ယောဘ၀တ္ထု-၇

အဆုံးမရှိသောဝေဒနာ
1လူတို့သည် မြေကြီးပေါ်မှာ ပင်ပန်းစွာအမှုထမ်းရသည် မဟုတ်လော။ သူနေရသော နေ့ရက်တို့သည် အငှားခံသောသူ၏ နေ့ရက်ကဲ့သို့ ဖြစ်သည်မဟုတ်လော။ 2ကျွန်ခံရသောသူသည် မိုးချုပ်သောအချိန်ကို တောင့်တ၍၊ အငှားခံသောသူသည် အခရမည့်အချိန်ကို မျှော်လင့်သကဲ့သို့၊ 3ထိုနည်းတူ ငါသည် ဒုက္ခနေ့လတို့နှင့် ဆိုင်ရ၏။ ပင်ပန်းစွာခံရသော ညတို့သည်လည်း ငါ၏ အငန်းအတာဖြစ်၏။ 4အဘယ်အခါမှ ညကုန်၍ ငါထရပါမည်နည်းဟု ငါသည် ညည်းတွားလျက် အိပ်ရ၏။ မိုးလင်းသည်တိုင်အောင် လှိမ့်လျက်လူးလျက် နေရ၏။ 5လောက်နှင့်ရွှံ့တို့သည် အဝတ်ကဲ့သို့ ငါ့ကိုယ်ကို ဖုံးလွှမ်းကြ၏။ ငါ့အရေသည် ကွဲ၍ ယိလျက်ရှိ၏။ 6ငါ့နေ့ရက်တို့သည် ရက်ကန်းလွန်းထက်မြန်၍ မျှော်လင့်ခြင်းမရှိဘဲ လွန်သွားတတ်ကြ၏။ 7ငါ့အသက်သည် လေသက်သက်ဖြစ်ကြောင်းကို အောက်မေ့တော်မူပါ။ နောက်တစ်ဖန် ကောင်းသောအကျိုးကို ငါမမြင်ရ။ 8ငါ့ကို မြင်သောသူသည် နောက်တစ်ဖန် မမြင်ရ။ ကိုယ်တော်သည် ကြည့်ရှုတော်မူသောအခါ ငါပျောက်ပါပြီ။ 9မိုးတိမ်သည် ပြယ်ပျောက် ကွယ်လွင့်သကဲ့သို့၊ သင်္ချိုင်းတွင်းထဲသို့ ဆင်းသောသူသည် နောက်တစ်ဖန် မတက်ရ။ 10မိမိအိမ်သို့ မပြန်ရ။ သူ၏နေရင်းအရပ်သည် နောက်တစ်ဖန် သူ့ကိုမသိရ။ 11ထိုကြောင့်ငါသည် ကိုယ်နှုတ်ကို မချုပ်တည်း။ စိတ်ပင်ပန်းလျက်နှင့် စကားပြောရ၏။ အလွန်ညှိုးငယ်သော စိတ်နှင့် မြည်တမ်းရ၏။
12ငါသည် ပင်လယ်ဖြစ်သလော။ နဂါးဖြစ်သလော။ ထိုသို့ဖြစ်သောကြောင့် ငါ့ကို အစောင့်ထားတော်မူရသလော။ 13ငါသည်အိပ်၍ သက်သာမည်။ ငါ့ခုတင်သည် ချမ်းသာပေးမည်ဟု ငါဆိုလျှင်၊ 14ကိုယ်တော်သည် ကြောက်မက်ဖွယ်သော အိပ်မက်ကို ပေးတော်မူ၏။ ညရူပါရုံအားဖြင့် ငါ့ကို ထိတ်လန့်စေတော်မူ၏။ 15ငါသည် ကိုယ်အရိုးကို နှမြောသည်ထက် အသက်ချုပ်၍ သေရသောအခွင့်ကို သာ၍တောင့်တပါ၏။ 16ငါသည် အားလျော့လျက်ရှိ၏။ အစဉ်မပြတ် အသက်မရှင်ရာ။ ငါ့ကို တတ်တိုင်းရှိစေတော်မူပါ။ ငါ့အသက်သည် အခိုးအငွေ့ဖြစ်၏။ 17ကိုယ်တော်သည် လူကိုပမာဏပြု၍ စိတ်စွဲလမ်းတော်မူမည်အကြောင်း၊ 18သူ့ကို နံနက်တိုင်း အကြည့်အရှုကြွလာ၍၊ ခဏခဏ စုံစမ်းတော်မူမည်အကြောင်း၊ လူသည် အဘယ်သို့သောသူ ဖြစ်ပါသနည်း။ 19အဘယ်ကာလမှ ငါ့ကိုမကြည့်မရှု၊ မျက်နှာလွှဲတော်မူမည်နည်း။ ငါသည် ကိုယ်တံတွေးကို မျိုရသည်တိုင်အောင်၊ အဘယ်ကာလမှ တတ်တိုင်း ရှိစေတော်မူမည်နည်း။ 20လူကို စောင့်တော်မူသောအရှင်၊ အကျွန်ုပ်အပြစ်ရှိသည် မှန်ပါစေတော့။ ကိုယ်တော်ရှေ့မှာ အဘယ်သို့ ပြုရပါမည်နည်း။ အကျွန်ုပ်သည် ကိုယ်ကိုကိုယ် ရွံရှာရသည်တိုင်အောင် အကျွန်ုပ်ကို အဘယ်ကြောင့် စက်ကွင်းအဖြစ်ထားတော်မူသနည်း။ 21အကျွန်ုပ်ပြစ်မှားခြင်းကို အဘယ်ကြောင့် သည်းခံတော်မမူသနည်း။ အကျွန်ုပ်အပြစ်ကို အဘယ်ကြောင့် ဖြေရှင်းတော်မမူသနည်း။ ယခုမှာ အကျွန်ုပ်သည် မြေမှုန့်၌အိပ်ရပါမည်။ ကိုယ်တော်သည် နံနက်အချိန်၌ ရှာတော်မူသောအခါ၊ အကျွန်ုပ်မရှိပါဟု မြွက်ဆို၏။

