ဓမ္မရာဇဝင်ပဌမစောင် - 4

ရန်သူလက်သို့ပဋိညာဉ်သေတ္တာရောက်ရှိ
1တစ်ဖန် ဣသရေလအမျိုးသားတို့သည် ဖိလိတ္တိလူတို့ကို တိုက်ခြင်းငှာ ချီသွား၍၊ ဧဗနေဇာမြို့နားမှာ တပ်ချလျက်၊ ဖိလိတ္တိလူတို့သည် အာဖက်မြို့၌ တပ်ချလျက်နေကြ၏။ 2ဖိလိတ္တိလူတို့သည် ဣသရေလအမျိုးကို စစ်ခင်းကျင်း၍ တိုက်ကြသောအခါ၊ ဣသရေလအမျိုးသည် စစ်ရှုံး၍ ရန်သူလက်တွင် သူရဲလေးထောင်ခန့်မျှ သေကြ၏။ 3လူများတို့သည် တပ်ထဲသို့ရောက်သောအခါ၊ ဣသရေလအမျိုး အသက်ကြီးသူတို့က၊ ယနေ့ ထာဝရဘုရားသည် ငါတို့ကို ဖိလိတ္တိလူတို့ရှေ့မှာ အဘယ်ကြောင့်ရှုံးစေတော်မူသနည်း။ ထာဝရဘုရား၏ပဋိညာဉ်သေတ္တာတော်သည် လာ၍၊ ငါတို့ကို ရန်သူလက်မှ ကယ်တင်စေခြင်းငှာ၊ ရှိလောမြို့မှ ဆောင်ခဲ့ကြကုန်အံ့ဟု ဆိုကြသည်အတိုင်း၊ 4လူများတို့သည် ရှိလောမြို့သို့ လူကိုစေလွှတ်၍၊ ခေရုဗိမ်စပ်ကြားမှာနေသော ကောင်းကင်ဗိုလ်ခြေ အရှင်ထာဝရဘုရား၏ ပဋိညာဉ်သေတ္တာတော်ကို ဆောင်ခဲ့သဖြင့်၊ ဘုရားသခင်၏ ပဋိညာဉ်သေတ္တာတော်နှင့်အတူ ဧလိ၏သား ဟောဖနိနှင့်ဖိနဟတ် နှစ်ယောက်တို့သည် ပါကြ၏။ထွ၊ ၂၅:၂၂။ 5ထာဝရဘုရား၏ ပဋိညာဉ်သေတ္တာတော်သည် တပ်ထဲသို့ ရောက်သောအခါ၊ မြေကြီးအသံ မြည်သည်တိုင်အောင် တပ်သားအပေါင်းတို့သည် ကြွေးကြော်ကြ၏။ 6ကြွေးကြော်သံကို ဖိလိတ္တိလူတို့သည် ကြားလျှင်၊ ဟေဗြဲတပ်၌ပြုသော ကြွေးကြော်သံကြီးကား အဘယ်သို့နည်းဟု မေးလျက်၊ ထာဝရဘုရား၏သေတ္တာတော်သည် ထိုတပ်ထဲသို့ရောက်ကြောင်းကို သိကြ၏။ 7ဖိလိတ္တိလူတို့သည် ကြောက်၍၊ ဘုရားသခင်သည် ဟေဗြဲတပ်ထဲသို့ ရောက်လေပြီတကား။ ငါတို့သည် အမင်္ဂလာရှိကြ၏။ တစ်ခါမျှ ဤသို့ မဖြစ်စဖူး။ 8ငါတို့သည် အမင်္ဂလာရှိကြ၏။ တန်ခိုးကြီးသော ဤဘုရားသခင်၏လက်မှ ငါတို့ကို အဘယ်သူ ကယ်တင်လိမ့်မည်နည်း။ တော၌ အဲဂုတ္တုလူတို့ကို ဘေးအပေါင်းနှင့် ဒဏ်ခတ်သောဘုရားကား၊ အခြားမဟုတ် ဤဘုရားပေတည်း။ 9အို ဖိလိတ္တိလူတို့၊ ဣသရေလလူတို့သည် သင်တို့ထံ၌ ကျွန်ခံရသကဲ့သို့၊ သူတို့ထံ၌ ငါတို့သည် ကျွန်မခံရမည်အကြောင်း၊ အားယူ၍ ယောက်ျားပြုကြလော့။ ယောက်ျားပြု၍ တိုက်ကြလော့ဟု ပြောဆိုကြ၏။ 10ဖိလိတ္တိလူတို့သည် စစ်တိုက်သဖြင့်၊ ဣသရေလအမျိုးရှုံးပြန်၍၊ လူတိုင်း မိမိနေရာသို့ ပြေးလေ၏။ ကြီးစွာသော လုပ်ကြံခြင်းဖြစ်၍၊ ဣသရေလ ခြေသည်သူရဲ သုံးသောင်းတို့သည် သေကြ၏။ 11ဘုရားသခင်၏သေတ္တာတော်သည် ရန်သူလက်သို့ရောက်၍၊ ဧလိ၏သား ဟောဖနိနှင့်ဖိနဟတ် နှစ်ယောက်တို့သည် အသက်ဆုံးလေ၏။
