ယောဘ၀တ္ထု-၂၇

မိမိရိုးသားမှုကိုထိန်းသိမ်းခြင်း
1ယောဘသည် လင်္ကာစကားကို ဆက်၍ မြွက်ဆိုသည်ကား၊ 2ငါ့ကို အမှုရှုံးစေတော်မူသောဘုရားသခင်၊ ငါ့ဝိညာဉ်ကို ညှဉ်းဆဲတော်မူသောအနန္တတန်ခိုးရှင်သည် အသက်ရှင်တော်မူသည်မှန်လျှင်၊ 3ငါ့အသက်ရှင်လျက်၊ ငါ့နှာခေါင်း၌ ဘုရားသခင်ပေးတော်မူသောအသက် တည်သမျှကာလပတ်လုံး၊ 4တစ်ခါမျှ အဓမ္မစကားကို ငါ့နှုတ်မမြွက်။ လှည့်စားသောစကားကို ငါ့လျှာဖြင့် ငါမပြောဘဲနေမည်။ 5သင်တို့သဘောဖြောင့်သည်ဟု ဝန်ခံသောစကားသည် ငါနှင့်ဝေးပါစေသော။ ငါသည် ကိုယ်သဘောဖြောင့်သည်ကို သေသည်တိုင်အောင် မငြင်း။ 6ငါသည် တရားသောအကျင့်ကို လက်မလွှတ်၊ စွဲကိုင်လျက်နေမည်။ အသက်ရှင်သမျှကာလပတ်လုံး ကိုယ်စိတ်နှလုံးသည် ကိုယ်ကိုအပြစ်မတင်ရ။ 7ငါ့ရန်သူသည် ဆိုးသောသူကဲ့သို့လည်းကောင်း၊ ငါ့တစ်ဖက်၌ ထသောသူသည် မဖြောင့်မတ်သောသူကဲ့သို့လည်းကောင်း ဖြစ်ပါစေသော။ 8အဓမ္မလူသည် ဆုံးခြင်းသို့ရောက်၍၊ အသက်ဝိညာဉ်ကို ဘုရားသခင်နုတ်တော်မူသောအခါ အဘယ်မျှော်လင့်စရာရှိသေးသနည်း။ 9ထိုအမှုရောက်သောအခါ၊ သူအော်ဟစ်ခြင်းကို ဘုရားသခင် နားထောင်တော်မူမည်လော။ 10ထိုသူသည် အနန္တတန်ခိုးရှင်၌ မွေ့လျော်လိမ့်မည်လော။ ဘုရားသခင်ကို အစဉ်ပတ္ထနာပြုလိမ့်မည်လော။ 11ဘုရားသခင်၏အမှုတော်တို့ကို သင်တို့အား ငါပြသမည်။ အနန္တတန်ခိုးရှင် ကြံစည်တော်မူသောအရာတို့ကို ငါထိမ်ဝှက်၍မထား။ 12သင်တို့သည် ကိုယ်တိုင်သိမြင်လျက်၊ ဤမျှလောက် အချည်းနှီးသောစိတ်ကို အဘယ်ကြောင့် ပြုစုကြသနည်း။ 13လူဆိုးအား ဘုရားသခင်ပေးတော်မူသောဆုလာဘ်၊ ညှဉ်းဆဲတတ်သောသူသည် အနန္တတန်ခိုးရှင်၏ လက်တော်မှခံရသော အမွေဥစ္စာဟူမူကား၊ 14သူ၏သားသမီးများပြားသော်လည်း ဓားစာဖြစ်ကြ၏။ မွတ်သိပ်ခြင်းကိုလည်း ခံရကြ၏။ 15သူ၌ကျန်ကြွင်းသောသူတို့ကို သေမင်းသင်္ဂြိုဟ်လိမ့်မည်။ သူ၏မုဆိုးမတို့သည် ငိုကြွေးခြင်းကို မပြုရကြ။ 16သူသည်ငွေကို မြေမှုန့်ကဲ့သို့ပုံ၍၊ အဝတ်တန်ဆာကို ရွှံ့ကဲ့သို့ ပြင်ဆင်သော်လည်း၊ 17ထိုအဝတ်တန်ဆာကို ဖြောင့်မတ်သောသူသည် ဝတ်ဆင်လိမ့်မည်။ ထိုငွေကို အပြစ်ကင်းသောသူသည် ဝေငှလိမ့်မည်။ 18သူဆောက်သော အိမ်သည် ပိုးရွအိမ်ကဲ့သို့လည်းကောင်း၊ ကင်းတဲကဲ့သို့လည်းကောင်း ဖြစ်၏။ 19ထိုရတတ်သောသူသည် သေသောအခါ သင်္ဂြိုဟ်ခြင်းကို မခံရ။ မျက်စိတစ်မှိတ်၌ ဆုံးရှုံးပြီ။ 20ထသောရေကဲ့သို့ ဘေးဥပဒ်တို့သည် သူ့ကိုလိုက်တတ်၏။ ညအခါ မိုးသက်မုန်တိုင်း တိုက်သွားတတ်၏။ 21အရှေ့လေလွှင့်၍ သူသည်မိမိနေရာ၌ မတည်။ လေအဟုန်ဖြင့် ပါသွားတတ်၏။ 22ဘုရားသခင်သည် မသနားဘဲ ဒဏ်ခတ်တော်မူသဖြင့်၊ လက်တော်မှ လွတ်ခြင်းငှာ အလိုရှိလိမ့်မည်။ 23လူတို့သည် လက်ခုတ်တီး၍ ကဲ့ရဲ့သံကိုပြုလျက်၊ သူ့ကိုမောင်းကြလိမ့်မည်။

ယောဘ၀တ္ထု-၂၇ အနက်ဖွင့်

၅။ ယောဘ၏ အပိတ်လေကြော (အခန်း ၂၇-၃၁)

ယောဘ၏မိတ်ဆွေများသည် လှေနံဓါးထစ်မရပ်တည်ပါ။ သို့သော် ယောဘကိုလည်း နှစ်သိမ့်အားပေးခြင်း မဖြစ်စေပါ။ ယောဘသည် ယုံကြည်ရာလမ်းမှန်ပေါ်တွင် ခိုင်မြဲစွာရပ်တည်နေသည်။

ယောဘ၏စကားတွင် အချက် (၃) ချက်ရှိသည်။ဆိုးသွမ်းသူများ၏ ပျက်စီးခြင်းသို့မရောက် (အခန်း ၂၇)၊ ဥာဏ်ပညာ၏ အဖိုးတန် တန်ခိုးကို အသိအမှတ်ပြုသည် (အခန်း ၂၈)။ ယုံကြည်ချက်ပေါ်တွင်ရပ်တည်သည်(အခန်း ၂၉-၃၁)။



ယခုသမ္မာကျမ်းစာအနက်ဖွင့်စာများကို http://bbcmm.net/ မှ ရယူဖေါ်ပြထားတာဖြစ်ပြီး သက်ဆိုင်ရာတို့၏ခွင့်ပြုချက်ဖြင့် ဖေါ်ပြဝေမျှခြင်းဖြစ်ပါတယ်။

"

Our Visitor

0 0 1 9 2 3
Users Today : 6
Users Yesterday : 2
Users This Year : 1027
Views Today : 18
Views This Month : 755
Views This Year : 3699
"