ယောဘ၀တ္ထု-၇ အနက်ဖွင့်

ရး၁-၁၀- ယောဘသည် ဘုရားသခင်ထံသို့တိုက်ရိုက်လျှောက်သည်။ သူခံစားရသော အနာရောဂါသည် သည်းမခံနိုင်တော့သဖြင့် သေခွင့်ပန်သည်။ အလုပ်ကြမ်းသမားသည် ပင်ပန်းစွာ တစနေကုန်လုပ်ဆောင်ပြီးသောအခါ အလုပ်သိမ်းချိန်မျှော်နေရသည်။ သို့သော် ယောဘအတွက် ညဥ့်ဦးမရှိ၊ နေ့သစ်မရှိ။ ပြာပုံပေါ်တွင်အချိန်ရှိသ၍ လူးလှိမ့်နေရသည်။ နေ့ညဥ်ကာလသည် ရက်ကန်းလွန်းကဲ့သို့ ပြေးလွားသည်။ မျှော်လင့်ချက်မရှိ ဦးတည်ရာမဲ့လေသင့်ရာလွင့်နေသာနွေဦးဆည်းဆာ တိမ်သလ္လာသို့ဖြစ်သည်။

ရး၁၁-၂ဝ ယောဘက ဘုရားသခင်ကို မေးခွန်းထုတ်သည်။ အဘယ်ကြောင့်သူ့အသက်ကို ပေးဘိသနည်း။ စိုးလန့်ဖွယ်ရာညဉ့်ကာလနှင့် ချောက်ခြားနေရသည်။သူသည် အဘယ်ကဲ့သို့သောဖြစ်၍ တနုံ့ တမြေ့မြေ့ဝေဒနာခံစားစေသနည်း။ အကယ်၍ အပြစ်ဒုစရိုက်ပြုမိသည် ဆိုလျင် ဝန်ချတောင်းပန်ဖို့ ဝန်မလေး။ အဆင်သင့်ရှိသည်။ သေပြစ်ထိုက်သည် ဆိုလျင်လည်း ခံယူဖို့ အဆင်သင့်ရှိသည်။

ယခုသမ္မာကျမ်းစာအနက်ဖွင့်စာများကို http://bbcmm.net/ မှ ရယူဖေါ်ပြထားတာဖြစ်ပြီး သက်ဆိုင်ရာတို့၏ခွင့်ပြုချက်ဖြင့် ဖေါ်ပြဝေမျှခြင်းဖြစ်ပါတယ်။

"

Our Visitor

0 0 1 9 2 3
Users Today : 6
Users Yesterday : 2
Users This Year : 1027
Views Today : 18
Views This Month : 755
Views This Year : 3699
"