ဧလိကွယ်လွန်ခြင်း
12ဗင်္ယာမိန် အမျိုးသားတစ်ယောက်သည်၊ စစ်တိုက်ရာထဲက ပြေးလာ၍၊ မိမိအဝတ်ကိုဆုတ်လျက်၊ မိမိခေါင်းပေါ်မှာ မြေမှုန့်ကိုတင်လျက်၊ ထိုနေ့ချင်းတွင် ရှိလောမြို့သို့ ရောက်လေ၏။ 13ရောက်သောအခါ၊ ဧလိသည် လမ်းနား၌ ခုံပေါ်မှာထိုင်၍၊ ဘုရားသခင်၏သေတ္တာတော်အတွက် စိတ်နှလုံးတုန်လှုပ်လျက် စောင့်နေ၏။ ပြေးသောသူသည် မြို့ထဲသို့ရောက်၍ သတင်းပြောသဖြင့်၊ တစ်မြို့လုံး အော်ဟစ်ကြ၏။ 14အော်ဟစ်သံကို ဧလိကြားသော်၊ အုတ်အုတ်ကျက်ကျက်သော အသံကား၊ အဘယ်သို့နည်းဟုမေးလျှင်၊ ထိုသူသည် အလျင်အမြန်လာ၍ ဧလိအားလျှောက်လေ၏။ 15ထိုအခါ ဧလိသည် အသက် ကိုးဆယ်ရှစ်နှစ်ရှိ၍ မျက်စိမမြင်နိုင်အောင် မျက်ကြောသေနှင့်ပြီ။ 16ပြေးသောသူက၊ အကျွန်ုပ်သည် စစ်တိုက်ရာမှ ရောက်လာသောသူ ဖြစ်ပါ၏။ စစ်တိုက်ရာထဲက ယနေ့ အကျွန်ုပ်ပြေး၍ လာပါ၏ဟု လျှောက်လျှင်၊ ဧလိက၊ ငါ့သား၊ အမှုကားအဘယ်သို့နည်းဟုမေးလေသော်၊ 17တမန်က၊ ဣသရေလအမျိုးသည် ဖိလိတ္တိလူတို့ရှေ့မှာပြေး၍ ကြီးစွာသော လုပ်ကြံခြင်းကို ခံရကြပါပြီ။ ကိုယ်တော်၏သား၊ ဟောဖနိနှင့် ဖိနဟတ်နှစ်ယောက်တို့သည် သေပါပြီ။ ဘုရားသခင်၏ သေတ္တာတော်သည်လည်း ရန်သူလက်သို့ ရောက်ပါပြီဟု ပြန်လျှောက်လေ၏။ 18ဘုရားသခင်၏ သေတ္တာတော် သတင်းကိုကြားသောအခါ၊ ဧလိသည် တံခါးနားမှာထိုင်သော ခုံပေါ်က နောက်သို့လန်ကျသဖြင့်၊ လည်ပင်းကျိုး၍ သေလေ၏။ အသက်ကြီး၍ ကိုယ်လေးသောသူ ဖြစ်၏။ ထိုသူသည် ဣသရေလအမျိုးကို အနှစ်လေးဆယ် အုပ်စိုးသတည်း။
ဖိနဟတ်၏မယားကွယ်လွန်ခြင်း
19သူ၏ချွေးမ ဖိနဟတ်၏မယားသည် ပဋိသန္ဓေအရင့်အမာရှိ၍ အချိန်နီးလျက်၊ ဘုရားသခင်၏ သေတ္တာတော်သည် ရန်သူလက်သို့ရောက်ကြောင်း၊ ယောက္ခမနှင့်လင် သေကြောင်းကိုကြားသောအခါ၊ ကျောကုန်း၍ သားဖွားခြင်းဝေဒနာကို ချက်ချင်းခံရ၏။ 20သေလုသောအခါ အနားမှာရှိသော မိန်းမတို့က၊ မစိုးရိမ်နှင့်။ သားယောက်ျားကို ဖွားမြင်ပြီဟု ဆိုသော်လည်း ပြန်မပြော၊ အမှုမထားဘဲနေ၏။ 21တစ်ဖန် ဘုရားသခင်၏သေတ္တာတော်သည် ရန်သူလက်သို့ ရောက်သောကြောင့်လည်းကောင်း၊ မိမိယောက္ခမနှင့် လင်အမှုကြောင့်လည်းကောင်း၊ ဣသရေလဘုန်းအသရေပျောက်ခဲ့ပြီဟုဆိုလျက်၊ ထိုသူငယ်ကို ဣခဗုဒ် အမည်ဖြင့်မှည့်၍၊ 22ဣသရေလအမျိုး၏ဘုရားသခင့်သေတ္တာတော်သည် ရန်သူလက်သို့ ရောက်သောကြောင့်၊ ဣသရေလ ဘုန်းအသရေ ပျောက်ခဲ့ပြီဟု ဆိုလေ၏။

