ဓမ္မရာဇဝင်ပဌမစောင် - ၂၅
ဓမ္မရာဇဝင်ပဌမစောင် - ၂၅ အနက်ဖွင့်
(၆) နာဗလ၏ မိုက်ရိုင်းမှု (အခန်း ၂၅)
၂၅:၁–၉ ရှမွေလသေခြင်းသည် တရားသူကြီးခေတ်နိဂုံးချုပ်ခြင်းဖြစ်သည်။ သက်ဦးစံပိုင်စနစ် ပေါ်ထွန်းလာချေပြီ။ ဒါဝိဒ်၏ နန်းမိုးနန်းစွယ်မှစ၍ ခရစ်တော်တွင် ကတိတော်ပြည့်စုံလာသည်။ ရှမွေလ သေဆုံးသောအခါ ဣသရေလပြည်သူအများသည် ကာလရှည်ကြာ လွမ်းတသသ နှောင်းတမြေ့မြေ့ဝမ်းနည်း ပူဆွေးကြသည်။
ရှမွေလ၏ အသုဘ ရက်လည်ကိစ္စပြီးဆုံးသောအခါ ဒါဝိဒ်သည်ပါရန်တောထဲသို့ ဝင်သွားသည်။ ရှောလု၏ အသက်ရန်ရှာခြင်း ဘေးရန်မှ ကင်းဝေးအောင် ယုဒပြည်တောင်ပိုင်းသို့ ခပ်ဝေးဝေးသွားနေခြင်းဖြစ်သည်။ အပိုဒ်၂တွင် ပါရှိသည့် ကရမေလသည် မြောက်ပိုင်းအရပ်မှ ကရမေလတောင်မဟုတ်ပါ။ မာအုန်မြို့နားမှ မြို့တစ်မြို့ ဖြစ်သည်။ ဒါဝိဒ်သည် သိုးဆိတ်ကြွယ်ဝသော နာဗာလထံသို့ တပည့်များစေလွှတ်၍ အလှူသွားခံခိုင်းသည်။ နာဗလသည် သိုးမွှေးများညှပ်နေသည်။
၂၅:၁၀–၁၃ နာဗလသည် ဒါဝိဒ်၏ တပည့်အား မလိုက်လျောသည့်အပြင် မချေမငံရိုင်းပြစွာ အော်ပြော မောင်းထုတ်လိုက်သည်။ ဒါဝိဒ်ကြားသိသောအခါ စိတ်ဆိုးလျက် တပည့်သားမြေးလေးရာနှင့် အတူနာဗလနှင့် အိမ်ထောင်မိသားစုများ နဘန်ကျင်းဖို့ချီတက်သွားကြသည်။
၂၅:၁၄–၂၂ ချောမောလှပ၍ သီလနှင့်ပြည့်စုံသော နာဗလ၏မိန်းမအဘိဂဲလက သူ့ယောက်ျား၏ အပြုအမူဆက်ဆံပုံကို တွေ့မြင်သောအခါ စိုးရိမ်ကြောက်လန့်သွားသည်။ စားကောင်း သောက်ဖွယ်များ ချက်ချင်းပြင်ဆင်ပြီး ဒါဝိဒ်အား သွားရောက်တွေ့ဆုံသည်။ တချိန်လုံးနာဗလ၏ တိရစ္ဆာန်များ စောင့်ကြည့်ခဲ့ရသည်ကို မထောက်ဘဲနှင့် ထိုကဲ့သို့ နာဗလမိုက်ရိုင်းလေရော့သလား၊ အမျိုးဖြုတ်ပစ်မည်ဟု ဒေါသတကြီးထွက်လာသည်။
၂၅:၂၃–၃၁ ဒါဝိဒ်ကို တွေ့သောအခါ အဘိဂဲလသည် ခြေရင်းတွင် ရိုကျိုးစွာ ပျပ်ဝပ်လျက် သနားဖွယ်ခစား အသနားခံသည်။ ပထမဦးစွာ သူမသည် နာဗလ၏ မိန်းမဖြစ်ကြောင်း သူ့ကိုယ်သူ မိတ်ဆက်သည်။ နာဗလဆိုသည်မှာ လူမိုက်လူလိမ်ဟု အနက်ရသည်။ ဒါဝိဒ်၏ တပည့်များ အိမ်သို့လာစဉ်က၊ မသိလိုက်သောကြောင့် ထိုကဲ့သို့ မဖွယ်မရာဖြစ်ကြကြောင်းနှင့် ခွင့်လွှတ်ပါရန် တောင်းပန်သည်။ ရန်သူများကို သဘောထားကြီးစွာခွင့်လွှတ်တော်မူသည့်အတိုင်း ခွင့်လွှတ်ပါရန်နှင့် ဒါဝိဒ်အား ဆန့်ကျင်ပုန်ကန်မည့်သူသည် နာဗလကဲ့သို့ ဘုရားရှင်၏ အပြစ်တင်ခြင်းခံကြရပါစေဟု လျှောက်လဲသည်။ စင်စစ် အဘိဂဲလ၏ စိတ်နှလုံးထဲတွင် ဘုရားသခင် ဘိသိက်ပေးထားသော ဒါဝိဒ်အား ကြည်ညိုနေမိပြီ။ တိုက်ပွဲအောင်မြင်ခြင်းအတွက် ချီးမွမ်းနေမိပြီးဖြစ်သည်။ ထိုကဲ့သို့သော ဘုရားသခင်၏ လူသည်ရှင်ဘုရင်ဖြစ်လာလျှင် တိုင်းသူပြည်သား လူအများ အဘယ်မျှ ကောင်းကြီးခံစားကြရမည်နည်း။
၂၅:၃၂–၃၅ အဘိဂဲလ၏ နူးညံ့သိမ်မွေ့သော သံခင်းတမန်ခင်းစကားကြားရသောအခါ ဒါဝိဒ်သည် နာဗလအား မဖျက်ဆီးရက်။ ယုံကြည်သူများ အသက်တာတွင်လည်း လမ်းမှန်ကမ်းမှန်ရောက်စေရန် လမ်းပြသတိပေးမှုများ စေလွှတ်လေ့ရှိပါသည်။ ကျေးဇူးတော်ကြီးမာလှပေစွ။ အဘိဂဲလ၏ စွမ်းဆောင်ချက်သည် ထိရောက်သည်။ ယူလာသော လက်ဆောင်များကို လက်ခံသည်။ ဒါဝိဒ်သည် နာဗလအား ဘုရားရှင်လက်ထဲသို့ အပ်နှံလိုက်သည်။ အချို့က အဘိဂဲလသည် သူ့ယောက်ျားအား ဘုရားသခင် အပြစ်စီရင်ခိုင်းမည်ဟု ဆိုကြသည်။ သို့သော် သမ္မာကျမ်းစာတွင် ထိုသွန်သင်ချက်မျိုးမတွေ့ရပါ။ လျှပ်တပြက် ဇဝနဉာဏ်လုပ်ဆောင်ချက်ဖြင့် သူ့ယောက်ျားနှင့် အိမ်ထောင်မိသားစု ကယ်တင်သည်မှာ ပေါ်လွင်ထင်ရှားသည်။
၂၅:၃၆–၄၄ အဘိဂဲလအိမ်ပြန်ရောက်သောအခါ နာဗလသည် လူမှန်းသူမှန်းမသိအောင် မူးရူးနေသည်။ ဒါဝိဒ်အား သွားရောက်တွေ့ဆုံသည့်အကြောင်း ပြောပြဖို့ နောက်တရက်ထိစောင့်ဆိုင်းရသည်။ အရက်နာ ကောင်းသွားသော်လည်း အဘိဂဲလစကားကြောင့် လန့်ဖြန့်၍ သွေးလေဖြတ်သွားသည်။ ဆယ်ရက်ကြာသောအခါ လေဖြတ်ရောဂါ သို့မဟုတ် နှလုံးရောဂါဖြင့် ဘဝတစ်ပါးသို့ ပြောင်းသွားသည်။ နာဗလသေဆုံးကြောင်း ကြားသိပြီးသည့်နောက်ပိုင်းတွင် ဒါဝိဒ်သည် အဘိဂဲလအား လက်ထပ်ဖို့ကမ်းလှမ်းသည်။ အဘိဂဲလကလည်း ကျိုးနွံစွာလက်ခံသည်။ ဒါဝိဒ်သည် တောထဲတွင် ပြေးလွှားပုန်းအောင်းစဉ်တွင်လည်း အဟိနောင်ဆိုသော အမျိုးသမီးနှင့်အကြောင်းပါခဲ့သည်။ ထိုအချိန်တွင် ပထမမယားကြီး မိခါလအား ဖခင်ရှောလုက အခြားယောက်ျားနှင့်ပေးစားနှင့်ပြီ။
ယခုသမ္မာကျမ်းစာအနက်ဖွင့်စာများကို http://bbcmm.net/ မှ ရယူဖေါ်ပြထားတာဖြစ်ပြီး သက်ဆိုင်ရာတို့၏ခွင့်ပြုချက်ဖြင့် ဖေါ်ပြဝေမျှခြင်းဖြစ်ပါတယ်။
"Our Visitor
0
0
2
4
4
7
Users Today : 7
Users Yesterday : 8
Users This Year : 1551
Views Today : 22
Views This Month : 263
Views This Year : 5288"
Our Visitor





