ဓမ္မရာဇဝင်ပဌမစောင် - ၂၆
ဓမ္မရာဇဝင်ပဌမစောင် - ၂၆ အနက်ဖွင့်
(၇) ရှောလုအား ဒုတိယအကြိမ်လွတ်ငြိမ်းချမ်းသာခွင့်ပေး
၂၆:၁–၄ ဇိဖသားများက ဒါဝိဒ်၏ သတင်းအား ရှောလုသို့ပေးပို့ကြပြန် (၂၃:၁၉ နှင့်ယှဉ်ဖတ်)သဖြင့် ယခင်ကထက် အင်အားငါးဆစုရုံးပြီး ဒါဝိဒ်အား ဖမ်းဆီးရန် ဇိဖတောသို့ ချီတက်ကြသည်။ ရှောလုစိတ်တွင် မည်သို့ရောဂါဆိုးထလာပြန်သည်ကို တပ်အပ်မသိ။ သတင်းပေးနှစ်ယောက်၏စကားကြောင့် အမုန်းစိတ်တဖန် ပေါက်ဖွားရှင်သန်လာခြင်းဖြစ်နိုင်သည် (အခန်း ၂၄)။ သို့မဟုတ် ဝိညာဉ်ဆိုးလှုံ့ဆော်မှုလည်း ဖြစ်နိုင်သည် (ငယ် ၁၉ကိုကြည့်)။
၂၆:၅–၁၂ ဒါဝိဒ်က ရှောလု၏ တပ်စခန်းထဲသို့ သူလျှိုစေလွှတ်သည်။ သတင်းအတိအကျရရှိသောအခါ ဒါဝိဒ်သည် အဘိရှဲနှင့်အတူ ရှောလုအိပ်ယာသို့ ချဉ်းကပ်ကြသည်။ ဤအကြိမ်တွင်လည်း ဘုရားရှင်က အခွင့်အရေးကောင်းပေးသည်။ အဘိရှဲကမူ အိပ်ပျော်နေသော ရှောလုအား ထုသတ်ချင်သည်။ သို့သော် ဒါဝိဒ်က ခွင့်မပြု။ တားမြစ်သည်။ အဘယ်ကြောင့်ဆိုသော် ရှောလုသည် ဆိုးညစ်သော်လည်း ဘုရားသခင် ဘိသိက် ပေးထားသူဖြစ်သည်။ ဘုရားသခင်က စီရင်ပါစေဟုဆိုသည်။ ရှောလုခေါင်းရင်းတွင် ထောင်ထားသောလှံနှင့် ရေဘူးကိုယူပြီး ထွက်လာကြသည်။
၂၆:၁၃–၁၆ တပ်ပြင်သို့ ရောက်သောအခါ ဒါဝိဒ်သည် ရှောလု၏ သက်တော်စောင့်အာဗနာအား မိမိသခင်၏ လုံခြုံရေးကို သေချာစွာ မစောင့်ရကောင်းလားဟု အော်ဆဲသည်။ ဘုရင့်သက်တော်စောင့်ဖြစ်လျက် တာဝန်မကျေပြွန်ခြင်းသည် သေဒဏ်ထိုက်သည်။ ရှောလု၏လှံနှင့်ရေဘူးယူခြင်းသည် အသက်ကိုမသတ်ချင်၍ လွှတ်ငြိမ်းချမ်းသာခွင့်ပေးသည်ဟု အဓိပ္ပါယ်သက်ရောက်သည်။
၂၆:၁၇–၂၁ ဒါဝိဒ်က ရှောလုအား အဘယ်ကြောင့် သူ့ကို ခွေးလှေးရှာသကဲ့သို့လိုက်လံရှာဖွေ ရန်ပြုသနည်းဟု ဆိုသည်။ အကယ်၍ဘုရားသခင်ကစေခိုင်းခြင်းဖြစ်လျှင် သူ့အသက်အားယဇ်ပလ္လင်တွင် ပူဇော်ပါမည်။ အကယ်၍ လူ့တိုက်တွန်းချက်အကြံအစည်ဖြစ်လျှင် ထိုသူအား ကျိန်စာသင့်ကြပါစေ။ အဘယ်ကြောင့်ဆိုသော် ဘုရားသခင်၏ သန့်ရှင်းရာအလုပ်၌ အေးဆေးတည်ငြိမ်စွာ ဝတ်ပြုခြင်းမပြုနိုင်အောင် မောင်းထုတ်ခဲ့ကြသည်ဟု ဆိုသည်။ အပိုဒ်ငယ်၁၉တွင် ပါရှိသည့် အခြားဘုရားကို ကိုးကွယ်စေခြင်း ဆိုသည်မှာ အပြုအမူဖြင့်မဟုတ်၊ အပြောဖြင့် ဒုစရိုက်ပြုမှားခြင်း ဖြစ်သည်။ ဒါဝိဒ်ကသူသည် ဘုရားသခင်မရှိသောအရပ်မှာ မသေ(ငယ်၂၀ NASB)ဟု ဆိုသည်။ ရှောလုသည် ပစ်မှတ်နောက် ကျည်ဆံလိုက်သကဲ့သို့ ဒါဝိဒ်နောက်သို့ သဲကြီးမဲကြီးလိုက်သည်။
၂၆:၂၁–၂၅ ဒါဝိဒ်က သူ့အသက်ချမ်းသာခွင့်ပေးကြောင်း ရှောလုသိရှိသွားသောအခါ နောင်တရမိပြန်သည်။ ဒါဝိဒ်သည် သူထင်မြင်သည်ထက် ဖြူစင်ဖြောင့်မတ် သဘောထားပြည့်ဝကြောင်း နားလည်သည်။ သူက ဒါဝိဒ်၏ အသက်ကို ရန်ရှာသော်လည်း ဒါဝိဒ်က သူ့အသက်ကို ချမ်းသာ ခွင့်ပေးသည်။ ဒါဝိဒ်သည် ရှောလု၏အသက်အား သတ်နိုင်ခွင့်ကြုံသော်လည်း ဘုရားသခင် ဘိသိက်ပေးထားသောသူ၏ အသက်ကို ဒုက္ခမပေး။ သူ၏ဖြောင့်မတ်ခြင်းအား ဘုရားရှေ့၊ လူရှေ့တွင် သက်သေပြသည်။ ရှောလုကလည်း ဒါဝိဒ်အား ကောင်းကြီးပေးလိုက်သည်။ “ငါ့သားဒါဝိဒ်“၂၁ သင်သည် မင်္ဂလာရှိပါစေသော ဟု ဆိုသည်။ ရှောလုသည် မြို့သို့ ပြန်လာ၍ ဒါဝိဒ်သည်လည်း သူ့ခရီးသို့ဆက်သွားသည်။
ယခုသမ္မာကျမ်းစာအနက်ဖွင့်စာများကို http://bbcmm.net/ မှ ရယူဖေါ်ပြထားတာဖြစ်ပြီး သက်ဆိုင်ရာတို့၏ခွင့်ပြုချက်ဖြင့် ဖေါ်ပြဝေမျှခြင်းဖြစ်ပါတယ်။
"Our Visitor
0
0
2
4
3
0
Users Today : 5
Users Yesterday : 9
Users This Year : 1534
Views Today : 25
Views This Month : 196
Views This Year : 5221"
Our Visitor