ဓမ္မရာဇဝင်ပဌမစောင် - ၄ အနက်ဖွင့်

(ဒေဗောရနှင့်ဗာရက် (အခန်း၄)

၁။ ဘဝဇာတ်လမ်း (စကားပြေ) (အခန်း )

: ဣသရေလတို့အား နှိပ်စက်ဖိစီးသော နောက်ဘုရင်တစ်ပါးမှာ ခါနန်ပြည် ဟာဇော်မြို့စား ရာဘိန်မင်းဖြစ်သည်။ သူ၏ စစ်သူကြီးမှာ သိသရဖြစ်သည်။ သံရထားကိုးရာရှိ၍ စစ်အင်အား တောင့်တင်းသည်။ ဣသရေလတို့ကို နှစ်ပေါင်း(၂၀)ကြာ နှိပ်ကွပ်ကြသည်။

: ထိုကာလတွင် ဘုရားသခင်က အတောင်နှစ်ဆယ်ဝတ် မင်းယောက်ျားများ မသုံးပါ။ သုံးတောင်ဝတ်မိန်းမသားကိုသုံးသည်။ ပရောဖက်မ၏ နာမည်ကို ဒေဗောရဟုခေါ်သည်။ (ထိုသို့ ပရောဖက်မိန်းမပေါ်ထွန်းစေခြင်းသည် ဝိညာဉ်ရေးရာတွင် မိန်းမများအချုပ်အခြာ အာဏာသုံးစွဲပိုင်ခွင့် ပေးထားခြင်း မဟုတ်ပါ။ အမြင့်ဆုံးစံချိန် ချိုးခြင်းဖြစ်သည်။ ယနေ့ခေတ်ကာလတွင် ထိုအမျိုးသမီးကို နမူနာယူ၍ မဏ္ဍပ်တိုင်ထိပ်ပေါ် တက်စရာမဟုတ်။ ထုံးတမ်းစဉ်လာနည်းနာမရှိသော ထူးခြားချက် တစ်ခုဖြစ်သည်)။ ဒေဗောရက ဗာရက်အား မြောက်ဘက်အရပ်ရှိ သိသရ စစ်တပ်အား သွားရောက်တိုက်ခိုက်ရန် ပရောဖက်ပြုသည်။ ဗာရက် ကလည်း သူ့စစ်တပ်နောက်သို့ လိုက်၍ လိုက်လံဆုတောင်းပေးမှသာ တိုက်ခိုက်နိုင်မည်ဟု စျေးကိုင်သည်။ ဒေဗောရလိုက်မည်။ ထိုသို့လိုက်ခြင်းသည် သိသရစစ်သူကြီးသည် မိန်းမလက်ချက်ဖြင့် ဆုံးရှုံးမည်ဟု သတိပေးလိုက်သည်။

:၁၀၁၆ ဘုရားသခင်က ဗျာဒိတ်ပေးထားသည့်အတိုင်း ဒေဗောရက ဗာရက်အားရန်သူသိသရကို တိုက်ခိုက်ခိုင်းသည်။ ဟေဗြဲ ၁၁:၃၂တွင်မူ ဒေဗောရ အမိန့်ကြောင့် ဗာရက်တိုက်ခိုက်ခြင်းမဟုတ်။ သူ၏ယုံကြည်ခြင်း၊ ဘုရားသခင်၏စကားတော်နားထောင်ခြင်း ဖြစ်သည်ဟုဆိုသည်။ (NIV ကျမ်းမူ အပိုဒ်ငယ် ၁၁တွင် ဟောဗတ်သည် မောရှေ၏ ယောက်ဖဟုဆိုသည်။ NKJV ကျမ်းမူတွင်မူ ယောက္ခမ ဟု ဆိုသည်။

