ယောဘ၀တ္ထု-၃၅
1-2တစ်ဖန်ဧလိဟုဆက်၍ မြွက်ဆိုသည်ကား၊ ငါသည် ဘုရားသခင်ထက်သာ၍ ဖြောင့်မတ်၏ဟု သင်ပြောသောစကား မှန်သည်ထင်သလော။ 3သင်က၊ ငါသည် အဘယ်အကျိုးကိုရသနည်း။ ဒုစရိုက်ကို မပြုဘဲနေလျှင် အဘယ်ကျေးဇူးရှိသနည်းဟု ဆိုလို၏။ 4သင်နှင့် သင်၏အပေါင်းအဖော်တို့စကားကို ငါချေပါမည်။ 5မိုးကောင်းကင်ကိုမျှော်၍၊ သင့်ထက်မြင့်သော မိုးတိမ်တို့ကို ကြည့်ရှုလော့။ 6သင်သည် ဒုစရိုက်ကိုပြုသော်လည်း၊ ဘုရားသခင်ကို အဘယ်သို့ ထိခိုက်နိုင်သနည်း။ ပြစ်မှားသော အပြစ်များသော်လည်း၊ အကျိုးတော်ကို အဘယ်သို့ ဖျက်နိုင်သနည်း။ 7သင်သည် ဖြောင့်မတ်သော်လည်း၊ ဘုရားသခင်၏အကျိုးတော်ကို အဘယ်သို့ပြုစုနိုင်သနည်း။ သင့်လက်မှ အဘယ်ကျေးဇူးကို ခံတော်မူမည်နည်း။ 8သင်ပြုသောဒုစရိုက်သည် သင်နှင့်တူသော လူသတ္တဝါကိုသာ ထိခိုက်နိုင်၏။ သင်ပြုသောသုစရိုက်သည်လည်း လူသားတို့၌သာ ကျေးဇူးပြုနိုင်၏။
9များပြားသော ညှဉ်းဆဲခြင်းကိုခံရသောသူတို့သည် အော်ဟစ်တတ်ကြ၏။ အားကြီးသောသူ နှိပ်စက်သောကြောင့်၊ ပြင်းစွာအော်ဟစ်တတ်ကြ၏။ 10သို့သော်လည်း ငါ့ကိုဖန်ဆင်းတော်မူထသော၊ ညအချိန်၌ သီချင်းဆိုရသောအခွင့်ကို ပေးတော်မူထသော၊ 11မြေတိရစ္ဆာန် နားလည်သည်ထက် သာ၍နားလည်သော ဉာဏ်နှင့်လည်းကောင်း၊ မိုးကောင်းကင်ငှက်မရ၊ ထူးဆန်းသောပညာနှင့်လည်းကောင်း၊ ငါတို့ကို ပြည့်စုံစေတော်မူသော ဘုရားသခင်သည် အဘယ်မှာရှိတော်မူသနည်းဟု အဘယ်သူမျှ မမေးမြန်းတတ်။ 12ထိုကြောင့် အဓမ္မလူ၊ ထောင်လွှားစော်ကားခြင်းကိုခံရ၍ အော်ဟစ်သော်လည်း၊ ဘုရားသခင်သည် ထူးတော်မမူ။ 13အကယ်စင်စစ် ဘုရားသခင်သည် အချည်းနှီးသောစကားကို နားထောင်တော်မမူ။ အနန္တတန်ခိုးရှင်သည် ထိုသို့သောစကားကို မမှတ်ဘဲ နေတော်မူ၏။ 14ဘုရားသခင်ကို မတွေ့မမြင်ရဟု သင်ဆိုသော်လည်း၊ တရားသဖြင့် စီရင်တော်မူသောကြောင့် မျှော်လင့်လျက်နေလော့။ 15ယခုမူကား၊ အမျက်ထွက်၍ ဆုံးမတော်မမူ။ ပြစ်မှားသောအပြစ်ကို ကျပ်တည်းစွာ မှတ်တော်မမူသောကြောင့်၊ 16ယောဘသည် အချည်းနှီးသော စကားကို မြွက်ဆိုတတ်၏။ ပညာမရှိဘဲ များစွာပြောတတ်သည်ဟု မြွက်ဆို၏။
ယောဘ၀တ္ထု-၃၅ အနက်ဖွင့်
(ယ)ယောဘသို့ ဒုတိယမ္ပိစကား (အခန်း ၃၅-၃၇)
၃၅:၁-၈ ဧလိဟု ယောဘအား အပြစ်စကားဆိုသည်။ ယောဘ၏ဖြောင့်မတ်ခြင်းက ဘုရားသခင်၏ အမှုတော်အား ဘာမှမကျိုးမပြုသကဲ့သို့ လူ့အပြစ်ဒုစရိုက်များက ဘုရားသခင်၏ အမှုတော်ကို မထိခိုက်ပါ၊ ဘုရားသခင်ရှေ့မှာ မိမိကိုယ်ကို ဟုတ်မှန်လှပြီဟု မဝါကြွားစကောင်း။
၃၅:၉-၁၆ တရားမသိသောသူများသည် ဆင်းရဲဒုက္ခရောက်သောအခါ အော်မြည်ညီးတွားကြသော်လည်း တရားမမြင်၊ တိရိစ္ဆာန်များနှင့်ကျေးဌက်များကို ဉာဏ်ပညာပေးသော ဘုရားကိုလည်း မသိကြ။ သို့ကြောင့် ထိုသူများ၏ဆုတောင်းသံများသည် ဘုရားသခင်တော်ထံသို့မရောက် နိုင်။ လူများက ဘုရားသခင်ကို မမြင်နိုင်ကြသော်လည်း ဘုရားက လူများအားလုံးကို မြင်နေသည်။ သို့ကြောင့် ဘုရားသခင်ကို အပြစ်ရှာမဖွယ်မရာဆိုစရာမရှိ။ ယုံကြည်ကိုစားရှိသင့်သည်။
ယခုသမ္မာကျမ်းစာအနက်ဖွင့်စာများကို http://bbcmm.net/ မှ ရယူဖေါ်ပြထားတာဖြစ်ပြီး သက်ဆိုင်ရာတို့၏ခွင့်ပြုချက်ဖြင့် ဖေါ်ပြဝေမျှခြင်းဖြစ်ပါတယ်။
"Our Visitor
0
0
1
9
3
2
Users Today : 0
Users Yesterday : 9
Users This Year : 1036
Views Today :
Views This Month :
Views This Year : 3716"
Our Visitor
0
0
1
9
3
2





