ဓမ္မရာဇဝင်ပဌမစောင် - ၂၄
ဓမ္မရာဇဝင်ပဌမစောင် - ၂၄ အနက်ဖွင့်
(၅) ရှောလုအား လွတ်ငြိမ်းချမ်းသာပေးလိုက်ခြင်း (အခန်း ၂၄)
၂၄:၁–၇ မောနတောတွင် ဒါဝိဒ်အား မဖမ်းမိသောအခါ ဒါဝိဒ်ထွက်ပြေးရာနောက်သို့ မီးခိုးကြွက်လျှောက်ခြေရာခံ လိုက်ကြသည်။ ရှောလုကိုယ်တိုင်လည်းလိုက်သည်။ အင်္ဂေဒိအရပ်သည် ကျောက်ဆောင်လှိုဏ်ခေါင်းများထူပြောသောအရပ်ဖြစ်သည်။ ရှောလုမင်းသည် မောပန်းသဖြင့် ကျောက်ဆောင် ဥမင်လှိုဏ်ခေါင်းထဲသို့ ဝင်နားသည်။ စင်စစ် ထိုကျောက်ဂူထဲတွင် ဒါဝိဒ်တို့အဖွဲ့ရှိသည်။ ဒါဝိဒ်၏ တပည့်များက အခွင့်အရေးကောင်းဖြစ်သည်ဟု ဒါဝိဒ်အားသတိပေးကြသည်။ ရှောလုအား သူတို့လက်ထဲသို့ ဘုရားရှင်အပ်နှံခြင်း ဖြစ်သည်ဟု ယူဆကြသည်။ သို့သော် ဒါဝိဒ်က ထိုသို့သဘောမပိုက် ဘုရားသခင်ပေးသော နိုင်ငံတော်ကို လူ့ဘက်မှ အတင်းအဓမ္မမယူလို။ ဘုရားသခင်ပေးသောနည်းလမ်းအတိုင်း အချိန်အခါစောင့်ဆိုင်းရသည်။ သို့ကြောင့် အသက်ရန်ရှာလိုလျှင် ရှာနိုင်သောအခွင့်အရေးရရှိသော်လည်း ဘုရားသခင်၏ အစီအစဉ်ကိုအလွဲသုံးစားမလုပ်လို။ ရှောလု၏ ဝတ်လုံဖျားစကိုသာလှီးဖြတ်ထားသည်။ အဘယ်ကြောင့်ဆိုသော် ရှောလုသည် ဣသရေလဘုရင်အဖြစ် ဘုရားရှင် ဘိသိက်ပေးထားသူဖြစ်သည်။ ဘုရားသခင်က ဖယ်ရှားမည်ဖြစ်သော်လည်း တရားဝင်အတိအလင်း မဖယ်ရှားသေးသောကြောင့် ရိုသေလေးစားမြဲရိုသေလေးစားရသည်။
၂၄:၈–၁၅ ထိုဂူမှရှောလုထွက်ခွာ၍ မလှမ်းမကမ်းရောက်သောအခါ ဒါဝိဒ်က ခုနှစ်ချီသံဖြင့် လှမ်းခေါ်သည်။ မမှန်သောသတင်းစကားကို ယုံမှတ်၍ သူ့ကိုအသက်ရန်ရှာသော်လည်း ဒါဝိဒ်လက်ထဲသို့ရှောလု ရောက်သည့်တိုင်အောင် ဘေးရန်မပြု။ ဘုရားသခင် ဆီလူးဘိသိက်ပြုထားသော ဘုရင်ကို လက်ဖြင့်မတုံ့ဟု အော်ပြောကာ ဒါဝိဒ်လှီးဖြတ်ယူထားသော ရှောလု၏ အင်္ကျီကို လှမ်းထောင်ပြသည်။ သာမန်လူသားဆိုလျှင် ရှောလုကို ကိုယ်တိုင်ကိုယ်ကျ ဂလဲ့စားချေမည်ဖြစ်သော်လည်း ဒါဝိဒ်သည် ထိုကဲ့သို့မလုပ်။ အဘယ်ကြောင့် သူများစကားကို နားယောင်၍ အနီးလူကို ဒုက္ခပြုချင်ပါသလဲဟု သဘောထားကြီးစွာမေးမြန်းသည်။ ယခုမူခွေးရူးရန်ကြောက်၍ ခွေးကောင်းထွက်ပြေးနေရသည်။
၂၄:၁၆–၂၂ ဒါဝိဒ်၏စကားကြောင့် ရှောလုသည် လျှပ်တပြတ်တွင် တွေဝေငေးငိုင်သွားသည်။ သူ၏ လူ့စိတ်ပျောက်မှုနှင့်ဒါဝိဒ်၏သဘောထားကြီးမှုကို သိသွားသည်။ တစ်နေ့သောအခါ ဒါဝိဒ်သည် ဣသရေလဘုရင်ဖြစ်မည်ဟု စွဲမှတ်ယုံကြည်သည်။ သူ့လူမျိုး၊ သူ့မိသားစုအပေါ် လူကြီးပီသစွာ ဆက်ဆံနိုင်မည်ဟု ယုံကြည်သည်။ ထိုအခိုက်အတန့်တွင် ရှောလုသည် စိတ်ငြိမ်သက်ချမ်းမြေ့ခြင်းခံစားသည်။ သို့သော်လည်း ကြာရှည်မခံ။ ခွေးရူးကောင်း တမွန်းတည့်သာခံသည်။
ဒါဝိဒ်စကားကို ကြားသောအခါ ရှောလုက ဒါဝိဒ်အား ငါ့သား၊ ဘုရားသခင်က သင့်လက်ထဲသို့ ငါ့အသက်အပ်နှံသော်လည်း သင်သည် ငါ့အသက်ကိုမသတ်သောကြောင့် ဘုရားသခင်က သင့်အားကျေးဇူးဆပ်ပါစေသော်ဟု နှစ်ကြိမ်တိုင်တိုင် အော်မြည်ဆို ပြောခဲ့သည်။ ထိုအသက်တာမျိုးကို ခရစ်တော် အသက်တာ၌လည်း ပုံဥပမာတွေ့ရသည်။ “ကဲ့ရဲ့ခြင်းခံရသောအခါ ပြန်၍ မကဲ့ရဲ့၊ အသေခံရသောအခါ ခြိမ်းခြောက်ခြင်းကို မပြု။ တရားသဖြင့် စီရင်တော်မူသောသူ၌ ကိုယ့်ကိုကိုယ်အပ်နှံတော်မူ၏” (၁ပေ ၂:၂၃)ဟု ရှင်ပေတရုက မှတ်တမ်းတင်ခဲ့သည်။ ဘုရားသခင်၏ မျက်နှာတော်ကို ထောက်ရှု၍ တည်ငြိမ်စွာ ရင်ဆိုင်နိုင်ကြပါစို့။
ယခုသမ္မာကျမ်းစာအနက်ဖွင့်စာများကို http://bbcmm.net/ မှ ရယူဖေါ်ပြထားတာဖြစ်ပြီး သက်ဆိုင်ရာတို့၏ခွင့်ပြုချက်ဖြင့် ဖေါ်ပြဝေမျှခြင်းဖြစ်ပါတယ်။
"Our Visitor
0
0
2
4
4
7
Users Today : 7
Users Yesterday : 8
Users This Year : 1551
Views Today : 22
Views This Month : 263
Views This Year : 5288"
Our Visitor