ဗာရက်စစ်သည်တော်အင်အားတစ်သောင်းသည် တာဗော်တောင် တောင်ဘက်ဆင်ခြေလျှောတွင် နေရာယူထားကြသည်။ သိသရ၏ စစ်သားများ ချီတက်လာကြသည်။ စစ်ကြောင်းတစ်ခုလုံးကျည်ကွယ်မျက်ကွယ်မဲ့ တာဗော်သတ်ကွင်းကို ဖြတ်ကျော်လာကြသည်။ အရှေ့တောင်ဘက်ရှိ တာနပ်ဆီသို့ ဦးတည်ကြသည်။ တောင်ဘက်အရပ်မှ ဧဖရိမ်လူများ ယေနင် ချိုင့်ဝှမ်းသို့ ရောက်လာကြသည် (:၁၄) ဗာရက်စစ်ကြောင်းနှင့် တာနပ်လွင်ပြင်တွင် ပူးပေါင်းကြသည်။ ဒေဗောရက စစ်တိုက်ခိုင်းသည်(၁၄) ခြေလျင်စစ်သားများနှင့် သံရထားတပ်ဖွဲ့ လယ်ပြင်မှာ ကျားနှင့်ဆင်တွေ့ကြသည်။ ထိုသို့အဆုံး အဖြတ်တိုက်ပွဲဆင်နွှဲခိုက် မိုးကြီး သီးထန်စွာရွာချသဖြင့် လွင်ပြင်တစ်ခုလုံးရွှံ့ဗွက်များ ထူထပ်သွား၍ မြင်းရထားများ အစွမ်းအစပျောက်ကုန်သည် (:) ခြေလျင်တပ်ဘက်တွင် အခွင့်အရေးသာသွားသည်။ သိသရသည် သူ့တပ်နှင့်ကွဲသွားပြီ၊ တစ်ယောက်တည်း လမ်းပျောက်သည်။ ခေါင်းဆောင်မဲ့သွားသော မြင်းတပ်သည် အထိန်းအကွပ် မရှိသဖြင့် ပုရွက်ဆိတ်အုံ တုတ်ထိုးခံရသည့်ပမာ ခြေဦးတည့်ရာ ထွက်ပြေးကြသည်။ မိုးကလည်း သဲကြီးမဲကြီးရွာပြီး ရွာနေသည်။ ဣသရေလတို့ ဓားချက်မိသူများသည် သေကြ၍ ဓားချက် မမိလိုက်သူများသည် ဟာရိုရှေသတ်ကွင်းကို ပြန်လည် ဖြတ်သန်း၍ သေပြေးရှင်ပြေး ပြေးကြသည် (ငယ် ၁၀၁၆ နှင့် :၂၀၂၁)တို့ကို ယှဉ်ဖတ်ပါ။

          :၁၇၂၄ သိသရသည် ကေဣတ်အမျိုး ယေလအမျိုးသမီးတဲတွင် ပုန်းခိုသည်။ သိသရမောမောပန်းပန်းဖြင့် အိပ်မောကျနေစဉ် ယေလသည် သိသရ၏နားထင်ထဲသို့ တင်းပုတ်ဖြင့် တံသင်ရိုက်ထည့်လိုက်သည်။ သိသရနောက်သို့ ထပ်ချပ်လိုက်လာသော ဗာရက်ကိုတဲနားသို့ရောက်အသောအခါ ယေလက လှမ်းခေါ်၍ သိသရအလောင်းကို ထုတ်ပြသည်။ ဤနေရာတွင် အပိုဒ်ငယ် ၉မှ ဒေဗောရ၏ ပရောဖက်ပြုချက်ပြည့်စုံမှန်ကန်ကြောင်းတွေ့ရသည်။ ဘုရားသခင်သည် ပျားရည်ဟု အနက်ရသော ဒေဗောရ မိန်းမသားအား အသုံးပြု၍ ဘုရားသခင်ကို ဆန့်ကျင်သော ယာအင်လူအား ဆုံးမသည်။ ဘုရားရှင်သည် ဗာရက်(အလင်းရောင်)အား၊ ယေလ(တက်လမ်း) ကိုသုံး၍ တံသင် (သာဝကခရီးသည် အထိမ်းအမှတ်)ဖြင့် အံ့ဖွယ်အမှုပြုစေခဲ့သည်။ တင်းပုတ်ဆိုသည်မှာ နှုတ်ကပတ်တော် (ယေ ၂၃:၂၉)ဖြစ်သည်။

ယခုသမ္မာကျမ်းစာအနက်ဖွင့်စာများကို http://bbcmm.net/ မှ ရယူဖေါ်ပြထားတာဖြစ်ပြီး သက်ဆိုင်ရာတို့၏ခွင့်ပြုချက်ဖြင့် ဖေါ်ပြဝေမျှခြင်းဖြစ်ပါတယ်။

"

Our Visitor

0 0 2 4 4 4
Users Today : 4
Users Yesterday : 8
Users This Year : 1548
Views Today : 14
Views This Month : 255
Views This Year : 5280
"