိုယ်တွေ့မျက်မြင် မြေပုံကိုလည်း ရေးဆွဲစေသည်။
၁၈:၁၁–၂၈ ဗင်္ယာမိန်အမျိုး၏ နယ်နိမိတ်ကို အငယ် ၁၁-၂၀ တွင်၎င်း၊ မြို့ပြကြီးများကို အငယ် ၂၁-၂၈တွင်၎င်း ရေးမှတ်ထားသည်။ ဗင်္ယာမိန်ဝေစုမြေသည် ကျဉ်းမြောင်းသော်လည်း စိတ်ကြိုက်မြေဖြစ်သည်။ နယ်မြေ၏ အချက်အခြာနေရာတွင်ရှိ၍ ခါနန်မြေပေါ်တွင် ဣသရေလတို့၏ အဦးသီးပိုင်ဆိုင်သူများဖြစ်သည်။
ယော်ဒန်မြစ် အနောက်ဘက်ကမ်းတွင် ဣသရေလတို့ ပထမဦးစွာ တပ်စခန်းချသော ဂိလဂါလမြေသည် ဗင်္ယာမိန်တို့ မြေပေါ်တွင် ပါဝင်သည်။ ယော်ဒန်မြစ်ထဲမှ ကျောက်ဆောင်ဖြင့် စိုက်ထူသည့် အမှတ်တရ ကျောက်တိုင်များလည်း ငွါးငွါးစွန့်စွန့်ရှိသည်။ ခါနန်ပြည်တွင် ပထမဦးဆုံး ပသခါပွဲတော် ကျင်းပရာနေရာ နှစ်ဒေသေထွက် သီးနှံများဖြင့် စတင်ပူဇော်ရာအရပ်ဒေသဖြစ်သည်။ ဣသရေလလူတို့ မိမိပိုင်နယ်မြေပေါ်တွင် ပထမဦ:ဆုံးအကြိမ်အရေဖျား လှီးကြသည့်နေရာဖြစ်သည်။ အဲဂုတ္တုပြည်က အကျင့်ဟောင်းများ ခဝါချရာမြေဖြစ်သည်။ ဣသရေလသမိုင်းကြောင်းတွင် အခြားအရပ်ဒေသများနှင့်မတူ၊ တမူထူး၍ ဝိညာဉ်ရေးရာသင်ခန်းစာ ကုဋေကုဋ္ဌာ ပေးသောမြေယာဖြစ်သည်။
ယေရိခေါမြို့ပျက်နေရာဟောင်းကိုလည်း ဗင်္ယာမိန်မြေပေါ်တွင် တွေ့မြင်နိုင်သည်။ မည်သည့်အရာကမှ မပျက်ဆီးနိုင်ဟု ဂုဏ်ယူဝံ့ကြွားခဲ့ကြသည်။ မြို့ရိုးခံတပ်များသည် မြေမှာ ပြိုလဲကုန်ပြီ။ ရှေးဟောင်းပစ္စည်းအမှတ်တရဟူ၍ ရာခပ်မိသားစုနေအိမ်တစ်ခုတည်းသာ လက်ညှိုးညွှန်စရာကျန်ရှိသည်။ ဘုရားသခင်၏ ကွယ်ကာစောင်မခဲ့မှုများကို သတိရတိုင်း ဗင်္ယာမိန်သည် ထိုနေရာသို့ အလည်တစ်ခေါက်သွား၍ အလွမ်းဖြေသည်။ ခွန်အားပြန်လည်ရယူလေ့ရှိသည်။
ဘုရားသခင်၏ အိမ်တော်ဟု အဓိပ္ပါယ်ရသော ဗေသေလသည် ဗင်္ယာမိန်လူမျိုးများက ဖခင်ကြီးတို့၏ ယုံကြည်မှု၊ သစ္စာရှိမှု၊ ဘုရားသခင်က ဣသရေလလူတို့အား ကယ်မခဲ့ပုံများကို တအုံနွေးနွေးအမှတ်သတိရစေသည် (က ၂၈:၁၈-၂၂၊ ၃၅:၁-၁၅)။
ယေရုရှလင်မြို့သည် ရှေးပဝေသဏီကတည်းက မြို့တော်အဖြစ် ကံကြမ္မာစီရင်ပြီးဖြစ်သည်။ သို့သော်လည်း ယေရှဲ၏သားက မြို့ရိုးမတည်မချင်း မပြည့်စုံသေး။
ဗင်္ယာမိန်မြေသည် အတိတ်၊ ပစ္စုပ္ပန်၊ အနာဂတ်သုံးပါးစလုံးတွင် ကောင်းကြီးမင်္ဂလာခံစားကြောင်း သက်သေအထောက်အထား အမှတ်လက္ခဏာများတွေ့ရသည်။ ယာကုပ်၏ အငယ်ဆုံးသားထွေး ကြွယ်ဝလိုက်ပုံများ ကြည့်ကြစမ်းပါဦး။
ယခုသမ္မာကျမ်းစာအနက်ဖွင့်စာများကို http://bbcmm.net/ မှ ရယူဖေါ်ပြထားတာဖြစ်ပြီး သက်ဆိုင်ရာတို့၏ခွင့်ပြုချက်ဖြင့် ဖေါ်ပြဝေမျှခြင်းဖြစ်ပါတယ်။
"Our Visitor
0
0
2
4
4
8
Users Today : 8
Users Yesterday : 8
Users This Year : 1552
Views Today : 23
Views This Month : 264
Views This Year : 5289"
Our Visitor





